Wednesday, January 2, 2013

ငြိမ်းချမ်းရေးနှင့် စစ်ဘေးစစ်ဒဏ်

thn-26-12-12-6
ကချင်ပြည်နယ်က သေနတ်သံ အမြောက်သံတွေဟာ ၂၀၁၂ ကို နှုတ်ဆက်ကာ ၂၀၁၃ ကို ကြိုဆိုနေပြီဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ဟာ စစ်ရဲ့အနိဋ္ဌာရုံတွေကြား ၀ါးမျိုခံလိုက်ရပါပြီ။ ဒါဟာ အခုမှ ဖြစ်တာမဟုတ်လို့ အထူးအဆန်းကြီးလို့တော့ မဆို နိုင်ပါဘူး။ ပြည်ထောင်စုသား တိုင်းရင်းသား နိုင်ငံသူနိုင်ငံသားများ အားလုံး စစ်ဘေးစစ်ဒဏ်ခံခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ဒါပေမဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့စစ်ပွဲကြီးတွေဟာ သမားရိုးကျထက် ဖြစ်ရိုးဖြစ်စဉ် ထက်ပိုပြီး ပြင်းထန်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက် ကမ္ဘာပျက်မယ်ဆိုတဲ့နေ့မတိုင်မီ ၄ ရက် အလိုမှာကတည်းက တိုင်းရင်းသားပြည်သူတွေ ကမ္ဘာပျက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် အစိုးရသစ်ရဲ့ရည်မှန်းချက်တွေဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေးအရာတွေအတွက် ပြည်သူလူထုကို ကတိက၀တ်ပေးခဲ့ပြီး လေးလအကြာ ၂၀၁၁ခုနှစ် ဇွန်လ ၉ ရက်ကစပြီး ကေအိုင်အေကို တိုက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ထိဆိုရင် ကေအိုင်အေ တစ်ဖွဲ့တည်းနဲ့ပဲ တိုက်ပွဲပေါင်း နှစ်ထောင်ကျော်ခဲ့ပြီလို့ သိရပါတယ်။ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၄ ကြိမ်လုပ်ခဲ့ပြီး ဖြစ်ပေမယ့် လုံးဝမအောင်မြင်ခဲ့ပါဘူး။ ၀န်ကြီးဦးအောင်မင်းက ဒီဇင်ဘာလ ၃၁ ရက်မှာ တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်ပြီး သဘောတူညီမှုတွေ ရလိမ့်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပေမယ့် ဒီလို အခြေအနေမှာ ငြိမ်းချမ်းရေးနဲ့ ပိုဝေးတဲ့ အနေအထားကို ရောက်သွားပါပြီ။
ဦးအောင်မင်းအပေါ် မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလင့် တနာက ဒီလိုရှုမြင်သုံးသပ်ပါတယ်။
အစိုးရ၏ ညှိနှိုင်းဆွေးနွေးမှုချုပ်လည်းဖြစ် သမ္မတရုံးဝန်ကြီးလည်းဖြစ်၊နော်ဝေအစိုးရနှင့် အခြားနိုင်ငံခြား ပွဲစားများ၏ အချစ်တော်လည်းဖြစ်သူ ဦးအောင်မင်းတွင် ကေအိုင်အိုနှင့် နိုင်ငံရေးပြဿနာ ညှိနှိုင်းဖြေရှင်းခွင့် မရှိခြင်းဖြစ်သည်။

မေခ-မလိခ မြစ်ဆုံမှာ ပုစဉ်းရင်ကွဲ အော်သံတွေက ကြေကွဲလွမ်းဆွတ်ဖွယ် ဆွေးဆွေးမြည့်မြည့် ပေါ်ထွက်နေပါတော့တယ်။ ဒီနေ့တိုင် အဆုံးမသတ်၊ မရပ်စဲနိုင်သေးတဲ့ သေနတ်သံ၊ အမြောက်သံတွေကြားမှာ 'အမေရေ ... သမီးရေ...'ဆိုတဲ့ ခေါ်သံတွေက ငြိမ်းချမ်းရေး တောင်းဆိုသံ ပမာမရပ်မနား ပဲ့တင်နေ.....

ကေအိုင်အို ဥက္ကဋ္ဌဇောင်းဟရားကလည်း ဒီလိုပြောထားပါတယ်။
ဦးအောင်မင်းမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်မရှိပါဘူး။ အခုထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ သူအမြဲပဲရှောင်ခဲ့တာ၊ သူ့တာဝန်က အစိုးရပေါ်လစီကို ကိုယ်စားပြု လိုက်နာရုံသက်သက်ပဲ။
(၂၀-၁၂-၂၀၁၂ ထုတ် မြန်မာအင်ဒီပဲန်းဒင့်ဂျာနယ်) စာ-၁၅
ကေအိုင်အေအပါအ၀င် တိုင်းရင်းသားတွေဘက်က အစဉ်အဆက် တောင်းဆိုနေတာက နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ ဖြစ်ပါတယ်။ သူတို့ဘက်ကအဖြေက ရှင်းနေပြီးသား။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ၁၉၄၇ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ပင်လုံစာချုပ်မှာ အချက်ပေါင်း (၉)ချက်ပါရှိတဲ့အနက် အမှတ်စဉ်(၅) မှာ 'နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းအပြည့်ရှိစေရမည်' ဟူသော မူကို သဘောတူညီကြသည်။ အမှတ်စဉ်(၇)တွင် 'နယ်စပ်ဒေသများ၏ နယ်သူနယ်သားများသည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးတို့ကို ခံစားခွင့်ရှိစေရမည်' လို့ ပါရှိပါတယ် (ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ၊ စာ ၁၃၃၊ ၁၉၉၀ စက်တင်ဘာ လထုတ် သတ္တမအကြိမ်)
နိုင်ငံတော်သမ္မတကြီးကလည်း ပင်လုံစိတ်ဓာတ်ဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မည်ကို တိုင်းသိပြည်သိ ထုတ်ဖော် မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးတဲ့နောက် NLD ရဲ့ မူလလမ်းစဉ်ဟာ ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး(၀ါ)ငြိမ်းချမ်းရေး ဖော်ဆောင်ရေးပဲဖြစ်ပါတယ်။ နောက်တော့ ငြိမ်းချမ်းရေးစကားပြောသံမကြားရတော့ဘဲ ဒေါ်စုရဲ့ တရားဥပဒေစိုးမိုးရေး ပထမဆိုတဲ့မူဝါဒက ရှေ့ရောက်လာပါတယ်။ တိုင်းရင်းသားများနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဟာ နောက်ရောက်သွားတယ်လို့တောင် ပြောနိုင်ပါတယ်။
အမေရိကန်ခရီးစဉ်ကအပြန်  ၇-၁၀-၂၀၁၂ က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က'တိုင်းရင်းသား ပဋိပက္ခ များနှင့် ပတ်သက်၍ တရားဝင် ပါဝင်ပတ်သက် ခွင့်မရရှိသေးသည့်အတွက် ယင်းပြဿနာများ ဖြေရှင်းမှုအပေါ် မည်သည့်မှတ်ချက်မှ ပေးလိုခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီမှာ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ ဦးအောင်ကျော်ဇော (ဗိုလ်မှူးချုပ်ကျော်ဇောရဲ့သား)က ဒီလိုဝေဖန်သုံးသပ်ခဲ့ပါတယ်။
'သူ့ကို ဒုတိယပင်လုံရဲ့ခေါင်းဆောင်အဖြစ် မျှော်လင့်ခဲ့ကြတာပဲ။ သူ့ကိုယ်သူ သိပါတယ်။ ကချင်ပြည်နယ်သွားတုန်းကလည်း သူ့ကိုလူကြီးတွေနဲ့ ခေါင်းဆောင် တော်တော်များများက အခြေအနေတွေကို ပြောခဲ့ပါတယ်။ဒါဘက်လိုက်မှုနဲ့ မဆိုင်ပါဘူး။ အတိုက်အခံပါတီဟာ ပူးပေါင်းလုပ်ရမယ့် ကိစ္စတွေရှိသလို မတူတာတွေခွဲပြီး အစိုးရကို ပြောရမယ့်ကိစ္စတွေလည်းရှိတယ်။ အဲဒီတော့ ဒါတွေက လမ်းဘေးက သာမန်လူတွေကိုမေး လိုက်ရင် ဒီရဲ့အခြေအနေမှန်တချို့ကို သိနိုင်ပါတယ်။ အခိုင်အမာ အခြေအနေကို စုံစမ်းလို့လည်းရတယ်။ သူလည်းသိနိုင်တဲ့ အခြေအနေဖြစ်လျက်ရှိတယ်။ပင်လုံစာချုပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့၊ သူ့အဖေလုပ်ခဲ့တဲ့ စာချုပ်ဖြစ်တယ်။ ကျွန်တော်တို့ ဟိုအရင်တုန်းကတော့ ပင်လုံစာချုပ်ကို သူဆက်ပြီးလုပ်မယ်လို့ ထင်ခဲ့တယ်။ ဗမာပြည်မှာ အကြီးဆုံးပါတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌအနေနဲ့ ပြောရမယ့် အမျိုးသားရေးပြဿနာဖြစ်တယ်။ ဗမာပြည်ရဲ့ ပြဿနာက အချက်နှစ်ချက်ပဲ။ အမျိုးသားပြန်လည် သွေးစည်းရေးဖြစ်ချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့လိုတယ်။
(၁၁-၁၀-၂၀၁၂ထုတ် ပေါ်ပြူ လာဂျာနယ်မှ) အချပ်ပို -A
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက ထိုင်းကိုသွာပြီး မြန်မာပြည် ပြဿနာတွေကို ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကလည်း-
'ဖက်ဒရယ်နဲ့ပတ်သက်လို့ကျွန် တော်တို့မှာ ဘာလို့အသံမထွက်ဘူးလဲ ဆိုလို့ရှိရင် ကျွန်တော်တို့မှာ ပြည်တွင်းမှာလုပ်တဲ့အခါမှာ ၈၈ တစ်ဖွဲ့တည်းနဲ့ မပြီးပါဘူး။ ကျွန်တော်တို့ထက် အင်အားပိုပြီး တောင့်တင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင် ဖက်ဒရယ်ဆိုတဲ့အသံကို ဘယ်တုန်းကမှ မထွက်ခဲ့ပါဘူး'လို့ ထိုင်းနိုင်ငံရေး အင်အားစုတွေကို ပြောခဲ့ပါတယ်။ (လျှပ်တပြက် အတွဲ(၄)အမှတ်(၇))
ဒီဇင်ဘာလ ၅၊ ၆ ရက်နေ့များမှာ ကျင်းပခဲ့တဲ့ 'အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်' မှာတော့
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန်တွင် ရင်ဆိုင်ကြုံတွေ့နေရသော တိုင်းရင်းသားအရေး အကျပ်အတည်းများနှင့် ပတ်သက်၍ ၎င်းသည် ဖက်ဒရယ်မူ(ပြည်ထောင်စုစနစ်)ကို ယုံကြည်ကြောင်း၊ ယင်းမူဝါဒသည်'တိုင်းရင်းသားတို့ကို ခွဲထွက်သွားစေမှာ မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေကြားမှာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာနိုင်ပါတယ်'လို့ သူမ၏အမြင်ကို ရှင်းပြသည်။ (၁၁-၁၂-၂၀၁၂ ထုတ် မဇ္ဈိမဂျာနယ်) စာ-၆
ဒေါ်စုဆီက တိုင်းရင်းသားအရေး ဖက်ဒရယ်မူဆိုတဲ့ စကားကြား လိုက်ရလို့ ၀မ်းသာအားတက်ခဲ့ရပါတယ်။ ဖက်ဒရယ်မူဆိုတာ ငြိမ်းချမ်းရေးမူပါပဲ။ အမေရိကန်၊ အိန္ဒိယစတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေဟာ ဖက်ဒရယ်မူနဲ့ပဲ နိုင်ငံကို တည်ဆောက်ထားတာပါ။ ဖက်ဒရယ်မူဆိုရင် ခွဲထွက်ခွင့်လို့ စွဲမှတ်သွားအောင် စစ်အာဏာရှင်ခေတ် ပညာရေးက နှစ်ပေါင်း ၅၀ လုံးလုံး ၀ါဒဖြန့် သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ လူလတ်ပိုင်းရောက်နေသူတွေတောင် ဖက်ဒရယ်မူဆိုတဲ့စကား ကြားရင်နားခါးချင်လှတယ်။ ၁၉၄၇ ခုနှစ်က ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်မူရဲ့သဘောတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရပိုင်ခွင့်မှန်သမျှ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်အထိ အာမခံချက်ပေးထားတယ်။ ဒါကြောင့်လည်း ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီးမှာ ၁၉၄၇ အခြေခံဥပဒေကို ဖျက်ပစ်လိုက်တာဖြစ်ပါတယ်။
၁၉၄၇ အခြေခံဥပဒေ ပျက်သွားပေမယ့် ပင်လုံစာချုပ်က မပျက်ပြယ်သေးပါ။တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံစာချုပ်ကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေပါတယ်။ ကေအိုင်အေက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ဒီ လိုပြောပါတယ်။
'ကျွန်တော်တို့ တောင်းနေတာကတော့ တိုင်းရင်းသားများ တန်းတူအခွင့်အရေးဖြစ်တယ်။ တိုင်းရင်းသားဆိုရင် အားလုံးပါပါတယ်။ကျွန်တော်တို့က 'တောင်းတယ်'လို့ ပြောလို့မရဘူးလို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ၁၉၄၇ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ကြတယ်။ သဘောတူညီချက်တွေ အဲဒီတုန်းက ရှိနေခဲ့ကြတယ်။ အဲဒီတုန်းက ဘာတောင်းမလဲ၊ ဘာပေးမလဲဆိုတဲ့ အခြေခံမဟုတ်ဘဲနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ဘယ်လိုအတူတကွ နေထိုင်မလဲဆိုတဲ့ သဘောတူညီချက်ဖြစ်တယ်။
'၀န်ကြီးဦးအောင်မင်းနဲ့ အလွတ်သဘော သုံးကြိမ်တွေ့ဆုံခဲ့တယ်။ ဒီသုံးကြိမ်လုံးမှာ ကျွန်တော်တို့ဘက်ကနေ ဆွေးနွေးတာကတော့ ခိုင်မာသော ကတိက၀တ်နဲ့ တည်ဆောက်နိုင်ရေးဖြစ်တယ်။ကျွန်တော်တို့ဘက်က ပြောတာက အပစ်အခတ်ရပ်စဲရေးဆိုတဲ့ လက်မှတ်ရေးထိုးရေးတစ်ခုတည်းကို လုပ်ချင်တာမဟုတ်ဘူး။ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ခိုင်မာတဲ့ လက်မှတ်ရေးထိုးရေးကို ကျွန်တော်တို့ဟာ အဓိကထားခဲ့တယ်။ ဒီလို သွားနိုင်ဖို့ဆိုရင် ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲကို တက်ရမယ်။ နိုင်ငံတော်အစိုးရက နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ ဆန္ဒရှိသလားလို့ ကျွန်တော်တို့ကစပြီး မေးခွန်းမေးမယ်။ (၆-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)
'မူတစ်ခုကတော့ အစိုးရဆီမှာ ရှိဖို့လိုတယ်။ နောက်တပ်ပိုင်းဆိုင်ရာ မူကို ဘယ်လိုချမှတ်မလဲဆိုတာ မရှိဘဲနဲ့တော့ အလွတ်သဘော တွေ့ရုံနဲ့တော့ အစည်းအဝေးမှာ ရှင်းရှင်းလင်းလင်း မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ ခိုင်မာတဲ့ သက်သေလို့ ပြောချင်တာပေါ့နော်။ဒီလိုပြောတဲ့အခါမှာ နိုင်ငံတကာ က ပါဝင်နိုင်ရေးဆိုတာ အဓိကထားတာ မဟုတ်ပါဘူး။ မနှစ်ကတိုက်ပွဲတွေ စဖြစ်တဲ့အချိန်မှာ ၀န်ကြီးဦးသန်းအောင်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ ဒီကိစ္စ ကျေကျေလည်လည် ဆွေးနွေးခဲ့ဖူးတယ်။ ပထမအဆင့်အနေနဲ့ ပြောတာက ခိုင်မာတဲ့သက်သေ၊နိုင်ငံတကာက သက်သေတွေ လိုချင်တယ်။ သို့သော်လည်းပဲ အစိုးရဘက်ကနေ အခက်အခဲတွေ အများကြီးရှိမယ်လို့ ကျွန်တော်သဘောပေါက်တယ်။ ဒါ့ ကြောင့် နိုင်ငံတော်အစိုးက ကတိတစ်ခု ပေးပါလို့ ကျွန်တော်တောင်းဆိုခဲ့ဖူးတယ်။ ကျွန်တော်တို့နဲ့အပစ်အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုက်ပွဲများအားလုံးကို ရပ်ဆိုင်းပြီးတော့ နိုင်ငံရေးဆွေးနွေးမယ် ဆိုတဲ့အချက်ကို ၁၅ ရက်အတွင်းမှာ ထုတ်ပြန်ကြေညာပေးပါ။ဒါအစိုးရရဲ့ ကတိကို သက်သေအနေနဲ့ မှတ်ယူမယ်လို့ တောင်းဆိုခဲ့ဖူးတယ်။
တကယ်တမ်း လက်တွေ့အနေနဲ့ ခိုင်ခိုင်မာမာ လက်မှတ်ရေးထိုးမယ်ဆိုရင် နှစ်ဖက်စလုံးကို ကြပ်မတ်ပေးနိုင်တဲ့ သက်သေ၊နှစ်ဖက်စလုံးကို တာဝန်ယူနိုင်တဲ့သက်သေ၊ တရားမျှတစွာ ဆုံးဖြတ်ပေးနိုင်တဲ့ သက်သေရှိဖို့ လိုအပ်ပါတယ်။ (၁၃-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)
ဗိုလ်ချုပ်ဂွမ်မော်က ပင်လုံကတိက၀တ်ကို အစိုးရက ဘယ်လိုသဘောထားလဲဆိုတဲ့ ငြိမ်းချမ်းရေး သဲလွန်စကို ပေးထားပါတယ်။ အစိုးရက ဒီနေ့ အထိ ဘာမှမဖြေပါတဲ့။အစိုးရရဲ့ အဖြေကတော့ ကေအိုင်အေချေမှုန်းရေး ထိုးစစ်ဆင်နေခြင်းပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ အစိုးရတပ် တပ်ရင်း ၁၀၆ ရင်း အထိ ပို့ပြီး ချေမှုန်းနေတယ်လို့ ကေအိုင်အေက ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။
'ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်မယ်ဆိုရင် ပစ်ခတ်စရာမလိုဘူး။ကျွန်တော်တို့ လက်နက်ကိုင်စရာတောင် မလိုဘူး။ ၂၀၀၉ ခုနှစ် (နယ်ခြားစောင့်တပ်) BGF ကိစ္စ အပြန်အလှန် ဆွေးနွေးနေတဲ့အချိန် အဆုံးစွန်အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောထားပြီးသား၊ စာရှိပြီးသား။ ကျွန်တော်တို့ ပင်လုံကတိက၀တ် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရင် ကျွန်တော်တို့က ကချင်အမျိုးသားတွေ သေနတ်ကိုင်စရာမလိုဘူး ပြောထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲလို့ ပြောပေမယ့် ၂၀၀၈ အခြေခံဥပဒေထဲမှာတော့ ကျွန်တော်တို့ မဆွေးနွေးနိုင်ဘူး။ လွှတ်တော်ထဲမှာလည်း ကျွန်တော်တို့ဝင်စရာ အကြောင်းမရှိနိုင်ဘူး'လို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ (၂-၁၁-၁၂ ထုတ် မော်ဒန် သတင်းဂျာနယ်) အချပ်ပို-B
ကေအိုင်အေရဲ့ သဘောထားဟာ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေရဲ့သဘောထားနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့တဲ့ ရှမ်းအမျိုးသားများရဲ့ 'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည် ဆောက်ခြင်း'ဆွေးနွေးပွဲမှာ SSA က ဗိုလ်မှူးချုပ် ပေါင်ခေးက ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ အစိုးရတပ်မတော်က အကြိမ် ၄၀ ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း ရင်ဖွင့်တင်ပြသွားခဲ့ပါတယ်။ ဆိုလိုတာကတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေဟာ ဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာပါပဲ။ ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦးကလည်း ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်လို့ မရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်မူကို လက်ခံကျင့်သုံးမယ်လို့ အသိပေးလိုက်ပေမယ့် ပဋိပက္ခတွေကို လွှတ်တော်ထဲမှာ ဖြေရှင်းမယ်လို့ဆို ပြန်လေရာ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒနဲ့ အများကြီး ကွာဟနေပါတယ်။ ဒီလိုအခြေအနေမှာ လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော်တွေကို အစိုးက အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ကချင်၊ ကရင်စတဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များက ပြင်းထန်စွာရှုတ်ချရုံမျှမက'ငြိမ်းချမ်းရေးဆက် မလုပ်တော့ဘူး'လို့တောင် DKBA က ကြေညာလိုက်ပါတယ်။ (၄-၁၂-၁၂ VOA သတင်း)
တိုက်ပွဲပေါင်းလည်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေသာ ဆုံးရှုံးနစ်နာခဲ့ပြီး ဒုက္ခသည်ပေါင်း တစ်သိန်းခွဲလောက် အထိ တိုးလာခဲ့တာကလွဲရင် စစ်ဆင်ရေးရလဒ် အဖြေမှန်မထွက်သေးပါဘူး။
ပြည်သူလူထုကြီးက တောင်းဆိုနေတာ ငြိမ်းချမ်းရေးပါ။ စစ်ဆင်ရေး၊ သိမ်းပိုက်ရေးမဟုတ်ပါဘူး။ ပြီးတော့ ကချင်၊ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသား စစ်စစ်တွေပါ။ တိုင်းတစ်ပါးက ကျုးကျော်လာတဲ့ ရန်သူတွေမဟုတ်ပါ။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ကြီးလည်း ဖွတ်ဖွတ်ညက်ညက် ကြေနေတာ ပြည်သူလူထုကြီးမှာလည်း ပြာပုံထဲက ခွေးလောက်မှ မပြောင်ရောင်နိုင်အောင် ဆင်းရဲမွဲတေဖြစ်နေရပါတယ်။ ဒုက္ခတကာ ဒုက္ခတွေထဲမှာ အကြီးမားဆုံးဒုက္ခကို ခံစားနေရတဲ့ စစ်ဘေးဒုက္ခသည်များကြားက ကချင်ပုံပြင်လေးတစ်ပုဒ်နဲ့ ကျွန်တော့်ဆောင်းပါးကို နိဂုံးချုပ်ခဲ့ချင်ပါတယ်။
ဟိုးရှေးရှေးတုန်းက ကချင် သားအမိနှစ်ယောက် ဟင်းရွက်ခူး ထွက်လာကြတယ်။ မြစ်ဆုံကိုရောက်တော့ ဟင်းရွက်တွေများများရအောင် သားအမိနှစ်ယောက် လမ်းခွဲပြီး ဟင်းရွက်ခူးဖို့ စီစဉ်ကြတယ်။ သမီးက မလိခမြစ်ကမ်းဘက်မှာ၊ အမေက အင်မိုင်ခ(မေခ)မြစ်ကမ်းပေါ်မှာ ဟင်းရွက်တွေအများကြီးရတော့ ပျော်လိုက်တာတဲ့။ ဒါပေမယ့် သားအမိနှစ်ယောက် ပြန်ဆုံဖို့ ချိန်းချက်ထားတဲ့ မြစ်ဆုံနေရာမရောက်ခင် မုန်တိုင်းဘေးနဲ့ သေပွဲဝင်ရပါရောတဲ့။ သားအမိနှစ်ယောက်ဟာ သေပြီးတဲ့နောက် ပုစဉ်း ရင်ကွဲဘ၀သို့ ကူးပြောင်းသွားရှာတယ်။ သမီးပုစဉ်းရင်ကွဲလေးက
မသေခင် လူ့ဘ၀တုန်းကလိုပဲ အားကိုးတကြီးနဲ့ အမေရေ...၊ အမေရေ..... (ကချင်အသံထွက်နဲ့ ရှားယီ၊ ရှားယီ၊ Sha-yi...Sha-yi ) နဲ့ တကြော်ကြော် အော်ခေါ်နေသလို အမေပုစဉ်းရင်ကွဲကလည်း သမီးရေ.. သမီးရေ... နူး ယီ...နူးယီ.... Nu-yi... Nu-yi  နဲ့ ဟိုပင်မြင့်ဆီက အော်ခေါ်နေသတဲ့။
'အမေရေ... သမီးရေ...' 'ရှား ယီ... နူးယီ...'
နွေဦးပေါက် ရောက်လေတိုင်း မေခ-မလိခ မြစ်ဆုံမှာ ပုစဉ်းရင်ကွဲ အော်သံတွေက ကြေကွဲလွမ်းဆွတ်ဖွယ် ဆွေးဆွေးမြည့်မြည့် ပေါ်ထွက်နေပါတော့တယ်။ ဒီနေ့တိုင် အဆုံးမသတ်၊ မရပ်စဲနိုင်သေးတဲ့ သေနတ်သံ၊ အမြောက်သံတွေကြားမှာ 'အမေရေ ... သမီးရေ...'ဆိုတဲ့ ခေါ်သံတွေက ငြိမ်းချမ်းရေး တောင်းဆိုသံ ပမာမရပ်မနား ပဲ့တင်နေပါတော့တယ်။

Written by မောင်သွေးချွန် 
by- http://www.news-eleven.com

ကျွန်တော် သဘောမတူပါ ခင်ဗျား

ha-30-12-11

ဒီမိုကရေစီဟာ အယူအဆတွေ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။
ကားလ်ပေါ့ပ်ပါး
(Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး စာ ၁၃-၁၈)
လူတိုင်းမှာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉
ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့ အမှီအခိုကင်းတယ်၊ အစိုးရက သိမ်းယူလို့လည်း မရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်တွေ ဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စူးစမ်းခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ခွင့် ---။
ဒေးဗစ်ဘီသမ်
‘ဒီမိုကရေစီ’
(David Beetham, ‘Democracy’, One world, Oxford,2005, စာ ၁၂-၁၃)
၁။First Weekly သတင်း ဂျာနယ် (Vol2,No 58,14 ဒီဇင်ဘာ ၂၀၁၂) စာမျက်နှာ (၁၂) မှာ First သတင်းအဖွဲ့က တင်ပြထားတဲ့ သတင်းတစ်ပုဒ် ပါလာပါတယ်။ သတင်းခေါင်းစဉ်က ယနေ့အချိန်သည် ခေတ်ပြောင်းတော်လှန်ရေးကာလ တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့် အချိန်၊ မလိုအပ်ဘဲ လက်သီးလက်မောင်း တန်းရမည့်ကာလ မဟုတ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ လွတ်လပ်အဖွဲ့အစည်းများ သုံးသပ်ပြောကြား . . .ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ အဲဒီလိုသုံးသပ်ပြောကြားတဲ့ ပုဂ္ဂိုလ်တွေက . . .။
၁။ ဦးသုဝေ
(ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ)
၂။ ဦးဇော်သက်ထွေး
(မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ---)
၃။ ဦးမျိုးညွန့်
(ဒီ/ငြိမ်းပါတီ အတွင်းရေးမှူး)
၎။ ဦးအောင်ဇင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
၅။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ha-30-12-10
ဒီပုဂ္ဂိုလ်ငါးယောက်လုံးရဲ့ အယူအဆ မှတ်ချက်တွေကို ကျွန်တော်သဘောမတူပါ။ သဘောမတူတာကို မတူဘူးလို့ ပြောပိုင်ခွင့် (ဒီမိုကရေစီအခွင့်အရေး) ကျွန်တော့်မှာ ရှိပါတယ်။ မတူတာကို မတူဘူးလို့ ပြောတာပါပဲ။ ဒါကိုကားလ်ပေါ့ပ်ပါး Popper ကတော့ dissenting ideas လို့ သုံးပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ လက်ရှိ ဒီနေ့အထိ ဘယ်ပါတီမှ ၀င်မထားပါဘူး။ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ကျွန်တော်ဟာ စာပေဝေဖန်ရေးဆရာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နိုင်ငံရေးသမား (ဂျာနယ်သတင်းထဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ)နဲ့ အယူအဆမတူ သဘောကွဲလွဲတဲ့အတွက် နိုင်ငံသားတစ်ယောက်၊ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်း community မှာ ပါဝင်တဲ့ နိုင်ငံသား citizen တစ်ယောက်ရဲ့ ဒီမိုကရေစီ အခွင့်အရေးကိုသုံးပြီး ဒီဆောင်းပါးကို ရေးပါတယ်။ ကျွန်တော်သဘောမတူပါ။ သူတို့ပြောစကားတွေ ပါဝင်တဲ့ သတင်းဆောင်းပါးကို အထက်မှာ ကျွန်တော်ညွှန်းပြီး ဖြစ်ပါတယ်။ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ သူတို့ငါးဦးပြောတာတွေကို သဘောအချုပ် ကောက်နုတ်တင်ပြပါမယ်။ ကောက်နုတ်ချက်တွေပဲ တင်ပြတော့မပြည့်စုံဘူး။ စကားကျန်တယ်လို့ ပြောလာနိုင်ပါတယ်။ ဒါကြောင့် မူလဆောင်းပါးကို တိုက်ဆိုင်ကြည့်ပါလို့ ကျွန်တော်ပြောခဲ့တာ ဖြစ်ပါတယ်။
၂။ သူတို့ ငါးဦးလုံးတစ်သံတည်း ထွက်တာကတော့ ခေါင်းစဉ်မှာပါတဲ့အတိုင်း . . . တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့် အချိန်မှာ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်း ဆန္ဒမပြသင့်ဘူး . . ဆိုတာပါပဲ။ ဦးသုဝေက . . . (ပြောင်းလဲတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး လျင်လျင်မြန်မြန် လည်ပတ်နိုင်အောင် ၀ိုင်းကူကြရမှာဖြစ်ပြီး ဟိုစဉ်ကလို ထစ်ခနဲရှိ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်းရမယ့် ကာလမဟုတ်တော့ကြောင်း) ပြောပါတယ်။ ကိုဇော်သက်ထွေးက . . .(. . .ဒီမိုကရေစီမင်းသားတွေရဲ့ ဆင်ခြင်မဲ့၊ တန်ဖိုးမဲ့ပြနေတဲ့ ဆန္ဒပြပွဲတွေ . . .) လို့ သုံးနှုန်းပါတယ်။ ဆက်ပြီးတော့ (ဒီနေ့ကာလဟာ လက်သီးလက်မောင်းတန်းရမယ့် ကာလမဟုတ်တော့ဘူး။ တည်ဆောက်ရေးကာလ ဖြစ်တယ်) လို့ ပြောပါတယ်။ ဦးမျိုးညွန့် (ဒီ/ငြိမ်း ပါတီအထွေထွေ အတွင်းရေးမှူး)က ---(အခုဆိုရင်နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ၊ တော်ကြာဖမ်းဟဲ့၊ တော်ကြာဆီးဟဲ့ မရှိတော့ဘူး။ . . . လက်သီးလက်မောင်းတန်း ဆန္ဒပြတာထက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပညာဥာဏ်နဲ့ လုပ်ရမယ့်အချိန် ဖြစ်တယ်) လို့ ပြောခဲ့ပါတယ်။ (မှတ်ချက်၊ နိုင်ငံရေးကို လူကြီးလူကောင်းလို လုပ်နိုင်ပြီဆိုတာ ဘာကိုပြောတာလဲ။ ဘယ်တုန်းက ဘယ်သူတွေဟာ သမိုင်းမှာ နိုင်ငံရေးကို ကြမ်းပိုးသူခိုးလို လုပ်ခဲ့ကြသလဲ။) ဦးအောင်ဇင် (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။) က (. . . ဟိုခေတ်ကလို လက်သီးလက်မောင်းတန်းပြီး လုပ်ရတာမျိုးတော့ ကျွန်တော့်အနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်) လို့ ပြောခဲ့ပါတယ်။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က . . (ကျွန်တော်တို့ ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ကာလမှာ အဲဒါတွေက အန္တရာယ်အလားအလာကို ဖိတ်ခေါ်နေတယ်လို့ ကျွန်တော်ပြောပါရစေ) လို့ ပြောခဲ့ပါတယ်။

လူထု အမှန်တကယ် နစ်နာဆုံးရှုံးတာတွေ အဆင်မပြေတာတွေကို ထုတ်ဖော်တင်ပြတဲ့ ဆန္ဒပြပွဲတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ တားဆီးပိတ်ပင်လို့ မရဘူး။ ဆိုင်းငံ့ထားဖို့ မသင့်ဘူး။
၃။ ဒီနိုင်ငံရေး ခေါင်းဆောင်ကြီး ငါးဦးလုံးတစ်သံတည်း ထွက်ပါတယ်။ သူတို့ဟာ ဒီလို ‘လက်သီး လက်မောင်းတန်း’ ဆန္ဒပြတာတွေကို အချိန်ကာလနဲ့ ဆုံးဖြတ်တယ်။ ကျွန်တော့်သဘောကတော့ အခြေအနေနဲ့ ဆုံးဖြတ်ရမယ်။ လက်သီးလက်မောင်းတန်းရမယ့် အခြေအနေကို တွက်ဆရမယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရမယ့် ကာလမှာ ‘ဘ၀ပျက်ရမယ့် အခြေအနေ’ တွေ ရှိလာရင် ဘာလုပ်မလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်က (ထစ်ခနဲရှိ မလိုအပ် ဘဲလက်သီးလက်မောင်းတန်း) ဆိုတဲ့ စကားကို သုံးတယ်။ နောက်ပုဂ္ဂိုလ် တစ်ယောက်ကတော့ (ဒီမိုကရေစီ မင်းသားတွေ ဆင်ခြင်မဲ့တန်ဖိုးမဲ့ ပြနေတဲ့ ဆန္ဒပြပွဲတွေ) ဆိုတဲ့ စကားကို သုံးတယ်။ ဒီလိုစကားတွေ သုံးသင့်မသုံးသင့် စဉ်းစားကြည့်ကြပါ။ ထစ်ခနဲရှိ မလိုအပ်ဘဲ ဆန္ဒပြနေတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ မဆင်မခြင် တန်ဖိုးမရှိတဲ့ ‘ဆင်ခြင်မဲ့ တန်ဖိုးမဲ့ ဆန္ဒပြပွဲ’ ဆိုတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကလည်း (နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ) ဆိုတဲ့ စကားကိုသုံးတယ်။ ဘာကိုဆိုလိုပါသလဲ။ အခုလို လက်သီးလက်မောင်းတန်း ဆန္ဒပြတာဟာ လူကြီးလူကောင်း မဆန်ဘူးလို့များ ဆိုလိုတာလား။ ကျွန်တော်စဉ်းစားမိတာ ပြောတာပါ။
ha-30-12-12
၎။ ဒီလိုတော့ တစ်ဖက်ကပြောဖို့ ရှိပါတယ်။ ဆန္ဒပြခွင့်ဥပဒေဆိုတာ ရှိတယ်၊ ဥပဒေအတိုင်း ဆန္ဒပြသင့်တယ်။ မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီသဘောကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသွားတယ်၊ သူ့စိုးရိမ်စိတ်ကို နားလည်နိုင်ပါတယ်။ ကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလည်းရှိတယ်။ . . . ၂၀၁၂ ခုနှစ်၊ ဇွန်လက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာသို့ တရားဝင်ဆန္ဒပြရန် တောင်းဆိုခဲ့သည်မှာ ၁၁ ကြိမ်မြောက် ရှိခဲ့ပြီး အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ (သတင်း Source ရဲညီ ‘လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဘာ့အတွက် ဆန္ဒပြရတယ်’ Newsday သတင်းဂျာနယ်။ ၁၉ ဒီဇင်ဘာလ ၂၀၁၂ အချပ်ပို C) ခွင့်ပြုမိန့်ကို ဥပဒေနဲ့အညီ တရားဝင် တောင်းခံတယ်။ ၁၁ ကြိမ်တိတိ၊ ခွင့်ပြုမိန့် မပေးဘူး။ အဲဒါဆိုရင် ဘာလုပ်မလဲ။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှာ အဖြေရှိကောင်း ရှိပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒီလိုပြောတယ်။ . . . ‘ကနေ့ စိန်ခေါ်နေတဲ့ မျက်မှောက်ခေတ်မှာ စိန်ခေါ်နေတဲ့ စိန်ခေါ်ချက်များ’. . ဘာပြောတာလဲ။ ဆန္ဒပြပွဲတွေကို ပြောတာမဟုတ်လား။ စိန်ခေါ်ချက်တွေ ပတ်လည်ရိုက်နေမယ့်အစား ဆန္ဒပြပွဲလို့တည့် (ဒဲ့) ပြောလိုက်ရင် ရပါတယ်။ ရွာကလူတွေက သေစာရှင်စာလောက်သာ တတ်ကြတာဆိုတာလည်း သတိပြုစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာကလူတွေအတွက် အခုလိုစိုးရိမ်မကင်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်ကို ကျေးဇူးတော့ တင်ရမှာပါ။
၅။ ကျွန်တော့်စကားစဉ်ကို ပြန်ချုပ်ပါ့မယ်။ ကျွန်တော့်သဘော အယူအဆကို ဒီလိုတင်ပြခဲ့ပါမယ်။
၁။ ဒီနေ့ဆန္ဒပြပွဲတွေဟာ မလိုအပ်ဘဲ ဆူချင်ပူချင်လို့ ဆန္ဒပြနေကြတာ မဟုတ်ဘူး။
၂။ ဒီမိုကရေစီကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ၀ိုင်းဝန်းဆောင်ရွက် ကြရမယ်ဆိုတာကို ထောက်ခံတယ်။
၃။ ပြန်လည်တည်ဆောက်ရေးကိစ္စ အ၀၀ကို ဆောင်ရွက်တာက သပ်သပ်၊ အဲသလို ဆောင်ရွက်နေချိန်မှာ ကြုံတွေ့ရမယ့် လူထုဘ၀အရေး ကိစ္စတွေ၊ အဆင်မပြေတာတွေ၊ နစ်နာဆုံးရှုံးတာတွေက သပ်သပ်ဖြစ်တယ်။
၎။ တိုင်းပြည် ပြန်လည်တည်ဆောက်ရမယ့် အချိန်ဖြစ်လို့ လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အဆင်မပြေတာတွေ၊ ဘ၀အရေးကိစ္စတွေကို မထုတ်ဖော်ရ မတင်ပြရဘူးဆိုတာ မှားတယ်။
၅။ လူထုအမှန်တကယ် နစ်နာဆုံးရှုံးတာတွေ အဆင်မပြေတာတွေကို ထုတ်ဖော်တင်ပြတဲ့ ဆန္ဒပြပွဲတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ တားဆီးပိတ်ပင်လို့ မရဘူး။ ဆိုင်းငံ့ထားဖို့ မသင့်ဘူး။
၆။ ဦးသုဝေ၊ ဦးဇော်သက်ထွေး၊ ဦးမျိုးညွန့်၊ ဦးအောင်ဇင်၊ ဦးသိန်းညွန့်တို့ ပြောတာတွေကို ကျွန်တော်သဘောမတူပါ။
၆။ မိမိအယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်သည်ဆိုတဲ့ အခြေခံဒီမိုကရေစီ သဘောတရားအရ ကျွန်တော့်အယူအဆကို တင်ပြလိုက်ပါတယ်။ ကျွန်တော်သဘောမတူတာကို မတူဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော် သဘောမတူတာကို သဘောမတူတဲ့ ပုဂ္ဂိုလ်များ ဆွေးနွေးတင်ပြကြရင် ကောင်းမယ်ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပဲမဟုတ်ပါလား။
စာကြွင်း။ ဒီဆောင်းပါးရေးပြီး First အုပ်စုက မန်နေဂျာ ကိုကောင်းမြတ်ကျော်ကို မပေးရသေးခင်မှာပဲ First  ဂျာနယ်နဲ့ First Music ဂျာနယ် နှစ်စောင်လုံးမှာ သတင်းတစ်ခု ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ငယ်စဉ်က စွဲလမ်းခဲ့ရတဲ့ အဆိုတော်ကြီး လားရှိုးသိန်းအောင် မြန်မာနိုင်ငံကို ခေတ္တပြန်လာတယ်၊ မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်း ခဏခဏ ဆန္ဒပြနေကြတာတွေဟာ အနာဂတ်အတွက် မကောင်းဘူး။ ရေရှည်မှာ တိုင်းပြည်ကို ထူထောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်မေတ္တာအကြောင်းခံပြီး တောင်းပန်ချင်တာက . . . ဒီကိုပြန်လာတုန်း သီချင်းတွေကိုဆိုပြီး ပရိသတ်ရဲ့ မေတ္တာနဲ့ သြဘာလက်ခုပ်သံကို ခံယူပြီးတော့ ပြန်ပါ။ ဒီကအခြေအနေတွေ မသိဘဲနဲ့ ၀င်မပြောပါနဲ့လို့ . . . တောင်းပန်လိုက်ပါတယ် ခင်ဗျား။
Written by ဇော်ဇော်အောင်   
Sunday, 30 December 2012 14:24
by- http://www.news-eleven.com

လှောင်အိမ်အတွင်းမှ ဂန္တဝင်များ လွတ်လပ်စွာပျံသန်းချိန်



Thursday, 27 Dec 2012 13:43
Photo
၁၉၃၃ မေလ ၁၀ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ နာဇီတို့က လူပေါင်းတစ်သိန်းခန့် ရှေ့မှာပင် စာအုပ်ပေါင်း နှစ်သောင်းကျော်ကို မီးရှို့ခဲ့ဖူးသည်။  စိတ်ဓာတ်အဟောင်း၊ အယူအဆဟောင်းများကို ဖျက်ဆီးသည်ဆိုကာ အဆိုပါ စာအုပ်မီးရှို့ပွဲကို ဂျာမနီဝါဒဖြန့်ချိရေး ဝန်ကြီးဂိုးဘဲလ်(စ်)က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ သက်မဲ့စာအုပ်များအား ဖျက်ဆီး၊ မီးရှို့ခဲ့ဖူးသော ဖြစ်စဉ်များတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်စဉ်မှာ တရုတ်မဟာတံတိုင်းကြီး၏ ပထမဆုံး ဖန်တီးရှင်ဧကရာဇ် “ရှီဝမ်တီ” လက်ထက်က ဖြစ်ပွားခဲ့သည်။ ရှီဝမ်တီကဘီစီ ၂၅၉ ခန့်တွင် တရုတ်စာပေ၊ တရုတ်သမိုင်း၊ တရုတ်အတွေးအခေါ် ကျမ်းအားလုံးကို မီးရှို့ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့ကမ္ဘာ့သမိုင်းတွင် စာတင်ရအောင် စာအုပ်၊ စာပေများ မီးရှို့ဖျက်ဆီးခဲ့ခြင်းမျိုး မရှိခဲ့ပါ။

သို့သော် စာအုပ်၊ စာပေ ဖန်တီးရေးသား ထုတ်ဝေခြင်းကိုမူ အစိုးရအဆက်ဆက်က နှစ် ၅၀ နီးပါး စိစစ်၊ ဖြတ်တောက် ထိန်းချုပ်ထားခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေး ကောင်စီလက်ထက်မှစ၍ ဆယ်စုနှစ် ငါးခုကြာ သတင်းမီဒီယာနှင့် စာပေလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှုမှာ ၂၀၁၂ သြဂုတ်လ ၂၀ ရက်တွင်မှ နိဂုံးချုပ်ခဲ့သည်။ လောကသစ် စာပေထုတ်ဝေသူ ဦးဝင်းတင်မှာ စာအုပ်တစ်အုပ် ထုတ်ဝေနိုင်ရန် ၁၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ဆရာကျော်အောင်က ၁၉၉၇ မေလတွင် ဘာသာပြန်ပြီးခဲ့သော အဆိုပါစာမူကို စာပေစိစစ်ရေးက အကြိမ်ကြိမ် ပယ်ချ၍ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန မရှိတော့သည့် ၂၀၁၂ အောက်တိုဘာတွင်မှ လောကသစ် စာပေက တရားဝင် ပုံနှိပ်ထုတ်ဝေခွင့်ရ၏။ “အံ့သြဖို့ကောင်းတယ်။တရုတ်နိုင်ငံအကြောင်း စာရေးဆရာက ရေးထားတာ။ ကိုယ့်နိုင်ငံအကြောင်း ပါတာလည်း မဟုတ်ဘူး။ ဒါကိုဘာကြောင့် ခွင့်မပြုတာလဲဆိုတာ အရင်တုန်းကတော့ နားမလည်ခဲ့ဘူး။ နောက်မှ သိတာ တရုတ်အကြောင်း မကောင်းရေးရင်လည်း သူတို့က ခွင့်မပြုဘူး” ဟု ဦးဝင်းတင်က သူ၏ အတွေ့အကြုံကို ပြောသည်။

တရုတ်စာရေး ဆရာမယန်ချန်း (Jung  Chang) ရေးသားခဲ့၍ ဆရာကျော်အောင် ဘာသာပြန်သော ငန်းရိုင်းများ (Wild  Swans) စာအုပ်ဖြစ်ပါသည်။ တရုတ်နိုင်ငံ မိသားစုတစ်ခု၏ မျိုးဆက်သုံးဆက် ဘဝဖြတ်သန်းမှုများကို တရုတ်ကွန်မြူနစ်နှင့် ကူမင်တန်တို့၏ တိုက်ပွဲများ၊ မော်စီတုန်းကာလ မဟာခုန်ပျံကျော်လွှားရေး၊ ယဉ်ကျေးမှု တော်လှန်ရေး ကာလများစသော တရုတ်နိုင်ငံ၏ နိုင်ငံရေး နောက်ခံသမိုင်းတို့ဖြင့် စာရေးဆရာမယန်ချန်းက ရေးသားခြယ်မှုန်းထားသော နာမည်ကြီး စာအုပ်ဖြစ်သည်။ထုတ်ဝေခွင့်ရအောင် ၁၅ နှစ်ကျော် စောင့်ဆိုင်းခဲ့ရသော ငန်းရိုင်းများ စာအုပ်ဈေးကွက်သို့ ရောက်လာရာတွင် စာပေချစ်မြတ်နိုးသူများ၏ အားပေးမှုရနေလေသည်။ “ဒီစာအုပ်ရောင်းကောင်းတာ မအံ့သြဘူး။ ဒီစာအုပ်က စာအုပ်ကောင်းပဲ။ ထွက်လာရင် ရောင်းရမယ်ဆိုတာ သိတယ်” စာအုပ်ထူ၍ တစ်အုပ်လျှင် ၅,၀၀၀ ကျပ်ဖြင့် ရောင်းသော်လည်း စာဖတ်သမားများ၏ အားပေးမှုကြောင့် ယခုလပိုင်းအတွင်း ရောင်းအကောင်းဆုံး စာရင်းဝင်ဖြစ်နေသည့်အပေါ် ဦးဝင်းတင်၏ မှတ်ချက်ပေးသည်။

တရားဝင်စာအုပ်အဖြစ် ထုတ်ဝေခွင့် မရခဲ့၍ မှောင်ခို စာအုပ်ဈေးကွက်တွင်သာ ရှိခဲ့သော ဦးနု၏ “တာတေစနေသား” စာအုပ်သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ၂၀၁၂ စက်တင်ဘာလ၌ စာအုပ်ဈေးကွက်သို့ ဝင်ရောက်လာသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုက ၁၉၇၄ တွင် ရေးသားပြီးစီးခဲ့သော အဆိုပါ လက်ရာကို မှောင်ခိုဈေးကွက်မှ ဝယ်ယူဖတ်ရှုပြီး နှစ်သက်လွန်း၍ ငါတို့စာပေတိုက်၏ ထုတ်ဝေသူကို စန်းမွန်အောင်က တရားဝင် ထုတ်ဝေခွင့်ရအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဦးနု၏ သမီးဒေါ်စန်းစန်းနုနှင့် ဆက်သွယ်၍ ထုတ်ဝေခွင့်ပြုရန် ခွင့်တောင်းပြီးနောက် စာပေစိစစ်သို့ သုံးနှစ်အတွင်း အကြိမ်ကြိမ် တင်ပြခဲ့သော် ထုတ်ဝေခွင့်မရခဲ့ပါ။ ထို့ကြောင့် စာပေစိစစ်မှု မရှိသောအခါတွင်မှ အနှစ်နှစ်အလလက သူ၏ဆန္ဒ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။ “ပထမဆုံးနှစ်ရက်နဲ့တင် အုပ်တစ်ထောင် ကုန်သွားတယ်” ဟု ကိုစန်းမွန်အောင်က ပြောသည်။

လွန်ခဲ့သည့်နှစ် ၄၀ ခန့်က ဦးနု၏ လက်ရာမှာတစ်အုပ် ၈,၅၀၀ ကျပ် ဖြစ်သော်လည်း စာအုပ်ချစ်သူများ၏ အားပေးမှုကြောင့် ယခုအခါ အုပ်ရေ သုံးထောင် ဝန်းကျင် ရောင်းကုန်သွားသည်။ စာအုပ်ဈေးကွက်တွင် အုပ်ရေ တစ်ထောင်ရောင်းကုန်လျှင် ထိုစာအုပ်မှာ ရောင်းကောင်းသည် ဆိုနိုင်သည်။ “ဒီစာအုပ်ကို လူများများ ဖတ်စေချင်လို့ ဈေးလျှော့ရသလောက် လျှော့ရောင်းဖို့ စီစဉ်ထားတယ်” ကိုစန်းမွန်အောင်က မျှော်လင့်ထားသည့်ထက် စာဖတ်ပရိသတ်၏ အားပေးမှု ပိုမိုရခဲ့သောကြောင့် စာအုပ်ဈေးလျှော့၍ လူများများ ဖတ်နိုင်ရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။ လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက ထုတ်ဝေရန် အိပ်မက်မက်ခဲ့သော စာအုပ်တစ်အုပ်ကို ဖြိုးမောက်သာစာပေမှ ကိုဘိုဘိုက အောက်တိုဘာလတွင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” စာအုပ်ဖြစ်၏။

ရဲဘော်သုံးကျိပ်ဝင်ဟောင်း လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ဖြစ်ပွားစဉ် ရန်ကုန်မြို့ကြီး မကျဆုံးစေရန် အင်းစိန်တိုက်ပွဲကို ဦးဆောင် ပြန်လည် တိုက်ခိုက်ခဲ့သူ၊ တရုတ်ဖြူ ကူမင်တန်များ၏ ကျူးကျော်မှုများကို ဦးဆောင်တိုက်ထုတ်ခဲ့သူ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့သူ၊ လွတ်လပ်ရေး မော်ကွန်းဝင် နိုင်ငံ့ဂုဏ်ရည်တံဆိပ်များ အပ်နှင်းစဉ် လျှောက်လွှာမတင်ခဲ့သူ၊ ဗမာပြည်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ၊ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ချင်ပါလျက် အိမ်လွမ်းစိတ်ဖြင့် ရေခြားမြေခြားတွင် ၂၀၁၂ အောက်တိုဘာ ၁၀ ရက်က ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ လွန်ခဲ့သည့်ငါးနှစ်ကျော်မှ လက်ရာကို မြန်မာနိုင်ငံပြင်ပတွင် ဓူဝံစာပေက ထုတ်ဝေခဲ့ဖူးသည်။ ကိုဘိုဘိုက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ သားကြီးဖြစ်သူ ဦးအောင်ကျော်ဇောနှင့် တိုင်ပင်၍ တရားဝင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ “အဲဒီလောက်တော့ မမျှော်လင့်ဘူး” ဟု ကိုဘိုဘိုက ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ စာအုပ်ကို စာဖတ်ပရိသတ်၏ အားပေးမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။

၎င်းတို့က စာအုပ်ရောင်းရာမှ ရရှိသော အမြတ်ငွေများကို နာရေးကူညီမှုအသင်း ပရဟိတလုပ်ငန်းများသို့ လှူဒါန်းခဲ့ကြသည်။ စာအုပ်တန်ဖိုး ၇,၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း ဈေးကွက်သို့ စတင်ဖြန့်ချိပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်း အုပ်ရေ ၂,၀၀၀ ကျော် ရောင်းကုန်၍ အုပ် ၅၀၀ ထပ်ရိုက်ခဲ့ရသည်။ ထူးခြားမှုမှာ ထုတ်ဝေထားသော စာအုပ်များ ရောင်းကုန်နေချိန်တွင် အကွက်မြင်သူအချို့က ပထမအကြိမ် ထုတ်ဝေစဉ်အခါက ရှိခဲ့သော မှောင်ခိုဈေးကွက်မှ စာအုပ်ကို မိတ္တူကူး၍ ရောင်းသည်ကိုပင် ပရိသတ်များက အားပေးခဲ့သည်။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ စာအုပ်နည်းတူ တာတေစနေသားမှာလည်း အလားတူ ဖြစ်ရပ်ကြုံခဲ့သည်။ “နိုင်ငံရေးကို အရင်ကလည်း လူတွေ စိတ်ဝင်စားပါတယ်။ဒါပေမဲ့ အရင်က ဖတ်စရာမှ မရှိတာ။ အရင်က အလိမ်အညာတွေ၊ ဖြတ်တောက်ထားတဲ့စာတွေ၊ ဝါဒဖြန့်တဲ့ နိုင်ငံရေး စာအုပ်တွေကိုပဲ ဖတ်ကြရတာကိုး” ကိုစန်းမွန်အောင်က စာပေစိစစ် ဖြတ်တောက်မှုများ အလွန် ယခင်က မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့်မရခဲ့သော စာအုပ်များကို စာဖတ်ပရိသတ်များ၏ စိတ်ဝင်စားမှုများသည့် အပေါ် သူ၏အမြင်ကို ပြောသည်။ “လူတွေက ကိုယ်မသိတဲ့ မြှုပ်ကွယ်ခံရတာတွေကို ဖတ်ချင်လို့ ရောင်းကောင်းတယ်လို့ မြင်တယ်။ အခုနောက်ပိုင်း နိုင်ငံရေးသမားတွေ ရေးတဲ့စာအုပ်တွေ ရောင်းကောင်းတာဆိုရင်လည်း ရေးတဲ့သူတွေရဲ့ စေတနာဖြတ်သန်းမှုနဲ့လည်း ဆိုင်တယ်” စိတ်ကူးချိုချို စာပေပိုင်ရှင် ဦးစန်းဦးကလည်း သုံးသပ်သည်။

ယခင်သိခွင့်မရခဲ့သော၊ သမိုင်းကွင်းဆက် ပြန်ဆက်နိုင်ရန် အထက်ပါ စာအုပ်များနှင့် နိုင်ငံရေးသမားတို့၏ ပင်ကိုရေးစာအုပ်များက အထောက်အကူပြုပါသည်။ သမိုင်းကို အမှန်အတိုင်းသိပြီး သမိုင်းတွင် မှားခဲ့ဖူးသော အမှားမျိုး ထပ်မံမကျူးလွန်ရန် ထိုကဲ့သို့ စာအုပ်များက အထောက်အကူပြုလိမ့်မည်ဟု ဦးအောင်ကျော်ဇောကလည်း ပြောသည်။ပုံနှိပ်ထုတ်ဝေသော စာအားလုံးကို စိစစ်ဖြတ်တောက်မှု မရှိတော့ဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရရှိခဲ့ခြင်းက ကျဆင်းနေသော စာအုပ်ထုတ်ဝေရေး လောကကို ပြန်ဦးမော့ရန် များစွာ အထောက်အကူဖြစ်ကြောင်း ဦးစန်းဦးက သုံးသပ်သည်။ လူတစ်ဦးချင်း ဝင်ငွေကျဆင်းပြီး တိုင်းပြည် စီးပွားရေး မကောင်းမှုက စာအုပ်ထုတ်ဝေရေး လောကကို လွန်ခဲ့သောငါးနှစ်၊ခြောက်နှစ်ဝန်းကျင်မှစ၍ အေးစက်စေခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော် လွတ်လပ်စွာ ထုတ်ဝေ၊ ဖန်တီးခွင့်ရလာပြီးနောက် စာအုပ်ဈေးကွက်တွင် အထူးသဖြင့် နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်များ အရေအတွက်များစွာ ထွက်ရှိလာကာ စာချစ်သူများ၏ အထူးအားပေးမှု ရနေကြောင်းလည်း အရုဏ်သစ် စာပေပိုင်ရှင် ဒေါ်သီတာဝင်းက သုံးသပ်သည်။ စာအုပ်အရေအတွက် ယခင်ကထက် ပိုမိုများပြားစွာ ထွက်ရှိနေသောကြောင့် ရောင်းအားမှာ ပျံ့နှံ့သွားပြီး စာဖတ်သူများအတွက်မူ ယခင်ကထက် ရွေးချယ်ခွင့် ပိုရလာကြောင်းလည်း ဒေါ်သီတာဝင်းက ပြောကြားသည်။ ယခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်များကိုပင် လွတ်လပ်စွာ ထုတ်ဝေခွင့် မရှိခဲ့ရာမှ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်သော စာအုပ်များ လွတ်လပ်စွာ ထုတ်ဝေခွင့်ရခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေးတို့မှ စကာ အဆိုပါမျိုးဆက်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဖန်တီးမှု အသီးသီး လွတ်လပ်စွာ ပျံသန်းခွင့်ရလာခဲ့သည်။ ဇာဂနာ၏ “ပထမ”၊ ဇော်သက်ထွေး၏ “ကြမ်းတမ်းသော စစ်ပွဲနှင့် နူးညံ့သော နှလုံးသား”၊ မသီတာ (စမ်းချောင်း) ၏ “စမ်းချောင်း အင်းစိန်ဟားဗတ်”၊ သခင်ဖေဌေး၏ လွန်ခဲ့သော နှစ် ၅၀ ခန့်က လက်ရာဖြစ်သော “သခင်ဖေဌေး၏ သခင်ဖေဌေး”၊ ဆမားညီညီ၏ “ဝံပုလွေများထံမှ လွတ်မြောက်ခြင်း”၊ ဂျော့ခ်ျအော်ဝဲလ် ဖန်တီး၍ ဝင့်ပြုံးမြင့် ဘာသာပြန်သော “၁၉၈၄” စသည့် နိုင်ငံရေးနှင့် ပတ်သက်သော ဖန်တီးမှုအသစ်နှင့် ယခင်ထုတ်ဝေခွင့်မရသော လက်ရာများ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထွက်လာနေသည်။

အဆိုပါ စာအုပ်အများစုမှာလည်း ပရိသတ်အားပေးမှု ရရှိနေသည်။ ကိုမင်းကိုနိုင်၏ “နောက်ကြည့်မှန်” ဝတ္ထုမှာ ယခုနှစ်ဇူလိုင် ၁၅ ရက်က စတင်ဖြန့်ချိရာ ယနေ့အထိ ငါးလကျော်အတွင်း အုပ်ရေ ၃၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး စာအုပ်ထုတ်ဝေရေး လောကတွင် ရောင်းအကောင်းဆုံးအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သည် အထိ ပရိသတ်က အားပေးသည်။ နိုင်ငံရေးက ဘာသာရေး၊ ပညာရေးတို့ကို ကျော်၍ စာအုပ်ဈေးကွက်၌ ရောင်းအကောင်းဆုံး ဘာသာရပ် ဖြစ်လာသည်။ “အခုလောက်ကြီး မြန်မြန်ဆန်ဆန်ကြီး ရလာလိမ့်မယ်လို့ ထင်မထားဘူး။” လောကသစ် စာပေတိုက်မှ ဦးဝင်းတင်က စာပေလွတ်လပ်ခွင့် ရရှိခဲ့ခြင်းအပေါ် အံ့အားသင့်စွာ မှတ်ချက်ပြုသည်။ နှစ် ၂၀ ကျော်ကြာ စာအုပ်ထုတ်ဝေရေး လုပ်ခဲ့သော ဦးဝင်းတင်က စာပေစိစစ်ခေတ်အလွန် စာအုပ်ထုတ်ဝေရေး လုပ်ကိုင်ရသည်မှာ ပိုမိုကောင်းမွန်လာကြောင်း ၎င်းက ဆက်လက် ပြောသည်။ “ဒါက သိပ်အားရ ကြည်နူးစရာပေါ့။ စာပေလောကအတွက် ကြီးစွာသော တိုးတက်မှုပါ။ ကြီးစွာသော ဆုတ်ယုတ်မှုပြီးမှ ကြီးစွာသော တိုးတက်မှုပြန်လာလို့ ဒါက မူလအနေအထားကို ပြန်ရောက်တာပေါ့” ဟု စာဖတ်ဝါသနာကြီးသူ ဦးသိန်းထွန်းက မှတ်ချက်ပြုသည်။

စာပေစီစစ်တွင် နောက်ဆုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သော ဦးမျိုးမြင့်မောင်ကလည်း ဒီမိုကရေစီစနစ်နှင့်အညီ စာပေ လွတ်လပ်ခွင့်ရခြင်းအပေါ် ကြိုဆိုဂုဏ်ယူကြောင်း ပြောသည်။ စာပေစီစစ် မရှိတော့သော်လည်း ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထုတ်ဝေကြစေလိုကြောင်းလည်း ၎င်းက အကြုံပြုသည်။ လွတ်လပ်စွာ ဖန်တီး ထုတ်ဝေခွင့်ရသောကြောင့် စာကောင်း၊ ပေကောင်းများ ပိုမိုထွက်ရှိလာသည်။ ထုတ်ဝေသူများကို ဖိအားပိုမိုနည်းသွားပြီး စာပေစိစစ်သို့ မတင်ရ၍ အချိန်ကုန် လူပန်းမဖြစ်တော့ပါ။ထို့အပြင် မိမိတို့အစွမ်းအစ ရှိသရွေ့ ဆန္ဒရှိသလောက် ဖန်တီးနိုင်ခွင့် စသည်တို့ကို ထုတ်ဝေသူနှင့် စာရေးသူတို့ ခံစားခွင့်ရပြီ ဖြစ်သည်။ အခွင့်အလမ်းနည်းတူ စိန်ခေါ်မှုများလည်း ရှိနေပါသေးသည်။ “ထုတ်ဝေသူတွေက အရင်ထွက်ပြီးသား ပြန်ထုတ်ရတာ ပိုထုတ်ရဲတယ်။ ထွက်ပြီးသားက အကြောင်း တစ်စုံတစ်ရာကြောင့် အမှုရင်ဆိုင်ရစရာ မရှိဘူး။ အသစ်တွေမှာတော့ ဥပဒေပိုင်းကို ပိုဂရုစိုက်ရတယ်” ဟု စိတ်ကူးချိုချို ကိုစန်းဦးက ထုတ်ဝေသူများ၏ ပူပန်မှုကို မျှဝေသည်။

၁၉၆၂ ပုံနှိပ်အက်ဥပဒေမှာ တည်ရှိနေသေး၍ အာဏာပိုင်များက အရေးယူလိုလျှင် အချိန်မရွေး အကြောင်းတစ်ခုခုပြ၍ တရားစွဲထောင်ချနိုင်ခြင်း၊ကာလရှည် တင်းကျပ်စွာ ထိန်းချုပ်ရာမှ ရုတ်တရက် လွတ်လပ်ခွင့်ပေးလိုက်ရာတွင် စာရေးသူ၊ ဘာသာပြန်သူ ခါးဆက်ပြတ်သွား၍ စာရေးဆရာနှင့် ဘာသာပြန်ဆရာကောင်းများ နည်းလွန်းပြီး ထပ်မံမွေးထုတ်ရန် လိုနေခြင်း၊ ဖန်တီးမှုအသစ်များကို မကျေနပ်၍ တရားစွဲဆိုခံရနိုင်ခြင်း၊ ရှုထောင့်ပေါင်းစုံ တင်ပြမှု မယဉ်ပါးသေးသော စာဖတ်ပရိသတ်များ လက်ခံရန် ချိန်ဆနေရခြင်း၊ စီးပွားရေး ကျဆင်းမှုကြောင့် စာအုပ်ဝယ်အား ကျဆင်းနေခြင်း စသည်တို့မှာ စာအုပ်ထုတ်ဝေသူများအတွက် စိန်ခေါ်ချက်များ ဖြစ်သည်။ ပြင်သစ်နိုင်ငံ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့်အပေါ် ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၆၉ ဖြစ်သည်။ ၂၀၁၂ ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သော အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာမှာ ယခင်ထက်တိုးတက်လာသော်လည်း အဆင့် ၁၇၉ ဆင့်တွင် ၁၆၉ ဖြစ်၍ အောက်ဆုံးမှ ရေလျှင်အဆင့် ၁၁ ဖြစ်၏။

အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် Freedom House ၏ ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံ အဆင့် သတ်မှတ်ရာတွင် နိုင်ငံ၏ စာပေလွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တရားဥပဒေစနစ် လွတ်လပ်ခွင့် စသော လူမှုရေးဆိုင်ရာ လွတ်လပ်ခွင့် ရှိ၊ မရှိကို လွှမ်းခြုံတွက်ချက်သော ပြည်သူ့လွတ်လပ်ခွင့်များ (Civil Liberties) သတ်မှတ်ချက်တွင် ၂၀၁၁ ၌ ယခင်နှစ်များထက် အဆင့်တက်လာပြီး အဆင့် ၇ မှ ၆ ဖြစ်ခဲ့သည်။ နိုင်ငံရေး လွတ်လပ်ခွင့်တွင်မူ ယခင်ကဲ့သို့ အဆိုးဆုံး အဆင့် ၇ ပင် သတ်မှတ်ထားသောကြောင့် ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် နိုင်ငံရေး လွတ်လပ်ခွင့် နှစ်ခုပေါင်း သုံးသပ်သောအခါ ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံ ၁၆ နိုင်ငံ စာရင်းဝင်နေဆဲ ဖြစ်သည်။ သို့သော် ထိုသတ်မှတ်ချက် နှစ်ခုလုံးမှာ ၂၀၁၂ တွင် သတင်းမီဒီယာနှင့် စာပေအားလုံး လွတ်လပ်ခွင့်ပြုခဲ့သောကြောင့် အဆင့်ကောင်း လာတော့မည် ဖြစ်သည်။

အဆိုးဆုံးအဆင့်မှ လွတ်မြောက်လာသည့် နည်းတူ စာပေလွတ်လပ်ခွင့်ကြောင့် စာကောင်းပေကောင်းများ ပိုထွက်လာတော့မည်ဟု ထုတ်ဝေသူများက ပြောသည်။ “ပြောင်မြောက်တဲ့ စာရေးဆရာ၊ကာတွန်းပညာရှင်တွေ မရှိလို့ မဟုတ်ဘူး၊ အခွင့်မရှိလို့။ အခုတော့ အရင်ကထက်စာရင် စာပေ၊ သီချင်း၊ ကာတွန်းလက်ရာကောင်းတွေ ပေါ်ထွန်းလာတော့မယ်လို့ ယုံကြည်တယ်” ဟု ဦးသိန်းထွန်းက ဆိုသည်။ “စာကောင်း ပေကောင်း ထွက်လာရေးကို ဂရုမပြုလျှင် စာညံ့ပေညံ့များသာ တောထလာဖွယ် ရှိပါသည်။ စာညံ့ပေညံ့များဖြင့် ကြီးပြင်းရသော လူမျိုးသည် ခပ်ညံ့ညံ့လူမျိုးသာ ဖြစ်တတ်ပါသည်”ဟု ငန်းရိုင်းစာအုပ်၏ အမှာစာတွင် လောကသစ်စာပေက မြန်မာ့စာပေလောကအတွက် အရေးကြီးသော မှတ်ချက် စကား ရေးသားထားလေသည်။

အားမာန်
Written by 7Day News

စည်းကမ်းချက်များနှင့် အတူ

 Photo
“စက်ရုံအတွင်း ကွမ်းတံထွေး မထွေးရ၊ ပါးရိုက်မည်ဟူသော ခပ်ကြမ်းကြမ်း၊ အမိန့်ဆန်ဆန် စည်းကမ်းချက်များမှ စ၍ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဟူသော ဆောင်ပုဒ်အလယ်  “သတိ၊ ခွေးရှိသည်” ဟူသော သတိပေးသံအဆုံး မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် စည်းကမ်းချက်များ၊ ဆောင်ပုဒ်များ၊ သတိပေးစာများဖြင့် ပြည့်နှက်လျက် ရှိပါသည်။ သတိပေးခြင်း၊  စည်းကမ်း ထုတ်ခြင်းများသည် ဆောင်ပုဒ်တစ်ခုအသွင် စာတန်းများအဖြစ် ထွက်ပေါ်လာလေ့ ရှိသည်။ ထိုအရာများကို မိမိအိမ်ရှေ့မှစကာ နေရာအနှံ့ မြင်တွေ့နိုင်ပါသည်။ တချို့သော စာတန်းများက ယဉ်ကျေးစွာ၊ တချို့သော စာတန်းများက ရိုင်းပျစွာ၊ တချို့သော စာတန်းများက ပုံမှန်သာစသဖြင့် မိမိပြောလိုသော အဓိပ္ပာယ်တစ်ရပ်ကို သရုပ်ဖော် ထားကြလေ့ရှိသည်။ ထိုစာတန်းများ၊ စည်းကမ်းချက်များသည် မည်သည့်အတွက်ကြောင့် လူမြင်ကွင်းထဲသို့ ပေါများပြည့်နှက်စွာ ဝင်ရောက် နေကြပါသနည်း။ မြန်မာနိုင်ငံတွင်သာ မဟုတ်ပါ။ နိုင်ငံရပ်ခြား ဒေသများတွင်လည်း စည်းကမ်းချက်များစွာ ထုတ်ပြန်ထားတတ်ကြသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ များပြားသော စည်းကမ်းချက်များနှင့် ရသမြောက်သော ဆောင်ပုဒ်များကို မမြင်ချင်အဆုံး ပိုမိုတွေ့ရှိ နိုင်ကြမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသားတွေက စည်းကမ်းချက်ထုတ်ရတာ သိပ်သဘောကျပုံ ရသည်။ နေရာတိုင်းလိုလိုမှာစာတန်းလေးများ လိုက်ကပ်ကြသည်။ သူတောင်းစားက ကပ်သည်။ လက်ဆော့သူက ကပ်သည်။ အစိုးရက ကပ်သည်။ သက်ဆိုင်ရာက ကပ်သည်။ အဲသလို လူပေါင်းစုံက စာပေါင်းစုံကို နေရာပေါင်းစုံမှာ လျှောက်ကပ်ထားကြတာ တွေ့ကြရပါမည်။
 
စည်းကမ်းများစွာ၊ စာရွက်ပေါင်းများစွာ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာရခြင်းမှာ စည်းကမ်းမဲ့သူတွေ များလာသောကြောင့် ဖြစ်နိုင်သည်။ လူရှိန်အောင် လက်ဆော့သူတွေ များလာတာလည်း ဖြစ်နိုင်သည်။ ထိုစာများတွင် ရသလေးတွေ ပါနေတာကိုလည်း တွေ့မြင်ရသည်။ တချို့စာတွေက ဖတ်ပြီးပြုံးရသည်။ တချို့စာတွေက ရယ်မောရသည်။ တချို့က မခံချိမခံသာ ဖြစ်စေရသည်။ တချို့ကတော့ ဒေါသထွက်စရာ ဖြစ်ရသည်။ သစ်တော ဝန်ကြီးဌာနက သစ်တောကြိုးဝိုင်းများတွင် ကပ်ထားသော ဆိုင်းဘုတ်ငယ်များကို မြင်ဖူးကြမည်။ “သစ်တစ်ပင်ခုတ်၊ ထောင်သုံးနှစ်” တဲ့။ ဂျာနယ်တစ်စောင်ထဲမှာ ပါခဲ့သော ကာတွန်းတစ်ပုဒ်ကို သတိရသွားသည်။ “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်တဲ့...  တစ်တောလုံးခုတ်တော့ သူဌေးဖြစ်ရော” ဟူ၍။ သရော်မှုလေးထဲမှာ စဉ်းစားစရာတွေ အများကြီး ပါလာသည်။ ထိုမှဆက်၍  စဉ်းစားကြည့်ပါလျှင် စည်းကမ်း သတ်မှတ်ချက်များကို ဘေးမှာချိတ်ကာ ကိုယ့်စိတ်ကြိုက် ပြုမူနေကြသူများကို တွေ့လာရမည် ဖြစ်သည်။ “ဆေးလိပ်မသောက်ရ”ဆိုသည့် ကားပေါ်က စာတန်းအောက်မှာ ယာဉ်မောင်းသူတစ်ဖွာ၊ စပယ်ယာ တဖွာဖြင့် ငြိမ့်ငြိမ့်လေး မောင်းနှင် နေကြတာကိုလည်း တွေ့ဖူးကြပါမည်။ “ကွမ်းတံတွေးမထွေးရ” ဆိုသည့် ဆိုင်းဘုတ်ကလေးခမျာ ကွမ်းတံတွေးများဖြင့်  ကြဲပက်ခံထားရသည်ကို တွေ့ဖူးကြပါမည်။ “အမှိုက်မပစ်ရ” ဆိုသည့် ဆိုင်းဘုတ် ယိုင်နဲ့နဲ့ကလေးက အမှိုက်ပုံကြီးကြားမှ သနားစဖွယ် ထိုးထွက်နေသည်ကို မြင်ဖူးကြပါမည်။
 
“ခရီးသည်များ၏  အသက်သည် သင့်လက်ထဲတွင် ရှိသည်”၊ “သင်နှင့် သင့်မိသားစုက ဘေးမသီ ရန်မခဘဲ အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသည်ကို သတိရပါ” ဟူသည့် စာတန်းကို ရှေ့မှာကပ်ပြီး ဘတ်စ်ကားပြိုင်ပွဲများ ပြုလုပ်နေကြသည်ကို အသည်း တယားယားဖြင့် စီးဖူးကြပါလိမ့်မည်။ အကြောင်းပြချက် အရာမှာလည်း မရိုးကြပါပေ။ မြန်မာစကားကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့ အဆင်ပြေ နေကြပါသည်။ အမှိုက်မပစ်ရ ဆိုသောကြောင့် မပစ်ကြ။ အသာအယာပင် စနစ်တကျ စုပုံခဲ့ကြသည်။ ဆူးလေမီးပွိုင့်မှာ “ဤနေရာမှ လမ်းဖြတ်မကူးရ၊ ဂုံးကျော်တံတားပေါ်မှ ကူးပါ” ဆိုသည့်ဆိုင်းဘုတ်ကို ခပ်တည်တည်ခွကာ အတင်းဖြတ်ကူး နေကြသူတွေကို မော်တော်ပီကယ်တွေက ခရာတရွှီးရွှီးမှုတ်ပြီး လိုက်တားကြရရှာသည်။ ခုနောက်ပိုင်းတော့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက ကားကြီးတွေပေါ် အတင်းတက်ခိုင်း နေသောကြောင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုများ လျော့သွားသည်။
 
စားသောက်ဆိုင် အဝတွေမှာ  စာတန်းလေးတွေ ကပ်ထား သည်။ “အလှူခံမဝင်ရ” ဟု။ တစ်ခါက ကြုံဖူးသည်။ အဘွားကြီးတစ်ယောက် တုန်ချည့်ချည့်ဖြင့် ဝင်ရောက် တောင်းရမ်းသည်။ ဆိုင်ရှင်က      အော်ထုတ်သည်။ “အလှူခံမဝင်ရလို့ ရေးထားတာ မမြင်ဘူးလား” “အဘွားက စာမဖတ်တတ်လို့ပါကွယ်” တဲ့။ ဆိုင်ရှင် ဘာပြောရမှန်းမသိ။ အဲ့သည်လို စာမဖတ်တတ် သူတွေက စည်းကမ်းချက်ကို မသိ။ စာဖတ်တတ်သူတွေကလည်း တမင် မမြင်ချင်ယောင် ဆောင်ကြသည်။ “ဤနေရာတွင် သေးပေါက်ရန်မဟုတ်” ဟု ရေးထားသော စာတန်းအောက်မှာ  တစ်ယောက်က ထပ်ဖြည့်ပေးထားတာ တွေ့ဖူးသည်။ “ညာဘက်နားမှာ သွားပေါက်ပါ” ဟူ၍။ တချို့ကတော့ နင့်နင့်နဲနဲ ရေးသည်။ “ဒီနေရာမှာ ခွေးများသာ သေးပေါက်ရန်” ဟု ဖြစ်သည်။ စာတန်းက ထိရောက်သလားတော့ မသိ။ ခွေးရော၊ လူရော လစ်သလို ပေါက်ကြသည်။ ဟာသလေးတစ်ပုဒ် ကြားဖူး၏။ ပွဲခင်းထဲမှာ ဇာတ်ကနေသည်။ မူးနေသော လူနှစ်ယောက်က ဇာတ်ပွဲကြည့်ချင်ကြ၏။ သူတို့မှာ ပိုက်ဆံကမရှိ။ သို့နှင့် ဇာတ်ရုံ ဘေးကထရံကို အပေါက်လေး ဖောက်ပြီး ဝင်ကြသည်။ ရိုးရိုး တိုးဝင်တာမဟုတ်။   လေးဖက်ထောက်ပြီး နောက်ပြန်ကြီး တင်ပါးနဲ့ တိုးဝင်တာ ဖြစ်သည်။ လုံခြုံရေးက ဓာတ်မီးတဝင်းဝင်းနဲ့ ရောက်လာသည်။ သူတို့ကိုမြင်တော့ အလန့်တကြား တား၏။ “ဟေ့လူတွေ  ဒီအပေါက်က ထွက်လို့မရဘူး.. ပြန်ဝင်စမ်း.. ပြန်ဝင်စမ်း”ဆိုပြီး အတင်း ထိုးထည့်သည်။ သူတို့ လည်း ဇာတ်ရုံထဲ အေးဆေးလေး ရောက်သွား၏။
 
တချို့ခြံဝန်းရှေ့၊ ဆိုင်ခန်းရှေ့တွေမှာ “ခြံလုံးဝ မရောင်းပါ။ ဆိုင်လုံးဝ မငှားပါ” ဟု စာရေး ကပ်ထားရသည်အထိ ပွဲစားများကလည်း သောင်းကျန်းကြသည်။  “ခုံပြည့်လျှင် လူပိုမတင်ပါ” ဆိုပြီး  အထူးကားတွေက ပုရွက်ဆိတ်တောင် နေရာမရ။ နောက်ထပ် နာမည်ကျော် စာတန်းတွေ ရှိသေးသည်။ အားလုံးလိုလိုက လိုက်နာမှု နည်းပါးသည့် စာတန်းတွေဖြစ်သည်။ “လာဘ်ပေးလာဘ်ယူ.. တို့ရန်သူ။ မှုခင်းကင်းစင်ရက် သတ္တပတ်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်။ ယာဉ်တိုက်မှု ကင်းစင်ရေးနေ့။ ကားတံခါးကို ဖြည်းဖြည်းပိတ်ပါ။ သင့်လုံခြုံရေးအရ စစ်ဆေးသည်ကို ကြည်ဖြူစွာ လက်ခံပါ။ ခါးပိုက်နှိုက် သတိပြု။ ဆင်းမည့်မှတ်တိုင်ကို ကြိုပြောပါ။ ရှေ့တွင် ကျောင်းရှိသည်၊ ဖြည်းဖြည်းမောင်းပါ။ မည်သူ့ကိုမှ အကြွေးမရောင်းပါ။ ဟွန်းမတီးရ နယ်မြေ။ ကျေးဇူးပြု၍တန်းစီပါ။ သင့်ကြောင့် မီးမလောင်ပါစေနှင့်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့။ ဆိုဖာပေါ်သို့ တက်မထိုင်ရ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ ထမင်းကျွေးသော လက်ကို ပြန်မကိုက်ပါနှင့်။ သတိ..ဗို့အား  ၂၅၀၀။ လူလိုသိပါ။ သင်တန်းအတွင်း စကားမပြောရ။မျဉ်းဝါ မကျော်မီ ဝယ်ယူထားသည်များကို ငွေပေးချေပြီးမှ ဆိုင်အတွင်းမှ ထွက်ခွာပါ။ ဆိုင်အတွင်းသို့ တိရစ္ဆာန်များ ခေါ်မလာရ။ ကားပိတ်မရပ်ရ။ ညအိပ် လက်မခံပါ။ လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့။ ပိုက်ဆံချေးခြင်း သည်းခံပါ။ ipay ကတ်သုံးပြီး စီးနိုင်ပါသည်။ ယနေ့ရောင်း ရငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သည်။ ဘယ်အရာမှ အလကား မရပါ  စသည့် စသည့် စသည့်။ စာတန်းတွေ၊ ကြေငြာချက်တွေ၊ စည်းကမ်းတွေ.... လူ့အဖွဲ့အစည်းထဲမှာ နေ့တဓူဝ ပလူပျံလာနေသည်။
 
လူမှုဘဝ ခရီးလမ်းမှာ စောင့်ထိန်းစရာတွေ များလာနေသည်။ တဖြည်းဖြည်း များပြားလာသော စာတန်းများကို လူအများက အပြည့်အဝ လိုက်နာကြပါသလား။ သင်ရော ကိုယ်ပါ စနစ်တကျ လိုက်နာခဲ့ဖူးပါသလား။ စဉ်းစားစရာ ဖြစ်လာပါသည်။ အသေးအမွှား စည်းကမ်းချက်များကို ဖယ်၍ အကြီးမားဆုံး ဖြစ်သော နိုင်ငံတစ်နိုင်ငံ၏ အသက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတောင်မှ    အပြည့်အဝ လေးစားလိုက်နာဖူးကြပါသလား။ ၂၀၀၈ ဖွဲ့စည်းပုံမို့လို့ဟု ဆိုဆို၊ လက်ရှိ လိုက်နာနေရသော ထိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမြဲတစေ ဆက်ဆံနေရသည့် လွှတ်တော်အမတ်များ အားလုံးလိုလိုပင်လျှင် ဖွဲ့စည်းပုံ စာအုပ်ကြီး တစ်ခုလုံးကို အပြည့်အဝ ကျေညက်အောင် သိရှိကြပါရဲ့လား။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ညင်သာစွာ ကူးပြောင်းလျက် ရှိသည်။ ထိုအကူးအပြောင်းတွင် နိုင်ငံသားအားလုံး စနစ်တကျပါဝင်ရန် အရေးကြီးပါသည်။ လုပ်ချင်တာ လုပ်၊ ဖြစ်ချင်တာ ဖြစ်သည့်ခေတ် တစ်ခေတ် ကုန်ဆုံးခဲ့ပါပြီ။ မကုန်ဆုံးသေးဟု သံသယရှိလျှင်လည်း ကုန်ဆုံးအောင် လုပ်ရန်မှာ အားလုံးတာဝန် ဖြစ်သည်။ ရန်ကုန်က နွယ်နီမဂ္ဂဇင်းတိုက် လှေကားမှာ ကပ်ထားတဲ့ စာတန်းလေးကတော့ လှပသည်။ ဖတ်ရတာလည်း အဆင်ပြေသည်။ ကိုယ်လိုချင်တဲ့ အနေအထား ရောက်အောင် ဖန်တီးနိုင်သည်ဟု ထင်သည်။
 
“ဒီနေရာလေးမှာ ကျွန်တော်တို့ အမှိုက်မပစ်ဘူး။ ကွမ်းတံထွေး မထွေးဘူးနော်” တဲ့။ ရိုးရိုးလေးပင်။ ကြားနေ မြင်နေကျ စည်းကမ်းတစ်ရပ်ကို သိမ်မွေ့စွာ ရေးသားထားသည်။ ထို့အတူပင် “စားကောင်းလျှင် တခြားသူများကို ပြောပြပါ၊ စားမကောင်းလျှင် ကျွန်ုပ်တို့ကိုသာ ပြောပါ” ဆိုသည့် စာတန်းမျိုးကလည်း စားသုံးသူကို ကျေနပ်စေသည်။ ရွှေပေါက်ကံ မြို့သစ်ထဲက လမ်းခွဆုံ ကွမ်းယာဆိုင် တစ်ဆိုင်မှာ ဒီလိုလေး ရေးထားသည်။ “မနက်ဖြန် တကယ် အကြွေးရောင်းမယ်နော်” တဲ့။ ရေးထားတာလည်း လှသည်။ ဘာပဲဖြစ်ဖြစ် ဖတ်သူမြင်သူ ကျေနပ်သည်။ စည်းကမ်းချက် ထုတ်ခြင်းက အဓိကလား၊ လူတစ်ဦးချင်းရဲ့ စိတ်ဓာတ်က အဓိကလား ဆိုသည်ကိုတော့ ကိုယ်တိုင် စဉ်းစားသုံးသပ်ကြတာ ပိုအဆင်ပြေပါသည်။ နိုင်ငံတော်အစိုးရချမှတ် ကြေညာထားသလိုပင်... “စည်းကမ်းပြည့်ဝသော နိုင်ငံတော်သစ်” ဆီသို့ အားလုံး ချီတက်နေကြပါသည်။ နေရာအနှံ့ ပြည့်နှက်နေသော စည်းကမ်းချက်များနှင့်အတူ ပင်ဖြစ်သည်။   ။

ဥက္ကာကိုကို


Written by 7Day News
Thursday, 27 Dec 2012 16:02

၂၀၁၂ ခုနှစ်၏ အထင်ရှားဆုံးပုဂ္ဂိုလ်


၂၀၁၂ ခုနှစ်၏ အထင်ရှားဆုံးပုဂ္ဂိုလ် 









ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်
7Day News က ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံမှ အထင်ရှားဆုံး ပုဂ္ဂိုလ် (Person of the Year) အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပူးတွဲရွေးချယ်လိုက်ပါသည်။
ဦးသိန်းစိန်
နာမည်ကြီးနိုင်ငံရေးသမားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသမား ရာနှင့်ချီ၍ လွှတ်ပေးခဲ့သူ၊ ဆယ်စုနှစ်များစွာအတွင်း အစိုးရအဖွဲ့အား အကြီးမားဆုံး အပြောင်း အလဲပြုလုပ်ခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်နိုင် ရန် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ပေးပြီး နိုင်ငံရေး အခင်းအကျင်း ပုံစံသစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လက်တွဲ၍ ဆောင်ရွက်နေသူ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပထမဆုံးမိန့်ခွန်း ပြောကြားခဲ့သော မြန်မာသမ္မတအဖြစ် ဦးသိန်းစိန်က ၂၀၁၂ တွင် မှတ်တိုင်များစွာစိုက်ထူခဲ့သည်။ သို့သော် လက်ပံတောင်းတောင် သပိတ်စခန်းအား အင်အားသုံးနှိမ်နင်းခဲ့ခြင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများစွာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်မူ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးလာအောင်လုပ်ဆောင်နိုင်ခြင်းမရှိသေးခြင်းတို့ကြောင့် ၎င်းကို ဝေဖန်မှုများရှိခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည် 
အတိုက်အခံခေါင်းဆောင် တစ်ဦးအဖြစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်တွင်းသို့ဝင်ခဲ့ပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ရေးနှင့် ပြည်ပအကူအညီများ ရရှိရေးအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံမှ စတင်လိုက်သည့် ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်မှစ၍ နိုင်ငံတကာတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများကြောင့်လည်း ကမ္ဘာ့မီဒီယာဇာတ်ခုံ၌ မြန်မာနိုင်ငံသည် ထင်ပေါ်ခဲ့ရသည်။ လက်ပံတောင်းတောင် အရေးတွင် သတ္တိရှိရှိဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူထားပြီး၊ လူထုအပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။ သို့သော် ပြည်တွင်း၌ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေဆဲဖြစ်သော ပဋိပက္ခများတွင် ၎င်း၏အခန်းကဏ္ဍအပေါ် ဝေဖန်မှုများရှိခဲ့သည့်အတွက် ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှု အများဆုံးပေါ်ထွက်ခဲ့သည့် နှစ်တစ်နှစ်လည်းဖြစ်ခဲ့သည်။ % ဒုတိယ- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ % ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက် နံနက်ခင်းစောစောတွင် ၎င်းတို့ကြောင့် မြန်မာပြည်သူများ ပျော်ရွှင်၊ စိတ်လှုပ်ရှား၊ ကြည်နူးခဲ့ရ သလို မြန်မာ့နိုင်ငံရေး အနာဂတ်အတွက်လည်း အားတက်ခဲ့ရသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုစသော ၈၈မျိုးဆက် ကျောင်းသားများမှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်၏ အဓိကဇာတ်ဆောင် များဖြစ်လာသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ နိုင်ငံရေးအရ ကူးပြောင်းချိန်တွင် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်လာရန်၊ ပွင့်လင်းမြင်သာရန်၊ တာဝန်ယူတတ်ရန်၊ သတ္တိရှိရှိ မိမိတို့၏ အခွင့်အရေး တောင်းဆိုတတ်ရန်၊ အပြန်အလှန် ထိန်းကျောင်းသောစနစ် အသက်ဝင်ရန် စသည့် ဒီမိုကရေစီစိတ်ဓာတ်၏ အခြေခံများအား လူထုသို့ ပညာပေးခြင်းကို ၎င်းတို့၏ ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုက ဆက်တိုက် အကောင်အထည်ဖော်ခဲ့သည်။ မြေယာပြဿနာ၊ လုပ်ခလစာနည်းပါးမှု၊ ကချင်ပြည်နယ်မှ တိုက်ပွဲများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စသည့် အရေးကိစ္စများနှင့် ပတ်သက်၍လည်း ၎င်းတို့က အဖြေထုတ်နိုင်ရန် တက်တက်ကြွကြွ ကြိုးပမ်းခဲ့ကြသည်။
တတိယ- ဦးအောင်မင်း
  ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိရန် ဦးဆောင် ကြိုးပမ်းနိုင်ခဲ့သည်။ ယခင်အစိုးရအဆက်ဆက် အပစ်အခတ်ရပ်စဲရေးကိုပင် မစွမ်းဆောင်နိုင်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအပစ်အခတ်ရပ်စဲခဲ့ပြီး ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် KIA နှင့်မူ ငြိမ်းချမ်းရေးရအောင် မစွမ်းဆောင်နိုင်သေးသလို လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဒစ်ပလိုမေစီမဆန်သော မှတ်ချက်စကားကြောင့် ဝေဖန်ခံခဲ့ရသည်။ သမ္မတဦးသိန်းစိန်၏ အဓိကလက်ရုံးဖြစ်ပြီး အမည်ပျက်စာရင်းသွင်းခံရသူများ ပယ်ဖျက်ပေးရန်၊ ကာလကြာရှည်စွာ ပြည်ပရောက်နေသော အတိုက်အခံများ ပြန်လာနိုင်ရန်၊ အမေရိကန်သမ္မတ အိုဘားမား၏ ခရီးစဉ်ပေါ်ပေါက်လာရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
စတုတ္ထ- အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်သူများ 
လွတ်လပ်စွာ စုဝေးစီတန်း လမ်းလျှောက်ခွင့်ဥပဒေ မထွက်မီကပင် လျှပ်စစ်မီးရရှိရေးအတွက်၊ လုပ်ခလစာခံစားခွင့် အပြည့်အ၀ ရရှိရေးအတွက် မြိတ်ကျောက်မီးသွေးစက်ရုံ ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုများ နှစ်ဆန်းပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ဥပဒေထွက်လာပြီးနောက် ဆန္ဒပြတောင်းဆိုပွဲများက နိုင်ငံအနှံ့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ သည်။ ဆန္ဒပြတောင်းဆိုသည့် အကြောင်းအရာများ ဦးဆောင်ပါဝင်သူများ၊ အားပေးလှုံ့ဆော်ကြသူများက မဖြစ်မနေ လိုအပ်ချက်အတွက် (သို့မဟုတ်) ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ပါဝင်ပတ်သက်ခဲ့ကြသူများကို မီဒီယာစာမျက်နှာများပေါ်တွင် ပြည်သူအများ မြင်တွေ့ခဲ့ကြရသည်။ တစ်ဦးချင်းစီ၏ ရည် ရွယ်ချက် တည့်မတ်မှန်ကန်မှု ရှိ၊မရှိကမူ ပြည်သူတို့ ထင်မြင်ဆုံးဖြတ်ချက်အတိုင်းပင် ဖြစ်ပေလိမ့်မည်။
ပဉ္စမ- နန်းခင်ဇေယျာ
သာမန် ဧည့်လမ်းညွှန် အဖြစ်မှ နေ့ချင်းညချင်း ထူးထူးခြားခြား နာမည်ကြီးခဲ့သူမှာ နန်းခင်ဇေယျာဖြစ်သည်။ နှစ် ပေါင်း ၅၀ ကြာမှ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ စင်မြင့်သို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ အင်တာနက် အသုံးပြုသော မြန်မာများ၏ ထူးထူးကဲကဲ အားပေးမှုကြောင့် မဲပေါင်းသန်း ၂၀ ကျော်ရကာ Miss International ပြိုင်ပွဲ၏ အင်တာနက်မဲအများဆုံးဆုနှင့် အင်တာနက်မှ ပရိသတ်များ ကရွေးချယ်သော လူကြိုက်အများ ဆုံးဆုရခဲ့သည်။ ထိုပြိုင်ပွဲအပြီး နန်းခင်ဇေယျာသည်လည်း သာမန်မော်ဒယ်ဧည့်လမ်းညွှန်မှ နာမည်ကြီးကြော်ငြာမော်ဒယ်၊ လူမှုရေးလုပ်ငန်းများ တက်ကြွစွာ လုပ်ကိုင်သူဖြစ်လာသည်။
(မှတ်ချက်။ ။၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အထင်ရှားဆုံးပုဂ္ဂိုလ်ရွေးချယ်ရန် 7Day News က ပဏာမစာရင်းဝင်သူများကိုဦးစွာရွေးချယ်၍ အွန်လိုင်းမှလည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်းစစ်တမ်းကောက်ယူ ပြီးနောက် ရလဒ်များကိုစုပေါင်းပြီး၊ 7Day News အယ်ဒီတာအဖွဲ့က ၂၀၁၂ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ပါသည်။ ထိုသို့ ရွေးချယ်ရာတွင် 7Day News ၏ မူအတိုင်း ပဏာမစာရင်းအတွက် လူပုဂ္ဂိုလ်၊ အစုအဖွဲ့များကို ရွေးချယ်ရာတွင် ၂၀၁၂ တစ်နှစ်ပတ်လုံးအတွင်း သတင်းများအပေါ် လှုပ်ခတ်သက်ရောက်မှု၊ လူထုအပေါ် လွှမ်းမိုးနိုင်မှု၊ ထင်ထင်ရှားရှားဖြစ်မှုတို့ကို အကဲဖြတ် ရွေးချယ်ခြင်းဖြစ်သည်။ ၎င်းတို့၏ အဆိုး၊ အကောင်း လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်များအပေါ် အကဲဖြတ်ရွေးချယ်ခြင်းမဟုတ်ပါ။)

စည်ပင်သာယာရေး ဝန်ထမ်းတွေ လက်ထဲမှာ ငွေပဒေသာပင်သီးနေတဲ့ အဝေးပြေးကားဝင်းက ဂိတ်ဝင်ကြေးငွေများ ဘယ်ဝယ်ဘယ်ဆီ


Thursday, 13 Dec 2012 15:42
Photo
အဝေးပြေး ကားဝင်းတွေက ငွေကြေးတွေ ကောက်ခံရသမျှတွေဟာ စည်ပင်သာယာ ဝန်ထမ်းတွေရဲ့ လက်ထဲကမှ နိုင်ငံတော်ရဲ့ အခွန်တော် အနေနဲ့  အသက်ဝင် လာရတာပါ။ တိုက်ရိုက်စာနဲ့ ဆင့်ပြီးမှ သတ်မှတ်ချက်အပြည့် အခွန်တော်ငွေတွေကို နိုင်ငံတော်အတွက် ရရှိနိုင်ပေမယ့် ဝန်ထမ်းတွေ လက်ထဲကမှ စာရွက်စာတမ်း မရှိတဲ့ အခွန်တော် ငွေတွေကတော့ ဝန်ထမ်းတွေရဲ့ အိတ်ကပ်ထဲက တဆင့် ရောက်ကြရတာဆိုတော့ ....။ မြန်မာပြည်က မြို့တိုင်းမှာ အဝေးပြေး ကားဝင်းတွေ ရှိကြပါတယ်။ ထိုအထဲက မြို့ကြီးများက အဝေးပြေး ကားဝင်းတွေသာ ဝင်ခွင့် ကောက်ခွင့်ရသလို တစ်နေ့ တစ်နေ့ ကောက်ခံရတဲ့ ငွေကလည်း မနည်းပါဘူး။ မက်လောက်စရာပါ။ ဒါကြောင့်လည်း မြို့ကြီးတွေရဲ့ အဝေးပြေး ကားဝင်းတွေမှာ တာဝန်ကျတဲ့ စည်ပင် ဝန်ထမ်းတွေဆိုရင် လက်ထဲမှာ ငွေပဒေသပင် သီးနေသလိုပါပဲ။ တစ်ရက်က ကျွဲဆည်ကန် အဝေးပြေး ကားဝင်းလို့ခေါ်တဲ့ ချမ်းမြရွှေပြည် ကားဝင်းမှာ ကားဝင်းဝင်ခွင့် ကောက်နေတာတွေကို ဆိုင်ကယ်ခဏ ရပ်ပြီးကြည့်ရင်း ဝင်ငွေတွေကို တွက်နေမိပါတယ်။ ကားဝင်း တောင်ပေါက်က လမ်းပြင်နေတာကြောင့် ကားဝင်းမြောက်ဘက်မှာ အရှေ့ပေါက်၊ အနောက်ပေါက် စတဲ့ ဝင်ပေါက်နှစ်ပေါက်မှာ ဝင်ခွင့်တွေပေးပြီး ဝင်နေရတာပါ။ အနောက်ပေါက်က အများဆုံး ဝင်ကြတဲ့ ဝင်ပေါက်ပါ။
 
စောင့်ကြည့်မိတာက လူဝင်နည်းတဲ့ အရှေ့ပေါက်။ ကားတစ်စီး (၂၀၀) ကျပ်နဲ့ ဆိုင်ကယ်တစ်စီး (၅၀) ကျပ်ကောက်ပါတယ်။ ဆိုင်ကယ်ဆိုရင် ၅၀ တန်မပါရင် ၁၀၀ ကျပ်ပေါ့။  ကြည့်ရင်းနဲ့ ဝင်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အရေအတွက်ကို မှတ်နေမိတယ်။ ဒါတောင် နေ့ခင်းအဝင်အထွက် နည်းနေတဲ့အချိန်။ တစ်မိနစ်ကို ဆိုင်ကယ် ၁၀ စီး၊ ကား ၅ စီးနှုန်းလောက် ပျှမ်းမျှဝင်နေတာ တွေ့ရတယ်။ ဒါကြောင့် တစ်မိနစ်ပျှမ်းမျှ ဝင်ကြေးရတဲ့ငွေဟာ ၁၅၀၀ ကျပ်ပေါ့။ ကားဝင်းရဲ့ ဝင်ခွင့်ကောက်နေရတဲ့ အချိန်က တစ်နေ့ ၁၈ နာရီလောက် ရှိတယ်။ တစ်နာရီကို ဝင်ခွင့်ရမယ်ငွေက ကိုးသောင်း၊ ဆယ့်ရှစ်နာရီဆိုရင် ၁၆၂၀၀၀၀ ရမှာပေါ့။ ဒါတောင် အဝင်နည်းတဲ့ အရှေ့ပေါက် တစ်ပေါက်ထဲတင် တွက်ကြည့်တာ။ ဒါနဲ့ အနောက်ပေါက်ဘက် လှည့်ကြည့်တော့ စည်ပင်ယူနီဖောင်းနဲ့ ဝန်ထမ်းက ဘေးနားက တဲလေးထဲမှာပါ။ အပြင်မှာ ငွေကောက်နေတဲ့ သူတွေက အပြင်ကနေ အခကြေးငွေပေးပြီး ခေါ်ထားတာထင်ရဲ့။ မူးနေတဲ့ သူတွေလည်း ပါတယ်။ သူတို့လက်ထဲမှာလည်း ငွေတွေ တစ်ထပ်ကြီးနဲ့ပါပဲ။ တကယ်တော့ စာရင်းဇယားနဲ့ဝင်တဲ့ ငွေကြေးမဟုတ်တော့ တကယ်တမ်း ဘဏ္ဍာအတွက် တရားဝင် ဘယ်၍ဘယ်မျှ ဝင်သည်တော့ မသိချေ။ ကားဝင်းတာဝန်ကျတဲ့ စည်ပင် ဝန်ထမ်းတွေကတော့ သူ့တို့စီးပွားပမာ စေတနာအပြည့်နဲ့ တာဝန်ကျေကြတယ်။
 
ချမ်းမြရွှေပြည် ကားဝင်းကြီး တည်ဆောက်ခဲ့တာ ကြာပေမယ့် ကားဝင်းကြီးကတော့ တည်ဆောက်စ ကာလကတည်းကအတိုင်း တိုးတက်မှု မရှိပါဘူး။ ပြောင်းလဲတာကတော့ အရင်က ကားဝင်းမှာ ရှင်းနေတယ်။ အခုကားတွေ ကျပ်ပြည့်နေတာကလွဲရင် ကားဝင်းထဲက လမ်းတွေ ပျက်စီးနေတာကတော့ ပြောင်းလဲလာတဲ့ ရလဒ်လို့ ဆိုရမှာပါပဲ။ ကားဝင်းကြီးရဲ့ ပင်မ အဆောက်အဦကြီးလည်း ဆေးသုတ် ပြုပြင်တယ်ဆိုတာကို မကြားဖူးခဲ့ပါဘူး။ ဖုန်တွေ တစ်ထောင်းထောင်းနဲ့ ကျွဲဆည်ကန် ကားဝင်းက မန္တလေးရဲ့ ပုံရိပ်လို့လည်း မပြောနိုင်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ အဝေးပြေး ကားဝင်းတွေမှာလည်း ဒီအတိုင်း၊ ဒီပုံစံတွေ အတိုင်းပါပဲ။ လမ်းတွေကလည်း ကြမ်းကြမ်းပါပဲ။ ကားဝင်းကြီးကသာ မတိုးတက်ပေမယ့် မြို့ကြီးတွေက ကားဝင်းတွေမှာ တာဝန်ကျတဲ့ စည်ပင်ဝန်ထမ်းတွေရဲ့ အိမ်တွေကတော့ ကောင်းနေမလားတော့ မသိ။သူတို့လက်ထဲမှာ ငွေပဒေသာပင် သီးနေတာကတော့ အသေအချာပင်။

ရွှေမောင်


Written by Shade The Mandalay Hill

ရေရမယ် . . ရေရမယ်


ရေရမယ် . . ရေရမယ်   ငယ်စဉ် ဘဝကတည်းက မီး ရထားဖြင့် ခရီးထွက်စဉ် ကာလများ တွင်
ဘူတာရုံတစ်ရုံသို့ဝင်တိုင်း ဝင်တိုင်း ကလေးသူငယ်လေးများ၏ "ရေရမယ် .. ရေရမယ် .. ရေကုသိုလ်ပါ" ဟု သောက်သုံး ရေများ ရထားစီးခရီးသည်များကို လိုက်လံတိုက်ကျွေး ဒါနပြုကုသိုလ် ယူနေကြသော ပါးကွက်ကြားနှင့် ကလေးငယ်များအား ပြန်လည်၍ မြင်ယောင်လာမိတော့သည်။

အဘယ်ကြောင့် ဆိုသော်၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံအဝန်း၌ နွေရာသီ၏ ပူပြင်းလှသော ရာသီ ဥတုဒဏ်ကြောင့် သောက်သုံးရေ ရှားပါးမှု ပေါ်ပေါက် ခဲ့ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် နာရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လူမှုကူညီရေး လုပ်ငန်း များ လုပ်ဆောင်နေသည် နှင့်အညီ လူသားတို့ ကြုံတွေ့နေရသော အမှုကိစ္စများကို အတတ်နိုင်ဆုံး ကိုယ် နှုတ်အမူအရာအသပြာငွေ ကြေးတို့ဖြင့် ကုသိုလ်ယူပေး ဆပ် လျက်ရှိပါသည်။ ယင်းလုပ်ငန်းသည် မြင့်မြတ်လှ သောလုပ်ငန်းကြီးဖြစ် သဖြင့် မိမိတို့တတ်စွမ်းနိုင်သမျှ ရေရှားပါး မှုဒုက္ခများ ကိုလိုက်လံ ကူညီပေး ခဲ့ကြရသည်။ ပထမဦးစွာ ရန်ကုန်မြို့ အနီး ဝန်းကျင်ရှိမြို့များတွင် သောက်သုံး ရေသန့်များ လိုက်လံဝေငှ လှူဒါန်း ပေးခဲ့သည်။ ထိုကဲ့သို့ သောက်သုံး ရေလှူဒါန်းရခြင်းသည် အချိန်ကာ လ အကန့်အသတ်တစ်ခု တည်း သာဖြစ်ပါသည်။ ယင်းကုသိုလ် ရေး လုပ်ငန်းသည် " ရေတို"ကုသိုလ်ရေး လုပ်ငန်း ဖြစ်သဖြင့် "ရေရှည် ကုသိုလ်ရေး" လုပ်ငန်းဖြစ်သော အဝီစိတွင်း တူးပေးခြင်း၊ ရေတွင်း ရေကန်များ တူးဖေါ်ပေး ခြင်းအပြင် ရေစုပ်စက်များ၊ ရေအုတ် ကန်များ၊ ရေပိုက်များတပ်ဆင်ခြင်း၊ တူးဖေါ် သွယ်တန်းပေးခြင်းတည်း ဟူသော တစ်သက်တာ အသုံးဝင် မည့် လုပ်ငန်းများကိုလည်း မြန်မာ ပြည်အနှံ့ ရေရှားပါးသောဒေသ များသို့ ကူညီဖေးမ ပြုလုပ်ပေးခဲ့ကြ သည်။
ထိုစဉ်က နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ အလှူငွေဖြင့် စတင် မတည်ခဲ့ရာ နောင်အခါတွင် ပြည်တွင်းပြည်ပမှ ရေအလှူရှင် များ ပေါ်ပေါက် လာ သောကြောင့် ရေ လှူခြင်း၊ သောက်သုံးရေကန်များ တူးဖော် ခြင်းလုပ်ငန်းများကို များစွာတိုးချဲ့ လုပ်ကိုင်နိုင်ခဲ့သည်။ ထို့ကြောင့် အများပြည် သူတို့ လှူဒါန်းထားသော အလှူငွေ ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)က အကောင်အထည်ဖေါ်ပေးထား သော ဤရေအလှူ လုပ်ငန်းကြီးကို ရေတွင်းရေကန် အဝီစိတွင်း များ တူးဖေါ်ပေးခဲ့ကြသည့် မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ မြို့နယ် ဒေသများတွင် "အများပြည်သူ အတွကွက်အ်အများပြည်သ်သူေူကောင် ဟူ၍ ကဗ္ဗည်းထိုး ဆောင်ရွက်ခဲ့ သည်။ ထိုသို့ရေကုသိုလ်များပေးဆပ် ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၀/ ၂၀၁၁/၂၀၁၂ ခုနှစ်၌ ရေတွင်း (အဝီစိတွင်း) ပေါင်း (၇၀) တူးေ ဖါ် လှူ ဒါန်းခဲ့သည်။ ၂၀၁၂/၂၀၁၃ ခုနှစ်တွင်လည်း ရေတွင်းရေကန်များ ဆက်လက် တူးဖေါ် လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ရေကုသိုလ် ပြုလုပ်လှူဒါန်း ခဲ့ရာတွင် ကျပ်သိန်းပေါင်း (၁၆၀ဝ) ကျော်ခန့် သုံးစွဲပြီးဖြစ်သည်။ ရေချို မထွက်သော ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် နွေရာသီ၌ သောက်သုံးရေ မလုံလောက်မှု ပြဿနာ များ ပေါ်ပေါက်ခဲ့ သော ကြောင့် ရန်ကုန်မြို့မှ တစ်ဆင့် စက် လှေများဖြင့် လည်းကောင်း၊ ရေ ဘောက် ဆာများဖြင့်လည်းကောင်း သောက်သုံးရေများ စတင်လှူဒါန်းခဲ့ သည်။စက်လှေတစ်စီးလျှင် ရေဂါလံ (၄၅၀ဝ) ဆံ့သောက် သုံးရေများဖြည့် ၍ ရန်ကုန်မြိုနှင့် အစုန်အဆန် စဉ်ဆက်မပြတ် ပေးလှူခဲ့ရာ ၂၀၁၂ ခုနှစ် ဧပြီလနှင့် မေလများတွင် ရေဂါလံ စုစုပေါင်း (၂) သိန်းခန့်ကို လှူဒါန်းနိုင်ခဲ့သည်။
ထို့အပြင် မကွေးမြို့နယ်ရှိ ညောင်ပင်သာ၊ ညောင်ပင်ရွာ၊ တည်ပင်ကန်ပေါက် အစရှိသည့် ကျေးရွာကြီး(၃) ရွာမှ သောက်ရေ ကန်၏ ရေထွက်လွှဲ ကျိုးပဲ့ပျက်စီး ခဲ့သော ဧက (၂၀) ကျယ်ရေကန် ကြီးကိုလည်း ၂-၅-၂၀၁၂ ရက်နေ့ တွင် ကျပ်သိန်း (၆၀) အကုန်ကျခံ၍ ပြန်လည်ပြုပြင်ပေးခဲ့သည်။ ရေ အကျိုး (၁၀) ပါး မတောင်းဘဲပြည့် သည်ဆိုသော ယုံကြည်ချက်သည် မြန်မာလူမျိုးတို့တွင် ကိန်းအောင်း လျက်ရှိသဖြင့် ထိုယုံကြည်ချက်နှင့် အညီ နာရေးကူညီမှုအသင်း (ရန်ကုန်)က အကောင် အထည်ဖေါ် ကုသိုလ်ယူနေသလို မိမိတို့၏ လှူ ဒါန်းပေးဆပ်ခဲ့မှုများ အား "ဘုရား ပြီးငြမ်းဖျက်" ဆိုသော စကား အတိုင်း လစ်လျူရှုခြင်း မပြုပဲ တစ်ဖက်မှလည်း မိမိတို့တူးဖေါ်ပေး ခဲ့သော ရေတွင်းရေကန်များအား အမှန်တကယ် စနစ်တကျ အသုံးပြု ခြင်းရှိ၊ မရှိ၊ ရေတွင်း၊ ကန်၊ ရေစုပ် စက်များအား ကိုင်တွယ်သုံးစွဲမှုရှိ၊ မရှိ၊ ရေလိုက်ခြင်းရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ (၉၈%) စနစ်တကျ သုံးစွဲခြင်းရှိ သည်ကို သိရှိရသည်။ ယင်းအတွက် ငယ် စဉ်ဘဝက ခရီးသွားစဉ် "ရေရမယ် .. ရေရမယ် .. ရေကု သိုလ်ပါ" ဟူသော ပါးကွက်ကြားနှင့် ကလေး ငယ်များ၏ သောက်ရေအိုး မှ အေးမြကြည်လင်သော ရေကို သောက်သုံးခဲ့သည်ဖြစ်စေ၊ မ သောက်သုံးခဲ့သည်ဖြစ်စေ ကလေး ငယ်များ၏ ချစ်စရာရူပါရုံနှင့် သာ ယာစွဲလမ်းစေသော အသံကိုမြင် တွေ့ကြားသိခဲ့ ရသည့် ပီတိအဟုန် ကဲ့သို့ ရေလှူဒါန်းခဲ့သော ပြည်တွင်း ပြည်ပမှ အလှူရှင်များသည်လည်း ကောင်း၊ ယခုတွေ့မြင် ကြားသိခဲ့ရ သော ရေမလှူဒါန်းခဲ့ရသော ပြည် တွင်းပြည်ပမှ အလှူရှင်များသည် လည်းကောင်း ကိုယ်စိတ်နှစ်ဖြာ ရွှင် လန်းအေးချမ်းသော ပီတိအဟုန် ဖြစ်ပေါ်ခံစားရမည်ဟု ယုံကြည်မိပါ သည်။
ကျော်သူ