“စက်ရုံအတွင်း ကွမ်းတံထွေး မထွေးရ၊ ပါးရိုက်မည်ဟူသော ခပ်ကြမ်းကြမ်း၊
အမိန့်ဆန်ဆန် စည်းကမ်းချက်များမှ စ၍ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”
ဟူသော ဆောင်ပုဒ်အလယ် “သတိ၊ ခွေးရှိသည်” ဟူသော သတိပေးသံအဆုံး
မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် စည်းကမ်းချက်များ၊ ဆောင်ပုဒ်များ၊
သတိပေးစာများဖြင့် ပြည့်နှက်လျက် ရှိပါသည်။ သတိပေးခြင်း၊ စည်းကမ်း
ထုတ်ခြင်းများသည် ဆောင်ပုဒ်တစ်ခုအသွင် စာတန်းများအဖြစ် ထွက်ပေါ်လာလေ့
ရှိသည်။ ထိုအရာများကို မိမိအိမ်ရှေ့မှစကာ နေရာအနှံ့ မြင်တွေ့နိုင်ပါသည်။
တချို့သော စာတန်းများက ယဉ်ကျေးစွာ၊ တချို့သော စာတန်းများက ရိုင်းပျစွာ၊
တချို့သော စာတန်းများက ပုံမှန်သာစသဖြင့် မိမိပြောလိုသော အဓိပ္ပာယ်တစ်ရပ်ကို
သရုပ်ဖော် ထားကြလေ့ရှိသည်။ ထိုစာတန်းများ၊ စည်းကမ်းချက်များသည်
မည်သည့်အတွက်ကြောင့် လူမြင်ကွင်းထဲသို့ ပေါများပြည့်နှက်စွာ ဝင်ရောက်
နေကြပါသနည်း။ မြန်မာနိုင်ငံတွင်သာ မဟုတ်ပါ။ နိုင်ငံရပ်ခြား ဒေသများတွင်လည်း
စည်းကမ်းချက်များစွာ ထုတ်ပြန်ထားတတ်ကြသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ
များပြားသော စည်းကမ်းချက်များနှင့် ရသမြောက်သော ဆောင်ပုဒ်များကို
မမြင်ချင်အဆုံး ပိုမိုတွေ့ရှိ နိုင်ကြမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသားတွေက
စည်းကမ်းချက်ထုတ်ရတာ သိပ်သဘောကျပုံ ရသည်။ နေရာတိုင်းလိုလိုမှာစာတန်းလေးများ
လိုက်ကပ်ကြသည်။ သူတောင်းစားက ကပ်သည်။ လက်ဆော့သူက ကပ်သည်။ အစိုးရက ကပ်သည်။
သက်ဆိုင်ရာက ကပ်သည်။ အဲသလို လူပေါင်းစုံက စာပေါင်းစုံကို နေရာပေါင်းစုံမှာ
လျှောက်ကပ်ထားကြတာ တွေ့ကြရပါမည်။
စည်းကမ်းများစွာ၊ စာရွက်ပေါင်းများစွာ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာရခြင်းမှာ
စည်းကမ်းမဲ့သူတွေ များလာသောကြောင့် ဖြစ်နိုင်သည်။ လူရှိန်အောင်
လက်ဆော့သူတွေ များလာတာလည်း ဖြစ်နိုင်သည်။ ထိုစာများတွင် ရသလေးတွေ
ပါနေတာကိုလည်း တွေ့မြင်ရသည်။ တချို့စာတွေက ဖတ်ပြီးပြုံးရသည်။ တချို့စာတွေက
ရယ်မောရသည်။ တချို့က မခံချိမခံသာ ဖြစ်စေရသည်။ တချို့ကတော့ ဒေါသထွက်စရာ
ဖြစ်ရသည်။ သစ်တော ဝန်ကြီးဌာနက သစ်တောကြိုးဝိုင်းများတွင် ကပ်ထားသော
ဆိုင်းဘုတ်ငယ်များကို မြင်ဖူးကြမည်။ “သစ်တစ်ပင်ခုတ်၊ ထောင်သုံးနှစ်” တဲ့။
ဂျာနယ်တစ်စောင်ထဲမှာ ပါခဲ့သော ကာတွန်းတစ်ပုဒ်ကို သတိရသွားသည်။
“သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်တဲ့... တစ်တောလုံးခုတ်တော့ သူဌေးဖြစ်ရော”
ဟူ၍။ သရော်မှုလေးထဲမှာ စဉ်းစားစရာတွေ အများကြီး ပါလာသည်။ ထိုမှဆက်၍
စဉ်းစားကြည့်ပါလျှင် စည်းကမ်း သတ်မှတ်ချက်များကို ဘေးမှာချိတ်ကာ
ကိုယ့်စိတ်ကြိုက် ပြုမူနေကြသူများကို တွေ့လာရမည် ဖြစ်သည်။
“ဆေးလိပ်မသောက်ရ”ဆိုသည့် ကားပေါ်က စာတန်းအောက်မှာ ယာဉ်မောင်းသူတစ်ဖွာ၊
စပယ်ယာ တဖွာဖြင့် ငြိမ့်ငြိမ့်လေး မောင်းနှင် နေကြတာကိုလည်း
တွေ့ဖူးကြပါမည်။ “ကွမ်းတံတွေးမထွေးရ” ဆိုသည့် ဆိုင်းဘုတ်ကလေးခမျာ
ကွမ်းတံတွေးများဖြင့် ကြဲပက်ခံထားရသည်ကို တွေ့ဖူးကြပါမည်။ “အမှိုက်မပစ်ရ”
ဆိုသည့် ဆိုင်းဘုတ် ယိုင်နဲ့နဲ့ကလေးက အမှိုက်ပုံကြီးကြားမှ သနားစဖွယ်
ထိုးထွက်နေသည်ကို မြင်ဖူးကြပါမည်။
“ခရီးသည်များ၏ အသက်သည် သင့်လက်ထဲတွင် ရှိသည်”၊ “သင်နှင့် သင့်မိသားစုက
ဘေးမသီ ရန်မခဘဲ အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသည်ကို သတိရပါ” ဟူသည့်
စာတန်းကို ရှေ့မှာကပ်ပြီး ဘတ်စ်ကားပြိုင်ပွဲများ ပြုလုပ်နေကြသည်ကို အသည်း
တယားယားဖြင့် စီးဖူးကြပါလိမ့်မည်။ အကြောင်းပြချက် အရာမှာလည်း မရိုးကြပါပေ။
မြန်မာစကားကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့ အဆင်ပြေ နေကြပါသည်။ အမှိုက်မပစ်ရ
ဆိုသောကြောင့် မပစ်ကြ။ အသာအယာပင် စနစ်တကျ စုပုံခဲ့ကြသည်။
ဆူးလေမီးပွိုင့်မှာ “ဤနေရာမှ လမ်းဖြတ်မကူးရ၊ ဂုံးကျော်တံတားပေါ်မှ ကူးပါ”
ဆိုသည့်ဆိုင်းဘုတ်ကို ခပ်တည်တည်ခွကာ အတင်းဖြတ်ကူး နေကြသူတွေကို
မော်တော်ပီကယ်တွေက ခရာတရွှီးရွှီးမှုတ်ပြီး လိုက်တားကြရရှာသည်။
ခုနောက်ပိုင်းတော့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက ကားကြီးတွေပေါ်
အတင်းတက်ခိုင်း နေသောကြောင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုများ လျော့သွားသည်။
စားသောက်ဆိုင် အဝတွေမှာ စာတန်းလေးတွေ ကပ်ထား သည်။ “အလှူခံမဝင်ရ” ဟု။
တစ်ခါက ကြုံဖူးသည်။ အဘွားကြီးတစ်ယောက် တုန်ချည့်ချည့်ဖြင့် ဝင်ရောက်
တောင်းရမ်းသည်။ ဆိုင်ရှင်က အော်ထုတ်သည်။ “အလှူခံမဝင်ရလို့ ရေးထားတာ
မမြင်ဘူးလား” “အဘွားက စာမဖတ်တတ်လို့ပါကွယ်” တဲ့။ ဆိုင်ရှင်
ဘာပြောရမှန်းမသိ။ အဲ့သည်လို စာမဖတ်တတ် သူတွေက စည်းကမ်းချက်ကို မသိ။
စာဖတ်တတ်သူတွေကလည်း တမင် မမြင်ချင်ယောင် ဆောင်ကြသည်။ “ဤနေရာတွင်
သေးပေါက်ရန်မဟုတ်” ဟု ရေးထားသော စာတန်းအောက်မှာ တစ်ယောက်က
ထပ်ဖြည့်ပေးထားတာ တွေ့ဖူးသည်။ “ညာဘက်နားမှာ သွားပေါက်ပါ” ဟူ၍။ တချို့ကတော့
နင့်နင့်နဲနဲ ရေးသည်။ “ဒီနေရာမှာ ခွေးများသာ သေးပေါက်ရန်” ဟု ဖြစ်သည်။
စာတန်းက ထိရောက်သလားတော့ မသိ။ ခွေးရော၊ လူရော လစ်သလို ပေါက်ကြသည်။
ဟာသလေးတစ်ပုဒ် ကြားဖူး၏။ ပွဲခင်းထဲမှာ ဇာတ်ကနေသည်။ မူးနေသော လူနှစ်ယောက်က
ဇာတ်ပွဲကြည့်ချင်ကြ၏။ သူတို့မှာ ပိုက်ဆံကမရှိ။ သို့နှင့် ဇာတ်ရုံ
ဘေးကထရံကို အပေါက်လေး ဖောက်ပြီး ဝင်ကြသည်။ ရိုးရိုး တိုးဝင်တာမဟုတ်။
လေးဖက်ထောက်ပြီး နောက်ပြန်ကြီး တင်ပါးနဲ့ တိုးဝင်တာ ဖြစ်သည်။ လုံခြုံရေးက
ဓာတ်မီးတဝင်းဝင်းနဲ့ ရောက်လာသည်။ သူတို့ကိုမြင်တော့ အလန့်တကြား တား၏။
“ဟေ့လူတွေ ဒီအပေါက်က ထွက်လို့မရဘူး.. ပြန်ဝင်စမ်း.. ပြန်ဝင်စမ်း”ဆိုပြီး
အတင်း ထိုးထည့်သည်။ သူတို့ လည်း ဇာတ်ရုံထဲ အေးဆေးလေး ရောက်သွား၏။
တချို့ခြံဝန်းရှေ့၊ ဆိုင်ခန်းရှေ့တွေမှာ “ခြံလုံးဝ မရောင်းပါ။ ဆိုင်လုံးဝ
မငှားပါ” ဟု စာရေး ကပ်ထားရသည်အထိ ပွဲစားများကလည်း သောင်းကျန်းကြသည်။
“ခုံပြည့်လျှင် လူပိုမတင်ပါ” ဆိုပြီး အထူးကားတွေက ပုရွက်ဆိတ်တောင် နေရာမရ။
နောက်ထပ် နာမည်ကျော် စာတန်းတွေ ရှိသေးသည်။ အားလုံးလိုလိုက လိုက်နာမှု
နည်းပါးသည့် စာတန်းတွေဖြစ်သည်။ “လာဘ်ပေးလာဘ်ယူ.. တို့ရန်သူ။
မှုခင်းကင်းစင်ရက် သတ္တပတ်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်။ ယာဉ်တိုက်မှု
ကင်းစင်ရေးနေ့။ ကားတံခါးကို ဖြည်းဖြည်းပိတ်ပါ။ သင့်လုံခြုံရေးအရ
စစ်ဆေးသည်ကို ကြည်ဖြူစွာ လက်ခံပါ။ ခါးပိုက်နှိုက် သတိပြု။
ဆင်းမည့်မှတ်တိုင်ကို ကြိုပြောပါ။ ရှေ့တွင် ကျောင်းရှိသည်၊
ဖြည်းဖြည်းမောင်းပါ။ မည်သူ့ကိုမှ အကြွေးမရောင်းပါ။ ဟွန်းမတီးရ နယ်မြေ။
ကျေးဇူးပြု၍တန်းစီပါ။ သင့်ကြောင့် မီးမလောင်ပါစေနှင့်။ ပညာရေးဖြင့်
ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့။ ဆိုဖာပေါ်သို့
တက်မထိုင်ရ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ ထမင်းကျွေးသော လက်ကို
ပြန်မကိုက်ပါနှင့်။ သတိ..ဗို့အား ၂၅၀၀။ လူလိုသိပါ။ သင်တန်းအတွင်း
စကားမပြောရ။မျဉ်းဝါ မကျော်မီ ဝယ်ယူထားသည်များကို ငွေပေးချေပြီးမှ
ဆိုင်အတွင်းမှ ထွက်ခွာပါ။ ဆိုင်အတွင်းသို့ တိရစ္ဆာန်များ ခေါ်မလာရ။
ကားပိတ်မရပ်ရ။ ညအိပ် လက်မခံပါ။ လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့။
ပိုက်ဆံချေးခြင်း သည်းခံပါ။ ipay ကတ်သုံးပြီး စီးနိုင်ပါသည်။ ယနေ့ရောင်း
ရငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သည်။ ဘယ်အရာမှ အလကား မရပါ စသည့် စသည့်
စသည့်။ စာတန်းတွေ၊ ကြေငြာချက်တွေ၊ စည်းကမ်းတွေ.... လူ့အဖွဲ့အစည်းထဲမှာ
နေ့တဓူဝ ပလူပျံလာနေသည်။
လူမှုဘဝ ခရီးလမ်းမှာ စောင့်ထိန်းစရာတွေ များလာနေသည်။ တဖြည်းဖြည်း
များပြားလာသော စာတန်းများကို လူအများက အပြည့်အဝ လိုက်နာကြပါသလား။ သင်ရော
ကိုယ်ပါ စနစ်တကျ လိုက်နာခဲ့ဖူးပါသလား။ စဉ်းစားစရာ ဖြစ်လာပါသည်။ အသေးအမွှား
စည်းကမ်းချက်များကို ဖယ်၍ အကြီးမားဆုံး ဖြစ်သော နိုင်ငံတစ်နိုင်ငံ၏
အသက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတောင်မှ အပြည့်အဝ
လေးစားလိုက်နာဖူးကြပါသလား။ ၂၀၀၈ ဖွဲ့စည်းပုံမို့လို့ဟု ဆိုဆို၊ လက်ရှိ
လိုက်နာနေရသော ထိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမြဲတစေ ဆက်ဆံနေရသည့်
လွှတ်တော်အမတ်များ အားလုံးလိုလိုပင်လျှင် ဖွဲ့စည်းပုံ စာအုပ်ကြီး
တစ်ခုလုံးကို အပြည့်အဝ ကျေညက်အောင် သိရှိကြပါရဲ့လား။ မြန်မာနိုင်ငံသည်
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ညင်သာစွာ ကူးပြောင်းလျက် ရှိသည်။
ထိုအကူးအပြောင်းတွင် နိုင်ငံသားအားလုံး စနစ်တကျပါဝင်ရန် အရေးကြီးပါသည်။
လုပ်ချင်တာ လုပ်၊ ဖြစ်ချင်တာ ဖြစ်သည့်ခေတ် တစ်ခေတ် ကုန်ဆုံးခဲ့ပါပြီ။
မကုန်ဆုံးသေးဟု သံသယရှိလျှင်လည်း ကုန်ဆုံးအောင် လုပ်ရန်မှာ အားလုံးတာဝန်
ဖြစ်သည်။ ရန်ကုန်က နွယ်နီမဂ္ဂဇင်းတိုက် လှေကားမှာ ကပ်ထားတဲ့ စာတန်းလေးကတော့
လှပသည်။ ဖတ်ရတာလည်း အဆင်ပြေသည်။ ကိုယ်လိုချင်တဲ့ အနေအထား ရောက်အောင်
ဖန်တီးနိုင်သည်ဟု ထင်သည်။
“ဒီနေရာလေးမှာ ကျွန်တော်တို့ အမှိုက်မပစ်ဘူး။ ကွမ်းတံထွေး မထွေးဘူးနော်”
တဲ့။ ရိုးရိုးလေးပင်။ ကြားနေ မြင်နေကျ စည်းကမ်းတစ်ရပ်ကို သိမ်မွေ့စွာ
ရေးသားထားသည်။ ထို့အတူပင် “စားကောင်းလျှင် တခြားသူများကို ပြောပြပါ၊
စားမကောင်းလျှင် ကျွန်ုပ်တို့ကိုသာ ပြောပါ” ဆိုသည့် စာတန်းမျိုးကလည်း
စားသုံးသူကို ကျေနပ်စေသည်။ ရွှေပေါက်ကံ မြို့သစ်ထဲက လမ်းခွဆုံ ကွမ်းယာဆိုင်
တစ်ဆိုင်မှာ ဒီလိုလေး ရေးထားသည်။ “မနက်ဖြန် တကယ် အကြွေးရောင်းမယ်နော်” တဲ့။
ရေးထားတာလည်း လှသည်။ ဘာပဲဖြစ်ဖြစ် ဖတ်သူမြင်သူ ကျေနပ်သည်။ စည်းကမ်းချက်
ထုတ်ခြင်းက အဓိကလား၊ လူတစ်ဦးချင်းရဲ့ စိတ်ဓာတ်က အဓိကလား ဆိုသည်ကိုတော့
ကိုယ်တိုင် စဉ်းစားသုံးသပ်ကြတာ ပိုအဆင်ပြေပါသည်။ နိုင်ငံတော်အစိုးရချမှတ်
ကြေညာထားသလိုပင်... “စည်းကမ်းပြည့်ဝသော နိုင်ငံတော်သစ်” ဆီသို့ အားလုံး
ချီတက်နေကြပါသည်။ နေရာအနှံ့ ပြည့်နှက်နေသော စည်းကမ်းချက်များနှင့်အတူ
ပင်ဖြစ်သည်။ ။
ဥက္ကာကိုကို
ဥက္ကာကိုကို
Thursday, 27 Dec 2012 16:02
No comments:
Post a Comment