Wednesday, January 2, 2013

လှောင်အိမ်အတွင်းမှ ဂန္တဝင်များ လွတ်လပ်စွာပျံသန်းချိန်



Thursday, 27 Dec 2012 13:43
Photo
၁၉၃၃ မေလ ၁၀ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ နာဇီတို့က လူပေါင်းတစ်သိန်းခန့် ရှေ့မှာပင် စာအုပ်ပေါင်း နှစ်သောင်းကျော်ကို မီးရှို့ခဲ့ဖူးသည်။  စိတ်ဓာတ်အဟောင်း၊ အယူအဆဟောင်းများကို ဖျက်ဆီးသည်ဆိုကာ အဆိုပါ စာအုပ်မီးရှို့ပွဲကို ဂျာမနီဝါဒဖြန့်ချိရေး ဝန်ကြီးဂိုးဘဲလ်(စ်)က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ သက်မဲ့စာအုပ်များအား ဖျက်ဆီး၊ မီးရှို့ခဲ့ဖူးသော ဖြစ်စဉ်များတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်စဉ်မှာ တရုတ်မဟာတံတိုင်းကြီး၏ ပထမဆုံး ဖန်တီးရှင်ဧကရာဇ် “ရှီဝမ်တီ” လက်ထက်က ဖြစ်ပွားခဲ့သည်။ ရှီဝမ်တီကဘီစီ ၂၅၉ ခန့်တွင် တရုတ်စာပေ၊ တရုတ်သမိုင်း၊ တရုတ်အတွေးအခေါ် ကျမ်းအားလုံးကို မီးရှို့ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့ကမ္ဘာ့သမိုင်းတွင် စာတင်ရအောင် စာအုပ်၊ စာပေများ မီးရှို့ဖျက်ဆီးခဲ့ခြင်းမျိုး မရှိခဲ့ပါ။

သို့သော် စာအုပ်၊ စာပေ ဖန်တီးရေးသား ထုတ်ဝေခြင်းကိုမူ အစိုးရအဆက်ဆက်က နှစ် ၅၀ နီးပါး စိစစ်၊ ဖြတ်တောက် ထိန်းချုပ်ထားခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေး ကောင်စီလက်ထက်မှစ၍ ဆယ်စုနှစ် ငါးခုကြာ သတင်းမီဒီယာနှင့် စာပေလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှုမှာ ၂၀၁၂ သြဂုတ်လ ၂၀ ရက်တွင်မှ နိဂုံးချုပ်ခဲ့သည်။ လောကသစ် စာပေထုတ်ဝေသူ ဦးဝင်းတင်မှာ စာအုပ်တစ်အုပ် ထုတ်ဝေနိုင်ရန် ၁၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ဆရာကျော်အောင်က ၁၉၉၇ မေလတွင် ဘာသာပြန်ပြီးခဲ့သော အဆိုပါစာမူကို စာပေစိစစ်ရေးက အကြိမ်ကြိမ် ပယ်ချ၍ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန မရှိတော့သည့် ၂၀၁၂ အောက်တိုဘာတွင်မှ လောကသစ် စာပေက တရားဝင် ပုံနှိပ်ထုတ်ဝေခွင့်ရ၏။ “အံ့သြဖို့ကောင်းတယ်။တရုတ်နိုင်ငံအကြောင်း စာရေးဆရာက ရေးထားတာ။ ကိုယ့်နိုင်ငံအကြောင်း ပါတာလည်း မဟုတ်ဘူး။ ဒါကိုဘာကြောင့် ခွင့်မပြုတာလဲဆိုတာ အရင်တုန်းကတော့ နားမလည်ခဲ့ဘူး။ နောက်မှ သိတာ တရုတ်အကြောင်း မကောင်းရေးရင်လည်း သူတို့က ခွင့်မပြုဘူး” ဟု ဦးဝင်းတင်က သူ၏ အတွေ့အကြုံကို ပြောသည်။

တရုတ်စာရေး ဆရာမယန်ချန်း (Jung  Chang) ရေးသားခဲ့၍ ဆရာကျော်အောင် ဘာသာပြန်သော ငန်းရိုင်းများ (Wild  Swans) စာအုပ်ဖြစ်ပါသည်။ တရုတ်နိုင်ငံ မိသားစုတစ်ခု၏ မျိုးဆက်သုံးဆက် ဘဝဖြတ်သန်းမှုများကို တရုတ်ကွန်မြူနစ်နှင့် ကူမင်တန်တို့၏ တိုက်ပွဲများ၊ မော်စီတုန်းကာလ မဟာခုန်ပျံကျော်လွှားရေး၊ ယဉ်ကျေးမှု တော်လှန်ရေး ကာလများစသော တရုတ်နိုင်ငံ၏ နိုင်ငံရေး နောက်ခံသမိုင်းတို့ဖြင့် စာရေးဆရာမယန်ချန်းက ရေးသားခြယ်မှုန်းထားသော နာမည်ကြီး စာအုပ်ဖြစ်သည်။ထုတ်ဝေခွင့်ရအောင် ၁၅ နှစ်ကျော် စောင့်ဆိုင်းခဲ့ရသော ငန်းရိုင်းများ စာအုပ်ဈေးကွက်သို့ ရောက်လာရာတွင် စာပေချစ်မြတ်နိုးသူများ၏ အားပေးမှုရနေလေသည်။ “ဒီစာအုပ်ရောင်းကောင်းတာ မအံ့သြဘူး။ ဒီစာအုပ်က စာအုပ်ကောင်းပဲ။ ထွက်လာရင် ရောင်းရမယ်ဆိုတာ သိတယ်” စာအုပ်ထူ၍ တစ်အုပ်လျှင် ၅,၀၀၀ ကျပ်ဖြင့် ရောင်းသော်လည်း စာဖတ်သမားများ၏ အားပေးမှုကြောင့် ယခုလပိုင်းအတွင်း ရောင်းအကောင်းဆုံး စာရင်းဝင်ဖြစ်နေသည့်အပေါ် ဦးဝင်းတင်၏ မှတ်ချက်ပေးသည်။

တရားဝင်စာအုပ်အဖြစ် ထုတ်ဝေခွင့် မရခဲ့၍ မှောင်ခို စာအုပ်ဈေးကွက်တွင်သာ ရှိခဲ့သော ဦးနု၏ “တာတေစနေသား” စာအုပ်သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ၂၀၁၂ စက်တင်ဘာလ၌ စာအုပ်ဈေးကွက်သို့ ဝင်ရောက်လာသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုက ၁၉၇၄ တွင် ရေးသားပြီးစီးခဲ့သော အဆိုပါ လက်ရာကို မှောင်ခိုဈေးကွက်မှ ဝယ်ယူဖတ်ရှုပြီး နှစ်သက်လွန်း၍ ငါတို့စာပေတိုက်၏ ထုတ်ဝေသူကို စန်းမွန်အောင်က တရားဝင် ထုတ်ဝေခွင့်ရအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဦးနု၏ သမီးဒေါ်စန်းစန်းနုနှင့် ဆက်သွယ်၍ ထုတ်ဝေခွင့်ပြုရန် ခွင့်တောင်းပြီးနောက် စာပေစိစစ်သို့ သုံးနှစ်အတွင်း အကြိမ်ကြိမ် တင်ပြခဲ့သော် ထုတ်ဝေခွင့်မရခဲ့ပါ။ ထို့ကြောင့် စာပေစိစစ်မှု မရှိသောအခါတွင်မှ အနှစ်နှစ်အလလက သူ၏ဆန္ဒ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။ “ပထမဆုံးနှစ်ရက်နဲ့တင် အုပ်တစ်ထောင် ကုန်သွားတယ်” ဟု ကိုစန်းမွန်အောင်က ပြောသည်။

လွန်ခဲ့သည့်နှစ် ၄၀ ခန့်က ဦးနု၏ လက်ရာမှာတစ်အုပ် ၈,၅၀၀ ကျပ် ဖြစ်သော်လည်း စာအုပ်ချစ်သူများ၏ အားပေးမှုကြောင့် ယခုအခါ အုပ်ရေ သုံးထောင် ဝန်းကျင် ရောင်းကုန်သွားသည်။ စာအုပ်ဈေးကွက်တွင် အုပ်ရေ တစ်ထောင်ရောင်းကုန်လျှင် ထိုစာအုပ်မှာ ရောင်းကောင်းသည် ဆိုနိုင်သည်။ “ဒီစာအုပ်ကို လူများများ ဖတ်စေချင်လို့ ဈေးလျှော့ရသလောက် လျှော့ရောင်းဖို့ စီစဉ်ထားတယ်” ကိုစန်းမွန်အောင်က မျှော်လင့်ထားသည့်ထက် စာဖတ်ပရိသတ်၏ အားပေးမှု ပိုမိုရခဲ့သောကြောင့် စာအုပ်ဈေးလျှော့၍ လူများများ ဖတ်နိုင်ရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။ လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက ထုတ်ဝေရန် အိပ်မက်မက်ခဲ့သော စာအုပ်တစ်အုပ်ကို ဖြိုးမောက်သာစာပေမှ ကိုဘိုဘိုက အောက်တိုဘာလတွင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” စာအုပ်ဖြစ်၏။

ရဲဘော်သုံးကျိပ်ဝင်ဟောင်း လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ဖြစ်ပွားစဉ် ရန်ကုန်မြို့ကြီး မကျဆုံးစေရန် အင်းစိန်တိုက်ပွဲကို ဦးဆောင် ပြန်လည် တိုက်ခိုက်ခဲ့သူ၊ တရုတ်ဖြူ ကူမင်တန်များ၏ ကျူးကျော်မှုများကို ဦးဆောင်တိုက်ထုတ်ခဲ့သူ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့သူ၊ လွတ်လပ်ရေး မော်ကွန်းဝင် နိုင်ငံ့ဂုဏ်ရည်တံဆိပ်များ အပ်နှင်းစဉ် လျှောက်လွှာမတင်ခဲ့သူ၊ ဗမာပြည်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ၊ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ချင်ပါလျက် အိမ်လွမ်းစိတ်ဖြင့် ရေခြားမြေခြားတွင် ၂၀၁၂ အောက်တိုဘာ ၁၀ ရက်က ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ လွန်ခဲ့သည့်ငါးနှစ်ကျော်မှ လက်ရာကို မြန်မာနိုင်ငံပြင်ပတွင် ဓူဝံစာပေက ထုတ်ဝေခဲ့ဖူးသည်။ ကိုဘိုဘိုက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ သားကြီးဖြစ်သူ ဦးအောင်ကျော်ဇောနှင့် တိုင်ပင်၍ တရားဝင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ “အဲဒီလောက်တော့ မမျှော်လင့်ဘူး” ဟု ကိုဘိုဘိုက ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ စာအုပ်ကို စာဖတ်ပရိသတ်၏ အားပေးမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။

၎င်းတို့က စာအုပ်ရောင်းရာမှ ရရှိသော အမြတ်ငွေများကို နာရေးကူညီမှုအသင်း ပရဟိတလုပ်ငန်းများသို့ လှူဒါန်းခဲ့ကြသည်။ စာအုပ်တန်ဖိုး ၇,၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း ဈေးကွက်သို့ စတင်ဖြန့်ချိပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်း အုပ်ရေ ၂,၀၀၀ ကျော် ရောင်းကုန်၍ အုပ် ၅၀၀ ထပ်ရိုက်ခဲ့ရသည်။ ထူးခြားမှုမှာ ထုတ်ဝေထားသော စာအုပ်များ ရောင်းကုန်နေချိန်တွင် အကွက်မြင်သူအချို့က ပထမအကြိမ် ထုတ်ဝေစဉ်အခါက ရှိခဲ့သော မှောင်ခိုဈေးကွက်မှ စာအုပ်ကို မိတ္တူကူး၍ ရောင်းသည်ကိုပင် ပရိသတ်များက အားပေးခဲ့သည်။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ စာအုပ်နည်းတူ တာတေစနေသားမှာလည်း အလားတူ ဖြစ်ရပ်ကြုံခဲ့သည်။ “နိုင်ငံရေးကို အရင်ကလည်း လူတွေ စိတ်ဝင်စားပါတယ်။ဒါပေမဲ့ အရင်က ဖတ်စရာမှ မရှိတာ။ အရင်က အလိမ်အညာတွေ၊ ဖြတ်တောက်ထားတဲ့စာတွေ၊ ဝါဒဖြန့်တဲ့ နိုင်ငံရေး စာအုပ်တွေကိုပဲ ဖတ်ကြရတာကိုး” ကိုစန်းမွန်အောင်က စာပေစိစစ် ဖြတ်တောက်မှုများ အလွန် ယခင်က မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့်မရခဲ့သော စာအုပ်များကို စာဖတ်ပရိသတ်များ၏ စိတ်ဝင်စားမှုများသည့် အပေါ် သူ၏အမြင်ကို ပြောသည်။ “လူတွေက ကိုယ်မသိတဲ့ မြှုပ်ကွယ်ခံရတာတွေကို ဖတ်ချင်လို့ ရောင်းကောင်းတယ်လို့ မြင်တယ်။ အခုနောက်ပိုင်း နိုင်ငံရေးသမားတွေ ရေးတဲ့စာအုပ်တွေ ရောင်းကောင်းတာဆိုရင်လည်း ရေးတဲ့သူတွေရဲ့ စေတနာဖြတ်သန်းမှုနဲ့လည်း ဆိုင်တယ်” စိတ်ကူးချိုချို စာပေပိုင်ရှင် ဦးစန်းဦးကလည်း သုံးသပ်သည်။

ယခင်သိခွင့်မရခဲ့သော၊ သမိုင်းကွင်းဆက် ပြန်ဆက်နိုင်ရန် အထက်ပါ စာအုပ်များနှင့် နိုင်ငံရေးသမားတို့၏ ပင်ကိုရေးစာအုပ်များက အထောက်အကူပြုပါသည်။ သမိုင်းကို အမှန်အတိုင်းသိပြီး သမိုင်းတွင် မှားခဲ့ဖူးသော အမှားမျိုး ထပ်မံမကျူးလွန်ရန် ထိုကဲ့သို့ စာအုပ်များက အထောက်အကူပြုလိမ့်မည်ဟု ဦးအောင်ကျော်ဇောကလည်း ပြောသည်။ပုံနှိပ်ထုတ်ဝေသော စာအားလုံးကို စိစစ်ဖြတ်တောက်မှု မရှိတော့ဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရရှိခဲ့ခြင်းက ကျဆင်းနေသော စာအုပ်ထုတ်ဝေရေး လောကကို ပြန်ဦးမော့ရန် များစွာ အထောက်အကူဖြစ်ကြောင်း ဦးစန်းဦးက သုံးသပ်သည်။ လူတစ်ဦးချင်း ဝင်ငွေကျဆင်းပြီး တိုင်းပြည် စီးပွားရေး မကောင်းမှုက စာအုပ်ထုတ်ဝေရေး လောကကို လွန်ခဲ့သောငါးနှစ်၊ခြောက်နှစ်ဝန်းကျင်မှစ၍ အေးစက်စေခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော် လွတ်လပ်စွာ ထုတ်ဝေ၊ ဖန်တီးခွင့်ရလာပြီးနောက် စာအုပ်ဈေးကွက်တွင် အထူးသဖြင့် နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်များ အရေအတွက်များစွာ ထွက်ရှိလာကာ စာချစ်သူများ၏ အထူးအားပေးမှု ရနေကြောင်းလည်း အရုဏ်သစ် စာပေပိုင်ရှင် ဒေါ်သီတာဝင်းက သုံးသပ်သည်။ စာအုပ်အရေအတွက် ယခင်ကထက် ပိုမိုများပြားစွာ ထွက်ရှိနေသောကြောင့် ရောင်းအားမှာ ပျံ့နှံ့သွားပြီး စာဖတ်သူများအတွက်မူ ယခင်ကထက် ရွေးချယ်ခွင့် ပိုရလာကြောင်းလည်း ဒေါ်သီတာဝင်းက ပြောကြားသည်။ ယခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်များကိုပင် လွတ်လပ်စွာ ထုတ်ဝေခွင့် မရှိခဲ့ရာမှ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်သော စာအုပ်များ လွတ်လပ်စွာ ထုတ်ဝေခွင့်ရခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေးတို့မှ စကာ အဆိုပါမျိုးဆက်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဖန်တီးမှု အသီးသီး လွတ်လပ်စွာ ပျံသန်းခွင့်ရလာခဲ့သည်။ ဇာဂနာ၏ “ပထမ”၊ ဇော်သက်ထွေး၏ “ကြမ်းတမ်းသော စစ်ပွဲနှင့် နူးညံ့သော နှလုံးသား”၊ မသီတာ (စမ်းချောင်း) ၏ “စမ်းချောင်း အင်းစိန်ဟားဗတ်”၊ သခင်ဖေဌေး၏ လွန်ခဲ့သော နှစ် ၅၀ ခန့်က လက်ရာဖြစ်သော “သခင်ဖေဌေး၏ သခင်ဖေဌေး”၊ ဆမားညီညီ၏ “ဝံပုလွေများထံမှ လွတ်မြောက်ခြင်း”၊ ဂျော့ခ်ျအော်ဝဲလ် ဖန်တီး၍ ဝင့်ပြုံးမြင့် ဘာသာပြန်သော “၁၉၈၄” စသည့် နိုင်ငံရေးနှင့် ပတ်သက်သော ဖန်တီးမှုအသစ်နှင့် ယခင်ထုတ်ဝေခွင့်မရသော လက်ရာများ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထွက်လာနေသည်။

အဆိုပါ စာအုပ်အများစုမှာလည်း ပရိသတ်အားပေးမှု ရရှိနေသည်။ ကိုမင်းကိုနိုင်၏ “နောက်ကြည့်မှန်” ဝတ္ထုမှာ ယခုနှစ်ဇူလိုင် ၁၅ ရက်က စတင်ဖြန့်ချိရာ ယနေ့အထိ ငါးလကျော်အတွင်း အုပ်ရေ ၃၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး စာအုပ်ထုတ်ဝေရေး လောကတွင် ရောင်းအကောင်းဆုံးအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သည် အထိ ပရိသတ်က အားပေးသည်။ နိုင်ငံရေးက ဘာသာရေး၊ ပညာရေးတို့ကို ကျော်၍ စာအုပ်ဈေးကွက်၌ ရောင်းအကောင်းဆုံး ဘာသာရပ် ဖြစ်လာသည်။ “အခုလောက်ကြီး မြန်မြန်ဆန်ဆန်ကြီး ရလာလိမ့်မယ်လို့ ထင်မထားဘူး။” လောကသစ် စာပေတိုက်မှ ဦးဝင်းတင်က စာပေလွတ်လပ်ခွင့် ရရှိခဲ့ခြင်းအပေါ် အံ့အားသင့်စွာ မှတ်ချက်ပြုသည်။ နှစ် ၂၀ ကျော်ကြာ စာအုပ်ထုတ်ဝေရေး လုပ်ခဲ့သော ဦးဝင်းတင်က စာပေစိစစ်ခေတ်အလွန် စာအုပ်ထုတ်ဝေရေး လုပ်ကိုင်ရသည်မှာ ပိုမိုကောင်းမွန်လာကြောင်း ၎င်းက ဆက်လက် ပြောသည်။ “ဒါက သိပ်အားရ ကြည်နူးစရာပေါ့။ စာပေလောကအတွက် ကြီးစွာသော တိုးတက်မှုပါ။ ကြီးစွာသော ဆုတ်ယုတ်မှုပြီးမှ ကြီးစွာသော တိုးတက်မှုပြန်လာလို့ ဒါက မူလအနေအထားကို ပြန်ရောက်တာပေါ့” ဟု စာဖတ်ဝါသနာကြီးသူ ဦးသိန်းထွန်းက မှတ်ချက်ပြုသည်။

စာပေစီစစ်တွင် နောက်ဆုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သော ဦးမျိုးမြင့်မောင်ကလည်း ဒီမိုကရေစီစနစ်နှင့်အညီ စာပေ လွတ်လပ်ခွင့်ရခြင်းအပေါ် ကြိုဆိုဂုဏ်ယူကြောင်း ပြောသည်။ စာပေစီစစ် မရှိတော့သော်လည်း ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထုတ်ဝေကြစေလိုကြောင်းလည်း ၎င်းက အကြုံပြုသည်။ လွတ်လပ်စွာ ဖန်တီး ထုတ်ဝေခွင့်ရသောကြောင့် စာကောင်း၊ ပေကောင်းများ ပိုမိုထွက်ရှိလာသည်။ ထုတ်ဝေသူများကို ဖိအားပိုမိုနည်းသွားပြီး စာပေစိစစ်သို့ မတင်ရ၍ အချိန်ကုန် လူပန်းမဖြစ်တော့ပါ။ထို့အပြင် မိမိတို့အစွမ်းအစ ရှိသရွေ့ ဆန္ဒရှိသလောက် ဖန်တီးနိုင်ခွင့် စသည်တို့ကို ထုတ်ဝေသူနှင့် စာရေးသူတို့ ခံစားခွင့်ရပြီ ဖြစ်သည်။ အခွင့်အလမ်းနည်းတူ စိန်ခေါ်မှုများလည်း ရှိနေပါသေးသည်။ “ထုတ်ဝေသူတွေက အရင်ထွက်ပြီးသား ပြန်ထုတ်ရတာ ပိုထုတ်ရဲတယ်။ ထွက်ပြီးသားက အကြောင်း တစ်စုံတစ်ရာကြောင့် အမှုရင်ဆိုင်ရစရာ မရှိဘူး။ အသစ်တွေမှာတော့ ဥပဒေပိုင်းကို ပိုဂရုစိုက်ရတယ်” ဟု စိတ်ကူးချိုချို ကိုစန်းဦးက ထုတ်ဝေသူများ၏ ပူပန်မှုကို မျှဝေသည်။

၁၉၆၂ ပုံနှိပ်အက်ဥပဒေမှာ တည်ရှိနေသေး၍ အာဏာပိုင်များက အရေးယူလိုလျှင် အချိန်မရွေး အကြောင်းတစ်ခုခုပြ၍ တရားစွဲထောင်ချနိုင်ခြင်း၊ကာလရှည် တင်းကျပ်စွာ ထိန်းချုပ်ရာမှ ရုတ်တရက် လွတ်လပ်ခွင့်ပေးလိုက်ရာတွင် စာရေးသူ၊ ဘာသာပြန်သူ ခါးဆက်ပြတ်သွား၍ စာရေးဆရာနှင့် ဘာသာပြန်ဆရာကောင်းများ နည်းလွန်းပြီး ထပ်မံမွေးထုတ်ရန် လိုနေခြင်း၊ ဖန်တီးမှုအသစ်များကို မကျေနပ်၍ တရားစွဲဆိုခံရနိုင်ခြင်း၊ ရှုထောင့်ပေါင်းစုံ တင်ပြမှု မယဉ်ပါးသေးသော စာဖတ်ပရိသတ်များ လက်ခံရန် ချိန်ဆနေရခြင်း၊ စီးပွားရေး ကျဆင်းမှုကြောင့် စာအုပ်ဝယ်အား ကျဆင်းနေခြင်း စသည်တို့မှာ စာအုပ်ထုတ်ဝေသူများအတွက် စိန်ခေါ်ချက်များ ဖြစ်သည်။ ပြင်သစ်နိုင်ငံ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့်အပေါ် ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၆၉ ဖြစ်သည်။ ၂၀၁၂ ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သော အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာမှာ ယခင်ထက်တိုးတက်လာသော်လည်း အဆင့် ၁၇၉ ဆင့်တွင် ၁၆၉ ဖြစ်၍ အောက်ဆုံးမှ ရေလျှင်အဆင့် ၁၁ ဖြစ်၏။

အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် Freedom House ၏ ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံ အဆင့် သတ်မှတ်ရာတွင် နိုင်ငံ၏ စာပေလွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တရားဥပဒေစနစ် လွတ်လပ်ခွင့် စသော လူမှုရေးဆိုင်ရာ လွတ်လပ်ခွင့် ရှိ၊ မရှိကို လွှမ်းခြုံတွက်ချက်သော ပြည်သူ့လွတ်လပ်ခွင့်များ (Civil Liberties) သတ်မှတ်ချက်တွင် ၂၀၁၁ ၌ ယခင်နှစ်များထက် အဆင့်တက်လာပြီး အဆင့် ၇ မှ ၆ ဖြစ်ခဲ့သည်။ နိုင်ငံရေး လွတ်လပ်ခွင့်တွင်မူ ယခင်ကဲ့သို့ အဆိုးဆုံး အဆင့် ၇ ပင် သတ်မှတ်ထားသောကြောင့် ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် နိုင်ငံရေး လွတ်လပ်ခွင့် နှစ်ခုပေါင်း သုံးသပ်သောအခါ ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံ ၁၆ နိုင်ငံ စာရင်းဝင်နေဆဲ ဖြစ်သည်။ သို့သော် ထိုသတ်မှတ်ချက် နှစ်ခုလုံးမှာ ၂၀၁၂ တွင် သတင်းမီဒီယာနှင့် စာပေအားလုံး လွတ်လပ်ခွင့်ပြုခဲ့သောကြောင့် အဆင့်ကောင်း လာတော့မည် ဖြစ်သည်။

အဆိုးဆုံးအဆင့်မှ လွတ်မြောက်လာသည့် နည်းတူ စာပေလွတ်လပ်ခွင့်ကြောင့် စာကောင်းပေကောင်းများ ပိုထွက်လာတော့မည်ဟု ထုတ်ဝေသူများက ပြောသည်။ “ပြောင်မြောက်တဲ့ စာရေးဆရာ၊ကာတွန်းပညာရှင်တွေ မရှိလို့ မဟုတ်ဘူး၊ အခွင့်မရှိလို့။ အခုတော့ အရင်ကထက်စာရင် စာပေ၊ သီချင်း၊ ကာတွန်းလက်ရာကောင်းတွေ ပေါ်ထွန်းလာတော့မယ်လို့ ယုံကြည်တယ်” ဟု ဦးသိန်းထွန်းက ဆိုသည်။ “စာကောင်း ပေကောင်း ထွက်လာရေးကို ဂရုမပြုလျှင် စာညံ့ပေညံ့များသာ တောထလာဖွယ် ရှိပါသည်။ စာညံ့ပေညံ့များဖြင့် ကြီးပြင်းရသော လူမျိုးသည် ခပ်ညံ့ညံ့လူမျိုးသာ ဖြစ်တတ်ပါသည်”ဟု ငန်းရိုင်းစာအုပ်၏ အမှာစာတွင် လောကသစ်စာပေက မြန်မာ့စာပေလောကအတွက် အရေးကြီးသော မှတ်ချက် စကား ရေးသားထားလေသည်။

အားမာန်
Written by 7Day News

No comments:

Post a Comment