Wednesday, October 24, 2012

ယမ်းငွေ့ ဝေနေသော ဘ၀နှင့် ငြိမ်းချမ်းရေး အိပ်မက်


mgmgkhinသေနတ်ကိုင်ထားသော ဗိုလ်ကြီး မင်းဌေး လက်များ တုန်နေသည်။ ရှေ့တွင်ရှိသော ပိန်ပိန် ပါးပါး အမျိုးသမီး တစ်ဦးကို မပစ်ရဲ။ သူက ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူက ချိန်ထားသော သေနတ်ကို ဂရုမစိုက်ဘဲ တည်တည် ငြိမ်ငြိမ်ဖြင့် ဖြတ်ကျော်သွားသည်။
ယင်းမြင်ကွင်းမှာ သမိုင်းအလွဲများကို ရိုက်ကူး ထားသည်ဟု မြန်မာနိုင်ငံသားများက တူညီစွာ မှတ်ချက်ပြု ပြောဆိုနေကြသည့် The Lady ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်း တစ်ခုဖြစ်သည်။ ယင်း ဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်ခဲ့သော ကိုမင်းဌေး သည် လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင် လွတ်လပ်ရေး တပ်မတော်နှင့် မဟာမိတ်တပ် အဖြစ် ရပ်တည်နေသော ABSDF (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) မြောက်ပိုင်းတပ်တွင် ဗိုလ်မှူး အဆင့်ဖြင့် တိုက်ပွဲ များကို ဆင်နွှဲနေသည်။
“၁၀၅ မမ အမြောက်တွေ ခေါင်းပေါ်မှာ ၀ဲ နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဟိုပင်(မြို့)က တပ်ရင်း ၄၀ နဲ့ တိုက်ကြသေးတယ်”ဟု စက်တင်ဘာ လကုန်ပိုင်း အခြေအနေကို ကိုမင်းဌေးက ပြော ပြသည်။ ကိုမင်းဌေးသည် ၁၉၉၈ စက်တင်ဘာတွင် စစ်တပ်မှ အာဏာ သိမ်းလိုက်သည့် အတွက် မိုးကောင်းမြို့တွင် ဒသမတန်း သင်ယူနေရာမှ လက်နက်ကိုင် တော်လှန်ရေး လုပ်ရန်အတွက် တောခိုခဲ့သည်။ တပ်မတော် အစိုးရက အာဏာ သိမ်းလိုက်ခြင်းကို လက်နက်ကိုင်ကာ ပြည်သူ့ အစိုးရ သို့မဟုတ် ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေး အတွက် ကြိုးစားမည်ဟု သန်္နိဋ္ဌာန်ချပြီး တော်လှန်ရေး စစ်သားအဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ကျွန်တော်က စစ်သား ဖြစ်ချင်စိတ်လည်း မရှိဘူး။ စစ်နဲ့ ပတ်သက်တာတွေကိုလည်း ကြိုက် နှစ်သက်ခဲ့တာ မဟုတ်ဘူး”ဟု ကိုမင်းဌေးက ရင်ဖွင့်သည်။
သူသည် အထက်တန်း ကျောင်းသား ဘ၀တွင် မောင်စိန်ဝင်း (ပုတီးကုန်း)၏ ရန်ကုန် တက္ကသိုလ် အကြောင်း ရေးသားထားသည့် စာအုပ်များကို ဖတ်ခဲ့ရသည့်အတွက် ရန်ကုန် တက္ကသိုလ်ကို ရောက်ချင်သည့် စိတ် ပြင်းပြခဲ့ကာ ဒသမတန်း တစ်ခါ ကျရှုံးသည်ကိုပင် နောက်တစ်ကြိမ် ပြန်တက်ကာ ကြိုးစားနေသည်။
ရန်ကုန် တက္ကသိုလ်တွင် ဘွဲ့ယူပြီး ကချင်ပြည်နယ်တွင် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ရန်မှာ ၎င်း၏အိပ်မက်ဖြစ်သည်။
“၁၉၈၈ အရေးတော်ပုံ ပေါ်လာပြီးတဲ့နောက် ပိုင်းမှာ ကျွန်တော့် အိပ်မက် ပြောင်းပြန် ဖြစ်ကုန် တယ်”ဟု သူကဆိုသည်။
၁၉၉၀ တွင် တပ်မတော် အစိုးရတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲပေါင်း များစွာတွင် တပ်စုမှူး တာဝန် ယူကာ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ ရခဲ့သည်များလည်း ရှိသည်။ သို့သော် တိုက်ပွဲ တစ်ခုကို သူမေ့လို့ မရ။ ဖားကန့်မြို့နယ် ရွှေတွင်း တစ်ခု အနီးရှိ ရှေ့တန်းစခန်း တွင် တပ်မတော် အစိုးရ တပ်များ ပေါက်ထွက်လာကာ အနီးကပ် ပစ်ခတ်ခဲ့ရာ သူနှင့် နေကြာစေ့ အတူတူ စားနေသော တပ်သား တစ်ယောက်၏ ဗိုက်တွင် သေနတ်မှန်ခဲ့သည်။ လက်တစ်ကမ်း အလိုမှ ပစ်ခတ်ခြင်း ဖြစ်သည့်အတွက် သူသည် ချက်ချင်းလှိမ့်ထွက် လိုက်ပြီး လျှိုအတွင်းသို့ ကျသွားကာ ဒဏ်ရာရ တပ်သားကို ကယ်ထုတ်ရန် ကြိုးစားသည်။
“ဗိုက်ကနေ ထွက်လာတဲ့ အူတွေကို ကိုင်ပြီး သူလဲကျသွားတယ်။ အဲဒါကို ကျွန်တော်က ချက်ချင်း ထမ်းပြီးပြေးတယ်။ ဒါပေမဲ့ ကျွန်တော့်လက်ပေါ်မှာ သူ ကျဆုံးသွားတယ်။ ကောင်းကောင်း မသင်္ဂြိုဟ်လိုက် ရဘူး။ အဲဒီအတွက် ကျွန်တော် တာဝန် မကင်းသလို ခံစားရတယ်” ဟု သူ၏ ခံစားချက်ကို ရင်ဖွင့်သည်။
သူသည် ရှေ့တန်း စခန်းတွင် တိုက်ပွဲဝင်နေ သည့်ကာလ၌ ဌာနချုပ်၌မူ လတ်တလော လူတိုင်း စိတ်ဝင်စားနေသည့် မြောက်ပိုင်း ပါဂျောင် လူသတ် ပွဲကြီး ဖြစ်ပွားနေသည်။ ရှေ့တန်း စခန်းတွင် ကျဆုံးမှု များလာခြင်းသည် တပ်အတွင်းသို့ အစိုးရ ထောက်လှမ်းရေး သူလျှိုများ ရောက်လာသည် ဟူသော ခေါင်းစဉ် ဖြင့် ရက်ရက်စက်စက် လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုအကွဲအပြဲ လူသတ်မှုကြီး ပြီးဆုံးသွားပြီး တပ်မတော် အစိုးရနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) တို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီး သည့်ကာလတွင် ကနဦးကတည်းက လက်နက် ထောက်ပံ့ပေးခဲ့သော ကေအိုင်အိုက ၎င်းတို့ နယ်မြေ အတွင်း ABSDF မြောက်ပိုင်းတပ်ကို မထားချင် တော့ပေ။ ယင်းကာလတွင် ကိုမင်းဌေးသည် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောက်လှမ်းရေးက လိုက်ဖမ်း သဖြင့် တောထဲသို့ ပြေးလာသည့် မနန်းနှင့် အိမ်ထောင်ကျကာ တောထဲတွင် ကလေးတစ်ယောက် ရရှိသော်လည်း မွေးမွေးချင်း သေဆုံးသွားခဲ့သည်။
“တောထဲမှာဆိုတော့ မွေးရ ခက်တယ်။ ဆေးဝါး ကိရိယာ မစုံတော့ လူကြီး (ဇနီး) အသက် ကိုပဲ ကယ်လိုက်နိုင်တယ်” ဟု ၎င်းကဆွေးမြည့်စွာ ပြောပြသည်။
မျိုးဆက် ရတနာလေးကိုသာ ဆုံးရှုံးလိုက်ရ သည်မဟုတ်ဘဲ ဇနီးသည်ကလည်း ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည့် အတွက် တောထဲတွင် လက်နက် ကိုင်ကျန်ရစ်သည့် ကိုမင်းဌေးအဖို့ ကြေကွဲ ခံစား ခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် ABSDF မြောက်ပိုင်း တပ်ကို ဖျက်သိမ်းလိုက်ပြီး သူသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကြုံရာ ကျပန်းလုပ်ကာ ၂၀၀၀ ပြည့်နှစ်တွင် ဇနီးသည် ရှိရာကို လိုက်သွားပြီး ၂၀၀၄ ခုနှစ်၌ သမီး ရတနာလေး တစ်ဦး မွေးဖွားခဲ့သည်။
ရဟန်း သံဃာတော်များနှင့် ပြည်သူများ အဖမ်းခံခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးဖြစ်ခဲ့သော ၂၀၀၇ ခုနှစ်တွင် ကမ္ဘာကျော်မင်းသား စတားလုံး ပါဝင်သရုပ်ဆောင်ခဲ့သော Rambo 4 တွင် တပ်ရင်းမှူး ဗိုလ်မှူးကြီး မောင်တင့်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ သူမှာ ကိုမင်းဌေးပင်ဖြစ်သည်။
“အနုပညာကိုတော့ ၀ါသနာ ပါပါတယ်။ ဒါပေမဲ့ ရုပ်ရှင် ရိုက်မယ့် အဆင့်မျိုး အထိ တစ်ခါမှ မတွေးထားဘူး” ဟု ၎င်းကဆိုသည်။ ယင်း ရုပ်ရှင်ဇာတ်ကားသည် တပ်မတော်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့မှု အကြောင်းကို အခြေခံကာ ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုဖူးသူ တို့သည် တပ်မတော်အစိုးရ ဖြတ်လေးဖြတ်တွင် ကိုမင်းဌေး၏ သရုပ်ဆောင်မှုသည် ပီပီပြင်ပြင် ရှိလှသည်ဟု မှတ်ချက်ပြုကြသည်။
သို့သော် ယင်းရုပ်ရှင်ကို ကြည့်ရှုဖူးသည့် တပ်မတော်မှ တပ်ရေးဗိုလ်ကြီးအဆင့်ရှိ အရာရှိ တစ်ဦးကမူ တစ်ဖက်သတ်ရိုက်ကူးထားသည့် ဇာတ် ကား ဖြစ်သည်ဟု မှတ်ချက်ပြုသည်။
ယင်းနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ကမ္ဘာကျော် သရုပ်ဆောင် မီရှယ်ယိုး သရုပ်ဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် The Lady ရုပ်ရှင် ဇာတ်ကားတွင်လည်း ကိုမင်းဌေးသည် ဗိုလ်ကြီး အဖြစ် သရုပ်ဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ကတိက၀တ် ကျိုးပျက်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရာတွင် ABSDF မြောက်ပိုင်းတပ် သည် ပြန်လည်အသက်ဝင်လာသည်။
၂၀၁၁ ခုနှစ် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် ABSDF မြောက်ပိုင်းတပ်ကို ပြန်လည် ဖွဲ့စည်းကာ ကေအိုင်အေ၏ မဟာမိတ်တပ်အနေဖြင့် ရပ်တည်ထားပြီး တပ်အင်အား ၅၀၀ ခန့် ရှိနေချိန် ကိုမင်းဌေးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထိုင်း နိုင်ငံမှ ABSDF မြောက်ပိုင်းတပ်သို့ ဗိုလ်မှူးအဖြစ် ပြန်လည် တာဝန်ယူခဲ့သည်။ ABSDF မြောက်ပိုင်း တပ်သည် အစိုးရ တပ်မတော်နှင့် ထိပ်တိုက် အနီးကပ် ရင်ဆိုင် တိုက်ပွဲ ခုနစ်ပွဲခန့် ဖြစ်ပွားထားပြီး သုံးဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရထားကြောင်း ယင်း တပ်၏ မှတ်တမ်းများအရ သိရသည်။
ABSDF မြောက်ပိုင်းတပ်သည် တိုင်းရင်းသားအားလုံး တန်းတူ ညီမျှရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး စသဖြင့် ရပ်တည်နေကြောင်း ၎င်းတို့၏ ဖွဲ့စည်းပုံတွင် ဖော်ပြထားသည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများရပ်ကာ ငြိမ်းချမ်းရေး ရရှိရေးနှင့် ပတ်သက်၍လည်း ကိုမင်းဌေး က “စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ တိုင်းရင်းသား အားလုံးကို တန်းတူ အခွင့်အရေးမျိုးနဲ့ ပူးပေါင်းမှရရှိ ပါလိမ့်မယ်” ဟု ဆိုသည်။ အစိုးရ တပ်မတော်အနေ နှင့်လည်း ကချင် လွတ်လပ်ရေး တပ်မတော်ကို ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်ဆောင်မှုအတွက် ပြန်လည် ကမ်းလှမ်းနေပြီ ဖြစ်သည်။ ငြိမ်းချမ်းရေး အမှန်တကယ် ဆွေးနွေးနိုင်တော့မည်လော။
ကိုမင်းဌေးအဖို့မှာလည်း တိုက်ပွဲများ တိုက်ခိုက်နေရသော်လည်း တိုင်းရင်းသားများ တန်းတူ စုပေါင်း နေထိုင်ရေးကို မျှော်လင့်လျက်ရှိသည်။
Rambo 4 စစ်ကားတွင် ဗိုလ်မှူးကြီးအဖြစ် ရက်စက်ပြခဲ့သ The Lady ဇာတ်ကားတွင် ဗိုလ်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နှင့် မပစ် ရဲခဲ့သူသည် လက်ရှိတွင်တော့ ရှေ့တန်း စစ်မျက်နှာတွင် အသက်စွန့်ကာ တိုက်ပွဲဝင်နေရသည်။ သို့သော် သူ၏ စိတ်ကူးအိပ်မက်ကို အောက်ပါအတိုင်း ရင်ဖွင့်သည်။
“ငြိမ်းချမ်းတဲ့ အချိန်မှာ မိသားစုလေး နဲ့ အေးအေး ချမ်းချမ်း နေချင်လှပြီ။ ရုပ်ဝတ္ထုချမ်းသာ မှုထက် စိတ်ချမ်းသာမှုမျိုးလေးကို ပိုရချင်တယ်”
မင်းထက်စံ

ဘိုင့်ဘိုင် ချက်ကြီး


ဘိုင့်ဘိုင် ချက်ကြီးနှစ်ပေါင်းများစွာ ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့ပြီး လူအများ အားကိုး အားထားပြုခဲ့ ရသည့် သူ့ကို ယခုတော့ အားလုံးက မေ့လျော့ လာခဲ့ကြ ပါပြီ။ အသက်အရွယ် အားဖြင့်လည်း စိန်ရတု တိုင်လာပြီဖြစ် သည့် သူ့မှာ နာမကျန်း သည့်ဒဏ်၊ ချစ်ခင်သူများက ပစ်ခွာသွားကြ သည့်ဒဏ်၊ သူနှင့် သက်တူရွယ်တူများ ဆုံးပါး သွားသည့် ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီဖြစ် သည်။ သူ့ဘဝရဲ့နေဝင်ချိန်က သိပ်မဝေးတော့။ သူ့ကိုလူတွေက ချက်ကြီးလို့ ခေါ်ကြသည်။ များသောအားဖြင့် ဗိုက်ပူဟုလည်း ချစ်စနိုးခေါ် ဝေါ်ကြသည်။ သူသည် သစ်သားကိုယ်ထည် ဝမ်းဗိုက်ပူပူကြီး ရှိသော ချက်ပလက် (Chevrolet) ယာဉ်အိုကြီးတစ်စီးဖြစ်ပါသည်။
ချက်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့ ဝင်ရောက် လာခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်လုံး သူက ကုန်ကား၊ လူစီးကားအဖြစ် အသုံးတော်ခံခဲ့ရသည်။ စစ်ကြီး ပြီးဆုံးသွား၍ ဂျပန်များပြန် ထွက်ခွာသွားသည့်အခါ ချက်ကြီး တို့ ကျန်ရစ်ခဲ့သည်။ နောက်ပိုင်း တက်လာသည့် မြန်မာအစိုးရများက ချက်ကြီးကို လိုင်းကားအဖြစ် စတင်သုံးစွဲလာခဲ့သည်။ ၁၉၅၀ အစော ပိုင်းက ရန်ကုန်မြို့ ခရီးသွား လုပ်ငန်း စတင်ရာတွင် ချက်ကြီး တို့ စစ်ကျန်ယာဉ်များ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ ချက် ပလက်၊ ဒေါ့ဂျစ်စသည့် ချက်ကြီးတို့အဖွဲ့သည်ခြင်္သေ့၊ယုန်၊ဆင်၊ ကြံ့၊ ပုစွန်၊ နဂါးစသဖြင့် တိရစ္ဆာန်အရုပ်တံဆိပ်များ တပ်ဆင်ကာ ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးခဲ့ကြသည်။
ယာဉ်ငါးစီးဖြင့် စတင်ခဲ့သော ရန်ကုန်မြို့တွင်း ဘတ်စ် ကားလုပ်ငန်းကို အိမ်စောင့်အစိုးရက ၁၉၅၉ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ပုဂ္ဂလိကအဖြစ်မှ ဖျက်သိမ်း၍ အရုပ်တံဆိပ်များ အစားယာဉ်လိုင်းနံပါတ်များ စတင်သတ်မှတ်ခဲ့သည်။ သို့နှင့် ၁၉၆၂ ခုနှစ်ဩဂုတ်လ ၂၀ ရက်တွင်ရန်ကုန်မော်တော်ယာဉ် လိုင်းပေါင်းစုံကြီးကြပ်အုပ်ချုပ်ရေးကော်မတီပေါ်ပေါက်လာ ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ယခု မထသအဖြစ် ပြောင်းလဲခဲ့သည်။ မြို့တွင်းခရီးသွား လုပ်ငန်း တွင် သက်တမ်းအရှည်ကြာ ဆုံးဖြစ်သည့် မထသသည်ပင် ရွှေရတုတိုင်တော့မည်ဖြစ် သည်။ ချက်ကြီးတို့ သက်တမ်းကတော့ မထသထက်ပင် ကြာမြင့်ခဲ့သည်။ ယာဉ်ကိုယ်ထည်ပေါ်က အရုပ် များကို နံပါတ်အဖြစ် ပြောင်းလဲ လိုက်သော်လည်း မထသသည် ချက်ကြီးတို့ကိုပင် ဆက်လက် အားကိုးခဲ့ရသည်။ ထိုစဉ်က ယာဉ် မလုံလောက်မှုကြောင့် စက်မပါ သော နောက်တွဲယာဉ်တပ်ဆင် ထားသည့် နှစ်စီးတွဲယာဉ်များပင် ပေါ်ပေါက်ခဲ့ဖူးသည်။
"၈၂ နောက်ပိုင်းမှာ ဒီကားပဲ ရွေးစီးတာ။ အန္တရာယ်ကင်းလို့။ အဲဒီတုန်းက ဗိုက်ပူနဲ့ ဟိုင်းလပ် ပဲရှိတယ်။ ချက်ကြီး သူ့ဖီးလ်နဲ့သူ အေးဆေးမောင်းတယ်" ဟု လှိုင် မြို့နယ်အတွင်းနေထိုင်သူ အ သက်(၅၀)ကျော်အရွယ် အမျိုး သားကြီးတစ်ဦးက ပြောသည်။ ချက်ကြီးတို့ စရောက်လာ စဉ်က သံထည်ဘော်ဒီဖြစ်သော် လည်း ဘတ်စ်ကားနှင့် ကုန်တင် ယာဉ်အဖြစ် ပြေးဆွဲရန် သေးငယ် သောကြောင့် မြန်မာ့တီထွင် ပညာ ရှင်ကြီးများက သစ်သားဘော်ဒီအ ဖြစ် ပြောင်းလဲခဲ့ကြသည်။ "ဗိုက်ပူက အင်ဂျင်ခေါင်း ပါးတယ်။ ကွဲလွယ်တယ်။ ရေမယို၊ ရေမပြတ်ရဘူး။ မောင်းရတာ နည်းနည်းတော့ ခက်တယ်။ တခြားကားတွေက ကလပ်၊ ဘရိတ်၊ လီဗာ၊ အဲဒီလိုအစဉ်လိုက် ရှိတယ်။ ဗိုက်ပူမှာက ကလပ်၊ လီဗာ၊ ဘရိတ် ဖြစ်နေတယ်" ဟု ၁၉၈၆ ခုနှစ်ခန့်ကတည်းက ချက် ကြီးနှင့်ဒေါ့ဂျစ်ကားများကိုစမောင်း လာခဲ့သော ယာဉ်မောင်း ဦးသန်း အောင်က ပြောပြသည်။
ချက်ကြီးကားများသည် အသက်အရွယ်အားဖြင့် ကြီးရင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှု များလည်း ကြီးမားနေပြီဖြစ်သည်။ အများစုသော ချက်ကြီးများတွင် လူစီးသာမက ကုန်ပစ္စည်းပါတင် သောကြောင့် သစ်သားကြမ်းခင်း ပေါ်တွင် အနံ့အသက်ဆိုးများက စွဲကျန်နေလေ့ရှိသည်။ အခြေခံ လူတန်းစားများနှင့် လက်လုပ် လက်စားဈေးသည်များအတွက် အားကိုးအားထားပြုရသော်လည်း အများစုကမူ ကားကောင်းများ ကိုသာ စီးနင်းလိုကြသည်ပဲ ဖြစ် သည်။ ချက်ကြီးကားကို စီးနင်းရာ တွင် မကြိုက်သည့်အချက်များကို လည်း အသက် ၃၅ နှစ်အရွယ် ကိုဇင်မင်းထွန်းက - "အရမ်းနှေးပါတယ်။ စီယာ တိုင်ကတစ်ဖက်စောင်းနေပြီး ကားစီးရင် တစောင်းကြီးမောင်း နေတယ်လို့ ခံစားရတယ်။ ကား ဘော်ဒီတွေကဆွေးနေလို့ တိုက် လိုက်ရင် ခံနိုင်ရည်ရှိမယ် မထင် ဘူး။ ထိုင်စီးတော့လည်း သစ်သား ထိုင်ခုံပေါ်မှာ တဒုန်းဒုန်းနဲ့ နာ တ ယ်။ မ တ်တ တ်ရပ်စီးေ တာ့ လည်း အရပ်ရှည်ရင် ခေါင်းနဲ့အမိုး နဲ့ ခဏခဏမိတ်ဆက်တယ်" ဟု ပြောပြသည်။ တဖြည်းဖြည်းနှင့် ချက်ကြီး တို့တွင်ယှဉ်ပြိုင်ဘက်များပေါ်လာ သည်။ ဘီအမ်၊ ရိန်းဂျား(KM)၊ ဟိုင်းလပ်၊ ဒိုင်နာ၊ ကန်ဒါ၊ မီနီ ဘတ်စ်စသဖြင့် ပြောင်းလဲလာ သည့် ခေတ်နှင့်အညီ ယာဉ်အမျိုး အစားအသစ်အသစ်များက လမ်း ပန်းဆက်သွယ်ရေး လုပ်ငန်းများ သို့ ဝင်ရောက်လာခဲ့သည်။
၁၉၉၁ ခုနှစ်တွင် စီးတီးဘတ်စ်များ ထပ် မံဝင်ရောက်လာပြီး ချက်ကြီးတို့ နေရာစပျောက်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်တစ် ခုကြာအောင်တော့ ချက်ကြီးတို့ တောင့်ခံနိုင်ခဲ့ကြပါသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း တွင် ချက်ကြီးတို့အပါအဝင် ဟိုင်း လပ်နှင့် ဒိုင်နာများကို မြို့တွင်း ပြေးဆွဲခွင့် မပြုတော့ဘဲ ဆင်ခြေ ဖုံးမြို့နယ်များနှင့် မြို့တွင်းခြောက် မြို့နယ်ပြင်ပတွင်သာ ပြေးဆွဲစေ ခဲ့သည်။ ရန်ကုန်မြို့တွင် နေ့စဉ် လူ ပေါင်းလေးသန်းကျော်က ဝမ်းရေး အတွက် ဆင်ခြေဖုံးနှင့် မြို့တွင်းသို့ ယာဉ်များဖြင့် သွားလာလှုပ်ရှား နေကြပြီး မထသမှ ယာဉ်အစီး ၂၂၀ဝ ကျော်၊ သန်မြန်သူ၊ ငြိမ်း ချမ်းရေး၊ ရွှေဧည့်သည်၊ ကန္တာ ရဝတီ၊ ပါရမီ၊ ပြည်ခိုင်ဖြိုးစသော တခြားပုဂ္ဂလိက ယာဉ်လိုင်းများ နှင့် ပေါင်းလျှင် ခရီးသည်တင် ယာဉ်ပေါင်း လေးထောင်ကျော်က နေ့စဉ်ပြေးဆွဲနေရသည်ဟု သိရ သည်။
၂၀၁၁ ခုနှစ်တွင် ယာဉ်အို ယာဉ်ဟောင်းအပ်နှံရေး၊ ဖျက် သိမ်းရေးအစီအစဉ်အရ ချက်ကြီး တို့၏ နေဝင်ချိန်ကို ရောက်လာ ခဲ့သည်။ ကားတင်သွင်းခြင်း လုပ် ငန်းများ ခေတ်စားလာသည်နှင့် ကျပ်သိန်း ၂၀၊ ၃၀ သာရှိသည့် ချက်ကြီးတို့ တန်ဖိုးမှာ ကျပ်သိန်း ၁၀ဝ အထိမြင့်တက်လာခဲ့သည်။ ချက်ကြီးတို့၏ ပိုင်ရှင်များသည် သူတို့ကို သံယောဇဉ်ဖြတ်ခဲ့ကြ သည်။ ဈေးကောင်းရသည်နှင့် စွန့် လွှတ်ပစ်ခဲ့ကြသည်။ ချက်ကြီးတို့ နှင့်အတူ ဒုက္ခရောက်ကြရသူများ မှာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ၊ ၄င်းတို့၏ မိသားစုများ ပင်ဖြစ်သည်။ "နှမြောတယ်။စိတ်မကောင်း ဘူး။ ပြီးတော့ အလုပ်တစ်ခုက နေ နောက်တစ်ခုပြောင်းတာ လွယ် တာမှမဟုတ်တာ" ဟု ယခင်က ချက်ကြီးယာဉ်မောင်းနှင်ဖူးသူ တစ်ဦးက ဆိုသည်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်တွင် နှစ်ပတ်အတွင်း ချက် ကြီးအစီး ၉၀ ခန့်ရောင်းထွက်သွား သည်အထိ ချက်ကြီးတို့ရေပန်း စားခဲ့သည်။ သို့သော် အသစ်ဝင် ရောက်လာမည့် ကားသစ်ကား ကောင်းများအတွက် ချက်ကြီးတို့ ပေးဆပ်လိုက်ရခြင်းဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ လက်အောက် တွင် နှစ်လေးဆယ် ကျော်သက် တမ်းရှိသည့် ချက်ကြီးတို့ စစ် ကျန်ဘတ်စ်ကား ၃၀ဝ ကျော်ရှိ ခဲ့ပြီး အမှတ်(၄၀)နှင့် အမှတ် (၃၆) ယာဉ်လိုင်းများက ယခု လက်ရှိတွင်လည်း ပြေးဆွဲလျက် ရှိသေးကြောင်း သိရသည်။ တခြား စစ်ကျန်ဘတ်စ်အများစုကတော့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး အစီအစဉ်နှင့်အတူ ပါသွားခဲ့ပြီ ဖြစ်သည်။ "ကညနက သက်တမ်းကုန် ပြီလို့ ပြောထားတဲ့ယာဉ်တွေ ပြေး ဆွဲခွင့်မရှိတော့ပါဘူး။ ပြေးဆွဲရင် လည်း အဲဒါက ကြားကားဖြစ်နေ ပြီ။ ယာဉ်ထိန်းဥပဒေအရ အရေး ယူခံရနိုင်ပါတယ" ဟု မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မြို့တွင်း) ဥက္ကဠ ဦးလှအောင်က ရှင်းပြ သည်။
ယခုနှစ် စက်တင်ဘာလ ထိ အပ်နှံရမည့် စစ်ကျန်ယာဉ် ၂၂ စီးခန့်ရှိနေသေးပြီး တချို့မှာ သံရည်ကျိုစက်သို့ ပို့ဆောင်လိမ့် မည်ဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။ ချက်ကြီးတို့ကတော့ ဖျက် သိမ်းရေးဌာနသို့ ရောက်ရှိပြီး အရိုးတခြား အသားတခြားဖြစ် သွားမှာတော့ သေချာပါသည်။ ချက်ကြီးတို့အပေါ် သမိုင်းဝင်စစ် ကျန်ယာဉ်အိုကြီးများဟူ၍ တန် ဖိုးထားညှာတာ မည့်သူက ရှား ပါးပါလိမ့်မည်။ လူအများက တစ်ချိန်တစ်ခါက ကျေးဇူးရှင်ကို မျက်ကွယ်ပြုရက်ကြသော်လည်း အမြတ်တနိုးတန်ဖိုးထား စိတ် ဝင်စားသူများလည်း ရှိနေပါ သည်။ သူတို့ကတော့ ကမ္ဘာလှည့် ခရီးသည် နိုင်ငံခြားသားများပဲ ဖြစ် ပါသည်။ ကမ္ဘာ့နိုင်ငံများတွင် အမှတ် တရ ထိန်းသိမ်းထားသော ယာဉ် တစ်မျိုးမျိုးကတော့ ရှိတတ်ကြပါ သည်။ လန်ဒန်မြို့တွင် အများ စိတ်ဝင်စားသည့် ယာဉ်မှာ လန်ဒန် ဘတ်စ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တုတ်တုတ်ယာဉ် ဖြစ်ပါသည်။ ထိုသို့ပင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်ကြသည့် ကမ္ဘာ လှည့်ခရီးသွားများမှာ ဒုတိယ ကမ္ဘာစစ်ကျန် နိုင်ငံခြားအင်ဂျင်၊ မြန်မာ့လက်ရာ ချက်ပလက်ဗိုက် ပူတို့ကို အထူးတလည်စိတ်ဝင်စား ကြသည့်အတွက် ခရီးသွားလုပ် ငန်းများ၊ ဟိုတယ်များမှာ ချက် ကြီးယာဉ် တချို့ကို ဝယ်ယူ၍ မွမ်း မံပြင်ဆင်အသုံးပြုခြင်းများ ရှိနေ သည်။
"ဗိုက်ပူကားတွေရဲ့ အစိမ်း၊ အနီ၊ အဖြူပတ်ဒီဇိုင်းကို Tour တွေက အရမ်း Crazy ဖြစ်တယ်။ တချို့လည်း လေဆိပ်အကြိုအပို့ ကို အဲဒီကားနဲ့သုံးတယ်။ တစ် ယောက်ကို ၁၀ ဒေါ်လာလောက် နဲ့ ဝန်ဆောင်မှုအပေါ်မှာ ဧည့် သည်တွေကကျေနပ်အားရတယ်။ ဒါတွေကို ထိန်းသိမ်းသင့်ပါတယ်။ ရန်ကုန်က လေးဘီးကားနဲ့ ဗိုက်ပူ ကားတွေကို ကမ္ဘာကသိတယ်" ဟု Myanmar Voyage ခရီး သွားလုပ်ငန်းအကြီးအကဲဖြစ်သူမှ ဦးသက်လွင်တိုးကပြောသည်။ ချက်ကြီးကားများနှင့် အကြို အပို့လုပ်ခြင်းကို ကမ္ဘာလှည့်ခရီး သည်များက နှစ်သက်ကြသည့်အ တွက်ွှသကမ ကုမ္ပ ဏီများအနေနှင့် လည်း ချက်ကြီးကားဟောင်းများ ကို ဝယ်ယူကာ စက်ပိုင်းဆိုင်ရာပြု ပြင် ပြောင်းလဲမှုများနှင့် လိုင်စင် ယူလုပ်ဆောင်သင့်ကြောင်း ဦး သက်လွင်တိုးက အကြံပြုသည်။
"အန်းတစ်အနေနဲ့ အထင် ကရနေရာမျိုးတွေမှာ ဟိုနားဒီနား သုံးဖို့အတွက် အသင့်တော်ဆုံး ပဲလို့ ထင်တယ်" ဟု ချက်ကြီးကား ကို စီးနင်းဖူးသော အသက် ၃၀ ကျော်အရွယ် ကိုတင်ထွဋ်လှိုင်က ပြောသည်။ ရန်ကုန်မြို့တွင် အမှတ်(၄၀) နှင့် (၃၆) ယာဉ်လိုင်းများ ဆက် လက်ပြေးဆွဲနေသကဲ့သို့ မော်လ မြိုင်မြို့တွင်လည်း အမှတ်(၇) ယာဉ်လိုင်းမှ လက်ရှိပြေးဆွဲလျက် ရှိနေသေးသည်။ ထိုသို့ပင် တခြား မြို့များတွင်လည်း စစ်ကျန်ချက် ပလက် ဗိုက်ပူကြီးများကို သုံးစွဲနေ ကြဆဲ ဖြစ်သည်။ "ချက်ပလက်တွေက အနှစ် ၇၀ ကျော်ရှိနေကြပြီ။ သုံးဖို့မသင့် တော့တဲ့ အခြေအနေထိ ရောက် နေပြီ။ အနားပေးသင့်ပါပြီ။ တချို့ ကို ပြတိုက်မှာ ထားသင့်တယ်။ မထသက ရွှေရတုတိုင်နေသလို ဒီကားတွေကလည်း စိန်ရတုတိုင် နေပြီ" ဟု မြို့တွင်းစီးယာဉ်လိုင်းပိုင် ရှင်တစ်ဦး ဖြစ်သည့် ဦးမျိုးနိုင်က ပြောသည်။ ရှေးဟောင်းသုတေသန ဦး စီးဌာနအနေဖြင့် ရှေးယခင်မြန်မာ မင်းများလက်ထက်မှ အသုံးပြုခဲ့ သော ပစ္စည်းများကို သာ ရှေး ဟောင်းအမွေအနှစ်အဖြစ် ပြ တိုက်များတွင် ထိန်းသိမ်းထားခဲ့ပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ယာဉ် ဟောင်းတချို့ကိုတော့ ထိန်းသိမ်း ရန် အစီအစဉ်မရှိကြောင်း သိရ သည်။ ချက်ကြီးပိုင်ဆိုင်သူ တချို့ အတွက်တော့ ပြင်ဆင်ရန် မတတ် နိုင်သည်က တစ်ကြောင်း၊ ယာဉ် သစ်တင်သွင်းရန် ငွေမလိုက်နိုင် သည်ကတစ်ကြောင်း စသဖြင့်အ ကြောင်းအမျိုးမျိုးဖြင့် နှစ်ပေါင်း များစွာ လက်တွဲလာခဲ့ရသူကို လက်တွဲဖြုတ်ခဲ့ကြရတော့သည်။
"နောက်ဆို ချက်ပလက် ဗိုက်ပူကားတွေကို မြင်ရတော့မှာ မဟုတ်ဘူး။ ဓာတ်ပုံတွေထဲမှာ ပြန် ကြည့်မှ နောက်လူတွေ မြင်ဖူး တော့မ ယ်။ အခုတောင် သိပ် မကျန်တော့ဘူး။ နောက်နှစ်တွေ ဆို ရှိတော့မှာ မဟုတ်ဘူး။ ဟို တယ်တွေက ချက်ပလက်တွေကို တော်တော်ကောင်းအောင် ပြင် ထားတာတွေ့ဖူးတယ်။ ငပလီမှာ လည်း ရှိတယ်။ ပါရမီစိန်ဂေဟာ ရှေ့မှာလည်း ချက်ပလက်ကားကို သေချာလှလှပပ ပြင်ဆင်ပြီး ကော်ဖီဆိုင်လို လုပ်ထားတာ ရှိ တယ်။ အခု ကျန်နေသေးတဲ့အ ထဲက တချို့ကို မဖျက်ဆီးပစ်ဘဲ ပြန်ပြင်ပြီး အသုံးဝင်တဲ့ တစ်နေ ရာမှာ သုံးသင့်တယ်။ ဗိုက်ပူကား တွေ မျိုးတုံးနေပြ" ဟု ရန်ကုန်မြို့ ခံတစ်ဦးက ဆိုသည်။ သံရည်ကျိုစက်သို့ ရောက်ရှိ သွားသည့် ယာဉ်များ မနည်းတော့ သည့်အတွက် တဖြည်းဖြည်းနှင့် ချက်ကြီးကိုမြင်တွေ့ရမှုလည်း လျော့ပါးလာခဲ့ပြီ ဖြစ်သည်။ ချက် ကြီးတို့ နေရာတွင် စီးတီးဘတ်စ် အကောင်းစားကြီးများက နေရာ ဝင်ယူသွားခဲ့ပြီ ဖြစ်သည်။
"အခုလက်လွန်သွားပြီ" ဟု ယခင်က ချက်ကြီးမောင်း နှင်ဖူးပြီး လက်ရှိစစ်ကျန် ဒေါ့ ဂျစ်ယာဉ်အိုတစ်စီးကို ပိုင်ဆိုင် ထားဆဲဖြစ်သော ဦးသန်းအောင် က သက်ပြင်းချရင်း ပြောပါသည်။ ချက်ကြီး၏ နေဝင်ချိန်မှာ မဝေးတော့ပါ။ သူက အိုမင်းလွန်း နေပြီ ဖြစ်သည့်အတွက် လုပ်ငန်း ခွင်ဝင်ရန်လည်း မစွမ်းနိုင်တော့ ပါ။ ပိုင်ရှင်ဖြစ်သူရဲ့စိတ်ထဲမှာ ဘာ တွေတွေးနေသည်ဆိုတာ ချက် ကြီး မသိနိုင်ပါ။ သူ့ဘဝရဲ့ နောက် ဆုံးအချိန်မှာ ဘာတွေဖြစ်လာဦး မည် ဆိုတာလည်း ချက်ကြီး မသိ နိုင်ပါ။ တစ်ချိန်က သူ့ကိုအားကိုး အားထားပြုခဲ့ကြသူတို့သည်ပြောင်း လဲလာသည့် ခေတ်နှင့်အညီ သူ့ကို စိမ်းစိမ်းကားကားပင် နှုတ်ဆက် လိုက်ကြပါပြီ။ ။
ဥက္ကာကိုကို

Wednesday, October 17, 2012

မိုဘိုင်းဖုန်း အင်တာနက် အသုံးပြု ရကောင်း မွန်စေရန် upgrade ပြုလုပ်မည်


မိုဘိုင်းဖုန်း အင်တာနက် အသုံးပြု ရကောင်း မွန်စေရန် upgrade ပြုလုပ်မည်အသုံးပြုရ ကောင်းမွန်စေရန် ယင်းစနစ်တွင် အသုံးပြုထားသော System များကို upgrade ပြု လုပ်မည်ဖြစ်ရာ ယင်းအချိန်များ တွင် မိုဘိုင်းဖုန်း အင်တာနက် အသုံး ပြုခြင်း ခေတ္တပြတ်တောက် မည်ဖြစ်သည် ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းက နိုင်ငံပိုင်သတင်း စာများ တွင် ကြေငြာ ထားသည်။ ခန့်သာ ပြတ်တောက်သွားမည်ဖြစ် ပြီး ယင်း သို့ ပြုလုပ် ရခြင်းမှာ မိုဘိုင်း ဖုန်းအင်တာနက်စနစ် ပိုမိုကောင်း မွန်စေရန်ဖြစ် သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ယခု နောက်ပိုင်းတွင် မိုဘိုင်း ဖုန်းဖြင့် အင်တာနက်အသုံးပြုခြင်း ပိုမိုများပြားလာရာ သုံးစွဲသူများလာ ၍ လိုင်းကျခြင်းများ မဖြစ်ပေါ်စေ ရန် ဆောင် ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်း တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်းပိုမိုကောင်းမွန်လာမည် ဖြစ်သည်ဟု သိရသည်။ မကြာမီ က မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းက ထုတ်ပြန်ခဲ့သည့် reform plan တွင် ဖော်ပြထားသည့် ပြည်တွင်းရှိ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲ သူဦးရေစာရင်း အရနှစ်သိန်းခွဲကျော် ရှိလာခဲ့ရာ အင်တာနက်သုံးစွဲသူ အ ရေအတွက် လျင်မြန်စွာ တိုးတက် လာခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ အင်တာနက် အသုံးပြုသူတိုးတက် လာခြင်းဟာwifi ကဲ့သို့ အင်တာ နက် ဆက်သွယ်ရေးဝန်ဆောင် မှုများ တိုးချဲ့လာခြင်း အပါအဝင် GSM နဲ့ CDMA ကဲ့သို့ မိုဘိုင်းဖုန်း များတွင်လည်း အင်တာနက်အသုံး ပြုလာနိုင်ရန် ဆောင်ရွက်ပေးလာ ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် လက်ခံကျင်းပ မည့် Sea game ပြိုင်ပွဲတွင် အင် တာနက်ဝန်ဆောင်မှုပေးရန်အတွက် wifi ဝန်ဆောင်မှုပေးရန် ပုဂ္ဂလိက လုပ်ငန်း ကုမ္ပဏီများကို တင်ဒါ ခေါ်ယူလျက်ရှိရာ အင်တာနက် သုံးစွဲနိုင်မည့် အခြေအနေ ပိုမိုတိုး တက်လာမည်ဖြစ်ပါသည်။ ထို့အ ပြင် လာမည့် ၂၀၁၃-၂၀၁၄ တွင် မိုဘိုင်းဖုန်းအလုံးရေ ဆယ်သန်း အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားချက် များအရ မိုဘိုင်းဖုန်းနှင့် အင်တာ နက်သုံးစွဲသူအရေအတွက် တိုး တက်လာမည်ဖြစ်ပါသည်။ မိုဘိုင်း ဖုန်းဖြင့် အင်တာနက်သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း အိုင်တီ ပညာရှင်တစ်ဦးက "မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနိုင်တာက အရမ်း ကောင်းပါတယ်။ အင်တာနက်သုံးစွဲ သူဦးရေကိုလည်း အများကြီးတက် လာစေတယ်။ ဒါမှလည်း မြန်မာ နိုင်ငံမှာ အင်တာနက် သုံးတဲ့သူများ လာမှာအင်တာနက်များများသုံးနိုင် ဖို့ဆိုရင် မိုဘိုင်းဖုန်းတွေကို ပေး လိုက်တာလည်းပိုပြီး ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ အခုဆိုရင် ဖုန်း တွေနဲ့ အင်တာနက်သုံးတာကိုတော် တော်လေးတွင် တွင်ကျယ်ကျယ် သုံးလာ တာတွေ့ရပါတယ်" ဟု သူ၏အမြင်ကို ပြောသည်။


မှိတ်တုတ် မှိတ်တုတ်ဖြစ်လာသော ရိုးရာလက်မှု စက္ကူမီးပုံးရုပ်များ

thn-10-17-5
သီတင်းကျွတ်ရက်တွေလာတော့မည်။ ပွဲတော်ကာလတွင် ပျော်သူတွေ ပျော်ကြမည်။ ပွဲတော်ရက်နှင့်အတူ အချိန်အခါသင့် စီးပွားရှာရမည့် လုပ်ငန်းငယ်များကလည်း မိမိတို့ သက်ဆိုင်ရာလုပ်ငန်းအလိုက်ပြင်ကြပြီ။ ထိုအထဲတွင် ရိုးရာလက်မှုစက္ကူ မီးပုံးရုပ်လုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော် ယခင်ကကဲ့သို့မဟုတ်တော့။ ဈေးကွက်ရှင်သန်မှုအတွက် ပိုမိုရုန်းကန်ရတော့မည်။ ဟိုးယခင်ကာလနှင့်မတူသည်က အိမ်နီးချင်းနိုင်ငံက ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လာသည့် ခေတ်မီပစ္စည်းများက ရိုးရာစက္ကူမီးပုံးရုပ်လုပ်ငန်းအတွက်တော့ ရင်မောစရာ။
ဝါးဖြင့်ပြုလုပ်သည့် စက္ကူမီးပုံး၊ မီးထွန်းရုပ်များကို မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ အကွက် (၈၄၀) တွင် ပွဲတော်သုံးရိုးရာလက်မှုပစ္စည်းအဖြစ် တစ်ရပ်ကွက်လုံး ဘိုးစဉ်ဘောင်ဆက်ပြုလုပ်ရောင်းချခဲ့ရာမှ လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ပြည်ပမှ ၀င်ရောက်လာသော မီးလင်းကစားစရာအရုပ်များ၊ အလှချိတ်မီးပုံးများအား ဈေးကွက်ဝေစုခွဲဝေပေးရ၍ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အားနည်းခြင်း၊ ရာသီဥတုမမှန်ခြင်းများကြောင့် ပြုလုပ်သူဦးရေလျော့ကျခဲ့ပြီး ယခုနှစ်တွင် မီးပုံး၊ မီးထွန်းရုပ်ပြုလုပ်ရောင်းချသူ အနည်းငယ်သာရှိတော့သည်။
''ဒီရပ်ကွက်က စက္ကူမီးပုံးလုပ်ငန်းတွေက သင်္ကြန်ပြီးလောက်က နေစပြီး အကြမ်းထည်တွေ ပြုလုပ်သိမ်းဆည်းထားရတာ။ ၀ါဆို၊ ၀ါခေါင်လောက်ဆို အချောကိုင်ပြီး တော်သလင်းလမှာ နောက်ဆုံးအဆင့်စက္ကူကပ်၊ ဆေးခြယ်ပြီး ဈေးကွက်အတွင်းကိုဖြန့်နေပြီ။ ဒီအချိန်တွေဆို အမှာများတဲ့အတွက် နေ့မနား၊ ညမအိပ် ဘဲ ပြုလုပ်ခဲ့ကြတာ။ တရုတ်မီးပုံ တွေဝင်ခါစက ဈေးမြင့်တော့ ဒီလုပ်ငန်းတွေက အလုပ်ဖြစ်သေးတယ်။ အလုပ်မဖြစ်တော့တာ လွန်ခဲ့တဲ့လေးနှစ်လောက်ကစပြီး မဖြစ်တော့တာ။ တရုတ်ဘက်က၀င်တဲ့ ကစားစရာ မီးလင်းအရုပ်တွေကလည်း တစ်နှစ် ထက်တစ်နှစ် ဈေးလျော့ကျလာသလို ဒီဇိုင်းအသစ်အဆန်းတွေကလည်းများလာတော့ အဲဒီဈေးကွက်ကို မယှဉ်နိုင်တာတစ်ကြောင်း၊ စက္ကူမီးပုံးလုပ်ငန်းသုံး ကုန်ကြမ်းက တစ်နှစ်ထက် တစ်နှစ်ဈေးမြင့်လာတာကတစ်ကြောင်း၊ အလုပ်တွင်ချိန် မိုးရွာ သွန်းမှုများလာတာတွေကြောင့် လုပ်ငန်းလုပ်ကိုင်သူဦးရေက တစ်နှစ်ထက် တစ်နှစ်လျော့ကျသွားတာပါ''ဟု နှစ်ပေါင်းနှစ်ဆယ်ဝန်းကျင်ခန့် မီးပုံးလုပ်ငန်းလုပ်ကိုင်လာသူတစ်ဦးက ပြောပြသည်။
''မီးပုံးလုပ်ငန်းက အရင်နဲ့စာရင် လုပ်ကိုင်သူဦးရေ အများကြီးလျော့သွားပေမယ့် တစ်နှစ်လုပ်တဲ့သူနဲ့ ဈေးကွက်ဝယ်လိုအားနဲ့တော့ မျှပါတယ်။ ဒီအရုပ်တွေကလည်း မြို့ပေါ်ဈေးကွက်က မရှိသလောက်နီးပါးပဲ။ ရှိလည်း ပွဲတော်ရက်နီးမှ အခုရေငါးရာ၊ တစ်ထောင်လောက် ရောင်းရတာ။ နယ်ဈေးကွက်ကတော့ နှစ်တိုင်းအမှာရှိတယ်။ ကုန်သည်တွေကလည်း နယ်ပဲအားပြုရောင်းရတာ အခုနှစ်ပိုင်းတွေက နယ်တွေတင်ပို့တဲ့အချိန် မိုးမိတာတို့ ရေကြီးတာတို့ဖြစ်တတ်တော့ နယ်ဈေးကွက်က ရာသီဥတုကောင်းရင် အမှာများတယ်။ မနှစ်ကဆိုရင် နယ်တင်ပို့ဖို့လုပ်ထားတဲ့မီးပုံးတွေကို ကျန်နေတာတွေရှိတယ်။ ဒါကြောင့် ဒီနှစ်မလှောင်တော့ပဲ အမှာရှိမှ ရက်ချိန်းနဲ့လုပ်ရောင်းကြတာပါ။ လုပ်သူနည်းတော့ သစ်သားဘီးလုံးဖောက်တဲ့သူကလည်း မရှိတော့ သစ်သားဘီးလုံးက မနှစ်က အခု ၁၀၀ ကို ၃၅၀ ကျပ်၊ ၄၀၀ ကျပ်ပဲပေးဝယ် ရတယ်။ အခုနှစ် တစ်ခုကို ၁၂ ကျပ်လောက်အထိ ပေးဝယ်ရတယ်။ ကျန်တဲ့ လိုအပ်တဲ့ကုန်ကြမ်းတွေကလည်း မနှစ်ကထက်စာရင် ဈေးတက်တာတွေရှိတော့ ဈေးကွက်ဖြန့်မယ့်ဈေးနဲ့မကိုက်ကြလို့ ဒီနှစ်နားတဲ့သူပိုများသွားတာပါ။ ဦးလေးတို့တောင် မနှစ်ကကုန်ကြမ်းကျန်တာလေးတွေရှိလို့ လုပ်ဖြစ်တာ''ဟု ယခုနှစ်မီးပုံးပြုလုပ်ရောင်းချသူတစ်ဦးက ပြောကြားသည်။
စက္ကူမီးပုံးရုပ်များကို ယခင်ကကဲ့သို့ ဒီဇိုင်းရုပ်ပုံမျိုးစုံကို တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်ထုတ်လုပ် ရောင်းချမှုထက် ဈေးကွက်ဝင် ယုန်ရုပ်၊ ကားရုပ်များသာ ထုတ်လုပ်ရောင်းချခြင်းရှိပြီး အလှချိတ်သော ဖန်ခွက်၊ အံစာတုံး၊ ဇီးကွက်ပုံမီးအိမ် အစရှိသည့် မီးပုံးများပြုလုပ်ရောင်းချရသည့်ဈေးကွက်မှာ ဂျပန်မီးပုံးခေါ် စက္ကူဘာဂျာ ခေါက်မီးပုံးဒီဇိုင်းမျိုးစုံကနေရာယူသွားသည့်အတွက် ပြုလုပ်ရောင်းချခြင်းမရှိတော့ကြောင်း သိရသည်။
သီတင်းကျွတ်ပွဲတော်သုံး ၀ါးဖြင့်ပြုလုပ်သော ရိုးရာလက်မှုမီးပုံးများ၊ မီးထွန်းကားများကို ချမ်းမြသာစည်မြို့နယ်အကွက် (၈၄၀) တွင်လည်းကောင်း၊ သံဖြူဖြင့်ပြုလုပ်ရသော အမွှေးပွမီးထွန်းရုပ်များကို စိန်ပန်းရပ်နှင့် အမရပူရတို့တွင် ပြုလုပ် ကြသော်လည်း ယခုအခါလုပ်ကိုင်သူ နည်းပါးလာကြောင်း သိရသည်။ အတိတ်ကို ပြန်စဉ်းစားလျင်တော့ ရိုးရာလက်မှု စက္ကူမီးပုံးရုပ်လေးများ၏ အခန်းကဏ္ဍက ထည်ဝါလှသည်။ ဘိုးစဉ်ဘောင်ဆက် ရှည်လျားလှသည့် လက်ဆင့်ကမ်း မျှဝေမှုများဖြင့် ဂုဏ်ယူဖွယ်ရာလက်မှု လုပ်ငန်းတစ်ခုပင်။ လက်ရှိတွင်တော့ ပြောင်းလဲလာသည့် လူနေမှုပုံစံ၊ ပြောင်းလဲလာသည့် ဈေးကွက်ထိုးဖောက်မှုများ စသည်စသည်ကြားတွင် ခေတ်စနစ်၏ရိုက်ပုတ်မှုများနှင့်အတူ လူးလွန့်ရုန်းကန်နေရပြီ။ သို့သော် လက်ရှိအထိ တောင့်ခံထားဆဲ ရိုးရာလက်မှုလုပ်ငန်းအဖြစ်တော့ တည်ရှိနေပါသည်။ အသွင်သဏ္ဍာန်အစုံ၊ အရောင်အသွေးစုံ စက္ကူမီးပုံးရုပ်လေးများက သီတင်းကျွတ်ပွဲတော်ကာလတစ်လျောက်တွင် တစ်ထောင့်တစ်နေရာမှ တာဝန်ကျေ ဖြည့်ဆည်းနေဦးမည်မှာ အသေအချာပင်ဖြစ်ပါသည်။
မကြာမီ သီတင်းကျွတ်ပါတော့မည်။ စက္ကူမီးပုံးရုပ်လေးများကို ဟိုမှာသည်မှာ မြင်တွေ့ကြရပါဦးမည်။ သို့သော် ထိန်ထိန်ညီးနေမည့် မီးရောင်စုံများအကြား၊ အဆင်အသွေးစုံ ခေတ်ပေါ်အရုပ်များအကြား၊ ဖယောင်းတိုင်မီးမှိတ်တုတ်မှိတ်တုတ်ဖြင့်သာ. . .။

by-http://www.news-eleven.com

ဦးသိန်းစိန်ကို ပြည်သူများက ပိုမိုလေးစား ချစ်ခင်လာကြတယ်လို့ ပြော

လက်ရှိမြန်မာနိုင်ငံရဲ့ သမ္မကြီး ဦးသိန်းစိန်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူအများက ပိုမိုချစ်ခင် လေးစားလာကြတယ်လို့ ပြောပါတယ်။

အဲဒီလို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို အများပြည်သူများ ပိုမို ချစ်ခင်လေးလာရတာဟာ ပြီးခဲ့တဲ့လအနည်းက ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ဆုံဆည် တည်ဆောက်နေချိန်မှာ တိုင်းရင်းပြည်သူအများက လက်မခံခဲ့ခြင်းကြောင့် နိုင်ငံတဝှမ်းမှာ ဆန္ဒဖေါ်ထုတ်မှုများ ပြုလုပ်ခဲ့ကြတာကြောင့် သမ္မတကြီးက တားမြစ်ခဲ့ပြီး၊ ယခုလည်း လူထုတရပ်လုံးရဲ့ ထောက်ခံမှု မရဘဲ မြန်မာနိုင်ငံမှာ OIC ရုံးစိုက်ဖွင့်လှစ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူများက ဆန္ဒဖေါ်ထုတ်မှုများကို ဒီရက်ပိုင်းအတွင်းမှာ အဆက်မပြတ် လုပ်ဆောင်ခဲ့ခြင်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်သူများရဲ့ ဆန္ဒကို ရှေ့ရှုပြီး မြန်မာနိုင်ငံအတွင်း OIC ရုံးလာရောက် ဖွင့်လှစ်မယ့် ကိစ္စကို ခွင့်မပြုခဲ့တာကြောင့် သမ္မတကြီး ဦးသိန်းစိန်ကို မြန်မာပြည်သူအများက ထောက်ခံမှု ဆက်တိုက်ရရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ နိုင်ငံမှာ ဒီလိုနိုင်ငံ့ခေါင်းဆောင်မျိုး တကယ်ကို ရှိသင့်တာပါ သမ္မတကြီးက တကယ်ကို ပြည်သူများရဲ့ ဆန္ဒ သဘောထားကို ရှေ့ရှုနေတယ် ဆိုတာက ဘယ်သူမှငြင်းလို့ မရပါဘူး သမ္မတကြီးကို ကျွန်မတို့ပြည်သူ တစ်ရပ်လုံး ကျန်းမာပါစေ အသက်ရာကျော်ရှည်ပါစေ ဒီထက်မက မြန်မာနိုင်ငံအတွက် လုပ်ဆောင်ပေးနိုင်ပါစေလို့လဲ ဆုတောင်းပါတယ်၊ သူများတွေလို ပါးစပ်ကပြောပြီး လက်တွေ့မပါတဲ့ အလုပ်မျိုးတွေ ကျွန်မတို့ သမ္မတကြီး မလုပ်ဘူးဆိုတာက ထင်ရှားနေပါပြီ ဒါကြောင့်မို့ သမ္မတကြီးကို ကျွန်မတို့ အသက်ရှင်နေသရွေ့ ထောက်ခံသွားမှာပါလို့” ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မိမိခင်က သူ့ရင်ထဲက ခံစားချက်များကို ပြောပြခဲ့ပါတယ်။

ယခုကဲ့သို့ OIC ရုံး မြန်မာနိုင်ငံအတွင်း လာရောက်ဖွင့်လှစ်မယ့် ကိစ္စကို တစ်နိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူများ တခဲနက် ကန့်ကွက် ဆန္ဒဖေါ်ထုတ်နေချိန်မှာ တချိန်က လူထုထောက်ခံမှု ရရှိခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့၊ လူထုကြားမှာ တိုင်းပြည်အတွက် ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတဲ့ ကြွေးကြော်သံများကို အဆက်မပြတ် အော်နေကြတဲ့ လူမှုအဖွဲ့အစည်းများ ပါဝင်လာမှု အပေါ်ကိုလဲ ရဟန်းရှင်လူများက စဉ်းစားဝေဖန်ပြောဆိုမှုများ ကြားသိရပါတယ်။  
 
ရတနာပုံသတင်း

လူငယ်တွေမည်သို့ လျှောက်လှမ်းကြမည်လဲ

"ကမာရွတ်မြို့နယ်၊ အင်းယားကန်ပေါင်တွင် သတ်မှတ်ချိန်ကျော်လွန်သွား၍ ၀န်ထမ်းတစ်ဦးမှပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့် လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့'' ဟူသောသတင်းတစ်ရပ်ကို Eleven Journal website မှာဖတ်လိုက်ရတော့ တုန်လှုပ်မိပါတယ်။စာရေးသူတို့ မြန်မာနိုင်ငံမှာ အာဏာပိုင်ဆိုတာ ဘယ်သူလဲလို့ မေးရတော့မလိုဖြစ်နေပါပြီ။ အထက်ပါ သတင်းအရဆိုရင်တော့ ဒေါ်အောင် ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ''တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ''ကို အားနာစရာကြီးဖြစ်နေပြီ ဒါကလက်ရှိဥပဒေတွေ မစိုးမိုးနိုင်ဘူးဆိုတဲ့သဘောမသက်ရောက်ပေဘူးလား။
တကယ်တော့ အထက်ပါဖြစ်ရပ်ဟာ ရာဇ၀တ်မှုပါ။ ရာဇ၀တ်မှုနှင့် ပတ်သက်လို့ကတော့ မည်သည့်နိုင်ငံမှာမဆို ဒီမိုကရေစီအစိုးရပဲတက်တက်၊ အာဏာရှင်အစိုးရပဲတက်တက် ဖြေလျော့ရိုး၊ သက်သာစေတဲ့ဥပဒေမျိုး မပြဋ္ဌာန်းရိုးအမှန်ပါ။ ရာဇ၀တ်မှုမျိုးကို အာဏာရှင်စနစ်ကရော၊ ဒီမိုကရေစီကရော လက်မခံပါ။ တရားဥပဒေကြောင်းအရ ပြဋ္ဌာန်း သတ်မှတ်စမြဲဖြစ်ပါတယ်။ တစ်ဖက်ကခံရသူ၊ နစ်နာသူတွေရှိနေလို့ပါပဲ။
ဒါပေမဲ့ စဉ်းစားစရာအချက်တွေ အများကြီးရှိပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးလို့ အမည်တပ်တာဝန်ပေးခံရတဲ့ကော်မတီ ပေါ်ထွက်လာပြီးတဲ့နောက် ဥပဒေကို လေးစားလိုက်နာရကောင်းမှန်းမသိတဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေ တစ်စတစ်စများလာတာပဲ ဖြစ်ပါတယ်။တစ်ယောက်ထဲက ကျူးလွန်တဲ့ရာဇ၀တ်မှုမဟုတ်တော့ဘဲ အုပ်စုလိုက်ကျူးလွန်ခြင်းက စိန်ခေါ်ခြင်းတစ်မျိုးလားလို့ အတွေးနယ်ချဲ့မိပါတယ်။ လူအုပ်စုနဲ့ပြုလုပ်တာမို့ တစ်စုံတစ်ရာရည် ရွယ်ချက်ရှိနေသလားလို့ ကောက်ချက်ရမလိုဖြစ်နေတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားသူများ ရှိပါသလားလို့မေးရင် ကိုးဆယ့်ကိုးရာခိုင်နှုန်းကလိုလားပါတယ်လို့ ဖြေကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အတွင်းကျိတ်မလိုလားသူတွေလည်း ရှိနေနိုင်တာကိုလည်း သတိချပ်ရမှာပါ။
ဒါကို စာရေးသူတို့ စက်မှုတက္ကသိုလ်မှာ Logistic ဘာသာရပ်သင်တန်းက ဥပမာလေးနဲ့ ပြောချင်ပါတယ်။ ဒီဘက်မှာ A ရှိတယ်၊ ဟိုဘက်မှာ B ရှိတယ်၊ A နှင့် B ပဋိပက္ခဖြစ်တယ်၊ A ကို ထောက်ခံသူတွေ A ဘက်မှာရပ် B ကိုထောက်ခံသူတွေ B ဘက် မှာရပ်။ အဲဒီလိုခွဲခြားလိုက်တယ်၊ ဒါပေမဲ့ ရပ်နေတဲ့သူတွေက နှစ်လိုင်းတင်မက သုံးလိုင်းဖြစ်နေတော့ နောက်ဆုံးလိုင်းမှာရပ်တဲ့သူများကို မေးတော့သူတို့က A လည်းမဟုတ် B လည်းမဟုတ်တဲ့။ဒီလိုဘယ်လည်းမဟုတ် ညာလည်းမဟုတ်ဆိုတဲ့သူတွေ က ပိုအင်အားကြီးပြီး နှောင့်ယှက်တတ်ပါတယ်။
ဒီကနေ့ နိုင်ငံတော်ကို ဒီမိုကရေစီ ပြောင်းလဲရေး ပထမဂီယာထိုးချိန်မှာ ဂျမ်းမဖြစ်စေချင်ပါဘူး။ အရှိန်မရသေးလို့ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အားကြိုးမာန်တက် လက်တွဲဆောင်ရွက်နေတာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအသိပါ။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကလည်း အသက်ဝင်လှုပ်ရှားဆောင်ရွက်နေတာပါ။
ဒါကိုချေဖျက်ဖို့များ(သို့မဟုတ်) မြန်မာလူငယ်တချို့တွေရဲ့ စိတ်အရင်းခံကြောင့်ပဲလား မသိပါဘူး။ လူအုပ်စုနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြယ်အားပျော့သွားအောင် ဖျက်နေတာကတော့ အင်မတန်ရုပ်ဆိုးအကျည်းတန်လှပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာက စိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန် မင်းမဲ့စရိုက်ဆန်ဆန်လူအုပ်စုနဲ့ ရိုက်နှက်တဲ့ နိုင်ငံပါကွာလို့ တံဆိပ်ကပ်လိုက်ရင် စာရေးသူတို့ရဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် သိက္ခာကျစရာ ဖြစ်ပေတော့မယ်။
တရားဥပဒေစိုးမိုးရေးမှာ ဘက်နှစ်ဖက်ရှိပါတယ်။စိုးမိုးရေးကို ဆောင်ရွက်ရသူ အာဏာပိုင်အဖွဲ့အစည်းနှင့် လိုက်နာရသူ ပြည်သူပြည်သားတွေပါပဲ။ လိုက်နာရမယ့်သူကမလိုက်နာဘဲ အင်းယားကန်ပေါင်ပေါ်က အဖြစ်လို လူ(၂၅-၃၀) လောက်နဲ့ မင်းမဲ့စရိုက်ဆန်ဆန်ရမ်းကားမယ်ဆိုရင်တော့ မြန်မာပြည်ကြီးကို မြန်မာနိုင်ငံသားတွေက စောင့်ရှောက်နေကြတာမှဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာပါ။(မတရားသော တရားဥပဒေကိုရုပ်သိမ်းပယ်ဖျက်ဖို့က ဆောင်ရွက်ရမယ့် အခြားကိစ္စတစ်ခုပါ။)
ဒီကနေ့ ပြစ်မှုကျူးလွန်ဖို့ကြံရွယ်နေတဲ့ အချို့လူငယ်များကို အကြံပြုလိုပါတယ်။အာဏာရှင်ခေတ်တုန်းက ကိစ္စရပ်အတော်များများကို ယင်းတို့ရဲ့စိတ်ခံစားမှုနှင့်အတူ ဆုံးဖြတ်ကြတယ်လို့ စွပ်စွဲကြပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေလုပ်ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ဒီကနေ့ မြန်မာနိုင်ငံပြည်သူအားလုံးက ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဘ၀နဲ့ရင်းပြီး လူတိုင်းလူတိုင်းကျရာအခန်းကဏ္ဍကနေ ကိုယ်စီကိုယ်စီချီတက်နေကြချိန်မှာ အာဏာရှင်တွေလိုပဲ စိတ်ခံစားမှုနှင့်လုပ်ကြမှာလား၊ ရာဇ၀တ်မှုလုပ်ရပ်တွေနှင့် လျောက်လှမ်းသွားမှာလားလို့ အချို့သောလူငယ်များကိုမေးရင်း မိမိကြောင့် တရားဥပဒေမိုးစိုးရေးကို မနှောင့်ယှက်မိစေဖို့ တိုက်တွန်းချင်ပါတယ်။ ယနေ့လူငယ်နောင် ၀ယ်လူကြီးဆိုတဲ့ ဆိုရိုးစကားလည်း ရှိပါတယ်။ ဒါကအသက်ကြီးလာတဲ့ ပုံစံကိုပြောတာမဟုတ်ပါဘူး။ တည်ငြိမ်ရင့်ကျက်နိုင်ရန် တိုက်တွန်းတဲ့စကားလို့ မှတ်ယူစေချင်ပါတယ်။
လူငယ် ၃၀ ဆိုတော့ များလွန်းလို့ အထက်ပါမေးခွန်းကိုမေးရင်း ပြောရတာပါ။ တစ်ယောက်နှစ်ယောက်ပဲဆိုရင်တော့ မမေးပါဘူး။ ကျန်တဲ့နောက်လိုက်လူငယ်တွေဟာ မည်သည့်အကျိုးကို မျှော်ကိုးပြီး ဒီလိုအမှုမျိုးတွေလုပ်ရ တာလဲလို့ ထပ်ပြီးမေးချင်ပါသေးတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ကော်မတီကို ပြက်ရယ်ပြုချင်နေတာများလားလို့ စဉ်းစားစရာပါ။
မြန်မာနိုင်ငံမှာ မွေးဖွားပြီးကြီးပြင်းလာရတဲ့ လူငယ်တွေမြန်မာနိုင်ငံကိုတော့ ချစ်ကြမှာပဲလို့ ယုံကြည်ပါတယ်။
မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဒီကနေ့လူငယ်တွေရဲ့လက်ထဲမှာပါ။ အင်းယားကန်ပေါင်ပေါ်မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်တွေရဲ့ လက်ထဲမှာလည်း ရှိနေပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန်၊ လူမိုက်ဆန်ဆန်၊ ရိုက်တာနှက်တာ၊ ဓားနဲ့ခုတ်တာဟာ မလုပ် သင့် မလုပ်ထိုက်တဲ့အလုပ်ပါ။ ဒီလို သာဖြစ်နေမယ်ဆိုရင် မြန်မာပြည်ကို ဘယ်နိုင်ငံကမှ လာရဲမှာမဟုတ်သလို ပြည်တွင်းက မိဘပြည်သူများလည်း ဘယ်ဒေသ၊ဘယ်နိုင်ငံကို သွားနေရမလဲဆိုပြီး စိုးရိမ်ကြောင့်ကြစွာနေစေတော့မှာလား။ ဒီအယောက်(၂၅-၃၀) လောက်နဲ့ သန်း ၆၀ ကို ဘာမှမဖြစ်စေပါဘူးဆိုရင်လည်း အကြိမ်များစွာ ဒီလိုဖြစ်နေရင် စိတ်ချလက်ချသူတို့တွေ နေနိုင်ကြပါ့မလား။ ငယ်ငယ်ကကြားဖူးခဲ့သလို လမ်းထဲမှာ ခေါင်းတုံးနှင့် ရုပ်ဆိုးဆိုးလူသတ်သမား ရှိတယ်ဆို တဲ့ပုံပြင်ကိုနားထောင်ခဲ့ရတဲ့တုန်းကတောင် ညမှောင်ရင် အိမ်အပြင်မထွက်ရဲတော့တဲ့ မြန်မာလူမျိုးတွေပါ။
နှလုံးသားနူးညံ့ပြီး၊ အင်မတန်ယဉ်ကျေးဖော်ရွေ ကြင်နာတတ်တယ်ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ စရိုက်လက္ခဏာတွေ မြောင်းထဲရောက်ကုန်တော့မှာလား။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုပ်ခံရတော့မှာလား။ ဒီမိုကရေစီအရေး ကြွေး ကြော်နေကြတဲ့ ဒီအချိန်မှာ ဒီလိုကိစ္စမျိုး မပြောဝံ့သလိုပါပဲ။
စာရေးသူကတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ သြော် . . . ငြိမ်းချမ်းရေးကျောက်တိုင်ထူခဲ့တဲ့ အင်းယားကန်ပေါင်မှာ မငြိမ်းချမ်းတဲ့ဖြစ်ရပ်တွေပါလားလို့ တွေးမိပါတယ်။ ဒီလိုလုပ်ရတော့ ပါဝင်ပတ်သက်သူတွေရဲ့စိတ်ထဲမှာ ဘယ်လိုရှိမယ်မသိဘူး။ အရင်ဦးဆုံး ကိုယ့်မိသားစုကတော့ စိတ်ပူနေကြမှာသေချာတယ်။ ငွေရလို့ပဲဖြစ်ဖြစ်၊ ခင်မင်လို့ပဲဖြစ်ဖြစ်၊ နောက်ကနေ ညာသံပေးပြီး လုပ်ခဲ့ကြတာစိတ်ထဲမှာ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ ကျေနပ်နေပါရဲ့လားလို့ ဆိုချင်ပါတယ်။ အမှား၊ အမှန်ကိုခွဲခြားပြီး လုပ်သင့်သလား၊မလုပ်သင့်ဘူးလားဆိုတာကို စဉ်းစားချင့်ချိန်သင့်ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက စွမ်းအားရှင်တွေလို ဘာမှမစဉ်းစားပဲ သံဃာများအား ရိုက်နှက်ဖူးတာကို အားမကျစေလိုပါ။အဆိုပါစွမ်းအားရှင်တွေကို နိုင်ငံခြားမှာတင်သွင်း(Import) လုပ်လာတာ မဟုတ်ပါ။ ဒီနိုင်ငံထဲကပါပဲ။
ယခုလည်း မင်းမဲ့စရိုက်ဆန်ဆန်၊ ဥပဒေမစိုးမိုးနိုင်ရေးအတွက် နိုင်ငံခြားမှ တင်သွင်းလာစရာမလိုဘဲ ပြည်တွင်းမှာ ရနိုင်နေပါလားလို့ တွေးရင်း ရင်လေးမိပါတယ်။ အခြားသော လူငယ်များကိုလည်း ဒီလိုရာဇ၀တ်မှုမျိုး တရားဥပဒေချိုးဖောက်ခြင်းမှ ကင်းဝေးနိုင်စေရေး၊ ပြစ်မှုကျူးလွန်ရန် သိမ်းသွင်းစည်းရုံးခံရခြင်းမှ လွတ်ကင်းနိုင်စေရေး၊ ဒီလို အလေ့အကျင့်(Culture)တွေ မပြန့်ပွားစေရေးတို့အတွက် မိဘပြည်သူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။
Written by မင်းလွင် (အနကလ)    
http://www.news-eleven.com

Saturday, October 13, 2012

ကောလာဟလနှင့် နိုင်ငံသားတို့၏ တာဝန်


ကောလာဟလနှင့် နိုင်ငံသားတို့၏ တာဝန်ပြီးခဲ့သော ရက်ပိုင်းအတွင်းက ပုဂ္ဂလိက ဘဏ်တစ်ခုနှင့် ပတ်သက်သော ကောလာဟလ တစ်ရပ်ကြောင့် တစ်နိုင်ငံ လုံးရှိ အဆိုပါ ဘဏ်ခွဲများတွင် ငွေထုတ်သူများနှင့် ပြည့်နှက် သွားခဲ့ပါသည်။ ကုန်ခဲ့သည့် ၂၀၁၁ ခုနှစ်ကလည်း အဆိုပါ ဘဏ်ခွဲနှင့် ပတ်သက်သော ကောလာဟလ တစ်ခု ထွက်ခဲ့ပြီးဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် ကောလာဟလများ ထွက်ပေါ်လာတိုင်း ကောလာဟလ အပေါ် ပြည်သူလူထုက တုန့်ပြန်ပုံမှာ နှစ်မျိုးနှစ်စား ရှိပါသည်။ ပထမတစ်မျိုးမှာ ကောလာဟလ သတင်းကို ကိုယ်တိုင် ယုံကြည် သကဲ့သို့ဖြစ်ပြီး ဆက်လက် ဖြန့်ဝေကာ တုန့်ပြန်ခြင်း နှင့် ဒုတိယ တစ်မျိုးမှာ ကောလာဟလကို သံသယ စိတ်ဖြင့် ဆင်ခြင် သုံးသပ် တုန့်ပြန်ခြင်း ဖြစ်ပါသည်။ များစွာသော လူတို့သည် ပထမ အမျိုးအစား တွင်သာ ပါဝင်ပြီး အနည်းငယ်သော လူတို့သည်သာ ဒုတိယ အမျိုးအစားတွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံ တွင် ပထမ အမျိုးအစား ရှိသူတို့ သည် ကောလာဟလ ထွက်ထွက်ချင်း ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားကုန်များ ပမာဏ များများ ဝယ်ယူ သိုလှောင် ထားခြင်း၊ ဘဏ်ကောလာဟလ ဖြစ်ပါက ဘဏ်ရှိငွေများ အပြေးအလွှား ထုတ်ယူခြင်း စသဖြင့် ပြုမူ တတ်ကြပါသည်။ ဒုတိယ အမျိုးစားကမူ သတင်း အချက်အလက် ခိုင်မာမှု ရှိမရှိ စောကြောစုံစမ်း ကာ ခိုင်လုံ တိကျမှု မရှိပါက မိမိနှင့် ပတ်ဝန်းကျင်ရှိ သူများကို စိုးရိမ်သောက မဖြစ်ကြရန် အကျိုး အကြောင်းသင့် ရှင်းပြတတ်သူများ ဖြစ်ပါသည်။
ဤနေရာတွင် ပထမ အမျိုးအစားနှင့် ဒုတိယ အမျိုးအစား ကွာခြားချက်မှာ ဆင်ခြင် ချင့်ချိန် သုံးသပ် စဉ်းစားနိုင်မှု စွမ်းရည်ဖြစ်ပါသည်။ မှန်ပါသည်။ အသိပညာရေချိန် အပေါ် မူတည်ကာ ကြုံတွေ့လာသော အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင်ကြသည်မှာ သက်ရှိ သတ္တဝါတို့၏ ဗီဇစိတ် ဖြစ်ပါသည်။ လူသားတို့ အတွက်မူ တိရိစ္ဆာန်များထက် သာလွန်သော စဉ်းစား တွေးခေါ်မှုများ ရှိပါသည်။ ယင်းမှာ အများအတွက်၊ မိမိ ပတ်ဝန်းကျင်အတွက်၊ မိမိ နိုင်ငံအတွက်နှင့် မိမိ လူ့အဖွဲ့အစည်း အတွက်၊ လူသား လူ့ဘောင် လောက တစ်ခုလုံး အတွက် စသဖြင့် ထည့်သွင်း စဉ်းစားမှု များစွာ ရှိပါသည်။ ထိုသို့ ထည့်သွင်း စဉ်းစားနိုင်မှု စွမ်းရည် များစွာ မြင့်မားသူများသည် ပြီးခဲ့သော ရက်ပိုင်းက ထွက်ပေါ်ခဲ့သော ဘဏ်ကောလာဟလမျိုး ဆိုပါက ထိုဘဏ်တွင် အပ်နှံထားသော မိမိပိုင်နှင့် မိမိ ကုမ္ပဏီ၊ အဖွဲ့အစည်းပိုင် ငွေများကို ထုတ်ယူခြင်း မပြုသည့်အပြင် အခြေအနေရှိပါက နောက်ထပ် တိုးမြှင့် အပ်နှံခြင်း၊ ငွေစုစာအုပ် အသစ်ဖွင့်ခြင်း တို့ဖြင့် အားပေး ကူညီသည့် သဘောမျိုး အထိ တုန့်ပြန်တတ်ကြပါသည်။ ကာလာဟလကြောင့် ဘဏ်တစ်ခု အခြေအနေ ဆိုးသွားပါက လောက်လောက် လားလား စီးပွားရေး အင်အား မရှိသေးဘဲ နည်းလမ်း ပေါင်းစုံဖြင့် ရပ်တည်ရန် ကြိုးစားနေရသော မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ် လောကကြီး တစ်ခုလုံးပါ ဒိုမီနိုသီအိုရီ သဘောအရ ဆင့်ကဲ ထိခိုက် သွားနိုင်စရာ ရှိနေပါသည်။
ထိုအခြေအနေကို ပုဂ္ဂိုလ်ရေး အာဃာတ၊ နာကြည်းမှုနှင့် အလဲထိုးလိုစိတ်တို့ဖြင့် ရည်ရွယ်ချက်ချက် ရှိရှိ ကောလာဟလ ထုတ်လွှင့်သူတို့ နားလည် နိုင်စွမ်း ရှိမည် မဟုတ်ပေ။ အခြား တစ်ဖက်တွင်လည်း နိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲများကြောင့် အခွင့်အရေး၊ လုပ်ပိုင်ခွင့်၊ ရာထူး၊ စည်းစိမ်များ လျော့ပါးသွားမည်ဟု အစိုးရိမ်ကြီး နေသူများက ဒီမိုကရေစီ အပြောင်းအလဲကို လိုလားနှစ်သက်ခြင်း မရှိဘဲ နည်းမျိုးစုံဖြင့် ခုခံ တတ်ကြပါ သည်။ အခုအခံများသူတို့က ဒီမိုကရေစီ အသွင်ပြောင်းကာလ မြန်မာနိုင်ငံ၏ အဓိက ဒေါက်တိုင်ကြီးနှစ်ခု ယိုင်နဲ့သွားစေရန် ရည်ရွယ်ချက် ရှိရှိ ကောလာဟလ ထုတ်လွှင့်ခြင်းမျိုး ဆိုပါက နိုင်ငံသားအားလုံး အထူး သတိကြီးကြီး ထားရန် လိုပါသည်။ မသိစိတ်ဖြင့် ကောလာဟလကို သံယောင် လိုက်ကာ အစိုးရိမ်ကြီးကြီး မတုံ့ပြန်ကြရန် လိုပါသည်။ မိမိပိုင် ငွေကို ဘဏ်မှ ထုတ်မယူခြင်းဖြင့် ယင်းဘဏ်တစ်ခုတည်းကိုသာမက နိုင်ငံတော်၏ ဘဏ်လုပ်ငန်း နယ်ပယ်ကြီး တစ်ခုလုံးကိုပါ အကူအညီပေးရာ ရောက်ပါသည်။ ယင်းဘဏ်တွင် ငွေထပ်မံ အပ်နှံခြင်း၊ ငွေစုစာအုပ် အသစ်ဖွင့်ခြင်းဖြင့် လည်း နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ် ကြီးတွင် တစ်ထောင့် တစ်နေရာမှ ကူညီ နိုင်ပါသည်။
ဘဏ်တို့၏ အခြေခံ သဘောမှာ အပ်နှံငွေများကို အခြားတစ်ဖက်တွင် လုပ်ငန်းလုပ်ကိုင်သူများကို ပြန်လည် ထုတ်ချေးခြင်း ဖြစ်ပါသည်။ ထို့ထက် ပိုလွန်စွာ ပြောရပါက ဘဏ်တို့သည် ပြည်သူလူထု အပ်နှံ ငွေများကို နိုင်ငံတွင်း လှည့်ပတ် သုံးစွဲမှုများ မြန်ဆန် သွက်လက်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်၊ နိုင်ငံသား တစ်ဦးချင်းစီ၏ ဝယ်ယူ သုံးစွဲနိုင်စွမ်း မြင့်မား လာစေရန် ဆပွားနည်းဖြင့် ဖြန့်ဝေ သုံးစွဲနေခြင်း ဖြစ်ပါ သည်။ ထို့ကြောင့် ဘဏ်တိုင်းတွင် အပ်နှံထားသော ငွေပမာဏ အတိုင်း ရှိမနေကြပါ။ တစ်ချိန်တည်း၊ တစ်ရက်တည်းတွင် အပ်နှံထားသော ငွေများကို အလုံးအရင်း လာထုတ်ပါက မည်သည့်ဘဏ်မျှ ကြာကြာ ထုတ်ပေးနိုင်မည် မဟုတ်ပေ။ ကောလာဟလကြောင့် ဘဏ်တစ်ခု အခြေအနေဆိုးသွားပါက ချိတ်ဆက်နေသော ဘဏ်လုပ်ငန်းနှင့် ငွေကြေးလောက၊ ဘဏ္ဍာရေး နယ်ပယ်နှင့် စီးပွားရေး ကဏ္ဍကြီး တစ်ခုလုံး ထိုမှသည် နိုင်ငံရေး အကြပ်အတည်း အထိ ဆိုက်ရောက်သွားနိုင်ပါသည်။ ထိုအခြေအနေကို သိရှိသူ စေတနာဆိုး ရှိသူ အချို့က ရည်ရွယ်ချက် ရှိရှိ ကောလာဟလ ထုတ်လွှင့် တတ်သည် ကို နိုင်ငံသား အားလုံး အမျိုးသားရေး စိတ်ဓာတ် အခြေခံကာ စဉ်းစား ဆင်ခြင်ဉာဏ်ဖြင့် သတိရှိရှိ တုံ့ပြန်ကြရန် လိုပါသည်။
နိုင်ငံတစ်ခု အချိန်တို အတွင်း ကြီးပွား တိုးတက်ရန်မှာ ထိုနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍနှစ်ရပ်က အထူး အရေးကြီးပါသည်။ ထို့အတူ ထိုကဏ္ဍ နှစ်ရပ်သည် အပြန်အလှန် အားဖြင့် အမှီသဟဲ ပြုနေရပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို ကြည့်လျှင်ပင် စီးပွားရေး မူဝါဒများကို ဗွေဆော်ဦး ပြုပြင် ဖြေလျှော့ ပေးခဲ့သည်ကို တွေ့မြင် နိုင်ပါသည်။ နိုင်ငံများစွာ တို့၏ စီးပွားရေးသည် ထိုနိုင်ငံတို့ရှိ ငွေကြေးဆိုင်ရာ မူဝါဒနှင့် ဘဏ္ဍာရေး ပေါ်လစီ တို့က အခရာ ကျပါသည်။ ထိုနှစ်ခုကို ထောက်မ ပေးထားသည်မှာ ဘဏ်စနစ် ဖြစ်ပါသည်။ ထိုဘဏ်စနစ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျ သွားပါက ကြီးမားသော စီးပွားရေး ပြဿနာနှင့် ရင်ဆိုင် ရတတ်ပါသည်။ ထိုသို့ မဖြစ်စေရန်အတွက် အစိုးရ၏ အုပ်ချုပ်မှုနှင့် လွတ်ကင်း သော ဗဟိုဘဏ် စနစ်ဖြင့် မျှခြေဖြစ်အောင် ထိန်းကွပ် ရပါသည်။ မြန်မာနိုင်ငံတွင်လည်း အခြေခံအားဖြင့် ထိုအတိုင်း ကျင့်သုံး သော်လည်း ဗဟိုဘဏ် မှာမူ ယနေ့အထိ သီးခြား မဖြစ်သေးပေ။ နှစ်ပေါင်း အတန်ကြာ ပွင့်လင်းမြင်သာမှု မရှိသော စနစ်အောက်တွင် နေထိုင် လာခဲ့သော မြန်မာနိုင်ငံသားများ အစိုးရိမ် သောကကြီးကာ ကောလာဟလများကို ယုံမှတ်မှား တတ်ခြင်းကိုလည်း အပြစ်တင်၍ မရပါ။
မကြာသေးခင်က ဖြစ်ခဲ့သော ဘဏ်ကောလာဟလ တွင်လည်း စနစ်ဆိုး၏ သြဇာ သက်ရောက်မှုကြောင့် သံသစိတ်ကြီး နေဆဲ မြန်မာပြည်သူ အချို့ အစိုးရိမ်ကြီးစွာ ငွေများ ထုတ်ယူ ခဲ့ကြသော်လည်း ယင်းစနစ်ဆိုးနှင့် မတူသော ပွင့်လင်းမြင်သာမှု ရှိလာသည့် မီဒီယာများနှင့် သက်ဆိုင်ရာ ပုဂ္ဂလိက ဘဏ်၊ ဗဟိုဘဏ်တို့က ချက်ချင်း ဆိုသလို သတင်းထုတ်ပြန် ရှင်းလင်း ခဲ့ကြသဖြင့် အချိန်တိုအတွင်း ပြန်လည် တည်ငြိမ်သွားခဲ့ပါသည်။ ကောလာဟ လများသည် ပွင့်လင်းမြင်သာမှု မရှိခဲ့သော စနစ်ဆိုး တို့တွင်သာ နိုင်ငံအပေါ် ထိခိုက်မှု ကြီးမားနိုင်ပြီး ပွင့်လင်းမြင်သာမှု ရှိလာသော ဒီမိုကရေစီ လူ့အဖွဲ့ အစည်း တို့တွင်မှု ထိခိုက်မှု နည်းပါး တတ်ပါသည်။ များစွာအရေးကြီးသည်မှာ ကောလာဟလကို တုံ့ပြန်သော ပြည်သူလူထု၏ အသိပညာ ရေချိန်ဖြစ် ပါသည်။ အမျိုးသားရေး စိတ်ဓာတ်ဖြင့် တစ်တပ်တစ်အား ပါဝင် ကူညီနိုင်ခြင်း မရှိလျှင်ပင် မိမိကြောင့် ဘဏ်လောက၊ ငွေကြေး ပေါ်လစီ၊ ဘဏ္ဍာရေး ပေါ်လစီနှင့် စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍကြီးများ ထိခိုက် မသွားစေရန် နိုင်ငံသား တစ်ယောက်အနေနှင့် တာဝန် ရှိနေပါကြောင်း အထူး သတိပေးလိုပါသည်။
အယ်ဒီတာ(၁၁.၁၀.၂၀၁၂)