Thursday, November 8, 2012

ကျူးကျော်များ၏ အိပ်မက်ပြိုလဲမည့်အချိန် တဖြည်းဖြည်းနီးလာ


Photo
ထင်သာမြင်သာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြသော ခေတ်သစ်၊ စနစ်သစ်ကြီးထဲတွင် စိတ်ချမ်းသာခြင်းက တစ်ဝက်၊ စိတ်မချမ်းမြေ့ ကြေကွဲမှုများက ရာခိုင်နှုန်း ပိုမိုများခဲ့သည်။  နိုင်ငံတော်နှင့် ပြည်သူ တစ်သွေးတစ်သားတည်း မကျသေးသည်ကတော့ အမှန်။ အထူးသဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုကြားတွင် နားလည်မှု လွဲနေကြဆဲပင် ဖြစ်သည်။ အရိပ်ဟောင်းသည် နောက်က ကပ်ပါလာသလို အရိပ်အသစ်သည်လည်း မလွှမ်းမိုးနိုင်သေးပေ။ တစ်ချို့ ဝန်ထမ်းများသည်လည်း ဖိချင် ညှစ်ချင်နေကြသေးသည်။ တစ်ချို့ ပြည်သူများသည်လည်း ပေးချင်ကမ်းချင်စိတ်က မကုန်သေး။ ပေးကမ်းလိုက်ရမှ အောင်မြင်မည်ဟု ကိုင်ဆွဲထားပုံရသည်။ မှားသည်မှန်သည်ကိုတော့ ပြန်လည်သုံးသပ် ဆင်ခြင်သင့်သည်။ ပြုပြင်ပြောင်းလဲခြင်းများကို လိုလားသည်ဟုဆိုသည့် ပြည်သူများသည်ပင်လျှင် မပြောင်းလဲသေးတော့ ခက်ချေပြီ။ စက်မှုဇုန်တွေ အပြိုင်းအရိုင်း ပေါ်ထွက်လာသလို မြို့ကွက်သစ်များသည်လည်း ပေါ်ထွက်လာတော့သည်။ မြို့ပြ ဖွံ့ဖြိုးတိုးတက်လာတော့ ဂုဏ်ယူဝမ်းသာရသည်။ ဝမ်းသာလို့မှ မဆုံးသေး၊ ဝမ်းနည်းပူဆွေးမှုက အင်နှင့်အားနှင့် ရင်တွေကို ဗြုန်းဆိုဝင်လာတော့ ကြည်နူးမှုတွေ၊ ဝမ်းသာမှုတွေသည် သဲထဲရေသွန်သလို ဖြစ်ခဲ့ရတော့သည်။

ဒီနေရာကကျူး၊ ဟိုနေရာက ဌာနပိုင်၊ ကုမ္ပဏီပိုင်... ပိုင်ဆိုင်ခွင့် အရပ်ရပ်ဖြင့် နေရာဝင်ယူခဲ့ကြသည်။ ဝယ်မိ၊ ရောင်းမိ အောက်ခြေပြည်သူများမှာ မျက်စိသူငယ်၊ နားသူငယ်များဖြင့် ထောင်သောင်းသိန်းချီပြီး အိုးအိမ်တွေ မဲ့ကြရတော့မည့် အခြေအနေ စိုက်ခဲ့ရတော့သည်။ ဖြစ်ခဲ့ရ၏။ မျက်နှာလွှဲခဲပစ်သလို လုပ်လိုက်ရင်တော့ တိုင်းပြည်ဟာ ဆင်းရဲတွင်း နက်နေလိမ့်ဦးမည်ဟု ထင်စရာ ဖြစ်လာသည်။ အာဏာပိုင် အဖွဲ့အစည်းများသည်လည်း မိမိတို့ တိုင်းပြည်ကို အခြားနိုင်ငံများနှင့် ရင်ဘောင်တန်း ဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန် ဆောင်ရွက်နေကြသည်။ ပြည်သူများသည်လည်း ထိုနည်းတူစွာ တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လိုစိတ် ရှိကြမည်မှာ အမှန်ပင်။ သို့သော်လည်း ပြည်သူလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အံလွဲနေပုံရသည်။ ပြည်သူလူထုများသည်လည်း ထစ်ကနဲရှိ ဆန္ဒဖော်ထုတ်မည်။ သမ္မတကြီးဆီ စာတင်မည်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများသည်လည်း မပြေလည်မှုများနှင့်သာ အမြဲ အဆုံးသတ်ခဲ့ရသည်။ နိုင်ငံတော်မှလည်း ပြည်သူသည်သာ အမိ၊ အဖ၊ ပြည်သူတွေမှလည်း နိုင်ငံတော် အုပ်ချုပ်သူများသည်သာ အမိနှင့်အဖဟု ခံယူခဲ့ကြသည်။

သို့သော်လည်း တလွဲ ဆံပင်ကောင်းနေကြဆဲပင် ဖြစ်သည်။ အရှိ၊ အသိတရားများကို မျက်ကွယ်ပြုပြီး လုပ်ကိုင်သလို ဖြစ်နေကြသည်။ လက်ရှိ ဖြစ်ပေါ်နေသော ကျူးကျော်သူများ၏ ပြဿနာသည်ပင် မည်သို့ အဆုံးသတ်မည်ကို မသိသေးချေ။ နောက်ဆုံးအချိန်သို့ ရောက်လာပြန်ပြီ၊ သတ်မှတ်ရက်တို့သည်လည်း တရွေ့ရွေ့ နီးကပ်လာပြန်ပြီ။ ရင်လေးစရာပင်။ ကျူးပြည်သူတွေ၏ အိပ်မက်သည် နိုဝင်ဘာ ၁၅ ရက်ပြည့်လျှင် လှနိုင်တော့မည် မဟုတ်၊ ပြိုလဲကြရတော့မည်။ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတော့မည်။ သက်ဆိုင်ရာမှလည်း သတ်မှတ်ရက်ရောက်လျှင် မဖြစ်မနေ ဆောင်ရွက်ရတော့မည်။ နှစ်ဖက်ကြား မြေဇာပင် ဖြစ်ရမည့် သူများကတော့ ကလေးသူငယ်များနှင့် မသန်စွမ်း သက်ကြီးရွယ်အိုများပင် ဖြစ်သည်။ သူတို့လေးတွေ၏ အနာဂတ်သည် လမ်းဘေးတွင်သာ အဆုံး သတ်ကြရတော့မည်။ဆင်းရဲနွမ်းပါးသူ လျှော့ချရေးကိုလည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်လျက် ရှိသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ခိုကိုးရာမဲ့ လူတန်းစားများသည်လည်း လျှော့မသွားသည့်အပြင် ပိုမို၍တိုးပွားလာသည်။

ဤသည်ကို ဖွံ့ဖြိုးတိုးတက်နေပြီဟု ဆိုမည်လား။ အထုတ်တွေဆွဲပြီး ခြေဦးတည့်ရာ လွင့်ကြရတော့မှာလား။ မှားသည်ကတော့ မှားခဲ့ကြပြီးပြီ၊ အမှားကို အမှားကနင်းပြီး အမှားတွေကို မျက်နှာလွှဲထားလိုက်လျှင် အမှားတွေမှ ပေါက်ဖွားလာသူများသည် အမှားများပင် ဖြစ်လာတော့မည်။ ကျောတစ်ခင်းစာမျှ ဖန်တီးပေးလိုက်လျှင် ....။ ထိုသို့ စီမံမှုပြုလုပ်မပေးသည့်အပြင် သူ့ထိုက်နှင့်သူ့ကံ ပြစ်ပယ်ထားလိုက်မည်ဆိုလျှင် အိမ်ထောင်စု ထောင်ချီတို့သည် ဒီမိုကရေစီ ဆိုသည်မှာ အိမ်ခြေယာမဲ့ နွမ်းပါးသူတို့ကို နှိပ်ကွက်သော စနစ်ဟု ထင်မြင်ယူဆ အမှတ်မှားသွားလျှင် ခက်မည်။ ကျူးကျော်နေထိုင်သူများဘက်မှ ဘက်လိုက်၍ ရေးသားနေခြင်း မဟုတ်ပေ။ အမြင်တစ်ခုကို ဖလှယ်ခြင်းဖြစ်သည်။ ကျူးကျော်နေထိုင်သူများ၏ အိပ်မက်သည် မကြာခင် တစ်စစီ ပြိုကွဲကြရတော့မည်။ အားကိုးရာသည် နတ္ထိ၊ ကယ်မမည့်သူ နတ္ထိ၊ ခြေလှမ်းများသည်လည်း ဘယ်အရပ် ဘယ်ဒေသကို ဦးတည် ရွက်လွှင့်ရတော့မည် မသိ။ အနာဂတ်မဲ့သော သံသရာကို လျှောက်လှမ်းရတော့မည်။ ဘဝအနာအဆာများသည် ကုသဖို့ဆေးမရှိ။ ကံ ကံ၏အကျိုးဟုပင် ဗုဒ္ဓတရားတော်ကို နှလုံးသွင်းပြီး ဘဝတစ်ခုကို စရတော့ပေမည်။    

အောင်ကိုဦး


By Shade The Mandalay Hill 8 November, 2012 - 12:12

ဒဲ့ဒိုးပြောတတ်၍ ဗိုလ်ချုပ်ကြီးများ အကြိုက်တွေ့ခဲ့သည့် ဦးတေဇ


ဒဲ့ဒိုးပြောတတ်၍ ဗိုလ်ချုပ်ကြီးများ အကြိုက်တွေ့ခဲ့သည့် ဦးတေဇကြည်လင်သော နံနက်ခင်းတွင် ဖြစ်သည်။ ဦးတေဇသည် သူ၏တောင်ပေါ်ဒေသ ဇိမ်ခံ အိမ်ဂေဟာ ကြီး တည်ရှိရာ မြန်မာနိုင်ငံ မြောက်ဖျားဒေသ ရေခဲ နေသော ရေကန်တို့ကို လှည့်လည်ကြည့်ရှုရန် သူ၏ ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ် တက်လိုက်သည်။ လွန်ခဲ့သော ညက သူကမကထပြု အခမဲ့ ကျင်းပပေးခဲ့သော လေဟာပြင်ရော့ခ်တေးဂီတ စတိတ်ရှိုးမှ တေးသံများက သူ့နားထဲပဲ့တင်ထပ် နေဆဲဖြစ်သည်။ ပေ ၁၅၀ဝ၀ အမြင့်သို့ ရဟတ် ယာဉ်ပျံတက်ချိန်တွင် သူသည် ရေကန်၏ ကမ်းပါးစောင်းကို ဓာတ်ပုံရိုက်ကူးလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင်မူ ရဟတ်ယာဉ်သည် အမြင့်မှ ထိုးဆင်းပြီး တောင်စောင်းပေါ်ပျက်ကျ သွားခဲ့သည်။ ဦးတေဇနှင့် ရဟတ်ယာဉ် အဖွဲ့သားများသည် ရဟတ်ယာဉ်ပျက်မှ ရုန်းကန်ထွက်ခဲ့ကြပြီး တရုတ် လုပ် တယ်လီဖုန်းတစ်လုံးကို အသုံးပြု၍ အကူ အညီခေါ်လိုက်သည်။ လက်တစ်ဆုပ်စာ ချောက လက်ပြားများနှင့် သောက်ရေနှစ်ဘူးမျှသာ ယူဆောင်လျှက် သူတို့သည် ခါးအထိနက်သော နှင်းထုကိုဖြတ်၍ တောင်ပေါ်မှ ဆင်းသက်ခဲ့ကြ သည်။ ထိုည လေတဟူးဟူးတိုက်ခတ်နေချိန် တွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးသည် ပေ ၁၂၀ဝ၀ အမြင့်ရှိ လေကွယ်တောင်ကမ်းပါး စောင်းတစ်ခုတွင် အတူတကွ ကပ်ခိုနေရင်းအိပ် မပျော်သွားကြစေရန် တစ်ယောက်ကို တစ်ယောက် ငါးမိနစ်တစ်ကြိမ်ကျ အပြန်အလှန် လှန့်နှိုးခဲ့ကြ သည်။
"ကျွန်တော် အသက်ရှင်လွတ်မြောက်ဖို့ မမျှော်လင့်ခဲ့ဘူး"ဟု အသက် ၄၇ နှစ်အရွယ်ရှိ ဦးတေဇက ပြောသည်။ နောက်သုံးရက်ကြာမှသာလျှင် သူတို့ကို ထို တောင်စောင်းမှ ကယ်တင်ဖြစ်ခဲ့သည်။ ထိုအချိန် ရောက်သောအခါတွင် မြန်မာပြည်၏ အချမ်းသာ ဆုံးသူဌေးတစ်ဦးဖြစ်သော ဦးတေဇ၏ ဖြစ်စဉ်ဘေး ဒုက္ခဆိုက်နေကြောင်းသည် နိုင်ငံတကာသတင်း အဆင့်သို့ ရောက်ရှိနေခဲ့ပြီး မြန်မာ့ကြည်းတပ်နှင့် လေတပ် တပ်ဖွဲ့များသည် ထိုင်းမှ စင်းလုံးငှား အရပ်ဘက် လေယာဉ်တစ်စင်းနှင့်အတူ နယ်မြေ ပေါ် လိုက်ပါခဲ့သူ ခြောက်ဦးစလုံးသည် အထိအခိုက် အနည်းအပါးမျှဖြင့် ထိုဘေးမှ လွတ်မြောက်ခဲ့ သော်လည်း နောက်ပိုင်းတွင် ရဟတ်ယာဉ်မှူးသည် နှင်းကိုက်မှုဒဏ်ကြောင့် ခြေထောက်နှစ် ချောင်းစလုံး ဆုံးရှုံးခဲ့ရသည်။ ဘေးအန္တရာယ်ကြီးတစ်ခုမှ လွတ်မြောက်ခဲ့ သောဦးတေဇ နောက်ထပ်ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါမည်လား၊ သူ၏ နိုင်ငံရေးအဆက်အသွယ်သည် သူ့ကို စစ်အုပ်ချုပ်ရေးအောက် မြန်မာနိုင်ငံတွင် ချမ်းသာ ကြွယ်ဝစေခဲ့သည်။ သို့သော် ထိုသို့ချမ်းသြွာကယ် ဝလာခြင်းကြောင့် အနောက်နိုင်ငံအစိုးရများ၏ အာရုံထဲ ရောက်ရှိခဲ့ပြီး သူ၏ ထူးအုပ်စုအောက်ရှိ ကုမ္ပဏီများကို စီးပွားရေးပိတ်ဆို့မှုပြုခံခဲ့ရသည်။
အမေရိကန်ဘဏ္ဍာရေးဌာနက သူ့ကို မြန်မာနိုင်ငံ ၏ ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရ၏ လက်နက် ပွဲစားနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ပါးစေတစ် ယောက်ဟု သမုတ်ခဲ့သည်။ သူ၏ပိုင်ဆိုင်မှု အ သားတင်တန်ဖိုးမှာ ငြင်းခုံစရာကိစ္စဖြစ်နေပါသော် လည်း သူ၏မြင့်မားသောလူနေမှုပုံစံ၊ အီတလီပြိုင် ကားများ ပိုင်ဆိုင်ခြင်း၊ ကိုယ်ပိုင်လေယာဉ်များ ရှိခြင်း၊ အကောင်းစားဝိုင်အရက်များ ကြိုက်ခြင်း တို့သည် အဓိကအားဖြင့် ရုပ်မျက်နှာကင်းမဲ့နေ သော အာဏာရှင် စနစ်ကို အတိုက်အခိုက်ပြုလို သူတို့အတွက် ထင်သာမြင်သာ ကိုယ်စားပြုလို သော ပြယုဂ်ဖြစ်စေခဲ့သည်။ ယခုထိုအစိုးရမရှိတော့ချေ၊ လွန်ခဲ့သော မတ်လက အရပ်ဖက်အသွင်သဏ္ဍာန်ယူထားသည့် အစိုးရ အစားထိုးခဲ့ပြီး ထိုအစိုးရက မြန်မာပြည်၏ စီးပွားရေးကို တံခါးဟပေးစပြုနေသည်။ ထိုအကျိုးဆက်မှာ ဦးတေဇနှင့် အာဏာရှင် ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေမျက်နှာ ပေးခဲ့သော အခြားသူကြွယ်များ မြေအောက်မှ မြေပြင်ရွှေ့နေပြီး ထိုအချက်ကို စီးပွားရေး ပွင့်လင်းလာမှုတွင် နေရာရရန် လုနေသော ပြိုင်ဖက်လုပ်ငန်းရှင်များ သဘောတွေ့နေကြ သည်။
ခရိုနီဟောင်းတွေက လျစ်လျူ ရူနေရပြီး အဲဒါကို သူတို့သဘောမတွေ့လှဘူးဟု နိုင်ငံခြား စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ ခေါမတို့၏ မာနရှင်နိမိတ်ပုံ အိုင်ကားရပ်စ် ကဲ့သို့ပင် ဦးတေဇသည် နေနှင့်နီးကပ်လွန်းစွာ ပျံသန်းမိခဲ့သည့် အနေရှိနေနိုင်သည်။ သူ၏ စစ်အစိုးရ ဆရာသမားတို့၏ တိုက်တွန်းမှုကြောင့် သူသည် လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းကဲ့သို့ အရှုံးပေါ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ မှုပြု လုပ်ခဲ့ပြီး သူ၏ ဝင်ငွေကို သစ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနှင့် မြိုးမြိုးမြက်ြမက်ရှိလှသော သွင်းကုန်လိုင်စင်များ မှ ခံစားခွင့်များဖြင့် ထေခဲ့သည်။ ယခုမူသူသည် မြန်မာနိုင်ငံ၏ စီးပွားရေး အသွင်ပြောင်းမှုနှင့် နိုင်ငံ ခြားငွေအရင်းအနှီးတို့ဖြင့် ပံ့ပိုးသောပြိုင်ဘက်အသစ် များ ထွက်ပေါ်လာမှုကြား ခရီးနှင်ရင်း နိုင်ငံရေး အုံကြွမှုများကြောင့် အကဲဆက်နေသော ဖောင်းပွနေသည့် စီးပွားရေးအင်ပါယာကို စီမံကွပ်ကဲနေရ သည်။ ဦးတေဇကမူ ထိုစိန်ခေါ်ချက် အတွက် သူအသင့်ဖြစ်နေသည်ဟု ဆိုသည်။
"ကျွန်တော်တို့ ယှဉ်ပြိုင်မှုကို ကြိုက်နှစ်သက်ပါတယ်၊ မျှမျှတတ တိုက်ပွဲပဲ ဖြစ်စေချင်ပါတယ်"ဟု စင်္ကာပူနိုင်ငံ မရီနာဘေးဆန်းစ် ဟိုတယ်ခန်းဆောင်တွင် ပေးသည့် ရှားရှားပါးပါး အင်တာဗျူးတစ်ခုတွင် FORBES ASIA မဂ္ဂဇင်းကို သူပြောကြားခဲ့သည်။ အနက်ရောင် ဂျင်းဘောင်းဘီ အရောင်ဖျော့ဖျော့ ဆွယ်တာနှင့် ခြေထိုးဖိနပ်ပျော့ စီးထားသော သူသည် ရန်ကုန်တွင်ပြုလုပ်ရန် ယခင်စီစဉ် ထားခဲ့သည့် တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့ရသည့် အတွက် တောင်းပန်စကား ဆိုလိုက်သည်။ နေ့လည်စာစားရင်း နှစ်နာရီကြာအင်တာဗျူး ပြုလုပ်ပြီးချိန်တွင် သူသည် သူ့အကြောင်းအရပ် များကို အမှန်အတိုင်း အသိပေးရန် ထက်သန်ခဲ့သလို တစ်ချိန်တည်းမှာပင် သူ၏ဘဏ္ဍာရေး အခြေအနေအကြောင်း ပါးနပ်စွာ အရှောင်အတိမ်း ပြုခဲ့သည်။ ထူးဂရုပ်ဖ်၏ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ငါးရာရှိသည်ဟု ဧပြီလက အီတလီ သတင်းစာ တစ်စောင်ကို သူပြောကြားခဲ့သည်။ ထိုပမာဏ သည် ထူးဂရုပ်ဖ်ကို မြန်မာနိုင်ငံ၏ အကြီးဆုံးစီး ပွားရေးလုပ်ငန်းကြီး ဖြစ်သွားစေသည်၊ ထူးပင်မ ကုမ္ပဏီတွင် သူသည် ရှယ်ယာအများဆုံးပိုင်ဆိုင် သူဖြစ်သည်ဟု ဦးတေဇကိုဆိုသည်။ သို့သော် ကုမ္ပဏီက အမြတ်အစွန်းမည်မျှရရှိပြီး ကုမ္ပဏီ ဥက္ကဋ္ဌက အမြတ်အစွန်း မည်မျှရသည်မှာ မသဲကွဲ ဟုဆိုသည်။
မြန်မာနိုင်ငံမှ ကုမ္ပဏီအများစုသည် ဘဏ္ဍာရေး အချက်အလက်များ ထုတ်ပြန်လေ့ မရှိသလို ရှယ်ယာအခြေအနေကို ဖော်ပြရန် ဥပဒေ ပြဌာန်းချက်မရှိချေ။ ဦးတေဇသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဘူမိဓါတ်ငွေ့ထုတ်လုပ်ရေးကို Total ကုမ္ပဏီနှင့် အတူတကွ လုပ်ကိုင်လာစေသော Chevronကို ချွင်းချက်ပေးခဲ့သော အမေရိကန်စီးပွားရေးပိတ်ဆို့ မှုနှင့် ယေဘုယျအားဖြင့် မြန်မာနိုင်ငံဆန့်ကျင်ရေး စီးပွားရေးပိတ်ဆို့မှုမှန်သမျှကို အတော်မကျေမနပ် ဖြစ်မိပါသည်။ အနောက်နိုင်ငံအစိုးရများက အချက်အလက်များကို ဗလောင်းဗလဲပြုထားသည် ဟု သူကဆိုသည်။ သူသည် တပ်မတော်ကို ရဟတ်ယာဉ်များသာ ရောင်းချခဲ့သည်။ သေနတ် များကျည်ဆန်များ မရောင်းချခဲ့ချေ။ ထို့အပြင် အများပြော ကောလာဟလကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အသုံးအဖြုန်းကဲသော ဆွေမျိုးသားချင်း တစ်ယောက်မဟုတ်ဟုဆိုသည်။
"ကျွန်တော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်တစ်ယောက် မဟုတ်ပါဘူး၊ ကျွန်တော်ဟာ လက်နက်ပွဲစား တစ်ယောက်မဟုတ်ပါဘူး"ဟု ဖြည့်စွက်ပြောကြာ ခဲ့သည်။ သို့ဆိုလျှင် ဦးတေဇသည် မည်သူနည်း၊ ဦးတေဇကို ၁၉၆၄ ခုနှစ်တွင်မွေးဖွားခဲ့ရာ သူ၏ ဖခင်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ တပည့်တစ် ယောက်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး သူရဲ ကောင်း၏ စစ်အတွင်းကာလ အမည်ဝှက် တစ်ခုမှာ ဦးတေဇဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် နိုင်ငံ ရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း ဦးတေဇမိသားစု နှင့် ဗိုလ်ချုပ်အောင်ဆန်းမိသားစုတို့ ရင်းနှီးမြဲ ရင်းနှီးခဲ့သည်။ ဖခင်ဖြစ်သူ၏ ခြေရာကိုလိုက်၍ ဦးတေဇသည် မြန်မာ့တပ်မတော်စစ်ကျောင်းကို တက်ရောက်ခဲ့သည်။ သို့သော် တတိယနှစ်တွင် ကျောင်းမှထွက်၍ နှစ်ဖက်မိဘများ ကန့်ကွက် သည့်ကြားမှပင် သူ့ရည်းစားနှင့် အိမ်ထောင်ပြုခဲ့ သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် လမ်းခွဲလိုက်ကြသည်။ ရန်ကုန်ကို ပြန်ရောက်သော အခါတွင် သူသည် စီးပွားရေး လုပ်ငန်းလေးများ လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားသောအခါတွင် ထို အရေးခင်း စီးကြောင်းထဲ ပါရှိသွားခဲ့သည်။ လမ်း ပေါ်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ဦးတေဇက "ဒါကျွန်တော်တို့ မျိုးဆက်"ဟု ဆိုသည်။ နောက် ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် မြို့ပြင်ရှိ သူ၏မိသားစုဝင်းခြံထဲတွင် နေထိုင်ခဲ့ပြီး သူ့ကားဖြင့်ပင် လျှောက်သွားခဲ့ရာ ၁၉၈၉ ခုနှစ်တွင် သူမ ဖမ်းဆီးထိန်းသိမ်းခံရသည့် ကာလအထိ ဖြစ်သည်ဟု ဦးတေဇက ပြောကြားခဲ့သည်။
နောက်တစ်နှစ်တွင် ဦးတေဇသည် ထူးထရေးဒင်း ကုမ္ပဏီကို တည်ခဲ့သည်။ ထိုအမည်သည် သူ့ဇနီး၏ မိသားစုကုမ္ပဏီ အမည်ဖြစ်ပြီး သူ့ဇနီးသည်၏ မိသားစုသည် လူရိုသေ၊ ရှင်ရိုသေ ကုန်သည်များဖြစ်ခဲ့ပြီး ဆိုရှယ်လစ်စနစ်အောက် တွင် သူတို့စီးပွားရေးလုပ်ငန်းများ လုံးပါးပါးသွားခဲ့ ခြင်းဖြစ်သည်။ သူသည် သူ့ယောက္ခမထံမှ ဆန်စက်တစ်လုံးကို ဌားရမ်းခြင်းဖြင့် လုပ်ငန်း စတင်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံနယ်စပ် အနီးရှိ သစ်တောကြိုးဝိုင်းကြီးများကို လေလံပစ်သောအခါတွင် သစ်လုပ်ငန်းသို့ ကူးပြောင်းခဲ့သည်။ လုပ်ငန်းခွင်သာသော နေရာများအတွက် ထိုင်းလုပ် ငန်းရှင်များနှင့်အပြိုင် ဈေးပေးမည့်အစား ဦးတေဇ သည် နယ်စပ်နှင့်ဝေးလံသောနေရာများတွင် သစ်လုပ်ငန်းလုပ်ရန် လျှောက်ခဲ့သည်။ သူသည် သစ်လုံးများကို တစ်လုံးလျှင် ၁၀ ဒေါ်လာနှုန်း ဖြင့် ထုတ်ယူခဲ့ပြီးနောက် ဒေါ်လာ ၅၀ဝ သို့မဟုတ် ထို့ထက်ပိုမြင့်သောဈေးဖြင့် ရောင်းချခဲ့သည်။ "မြန်မာပြည်မှာ ကျွန်တော်ဟာ အကြီးဆုံးသစ် လုပ်ငန်းရှင်ဖြစ် ခဲ့တယ်"ဟု သူကဆိုသည်။
သို့တိုင်အောင် ဤစီးပွားရေး အကွက်မြင်မှု သည် နိုင်ငံရေးအဆက်အသွယ် ချောဆီသုတ် ခဲ့သည့် အကွက်မြင်မှုဖြစ်ဟန်ရှိသည်။ အငြိမ်းစား စစ်အရာရှိကြီး တစ်ဦးဖြစ်သော သူ၏ဖခင်သည် စက်မှုဝန်ကြီးဌာနတွင် အလုပ်လုပ်နေခဲ့ပြီး သူ့ကို ထိုလုပ်ပိုင်ခွင့်အတွက် လေလံဆွဲရန်တိုက်တွန်းခဲ့ သည်။ "အစိုးရရဲ့ ကြမ်းခင်းဈေးက ပေါလွန်းတယ် လို့ ကျွန်တော့အဖေက ကျွန်တော့်ကိုပြောခဲ့တယ်။ရှိသမျှကို ရင်းနှီးမြှုပ်နှံလိုက်လို့ ပြောခဲ့ တယ်"ဟု သူပြန်ပြောင်း အမှတ်ရပြောကြားခဲ့ သည်။ သစ်လုပ်ငန်းသည် ထူးဂရုဖ်၏ အဖိုးတန် ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေသည်။ ၂၀ဝ၇ ခုနှစ်တွင် အသားတင် အမြတ် ဒေါ်လာ ၇၅ သန်း ရရှိခဲ့သည်ဟု ပေါက်ကြား သွားခဲ့သည့် အမေရိကန် ကြေးနန်းတစ်စောင်က ဖော်ပြခဲ့သည်။ သူသည် ထိပ်တန်းသစ်ထုတ် လုပ်တင်ပို့သည့် သူမဟုတ်တော့သလို မြန်မာနိုင်ငံ၏ လျော့ပါး၍နေသော သစ်တောအတွက် စိုးရိမ်မကင်းဖြစ်မိပါသည်ဟု ဦးတေဇက ဆိုသည်။"ဂေဟစနစ်ကြောင့် ကျွန်တော်ရပ်တန့်ဖို့ကြိုးစား ပါတယ်"ဟု သူကဆိုသည်။ သစ်လုပ်ငန်းမှ ရရှိသော သောက်သောက် လဲ အမြတ်သည် ဦးတေဇအား သူ၏ပထမဦးဆုံး ဟော်တယ်အပါအဝင် မြေယာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလာစေခဲ့သည်။ သူသည် စင်ကာပူ နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမှုပြုခဲ့ပြီး ၁၉၉၇-၉၈ ခုနှစ် အာရှငွေကြေး အကျပ်အတည်းမဖြစ်ပွားခင် က စင်ကာပူသို့ပြောင်းရွှေ့ရန်စဉ်းစားခဲ့သော်လည်း သူ့နိုင်ငံတွင် ငွေရင်းနှီးမြှုပ်နှံရသည်ကိုသာ နှစ် သက်ခဲ့သည်။
"ကျွန်တော် စင်ကာပူမှာ ရင်းနှီး မြှုပ်နှံရင် စင်ကာပူသားတွေပဲ အကျိုးအမြတ် ရှိမယ်"ဟုသူကဆိုသည်။ နောက်ဆယ်စုနှစ် ကာလတွင် ထူးဂရုဖ်သည် လုပ်ငန်းသစ်များကို အာသာငမ်းငမ်းရှိလှသော ကုမ္ပဏီကြီးတစ်ခုအဖြစ်သို့ အကောင်အထည် ကြီးထွားလာခဲ့သည်။ ၂၀ဝ၄ ခုနှစ်မှာမူ မြန်မာနိုင်ငံ ၏ ပထမဦးဆုံး ပုဂ္ဂလိက လေကြောင်းကုမ္ပဏီ ဖြစ်သော Air Bagan ကို စတင်ခဲ့သည်။ ထို့အ ပြင်ကြေးကြီးနာမည်ရှိ ဟော်တယ်များ စတင်လုပ် ကိုင်ခဲ့ပြီး အကြီးစားယန္တရားကြီးများ ငှားရမ်းမှု လုပ်ငန်းလည်း လုပ်လာသည်။ သစ်ကုန်သည် တစ်ဦးက ငွေပင်ငွေရင်းများစွာ လိုအပ်သော လုပ်ငန်းများ လုပ်နိုင်လောက်သော အဆင့်ရှိခဲ့ခြင်းက အများ မျက်ခုံးပင့်စရာဖြစ်ခဲ့သည်။ သူသည် စစ်အစိုးရ၏ ရှေ့ထွက်ငွေသမားဖြစ်ခဲ့ပြီး ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် သူ၏ အသုံးအဖြုန်းကြီးသော မိသားစုထံ တိုက်ရိုက်လမ်းကြောင်း ပေါက်သူ တစ်ဦးဖြစ်သည် ဟု သတင်းကြီးခဲ့သည်။ ထိုသို့မဟုတ်ပါဟု ဦးတေဇက ငြင်းဆန် သည်။ သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တစ်ကြိမ်သာလျှင် နှစ်ကိုယ်ချင်းတွေ့ဆုံခဲ့ပြီး ထိုအချိန်မှာလည်း ရဟတ်ယာဉ်ပျက်ကျမှုမှ သူ့ကို ကယ်တင်ခဲ့ဖြင်းအတွက် ကျေးဇူးတင်စကား ပြောစဉ်ဖြစ်သည်ဟုဆိုသည်။
သူ၏ ရိုးသားမှု၊ ရှင်းရှင်းဘွင်းဘွင်းပြော တတ်မှုအပြင် သူ့ဖခင် ရာထူးအဆင့်က စစ်အစိုးရနှင့် အဆင်ပြေ မှာ ကျွန်တော်ပြောစရာရှိရင် ဒဲ့ဒိုးပဲပြောလိုက် တယ်။ တချို့ ဗိုလ်ချုပ်ကြီးတွေက ဒါကို သိပ်သဘောကျတယ်။ ကလိမ်ကကျစ် မရှိ၊ ဗလောင်းဗလဲမရှိဘူး"ဟုသူက ဆိုသည်။ တချို့ကမူ ဦးတေဇ၏ ငွေဆောင်အပန်း ဖြေစခန်းသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရောက်ရှိ စဉ်က အလွန်သဘောကျသွားခဲ့သည်ဟု ဆိုသည်။ ဦးတေဇသည် စစ်အစိုးရအဖွဲ့တွင် တတိယ ခေါင်းဆောင်ဖြစ်လာသော ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့်လည်း စောစီးစွာကပင် မဟာမိတ်ပြုခဲ့ သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဗိုလ်မှူး ကြီး ဘဝကတည်းကပင် ဦးတေဇနှင့် ပထမ အကြိမ်ဆုံဖူးသည်။ ဦးတေဇသည် ဗိုလ်မှူးကြီး၏ သားအောင်သက်မန်းကို ထူးဂရုဖ်၏ ညွှန်ကြားရေး မှူးတစ်ယောက်အဖြစ် ချက်ချင်းခန့်လိုက်သည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် လျှောက်လှမ်းရန် အတွက် ကုန်သည်ထုံးပင်ဖြစ်ခဲ့သည်။ အဲဒီကာလ မှာ ဗိုလ်မှူးအားလုံးရဲ့သားတွေက ကုမ္ပဏီတွေမှာ အလုပ်လုပ်ချင်ခဲ့ကြတယ်ဟု သူကဆိုသည်။ ပထမတွင် ဦးတေဇသည် သူ့ကုမ္ပဏီများ အား ကုန်သွယ်ရေး ပိတ်ဆို့မှုကို ဒေါသဖြစ်ခဲ့ သည်။ သို့ သော် မြန်မာပြည် အုပ်ချုပ်သူများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငတ်ပြတ်အောင် အနောက် နိုင်ငံများ၏ကြိုးပမ်းမှုသည် သူ့လက်ကို အားပြည့် လာစေခဲ့ပြီး ပြိုင်ဖက်များဈေးကွက်ထဲ ဝင်ရ ခက်စေခဲ့သည်သာဖြစ်သည်ဟု သူကဆိုသည်။
အဲဒါမျိုးစီးပွားရေး ပိတ်ဆို့မှုအောက်မှာ ကျွန် တော်တို့အများကြီး ပိုချမ်းသာနေတယ်ဟု သူက ဆိုသည်။ ဗိုလ်ချုပ်ကြီးများက ခရိုနီများကို မျက် နှာသာပေးသော တံခါးပိတ်စီးပွားရေးတွင် ထိုစကားက မှန်ပေမည်။ သို့သော် ကစားပွဲစည်း မျဉ်းများက အမြဲတစေ ပြောင်းလဲနေသည်။ အနောက်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုများသည် နိုင်ငံခြားငွေပင်ငွေရင်းကို ဦးတေဇ အရခက်စေပြီး မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်း လုပ်ကိုင်လိုသော ကုမ္ပဏီများအတွက်သူသည် အဆိပ်ဖြစ်နေ သည်။ "သူ့နာမည်ကို သူပြန် တည်ဆောက်ဖို့ လိုအပ်တယ်၊သူသုညက ပြန်စမှာမဟုတ်ဘူး၊ အဲဒါမဖြစ်နိုင်ဘူး"နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ အတိုင်ပင်ခံတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည်များ လမ်းကြောင်း၌ အခရာနေရာကောင်းများတွင် တည်ရှိသော ထူးဂရုဖ်၏ ဟော်တယ် ၁၇လုံးကို ကြည့်ပါ။ ဦးတေဇသည် ထိုလုပ်ငန်းကို လုပ်ကိုင် ရန်နှင့် နာမည်အသစ်တပ်ပေးရန် နိုင်ငံတကာ အဆင့်ဝင် စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကို ငှားရမ်း လိုသည်။ သို့သော်သင့်တော်သော လုပ်ငန်းဖက် ကို မတွေ့သေးချေ။ ယင်းမှာလည်း စီးပွားရေး ပိတ်ဆို့ခံထားရသည့် ဒဏ်ကြောင့်ပင်ဖြစ်သည်ဟု သူကဆိုသည်။သူသည် ကမ္ဘာ့အဆင့်ဝင်အမည် ကို လိုချင်သောကြောင့် ထိုင်းဟော်တယ်အုပ်စု တစ်စု၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်ဟု သူက ပြောကြားခဲ့သည်။ "လုပ်ငန်းသေးသေး လေးတွေကို ကျွန်တော်စိတ်မဝင်စားဘူး"ဟု သူက ဆိုသည်။
အတိတ်ကို တဖြည်းဖြည်းခွာချနေသော ကာလကြာ လျစ်လျူရှုခံ ရန်ကုန်တွင် ဦးတေဇ၏ အိမ်တော်သည် ဒေသခံ သမိုင်းဝင်နေရာတစ်ခုဖြစ် သည်။ ယင်းသည် အမေရိကန်သံရုံးနှင့် ဒေါ် အောင်ဆန်းစုကြည်၏ အင်းယားကန်ဘေးအိမ်နှင့် လမ်းနှစ်ပြတ်သုံးပြတ်သာဝေးသည်။ ဦးတေဇ၏ ဇိမ်ခံကားများ (ဖါရာရီ၊ ရိုစ်ရိုက်စ်)ကို လမ်းပေါ်မှ လှမ်းမြင်ရပြီး ဖြတ်သန်းသွားသောတက္ကစီ ယာဉ် မောင်းများက သူ၏ နန်းတော်တမျှ ထည်ဝါ သော အိမ်ကြီးကို လက်ညှိုးထိုးပြလေ့ရှိသည်။ ဦးတေဇသည် ခရိုနီတစ်ယောက်ဖြစ်လေ သလား။ ဦးတေဇက မျက်မှောင်ကုတ်လိုက်သည်။ အဲဒါကြောင့် မြန်မာလူမျိုးတွေ မချမ်းသာကြတာ၊ ဘယ်သူတွေတက်လာတက်လာ သူတို့မနာလို ကြဘူး၊ နည်းလမ်းအဖုံဖုံနဲ့တိုက်ခိုက်မှု ကောလာဟလတွေ ဖန်တီးတယ်ဟု သူကမြည်တွန် တောက် တီးသည်။ ခုတစ်လော ထိုကောလာဟလစက်က အချိန်ပိုခုတ်မောင်းနေသည်။ ဦးတေဇငွေကြေးဆိုး ဆိုးရွားရွားပြတ်လပ်နေပြီဟု မြန်မာ့စီးပွားရေး သမားများက ဆိုသည်။ အထူးသဖြင့်မေလတွင် စားအုန်းဆီ တင်သွင်းမှုကို လွတ်လပ်ခွင့်ပေးပြီး နောက် ဟော်တယ်များကို ရောင်းချခြင်းဖြင့် ငွေ ရှာရန်ကြိုးစားခဲ့ပြီးနောက်တွင် ဖြစ်သည်။
သူက အင်အားရှိတဲ့ အနေအထားမှာ မဟုတ်တော့ဘူးဟု လုပ်ငန်းလည်ပတ်ပုံကို နားလည်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကပြောကြားခဲ့သည်။ ထို့အပြင် ဦးတေဇသည် ဒေါ်လာသန်းဆယ် ဂဏန်းများ ပမာဏရှိ အခွန်ငွေကြေးကျန်စာလည်း ရရှိထားသည်ဟုဆိုသည်။ မကြာခင်ကာလက ထုတ်ပြန်ခဲ့သော ထိပ်တန်းအခွန်ဆောင်ကုမ္ပဏီ ဆယ်ခုတွင် သူ့ကုမ္ပဏီတစ်ခုမှ မပါဝင်ခဲ့ချေ။ ဦးတေဇက အခွန်ငွေ တိမ်းရှောင်မှုမရှိဟု ငြင်းဆို လိုက်သည်။ "ကျွန်တော်တို့အခွန်ဆောင်ပါ တယ်"ဟု သူကဆိုသည်။ မကြာခင်ကာလက ရောက်ရှိရာ အခွန်တောင်းခံစာနှင့် ပတ်သက်၍ မေးမြန်းသော အခါတွင် စက်တင်ဘာလစောစော ပိုင်းက အမေရိကန်ဒေါ်လာ နှစ်သန်းပေးဆပ်ရန် သူအမိန့်ပေးလိုက်သည်ဟု ပြောကြားခဲ့သည်။ ထူးဂရုဖ်၏ ဌာနများတွင် သစ်လုပ်ငန်း၊ အိမ်ရာလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းတို့မှသာ အမြတ်အစွန်းရသည်။ ဦးတေဇကမူ သူသည် လုပ်ငန်းများ ပို၍ ဖန်တီးပေးသော ခရီးသွားလုပ် ငန်းနှင့် မြန်မာနိုင်ငံ၏ စားသုံးမှုအခြေခံစီးပွားရေး ကဏ္ဍကို ခွဲခြမ်းစိတ်ဖြာသော ကုန်ထုတ်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံရသည်ကို ပို၍နှစ်သက်သည် ဟုပြောကြားခဲ့သည်။
သူသည်စေတနာ သဒ္ဒါ တရားထက်သန်သော အလုပ်ရှင်အဖြစ် နာမည်ကြီး အချိန်ပြည့်ဝန်ထမ်း ၄၀ဝ၀ဝ တို့တွင် သစ္စာ စောင့်သိစိတ်ရှိစေနိုင်စွမ်း ရှိသူဖြစ်သည်။ မြန်မာ နိုင်ငံ၏ ပထမဦးဆုံး လေယာဉ်မှူးအပါအဝင် ဝန်ထမ်းရာပေါင်းများစွာ ပင်လယ်ရပ်ခြားတွင် သွားေ၇ာက် ပညာသင်ကြားခွင့်ရရှိကြပြီး အလုပ် ကြိုးစားသောမန်နေဂျာများ ထိပ်တန်းခံစားခွင့် လျင်မြန်စွာရရှိကြသည်။ "သူဘာရရ သူမျှဝေပေးတယ်။ သူကတရား မျှတတဲ့သူတစ်ယောက်ပဲ"ဟု သူနှင့်အပြိုင်မြန်မာ လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။ ဘောလုံးဝါသနာရှင်နှင့် ကလပ်ပိုင်ရှင်တစ် ဦးဖြစ်သူ ဦးတေဇသည် သူ၏ ကလပ်လေ့ကျင့် ရေးကွင်း၌ ဝန်ထမ်းများဘောလုံးပွဲတွင် ဝင်ရောက် ကစားလေ့ရှိသည်။ သူသည် မြန်မာဂီတကို ကမကထပြု အားပေးသူ တစ်ယောက်လည်းဖြစ်သည်။ FORBES ASIA နှင့် နေ့လည်စာအတူစားပြီး နောက်တွင် သူသည် မြန်မာသီချင်း CD တစ်ချပ် ကို စက်ထဲ ထည့်ပြီး သူ၏ဂစ်တာကိုဆွဲထုတ် ကာ သူ၏ အမှုဆောင်အရာရှိများကို လှမ်းခေါ် လိုက်သည်။
"ခင်ဗျားတို့ ဒီသီချင်းနားထောင် စေချင်တယ်"ဟု သူကဆို၍ အလေးအနက်အာ ရုံစိုက်လျက်အသွင်ဖြင့် တေးတစ်ပုဒ်ကို တီးခတ် သည်။ ပေါက်ကြား သွားခဲ့သည့် အမေရိကန်သံတမန် ဆိုင်ရာ ကြေးနန်းများကြားမှ ကောက်ယူရရှိခဲ့ သည့် သတင်းတစ်စကမူ ဦးတေဇသည် ယခင် ပျက်ကိန်းဆိုက်သည် ဟူသော အနေအထားများကို အံတုနိုင်ခဲ့ကြောင်းဖော်ပြခဲ့သည်။ "ကျွန်တော် တို့၏ စီးပွားရေးလုပ်ငန်း အဆက်အသွယ်အများ အပြားက ဦးတေဇ ဒေဝါလီ ခံကိန်းဆိုက်နေသည် ဟု ယုံကြည်ကြောင်း ၂၀ဝ၉ ခုနှစ်၊ မတ်လတွင် အမေရိကန်သံရုံးက ဝါရှင်တန်သို့ သတင်းပို့ ခဲ့သည်။ နောက်တစ်နှစ်တွင်မူ ဦးတေဇကျ ဆုံးနေပြီဟု ကောလာဟလများပျံ့နှံ့နေပြီး နောက် ပေါက်ခရိုနီများဖြင့် အစားထိုးခဲ့ရသည်ဟု စီးပွား ရေးလောကတွင် သတင်းဖြစ်နေသည်"ဟု ဆိုခဲ့ပြန် သည်။ ရဟတ်ယာဉ်မ ပျက်ကျခင်ကပင် ဦးတေဇ ဘဝဆုံးခန်းတိုင်ပြီဟူသော သတင်းများ ပုံကြီးချဲ့ ပေါ်ထွက်ခဲ့ပုံရသည်။ နောက် ဆုံးဟားတိုက် ခွင့်ကြုံသူ ဦးတေဇ ပင်ဖြစ်ကောင်းဖြစ်နိုင်သည်။

မင်းပိုင်


Saturday, November 3, 2012

နားခိုစရာလေး တစ်ခုတော့ လိုချင်တယ်


Photo
ကျွန်မတို့မှာ မိသားစုသုံးယောက် ရှိပါတယ်။ ကျွန်မတို့ လင်မယား နှစ်ယောက်ရယ်၊ ကျွန်မသမီးလေးရယ်ပေါ့။  ကျွန်မအမျိုးသားက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ တစ်လကို နှစ်သိန်းလောက် ရပါတယ်။ ကျွန်မကတော့ ကလေးမွေးပြီးကတည်းက ကျွန်မကလေးကို ကူညီကြည့်ရှုပေးမယ့် လူခွဲမရှိတာနဲ့ အလုပ်လုပ်လို့ မရတော့တာပါ။ ကျွန်မတို့ အိမ်ထောင်သက်တမ်း ငါးနှစ်ကျော်လာပါပြီ။ ကျွန်မတို့မှာ မိဘကလည်း အမွေအနှစ်မထားခဲ့တဲ့ အတွက် ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်ဘဝကိုယ် ကျောင်းခဲ့ရတဲ့ လူတွေပါ။ အသက် ၁၀ နှစ်အရွယ် မိဘလက်ထက်မှာကတည်းက အိမ်ငှားဘဝနဲ့ နေလာခဲ့တာ အိမ်ထောင်ကျတဲ့ သက်တမ်းနဲ့ပါ ထည့်တွက်လိုက်မယ် ဆိုရင် အိမ်ငှားဘဝနဲ့ နေလာခဲ့တာ ၁၇ နှစ် နီးပါး ရှိပါပြီ။ အိမ်ငှားဘဝနဲ့ နေလာခဲ့ရာမှာလည်း အိမ်ရှင်မျိုးစုံ၊ အိမ်မျိုးစုံ၊ အခက်အခဲမျိုးစုံနဲ့ နေလာခဲ့ရတာပါ။ တချို့အိမ်တွေဆို အိမ်က ကောင်းပေမယ့် အိမ်ရှင်က မကောင်း၊ အိမ်ရှင်က ကောင်းပေမယ့် အိမ်က မကောင်းနဲ့ နေလာခဲ့ရတာပါ။ ယခုအချိန်မှာ အိမ်ဈေးနှုန်းတွေ ကောင်းလာတာနဲ့အမျှ အိမ်ငှားခ ဈေးနှုန်းတွေလည်း များစွာကြီးမြင့်နေပါတယ်။ ပတ်ဝန်းကျင် သန့်သန့်၊ အိမ်သန့်သန့်နဲ့ နေချင်ပြီဆိုရင် အနည်းဆုံး အိမ်လစာ ငါးသောင်းမှ တစ်သိန်းဝန်းကျင် အထိ ရှိတတ်ပါတယ်။ ဒါတောင် သွားလာရေးလွယ်ကူတဲ့ မြို့တွင်းမြို့နယ်တွေမှာ ဒီနှုန်းနဲ့ မရနိုင်ပါဘူး။  ကျွန်မတို့ မိသားစုမှာ တစ်လစာရတဲ့ပိုက်ဆံကို အိမ်လစာနုတ်၊ အသုံးစရိတ်နုတ်၊ လူမှုရေးကိစ္စတွေနုတ်နဲ့  ကျန်ရှိတဲ့ငွေကို မနည်းစုမိအောင် လုပ်ရပါတယ်။ ပိုက်ဆံလေးစုမိလို့ အိမ်လေးဝယ်မယ် လုပ်ချိန်မှာ အိမ်ဈေးနှုန်းတွေ အဆမတန် ကြီးမားနေတဲ့အတွက် ကျွန်မတို့အတွက် အိမ်ပိုင်ရမယ့် အခွင့်အရေးတွေ ဝေးသထက်ဝေးလို့ လာနေပါပြီ။ အိမ်ဈေးနှုန်းများ ကြီးမားလာရတဲ့ အကြောင်းအရာတွေကို ဉာဏ်စွမ်းရှိသလောက် စဉ်းစားကြည့်တော့ အချက်အချို့ကို တွေ့ရပါတယ်။

ရန်ကုန်က အချို့ရပ်ကွက်တွေမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကွန်ကရစ်လမ်းတွေ ခင်းကျင်းပေးထားပြီး နောက်ပိုင်းမှာ အိမ်ပိုင်ရှင်တွေ၊ ပွဲစားတွေ၊ အကျိုးဆောင်တွေက လမ်းကောင်းလာမှုကို အခွင့်ကောင်းယူ၍ မြေကွက်နဲ့ အိမ်ဈေးနှုန်းများ မြှင့်ခေါ်လာတာ တွေ့ရပါတယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်များရဲ့ ဈေးကစားမှုတွေ၊ ပွဲစားနဲ့ အကျိုးဆောင်တွေက ဈေးကြီးအောင် တွန်းအားပေးတာမျိုးတွေကြောင့်လည်း အိမ်ဈေးနှုန်းများ ကြီးမားလာရခြင်းလို့ ထင်ပါတယ်။ ဘယ်အလုပ်မှ သိပ်မကောင်းတဲ့အချိန် မြေဝယ်ထားရင် အမြတ်သေချာတယ် ဆိုပြီး ငွေရှိသူတွေ အိမ်၊ မြေတွေဝယ် ရင်းနှီးလုပ်ကိုင်ကြလို့ တကယ်နေမယ့် သူတွေကတော့ အခန်းသေးသေးလေး ပိုင်ဖို့၊ မြေကွက်ကျဉ်းကျဉ်းလေး ပိုင်ဖို့တောင် မမျှော်မှန်းနိုင်အောင် ဈေးတွေ ကြီးလာပါတယ်။ အိမ်ဈေးနှုန်းများကို ကားဈေးနှုန်းများကဲ့သို့ ဈေးကျအောင် လုပ်မယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖတ်ရပါတယ်။ အခွန်စနစ်ဖြင့်လည်း  အိမ်ဈေးနှုန်းများကို ထိန်းချုပ်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေ ဈေးနှုန်းများကတော့  ယခုနေရာ တော်တော်များများမှာ ဈေးကျတာမတွေ့ရဘဲ ဈေးနှုန်းများ တက်မြဲတက်ဆဲ၊ ရောင်းတဲ့သူကလဲ ရောင်း၊ ဝယ်တဲ့သူကလည်းဝယ်၊ ဘာအခွန်မှ ပေးစရာမလိုဘဲ တက်ဈေးများနဲ့သာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခုလို အိမ်ခြံမြေဈေးနှုန်းများ မကျသရွေ့တော့ ကျွန်မတို့လို လူတန်းစားတွေ အဖို့မှာတော့ အိမ်ပိုင်ရဖို့ လမ်းစ တဖြည်းဖြည်းဝေးလို့  လာနေပါပြီ။ အချိန်တန် အိမ်ပြန်ရတတ်စမြဲ ဆိုသလို အိမ်ဆိုတာ ကျွန်မတို့အဖို့ နားခိုစရာလေး တစ်ခုပါ။ ကျွန်မတို့လို လူတန်းစားတွေ နားခိုစရာလေး တစ်ခုရဖို့အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးနည်း မြေကွက်များကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့သာ ဆုတောင်းနေရင်း....။

အိမ်ဝေးသူ
Written by 7Day News
Thursday, 18 Oct 2012 16:02

လမ်းပျောက်နေကြသူများ

Photo
ဖြစ်ရပ် ၁။ ကောင်မလေး တစ်ယောက် ကွန်ပျူတာရှေ့မှာ အင်တာနက် သုံးနေပါတယ်။ သူ့အတန်းက Assignment ရေးခိုင်းလိုက်လို့ Google ကနေ ဘာရေးရမလဲ ရှာဖွေနေတာပါ။  Gtalk ကိုလည်း ဖွင့်ထားသေးတယ်။ ရုတ်တရက် လူငယ်တစ်ယောက်က Gtalk မှာ သူ့ကို နှုတ်ဆက်ပါတယ်။ သူနဲ့ မသိတဲ့သူ ဖြစ်နေလို့ ကောင်မလေးကဘာမှ ပြန်မပြောပါဘူး။ ခဏနေတော့ အဲဒီလူကပဲ “စကားမပြောချင်ဘူးလား” လို့ မေးပါတယ်။ ကောင်မလေး ဘာမှပြန်မပြောပါဘူး။ နောက်တစ်အောင့်လောက်နေတော့  အဲဒီလူက ကောင်မလေးကို ထပ်ပြောပါတယ်။ “ပုံလှလှလေးတော့ တင်ထားပြီး စကားကျ ပြန်မပြောဘူး။ မပြောချင်လည်း  block လုပ်လိုက်ပါ။ မင်းလိုလူတွေရှိတာ အင်တာနက်နာတယ်” တဲ့။ ပါးစပ်အဟောင်းသားနဲ့ ကောင်မလေး အဲဒီလူကို ဘလော့လုပ်လိုက်ပါတယ်။

ဖြစ်ရပ် ၂။ “အမေ ကျွန်တော့်ကိုပိုက်ဆံပေးဦး”။ ပိုက်ဆံကို ဆတ်ခနဲယူပြီး ထွက်သွားသည်။ အမေဖြစ်သူ ဘာလှမ်းပြောမှန်းလည်း မကြားလိုက်။ ဂိမ်းဆိုင်ရောက်ဖို့က အရေးကြီးနေသည်။ ဆိုင်မှာ လူစုံနေပြီ။ အဖွဲ့ခွဲပြီး Dota ခုတ်ကြမယ်။ ခုတ်ရင်း အရှိန်က တက်လာပြီ။ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ဆဲဆိုလာပြီ။ “မင်းက ဘာကောင်လဲ။ မကျေနပ်ဘူးလား။ ဇရှိရင် မင်းနဲ့ငါ တစ်ယောက်ချင်း ချမယ်” ဟုတ်ကဲ့။ ဂိမ်းဆော့ရင်း အရှိန်လွန်ကုန်ပြီး အပြင်မှာလည်း ရိုက်ကုန်၊ နှက်ကုန်၊သတ်ကုန်ကြပါပြီ။

ဖြစ်ရပ် ၃။ ကျွန်မတို့ ကျောင်းသည် စီးပွားရေး တက္ကသိုလ်ပါ။ ဘယ်မေဂျာကိုပဲ ယူယူ၊ အခြေခံ စာရင်းအင်းလောက်၊ စာရင်းကိုင်လောက်၊ စီမံခန့်ခွဲမှု အကြောင်းလောက်၊ ဘောဂဗေဒလောက်တော့ သင်ရပါတယ်။ အဲဒီ အခြေခံတွေက မေဂျာတိုင်းရဲ့ အခြေခံသင်ရိုးမှာ ပါပြီးသားပါ။ အခုစာမေးပွဲတွေ ဖြေပြီးကြလို့ ကျောင်းတွေ နှစ်လပိတ်တော့ ဘာလုပ်မှာလဲ အပြန်အလှန် မေးကြတော့ LCCI တက်မှာတဲ့။ ACCA တက်မှာတဲ့။ အဲဒါတွေက ကျောင်းက ဖတ်စာအုပ်ထဲမှာ သင်ပြီးသား မဟုတ်ဘူးလား။ မသိဘူးတဲ့။

ပထမဆုံး ဖြစ်ရပ် ၁ မှာ လာစကားပြောတဲ့ ကောင်လေးလို လူငယ်တွေဟာ တော်တော် သနားစရာကောင်းသူပါပဲ။ အင်တာနက်ပေါ်ရောက်ရင် မသိတဲ့ ကောင်မလေးတွေကို အီစီကလီတွေ ပြောမယ်။ အဆင်ပြေရင် အပြင်မှာ ချိန်းမယ်။ခဏလောက် တွဲမယ်။ ဒါလောက်လေးပဲ သူသိပါတယ်။ အင်တာနက်ကို ဘယ်လိုနေရာတွေမှာ အသုံးချလို့ရမှန်း သူ့ခမျာ မသိရှာပါဘူး။ အင်တာနက်ကနေ စီးပွားရေး လုပ်လို့ရတယ်။ အင်တာနက်ကနေ စာသင်လို့ ရတယ်။ အင်တာနက်ကနေ စာတွေ ရှာဖတ်လို့ရတယ်။ အင်တာနက်ကနေ မိုင်ပေါင်း ထောင်ချီ ဝေးနေတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရတယ်။ ဒါတွေ သူမသိရှာပါဘူး။

ဖြစ်ရပ် ၂ က လူငယ်တွေကတော့ ဘာလုပ်ရမှန်း မသိဘဲ လေနေတဲ့သူတွေပါပဲ။ ကျွန်မ သူငယ်ချင်းတွေထဲမှာလည်း ဂိမ်းဆော့တဲ့သူတွေ ရှိပါတယ်။ အလွန်အကျွံ နေ့မနား၊ ညမအိပ် ဆော့တဲ့သူတွေ ရှိသလို တစ်ခါတလေ အပျင်းပြေ ဆော့တဲ့သူတွေလည်း ရှိပါတယ်။ အရက်ကိုသောက်ရင်း အရက်က ကိုယ့်ကို ပြန်သောက်တယ်ဆိုသလို ဂိမ်းဆော့ရင်း ကိုယ့်ဘဝကို ဂိမ်းက ပြန်ကစားသွားပါတယ်။ အဲဒီလောက်ကြီး ဂိမ်းဆော့ပြီး ကိုယ့်ဟာကိုယ် ဂိမ်းတွေ တီထွင်နိုင်သွားတယ်ဆိုလည်း တစ်မျိုးပေါ့။ (အဲဒီလိုတော့ တစ်ခါမှ မကြားမိပါဘူး။) ဂိမ်းစွဲတာလည်း ဘိန်းစွဲတာလိုပါပဲ။ ဖြတ်ရခက်သလို ကိုယ့်အသက်၊ ကိုယ့်ဘဝကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့လည်း သွားကြည့်လိုက်ရင် ရောင်းအကောင်းဆုံးက ဂိမ်းဆိုင်တွေပါပဲ။

ဖြစ်ရပ် ၃ ကတော့ တစ်ခုခုတော့ လုပ်ချင်တာပဲ။ ကိုယ့်ဟာကိုယ်တော့ ဘာလုပ်ရမှန်းလည်း မသိဘူး။ သူများလုပ်လို့၊ သူများ ပြောသံကြားလို့ လိုက်လုပ်တဲ့သူတွေပါပဲ။ လိုက်လုပ်နေပေမယ့်လည်း စိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး။ ဒီနေ့သင်၊ နောက်နေ့မေ့၊ စာမေးပွဲနီးတော့ တစ်ပွဲတိုးနှစ်ပုဒ်၊ သုံးပုဒ်လောက်ကြည့်၊ သီအိုရီကိုလည်း နားမလည်၊ စာမေးပွဲအောင်၊ အောင်မြင်ကြောင်း စာရွက်လေး တစ်ရွက်ရရင် ကျေနပ်ကြတဲ့သူတွေပါ။ ကျွန်မတို့ အဘိုးတို့၊ အဖေတို့ခေတ်တွေတုန်းက ကျူရှင် မရှိပါ။ အဲဒီလို အပြင်သင်တန်းတွေလည်း ခေတ်မစားပါ။ ဒီပလိုမာတွေလည်း တစ်လှေကြီး မရှိပါ။ ဒါပေမဲ့ သူတို့တွေ တကယ် စာတတ်ကြပါတယ်။ ကျွန်မတို့မှာတော့ ဒီစာတွေကိုပဲ သင်တန်းတွေလည်း အခါခါ ပြန်တက်ရဲ့သားနဲ့ လက်တွေ့ကျတော့ ပြန်အသုံးမချနိုင်ဘူး။

ညိုသူနွယ်
Written by Smart News
Monday, 29 Oct 2012 11:56

စစ်ဗိုလ်များနှင့်ပညာရေး (၁)


မကြာသေးမီက Facebook ပေါ်တွင် အောက်ပါ post လေးတစ်ခုကို တွေ့လိုက်ရပါသည်။
ပညာရေး ပြောင်းချင်ရင် ဒီလူတွေကို အရင်ပြောင်းဖို့လိုတယ်။
  • ဗိုလ်မှူးအေးကြူ - ဒုတိယဝန်ကြီး
  • ဗိုလ်မှူးဘိုဝင်း - ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  •  ဗိုလ်မှူးကြီးကျော်သူ - ညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးမျိုးညွှန့် - ဒုညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအေးလွင် - ညွှန်ချုပ် (အမှတ်(၂)အခြေံပညာဦးစီးဌာန)
  •  ဗိုလ်မှူးရဲလွင်အောင် - ဒုညွှန်ချုပ် (အမှတ်(၂)အခြေခံပညာဦးစီးဌာန)
  •  ဗိုလ်မှူးကြီးမျိုးမြင့် - ညွှန်ချုပ် (အမှတ်(၃)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအုန်းမြင့် - ညွှန်ချုပ် (ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)

ဝန်ကြီး အဆင့်မှာ စစ်တပ်ကလာလာ နိုင်ငံရေး ပါတီက လာလာပါ ဘယ်ဌာနမှာပဲ ဖြစ်ဖြစ် ညွန်ချုပ်၊ ညွန်မှူးအဆင့်ဆိုတာ operation ကို နောကျေနေတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။
Alex Rain
အထက်ပါစာစုလေးကို တင်လိုက်သူက မည်သည့်ရည်ရွယ်ချက်နှင့် တင်လိုက်သည်တော့မသိ။ ကျွန်တော့် အမြင်ကတော့ ပညာရေးဌာနသို့ စစ်တပ်မှပြောင်းဝင်လာသူတွေ ဤမျှ များလာခြင်းအပေါ် များစွာ စိတ်မကောင်းတော့ဖြစ်မိသည်။
စာသင်ခြင်းနှင့် စစ်တိုက်ခြင်းသည် မတူပါ။ စာသင်ခြင်းတွင် အနုပညာ၊ အတတ်ပညာ၊ အသိပညာ၊ စာနာ ထောက်ထားခြင်း၊ သနားကြင်နာခြင်း၊ ပေးဝေမျှယူ ခံစားမှုရှိခြင်းစသည့် အနုပညာပေါင်းစုံ ပါဝင်နေပါသည်။ စစ်တပ်က စစ်သားတွေ ပညာရေးလောကထဲရောက်လာပြီး အုပ်ချုပ်ရေးကို ကိုင်တွယ်ခြင်းသည် ပညာရေး ဌာနအတွက် ကောင်းရန်လော၊ ဆိုးရန်လောဆိုသည်မှာ ရလဒ်များဖြင့် တိုင်းတာရမည်သာဖြစ်ပါသည်။ ၁၀ စု ပေါင်းများစွာ စစ်သားများ ပညာရေးလောကတွင် စိုးမိုးလာခဲ့ပါသည်။ မြန်မာ့ပညာရေး ဘာတွေ တိုးတက်ပြောင်း လဲသွားပါသနည်း။
မကြာသေးမီက 7 Day News Journal တွင် “အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ” ဆိုသည့် ဆောင်းပါးကို ဖတ်လိုက်ရသည်။ ရေးသူမှာ ထွန်းခိုင်ဟုသိရပြီး မြတ်စုမွန်၊ အိဖြူမွန်၊ ဝတ်ရည်အောင် တို့က အားဖြည့်ထားသည်ဟု ဆိုထားသည်။ သူတို့က အဖွင့်မှာကတည်းက
“အရပ်ဘက်အစိုးရဌာနများအတွင်း မိုးကျရွှေကိုယ် တပ်မတော်အရာရှိများ ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်း က လုပ်သက်ရှိ အရပ်သားဝန်ထမ်းတို့အား မျှော်လင့်ချက်ကင်းမဲ့စေ” ဟုဖွင့်ထားသည်။ ဆက်ပြီး
“သူတို့အခေါ် လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့ လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ ဌာနအတွင်းရှိ ကျွမ်းကျင်သူများ အထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများအတွက် အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင် ကိုင်ချင် စိတ်များ ကုန်ခမ်းစေသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်း အငြိမ်းစားနှင့် လက်ရှိ လုပ်ကိုင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြောကြားသည်” ဆိုသည့် ထောက်ပြချက်လေးသည် စဉ်းစားစရာဖြစ်လာပါသည်။
ကျွန်တော့်ကိုယ်တွေ့လေး ပြောပြချင်ပါသည်။ ဖိုးသူတော်ကတော်တော် မယ်ဘော်ကကဲကဲတွေ ထိုတပ်မတော် သားတွေရောက်လာမှ ဖြစ်ကြသည့် အကြောင်းဖြစ်သည်။
၁၉၈၈ ခုနှစ် အရေးအခင်းပြီးသည့်နောက်တွင် ပညာရေးဌာန တိုင်းအဆင့်ရာထူးကြီးတွေလည်း ပြောင်းလဲမှုများ သည်။ အရေးအခင်းတွင် ခပ်ဆိုးဆိုး တိုင်းမြို့များသို့ ခပ်ဆိုးဆိုး အရာရှိဆိုးတွေရောက်လာသည်။ ထိုအထဲတွင် ကျွန်တော်တို့ ပဲခူးမြို့လည်းပါသည်။ တိုင်းအဆင့်အရာရှိတစ်ယောက်ရောက်လာပြီး အဟိန်း အဟောက်များ ကြားတွင် ပညာရေးဌာနမှဆရာ ဆရာမများ စိတ်တွေပင်ပန်း ညှိုးနွမ်းကြရသည်။ ပိုဆိုးသည်က စစ်တပ်စကား ကို ထို အရပ်သားအရာရှိများ အငှားသုံးလာကြခြင်းဖြစ်သည်။
“ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်” ဟု အစည်းအဝေးတိုင်းတွင် မကြာခဏ ပြောလာခြင်း က ကျွန်တော်တို့ ပညာရေးဌာနနှင့် မည်သို့မျှ မအပ်စပ်သဖြင့် စိတ်ပျက်စရာကောင်းလှသည်။ ဆရာလောက တွင် အကြင်နာမေတ္တာတွေဖြင့် လွှမ်းခြုံကာ ချစ်ကြည်ရင်းနှီးစွာ လုပ်ကိုင်လာခဲ့ကြသော အသိုင်းအဝန်းလေး သည် “လုပ်ရင်လုပ် မလုပ်ရင်ဖြုတ်” ဆိုသည့် အာဏာသံများနောက်တွင် ပင်ပန်းခဲ့ကြရသည်။
ကျွန်တော်တို့ဆရာလောကတွင် တစ်ဦးနှင့် တစ်ဦး ဖေးမကူကာ၊ ဘဝတူချင်း ယိုင်းပင်းကူညီတတ်ကြသည်။ အထူးသဖြင့် ကျေးလက်တွင် ကျွန်တော် ကျောင်းဆရာလုပ်ခဲ့သမျှ ကာလတစ်လျှောက်လုံး ရာထူးကြီးငယ် မဟူ “ဆရာ” “ဆရာမ” ဟုသာ ချစ်စဖွယ်ခေါ်ပြီး တစ်ဦးကိုတစ်ဦး ဆက်ဆံခဲ့ကြသည်။ တစ်ရွာ တစ်ကျောင်း ရောက် သည့်ကျောင်းတွင် စားစရာ၊ အိပ်စရာ၊ နေစရာမရှား အချင်းချင်း ယိုင်းပင်းသည့် စိတ်ဓာတ်တွေရှိကြသည်။ ဆရာအချင်းချင်း အရာရှိက လက်အောက်ငယ်သားကို ဆက်ဆံသလိုမျိုး မရှိခဲ့သဖြင့် ဆရာလောက စိတ်ချမ်း မြေ့စရာ ကောင်းခဲ့ပါသည်။
သို့သော် စစ်အာဏာရှင်များ၏ အလိုတော်ရိ အရာရှိဆိုးများသည် ယခင် မဆလခေတ်မှ အာဏာကို နအဖ ခေတ်သို့ ဆက်ယူလာသည်။ အထူးသဖြင့် မဆလခေတ်တွင် ပညာရေးဌာနနှင့် မျက်ခြေပြတ်ပြီး ပါတီအရိပ် ဝင်ခိုကာ ဥက္ကဌ၊ အတွင်းရေးမှူး လုပ်စားသူများသည် ပညာရေးဌာနသို့ မူလရာထူး၊ အဆင့်မြင့်ရာထူးများ ဖြင့် တစ်ဖန် ရောက်လာပြန်ကာ ဖိနှိပ်မှုနှင့် အာဏာကို ဆက်လက်အသက်သွင်းကြသည်။
အထူးသဖြင့် ထင်ရှားသည်မှာ “မာလ်တီမီဒီယာ” ဆိုသည့် ဗိုလ်ချုပ်ခင်ညွန့်နှင့် ပညာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ လက်စွမ်းပြသည့်ပွဲတွင်  ကျောင်းနှင့် ကျောင်းအုပ်ကြီးများ ကျောကော့နေအောင် ခံစားကြရသည်။
မာလ်တီမီဒီယာ စာသင်ခန်းများမဖွင့်မီ၊ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ခင်ညွန့်နှင့်အဖွဲ့ လာပြီးမဖွင့်မီ၊ ထိုဖွင့် မည့်ကျောင်းများကို တစ်လခန့်ကြိုတင်ပြီး ဇာတ်တိုက်ရပါသည်။ ပထမဦးဆုံး ညွှန်ချုပ်ကြီးကိုယ်တိုင်ဆင်းပြီး ကျောင်းအုပ်ကို ဟိန်းဟောက်ခြိမ်းခြောက်မည်။ မလုပ်ရင်ဖြုတ်မည်။ ပြောင်းမည်။ ပင်စင်ပေးမည်စသည်ဖြင့် စိတ်ဆင်းရဲအောင်ပြောပြီး တာဝန်တွေပေးအပ်ကာ ပြန်သွားမည်။
ထိုအချိန်တွင် ညွှန်ချုပ်ကြီးလူယုံ စစ်သံ၊ စစ်ဟန်ပေါက်နေသော လက်ထောက် ညွှန်ကြားရေးမှူး တစ်ယောက် ကို ထိုကျောင်းတွင် ကျောင်းအိပ်ကျောင်းစားထားခဲ့မည်။ ထိုသူက ကျောင်းအုပ်ကိုလည်းကောင်း၊ ဆရာ ဆရာမများကိုလည်း ကောင်း လူမထင်သည့်မျက်နှာပေးဖြင့် တစ်ကျောင်းလုံးလှည့်ကာ ဟိန်းဟောက်ပြီး ခိုင်းချင်တာတွေ ခိုင်းမည်။ ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာများကို ကွင်းထဲထုတ် နေလှမ်းကာ သတိ၊ သက်သာ၊ အေးစေဆွဲခိုင်းပြီး ကမ္ဘာမကြေသီချင်းကို မညီမချင်းဆိုခိုင်းမည်။ ကျောင်းမိဘဆရာ အသင်းအဖွဲ့ဝင် လူကြီးများကို ဗိုလ်ချုပ်ခင်ညွန့်ကို ကြိုသလို ဇာတ်တိုက်မည်။ သူကိုယ်တိုင် ဗိုလ်ချုပ်ခင်ညွန့်လို ကားပေါ်မှ ဆင်းလာသည့်စတိုင်လုပ်ပြီး မိဘဆရာအသင်းလူကြီးတွေကို လက်အုပ်ချီကာ ကြိုခိုင်းမည်။ “ပဉ္စဂုဏံ အဟံဝန္တာမိ၊ အာစရိယဂုဏံ အဟံဝန္တာမိ၊ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့်စကားလုံးကို တစ်ကျောင်းလုံး မညီမချင်း ပြန်ရွတ်ခိုင်းမည်။ မိဘဆရာအသင်းမှ လူကြီးများကို ကမ္ဘာမကြေသီချင်းမရသဖြင့် ကွင်းထဲတွင် မောင်းရာမှ အသက် ၇၀ ကျော် ကျောင်းသားဘိုးအေကြီးတစ်ယောက် မတ်တပ်လဲကျသွားပြီး ဆေးရုံ တင်ရသည်အထိ ညွှန်ချုပ်၏လက်ပါးစေကလည်း လက်စောင်းထက်လှသည်။
မာလ်တီမီဒီယာဖွင့်ပွဲ ကျင်းပချိန်သည် ၁၅ မိနစ်ခန့်လောက်သာရှိပါလိမ့်မယ်။ လမ်းလျှောက်မြန်လှသော ဗိုလ်ချုပ်ခင်ညွန့်သည် တစ်ခန်းဝင်တစ်ခန်းထွက် “မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့် စကားသံလေးတွေကို ပြုံးပြပြီး နောက်ဆုံး လက်ကလေးဝှေ့ယမ်းကာ ကျောင်းမှထွက်ခွာသွားမှ ထိုကျောင်းလည်း စစ်မိန့်၊ စစ်သံဖြင့် အရပ်သားစစ်စစ်၏ ဟိန်းဟောက်သည့်ဒဏ်မှ ကင်းလွတ်ကာ သက်ပြင်းချနိုင်ကြသည်။
စစ်ဗိုလ်ကြီးများက မာလ်တီမီဒီယာကို အကောင်အထည်ဖော်ခိုင်းသည်။ ပညာရေးဝန်ကြီးနှင့် ညွှန်ချုပ်ကြီးတွေ က မဖြစ်နိုင်မှန်း၊ သဘာဝမကျမှန်း သိလျက်နှင့် လိမ်ညာပြီး ဇာတ်ထွက်ခိုင်းသည်။ ကျောင်းနှင့် ဆရာများက ကလိမ်ခြုံဇာတ်ကို ဝိုင်းကပေးကြသည်။ ဗီလိန်တွေက ဇာတ်နာအောင် ခြေဖြင့်နင်းပြီး မိုးလင်းအထိ နှစ်ပါးသွား ခိုင်းသည်။ ၈၈ အရေးအခင်းကတည်းက ဦးကျိုးနေသော ကျောင်းဆရာများသည် ပြန်လည်းမပြောရဲ၊ မဖြစ်နိုင် တာကို မဝေဖန်ရဲ၊ မဖြစ် ဖြစ်အောင် ဝိုင်းပြီး နားညည်းသက်သာစေရန် အကောင်အထည်ဖော်ပေးလိုက်ကြ သည်။ ဤသို့ဖြင့် မာလ်တီမီဒီယာသည် ကျောင်းများတွင် ဖွင့်ပြီးနောက် မအီမသာ နိဂုံးချုပ်ကြရသည်။
ငှားထားသည့် ကွန်ပျူတာတွေပြန်ပို့ကြ၊ ဆေးသုတ်ထားသည့် အခန်းများတွင် စာသင်ခုံတွေပြန်ထားကြ၊ ဟန်ပြတပ်ထားသော နားကြပ်တွေ ကက်ဆက်တွေကို ပြန်ဖြုတ်ပြီး ဆိုင်ပြန်ပို့ကြ၊ နောက်ပိုင်း မာလ်တီ မီဒီယာပွဲအတွက် အငှားလိုက်တပ်ပေးသော အဖွဲ့တွေတောင် ခေတ်စားလာသည်။ ကားနှင့်လာ၊ တပ်ဆင်၊ ပွဲပြီးလျှင် ပြန်ဖြုတ်သိမ်း၊ ငှားခကို နေ့စားနှင့်ရှင်းပေး၊ ဟန်ကျလိုက်သည့် ခေတ်မီကျောင်းများထူထောင်ရေး စနစ်။
ဤသို့ လိမ်ညာလုပ်ကာ ဟန်ရေးပြရသည်ကို အထက်မှ မသိပါ။ အောက်ခြေမှလုပ်တာဖြစ်သည်ဟု ပြောလျှင် ကျွန်တော်လက်မခံပါ။ အဘယ်ကြောင့်ဆိုသော် ဘယ်ပစ္စည်းကို ဘယ်မှာယူ၊ ဘယ်အဖွဲ့ကို ဘယ်ကသာငှား၊ ကိုယ့်လူ ကိုယ့်အဖွဲ့သားများနှင့် ဇာတ်ကသလို ရောက်လာစေရန် အဆိုပါ အထက်ပိုင်းမှသာ စီစဉ်လာကြခြင်း ဖြစ်သောကြောင့် အောက်ခြေက ညာသည်ဟူသော အပြောမျိုးကို ကျွန်တော်လက်မခံရခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာမရှိသော ကျောင်းများတွင်၊ ကွန်ပျူတာမတတ်သည့် ကလေးများကို တစ်နေ့တစ်ညလောက် ဖွင့်/ပိတ် တတ်စေရန်သင်ပေးပြီး လူကြီးတွေကို ညာခိုင်းရသည့် ဇာတ်တိုက်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။
နောက်တစ်ပတ်ဆက်ပါမည်

အလုပ်အကိုင် အခွင့် အလမ်းနှင့် ခြေလွတ် လက်လွတ် အိပ်မက်များ

အလုပ်အကိုင် အခွင့် အလမ်းနှင့် ခြေလွတ် လက်လွတ် အိပ်မက်များ”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့်တော့ပါဘူး။ ကျွန်မ အခုချိန် မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ်တစ်ခုခုရဖို့ပဲ စိတ် ကူးရှိတော့တယ်” ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေးပညာအဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှုပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန်လုပ်ကျွေးမှုပြုရန် စိတ် ကူးခဲ့သည်။
သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များအပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေးခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် …. ”စီးပွားရေးနဲ့ ကျောင်းပြီးတဲ့ အတွက် ဘဏ်မှာ လုပ်ချင်တယ်။ အဲ့ဒါကြောင့် ကျောင်းပြီးကတည်း က ဘဏ်မှာ CV Form တွေတင် တာ။ ဘဏ်နှစ်ခုမှာ အင်တာဗျူး ဝင်ခွင့်ရခဲ့တယ်။ အလုပ်မရခဲ့ဘူး။ CB ဘဏ်မှာ အင်တာဗျူးဝင်တုန်း က ခေါ်မယ့်ဝန်ထမ်းက လေးဆယ် ကျော်တဲ့။ အင်တာဗျူးလာဖြေတာ က လေးရာကျော်ရှိတယ်။ ဘဏ် တွေက ဝင်ဝင်ချင်း လစာတစ်သိန်း ခွဲပေးတဲ့အပြင်ဖုန်းဆိုလည်း အရစ် ကျနဲ့ဝယ်ပေးတယ်။ Facilities ကလည်း ကောင်းတယ်ဆိုတော့ မိန်းကလေးတော်တော် များများက ဘဏ်မှာလုပ်ချင်ကြတယ်။ အင်တာ ဗျူးတော့ငွေကြေးပိုင်းဆိုင်ရာတွေ မေးတယ်။ မေးတဲ့အထဲက တစ်ခုကို မဖြေနိုင်ခဲ့ဘူး။ နောက်ဘဏ်တွေမှာ အင်တာဗျူး ဖြေရင်းသိရတာက အသိရှိမှအကပ်ရှိမှ အလုပ်ရတာလို့ လည်း ပြောကြတယ်။ ကျွန်မက တော့အဲဒီမေးခွန်း မဖြေနိုင်လို့လား အကပ် မရှိလို့လား မသိဘူး။ အလုပ်မရ ဘူး။ ကျွန်မနဲ့ အင်တာဗျူး အတူတူဝင်တဲ့ သူငယ်ချင်းတစ် ယောက်က အလုပ်ရသွားတယ်။ သူကတော့ အဲဒီဘဏ်မှာ အသိရှိ တယ်လေ”ဟု ဘဏ်ဝန်ထမ်းဘဝ ကို စိတ် ကူးယဉ်ခဲ့သော မသဇင်ကအလုပ်ရရှိရေး အင်တာဗျူးဝင်ခဲ့ပုံ များကို ပြန်ပြောင်းပြောပြသည်။
ယခု မသဇင်တစ်ယောက် အလုပ်အင်တာဗျူးပေါင်းများစွာ ဖြေခဲ့ပြီးပြီ။ သို့သော် အလုပ်တစ်ခု မျှ မရသေးပေ။ တစ်နေ့ အလုပ် တစ်ခုရမည်ဟု ယုံကြည်လျက်ပင်။ ”ဒီလ ထဲမှာပဲ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှစ်ခုမှာ CV Form တင် ထားတယ်။Office Staff အနေနဲ့ပဲ တင်ထားတာ။ အင်တာဗျူး တစ်ခါဝင်ပြီးပြီ။ ခန့်မှန်းလစာမေးလို့ ရှစ်သောင်းခွဲ လို့ပြောလိုက်တယ်။ အဲဒီအလုပ် လည်း မရပါဘူး”ဟု စိတ်ပျက်အား လျော့သော လေသံ ဖြင့် အသက် ၂ဝ ဝန်းကျင်ခန့်ရှိသေးသူ မသဇင် က ပြောသည်။ အလုပ်လက်မဲ့ ၆ သန်း မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိသည့်အနက် အလုပ်လုပ်နိုင် သော ဦးရေမှာ ၃၆ ဒသမ ၈၄ သန်းရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုအလုပ်လုပ်နိုင်သူဦးရေထဲမှ ၃ဝ ဒသမ ၄၉ သန်းသော လူဦးရေသာအလုပ်အကိုင်ရရှိနေပြီး ကျန် ၆ ဒသမ ၃၅ သန်းသော လူဦးရေမှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း သိရသည်။”မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦး ရေ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာ တာနဲ့အမျှ အလုပ်လက်မဲ့ ဦးရေက လည်း နှစ်စဉ်တစ်သန်းလောက်တိုး ပွားနေတယ်” ဟု အ လုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။အထက်ပါ အလုပ်သမားဝန် ကြီးဌာန၏ စာရင်းဇယားသည် အ လုပ်သမားမှတ်ပုံတင်စာရင်းနှင့် အ လုပ်အ ကိုင်ရရှိမှု စာရင်းများကို သာအခြေခံ တွက်ချက်ထားခြင်း ဖြစ်ရာ ရာနှုန်းပြည့် မှန်ကန်မှုရှိသည် ဟုတော့ မဆိုနိုင်ချေ။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိရာ တော ရော၊ မြို့ပါမကျန် အလုပ်လက်မဲ့ဦး ရေ များပြားစွာရှိနေသည်။ အလုပ် အကိုင်အခွင့်အလမ်း များပြားစွာ ရှိနေသော ရန်ကုန်မြို့ကြီးတွင် မသဇင်ကဲ့သို့ အလုပ်လုပ်ချင်စိတ်ရှိ ပြီးအလုပ်အကိုင်မရှိသူ များစွာရှိ နေသလို ရန်ကုန်မြို့ရှိ လူငယ် ယောက်ျားလေး အတော်များများမှာ နေ့စဉ် လက်ဖက်ရည်ဆိုင်၊ ဂိမ်း ဆိုင်နှင့် အင် တာနက်ဆိုင်များတွင် ဒုနှင့် ဒေးရှိနေသည်။ တက်စရာသင်တန်းတွေက များ ”B.Com နဲ့ကျောင်းပြီးဖို့ ၄ နှစ်တက်ခဲ့ရတယ်။ ကျောင်းပြီးတော့ တစ်နှစ်လောက် အလုပ်မဝင်သေး ဘဲနဲ့LCCI၊ Computer သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ လျှောက် တက်ခဲ့တယ်။LCCI ဆို Level 2 အထိ တက်ခဲ့တယ်။ ကွန်ပျူတာ ဆိုအခြေခံလိုအပ်တာအကုန်ပဲ။ ဒီသင်တန်းတွေအတွက် သင်တန်း ကြေးက အနည်းဆုံး မကုန်ဘူးဆို ကျပ် သုံးသိန်းလောက်ရှိမယ်။ အခု စာရင်းကိုင်အလုပ်နဲ့ မီဒီယာတစ်ခု မှာ အလုပ်ဝင်လုပ်နေတယ်။ အင် တာဗျူးခေါ်တုန်းကလည်း ဘွဲ့တွေ ကိုကြည့် ပြီး ခေါ်ခဲ့တာပဲ။တကယ့် တကယ်အလုပ်ထဲကျတော့ ကိုယ် သင်ခဲ့ရတာနဲ့ လုပ်ရတာ တခြား စီဖြစ်နေတယ်။ ဒါကြောင့် အလုပ် ကထွက်လိုက်တာတစ်နှစ်လောက် ရှိပြီ”ဟု အသက် ၂၅ နှစ်အရွယ် မသဲစုမိုး ကပြောသည်။
မသဲစုမိုး နည်းတူ ရန်ကုန်မြို့ရှိ ငွေကြေး အတန်အသင့်တတ်နိုင်သူ လူငယ် အတော်များများသည် ကျောင်းပြီး ပါက လုပ်ငန်းခွင် ချက်ခြင်းဝင် ရောက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ရည်ရွယ် ၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရင်းအင်းသင်တန်း စသည့် သင်တန်းပေါင်းစုံ ကို ငွေကြေးများစွာအကုန်အကျခံ၍ ဆက်လက် တက်ရောက်ကြသည်။ ထို့ပြင် နယ်မှလာ၍ အလုပ်တစ်ခု လုပ်ရင်း သင်တန်းလာရောက် တက်သူများ လည်းရှိ သည်။ ထို့အတွက် ရန်ကုန် မြို့အပါအဝင်မြန်မာနိုင်ငံရှိ မြို့တိုင်း တွင်ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊စာရင်းအင်းသင်တန်း များ တစ်ခေတ်ဖြစ်လာခဲ့သည်။ ”ကျွန်ေ တာ် ကွန်ပျူတာသင် တန်းတက်ခဲ့တယ်။ LCCI တက်ခဲ့ တယ်။ ကွန်ပျူတာနဲ့ ပတ်သက်လို့ တစ်နှစ်လောက် Service Centre မှာ လုပ်ခဲ့တယ်။ ကျွန်တော် သင်ခဲ့ တာနဲ့ ပတ်သက်လို့ ဒါပဲ လုပ်ခဲ့ရ တယ်။ ကုမ္ပဏီက အကြောင်း ကြောင်းကြောင့် နားသွားတော့ ကျွန်တော် အလုပ်လက်မဲ့ဖြစ်တယ်။ အကြာ ကြီးနေလို့ အလုပ်ပြန်ရတော့ သင် ထားတာတွေနဲ့ ဘာမှ မဆိုင် ဘူး။ ဦးလေးရဲ့ ထောက်ခံချက်နဲ့ အလုပ်တစ်ခု ရတယ်ဆိုတာပဲ အဖတ်တင်တယ်။ ဒါဆို ဘာလို့ ကျွန်တော်ပညာသင်မလဲ။ အလုပ် ရှာတဲ့ ကုမ္ပဏီတွေကရော လူတစ် ယောက်ရဲ့ အရည်အချင်း ထက် ဓာတ်သိရဲ့ ထောက်ခံချက်ကို ပို အလေးထားသလိုပဲ။ နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဘာသင် တန်း၊ ညာသင်တန်းဆိုတာတွေကို လူတွေက ပိုက်ဆံပေးလုပ်ကျွေးနေ ကြတာ”ဟု ကိုသက်ထွန်းနိုင်ဆိုသူလူငယ်တစ်ဦးက ပြောသည်။”LCCI Level 3 လက်မှတ် ရှိမှဆိုပြီးေ ခ်ါတယ်။ အင်တာဗျူး တော့ သူတို့ပေးတဲ့ လစာနဲ့ ကိုယ် သင်ထားရတာနဲ့ မတန်ဘူး။ ကိုယ် က ပညာလိုချင်ရင်တော့ တန်ပါ တယ်”ဟု အလုပ်ရှင်နှင့် အလုပ်သ မားကြား လိုအပ်ချက် ကွာခြားမှုကို ရှင်းပြသည်။
တိုင်းပြည်အတွင်း၌ အထက်ပါ ကဲ့သို့ လုပ်ငန်းရှင် လိုအပ်ချက် နှင့် လုပ်သားများ၏ လုပ်နိုင်စွမ်းကို ရေရှည်တွင် ထည့် သွင်းစဉ်းစားရ မည်ဖြစ်သည်။ထုထည်ကြီးကြီးမား မား မဟုတ်သော်လည်း နည်းပညာ အသားပေး နိုင်ငံတကာမှ လာမည့်ရင်းနှီးမြှုပ်နှံသူများက ထိုအချက်ကို ဦးစွာထည့် သွင်းစဉ်းစားမည်ဖြစ် သည်။ ထို့အတွက် တကယ် အလုပ် လုပ်လိုသူများ ကြိုတင်ပြင်ဆင်ထား ရန်လို အပ်သလို နိုင်ငံတော်ကလည်း တက္ကသိုလ်များမှ တစ်ဆင့် ဘာသာ ရပ်အလိုက် ကျွမ်းကျင်သူများ မွေးထုတ်ပေးရေးနှ င့် သက်မွေး ပညာ ရပ်များ သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုအပ်ကြောင်း အငြိမ်းစား အစိုးရ ဝန်ထမ်းတစ်ဦးက သူ၏ အမြင်ကို ပြောသည်။နည်းပါးသော အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်က လိုအပ် လာမည်ဖြစ်သော လူသား ရင်းမြစ် ဆတူအဆင်သင့်ဖြစ်ရန် မြန်မာလူ ငယ်ထုပေါ်တွင်များစွာမူတည်သည်။ ထိုအချက်က ယခုနှစ်အ တွင်း ရန်ကုန်မြို့၌ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ က နှစ်ကြိမ်တိတိပြုလုပ်ခဲ့သော အလုပ်အကိုင် အခွင့်အလမ်းပြပွဲက သက်သေတည်နေသည်။ ”အဲဒီပွဲတွေမှာ အလုပ်လာ လျှောက်တဲ့ သူတွေအများစုဟာ ငါဘယ်လို အလုပ်ကို လျှောက်မယ် ဆိုပြီး ပြင်ဆင်လာတာနည်းတယ်။ ဒီအတွက် အလုပ်ရရှိမှုနည်းတယ်” ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပရေး တာဝန်ခံနှင့် အခွင့်အလမ်းဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးသန်း စိုးက ပြောသည်။ ယင်းအပြင် အလုပ်အကိုင် ရရှိလိုသူများအနေဖြင့် လုပ်လိုသော အလုပ်နှင့် ကိုယ့်အရည်အချင်းကို သေချာစွာ စစ်ဆေးသင့်သည်။ ထို့ အပြင် အလုပ်လက်မဲ့ များရခြင်း၏ အကြောင်းအရင်းမှာ အလုပ်အ ကိုင်အခွင့်အလမ်းနေရာ နည်းပါး နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြပွဲ ၌ လာရောက်ပြသသော ကုမ္ပဏီ နှင့် အလုပ်အကိုင်ရှာဖွေသည့် လူဦးရေမျှတမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောပြသည်။”ဒီမှာက ကုမ္ပဏီတွေနဲ့ လုပ် ငန်းတွေကတော့ အစုံပါပဲ။ အလုပ် လာလျှောက်တဲ့ သူတွေလည်း အစုံပါပဲ။ အလုပ်အကိုင် အခွင့် အလမ်းရှားပါးတယ်ဆိုတာ က တော့ လုပ်ငန်းအတွေ့အကြုံ ရှိဖို့ ထက် လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါ တယ်”ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ် ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အေဂျင်စီကို ယုံမိလို့ ”ဆိုင်မှာ ဗီနိုင်းလေးဘာလေး လာအပ်ရင် Photoshop ကျွမ်း ကျင်ဝန်ထမ်း လိုတဲ့အကြောင်း အခွင့်အလမ်းဂျာနယ်ကနေ ကြေ ညာခဲ့တယ်။
အဲဒီမှာ အလုပ်ရှာတဲ့ အေဂျင်စီတစ်ခုက ဖုန်းလှမ်းဆက် ပါတယ်။ အရည်အချင်း စစ်ဆေး ပြီးသား၊ကျွမ်းကျင်တဲ့လျှောက် လွှာရှင် တစ်ယောက် ရထားပါ တယ်ပေါ့။ လာပို့ရမလားဆိုပြီး မေးပါတယ်။ ဟုတ်ပါပြီ။ အကျိုး ဆောင်ခ ဘယ်လိုပေးရမလဲပေါ့။ တစ်ယောက်ကနေ ဆယ်ယောက် အထိ အင်တာဗျူးပို့ပေးရင် ၅ဝဝဝ ယူပါတယ်။ တစ်ယောက်တည်း ဆိုရင်လည်း၅ဝဝဝ ပါလို့ပြော တော့၊ ဟုတ်ပါပြီ၊ ခေါ်လာခဲ့ပါ၊ တကယ်ကျွမ်းကျင်ရင် ခန့်မှာပါလို့ ပြောလိုက်တယ်။ အေဂျင်စီက ဝန်ထမ်းလုပ် ချင်တဲ့ ကလေးတစ်ယောက် လာပို့ ပါတယ်။ စိတ်ချပါ အစ်မ။ ကျွန်မ တို့ အသေအချာစစ်ဆေးပြီးမှ လာ ပို့တာဆိုလို့ လက်ခံလိုက်ပါတယ်။ ကလေးက ဓာတ်ပုံတွေဖြတ်တာ၊ နောက်ခံချိန်း တာ၊ ပြောင်း တာ တွေအဟုတ်ပါပဲ။ ဆိုးတာက အဲ ဒါတစ်ခုကလွဲပြီး တခြားဘာမှ မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဓာတ်ပုံအောက်မှာ ပုံစာလည်း ရိုက်ခိုင်းရော ဘာမှ မရိုက်တတ် ဘူး ဖြစ်နေတယ်။ ကျောင်းပညာ က ဆယ်တန်းအောင်တဲ့။ အောင် လက်မှတ်က အတုဖြစ်နေတယ်။ အဲဒါနဲ့ သနားလို့ ၁၅ ရက်စာ လုပ်ခပေးပြီး ပြန်လွှတ်မယ်ဆို တော့ သူ့မှာ လည်း အစ်မတို့က ပေး မယ်လို့ သဘောတူထားတဲ့ တစ်လ စာကို အေဂျင်စီမှာ ပေးခဲ့ရတယ် လို့ပြောတော့ သနားတာနဲ့တစ်လ စာပေးလိုက်ရတယ်။ ဒီလိုအေဂျင် စီတွေ ဆီကနေပို့တဲ့အလုပ်သမား ကို ကျွန်မတို့ ဘယ်လိုယုံကြည်ရ မလဲဟု ကွန်ပျူတာစာစီနှင့် ဓာတ် ပုံဆိုင်ရှင်တစ်ဦးက ပြောပါသည်။ ဥပဓိရုပ်ရှိဖို့လို လက်ရှိ ပြည်တွင်း အလုပ်အ ကိုင်နေရာအများစုသည် ၄င်းတို့ ဝန်ထမ်းဖြစ်လာမည့် သူကို အင်တာဗျူးစဉ်၌ပင် တစ်ကိုယ် ရည်သန့်ရှင်းမှုကို ဆန်းစစ်လေ့ရှိ ကြောင်း ၊ ခေတ်လူငယ်များ၏ နေထိုင်မှု ပုံစံများ ဖြစ်သည့် နားကပ်တပ်ခြင်းနှင့် ဆံပင်ပုံစံထူးထူးခြားခြားများကို သဘောမတွေ့ ကြောင်း၊ အထူးသဖြင့် ကွမ်းစား သော အမျိုး သားများကို အလုပ်ရှင် အတော်များများက ငြင်းပယ်လေ့ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သို့သော် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်ဆံရသော အလုပ် အကိုင်ရရှိလိုသူ လူငယ်အတော် များများက အလုပ်အကိုင် တစ်ခု ရရန်အတွက် ၄င်းတို့၏ လက်ထဲ တွင် ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ် တစ်ထပ်ကြီး လို အပ်နေသည်ဟုသာ တွေးနေ သည်။ မိမိ လုပ်ကိုင်လိုသည့် အလုပ် အကိုင်အတွက် ကျွမ်းကျင်မှု(Skill) ကို ထည့်တွက်သူမှာ အနည်းအကျဉ်းသာရှိသည်။ လုပ် ငန်းရှင် အချို့ကလည်း မိမိ၏ လုပ်ငန်းခွင် လိုအပ်ချက်ထက် မလိုအပ်သော သင်တန်းဆင်းလက် မှတ်များကို တစ်ပွေ့တစ်ပိုက် တောင်းတော့သည်။ ဘွဲ့လက်မှတ်ထက် အတွေ့အကြုံက အရေးပါ ”အခုခေတ်မှာက ဘာအောင် လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ ရနေပြီ။ ဘွဲ့မရတဲ့ သူတစ်ယောက် ကလည်း လိုချင်တဲ့ ဘွဲ့ကို အတု လုပ်လို့ရတယ်။ ဒီတော့ လုပ်ငန်း ရှင်တွေက ကိုယ့်အလုပ်နဲ့ တကယ်အကျွမ်းတဝင်ဖြစ်နိုင်တဲ့သူကို ရွေး ချယ်ခန့်နိုင်ဖို့ လိုတယ်”ဟု မည် သည့်ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ်မှ မရှိဘဲ လက်ရှိ တွင် အချိုရည်နှင့် စား သောက်ကုန် ဖြန့်ဖြူးရေးလုပ်ငန်း တစ်ခု၌ မန် နေဂျာအဖြစ် လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။
သို့သော် ကွန် ပျူတာဘာသာ ရပ်ဖြင့် ကျောင်းပြီးထားသူ တာမွေ မြို့နယ်မှ မပြည့်ပြည့်ဟိန်းက အမြင်တစ်မျိုးဖြစ်သည်။ ၄င်းအမြင် သည် အထက်က ဆိုခဲ့သလို မလို လားအပ်သော သင်တန်းဆင်း လက်မှတ် လိုချင်သည့် လုပ်ငန်း ရှင်များနှင့်အတူတူပင်ဖြစ်သည်။”ကိုယ်လိုချင်တဲ့ လုပ်ခလစာနဲ့ နေရာကောင်းကောင်းလိုချင်ရင်တော့ Certificate တွေ အများကြီးလိုမှာ ပါ။ တခြားသူတွေကိုလည်း အကြံ ပေးချင်တာက ကိုယ့်မှာ ကျောင်း ပြီးလို့ ဘွဲ့ရထားရုံနဲ့ အလုပ်လွယ် လွယ်ကူကူမရဘူးဆိုတာပဲ”ဟု မပြည့်ပြည့်ဟိန်း က သူ၏ အမြင်ကို ပြောသည်။ ကျောင်းပြီးလို့ ဘွဲ့တစ်ခုရထား ရုံနဲ့ အလုပ်တစ်ခု ရဖို့ မလွယ်သလို သင်တန်းဆင်းလက်မှတ် တစ်ပွေ့ တစ်ပိုက်နှင့် ရထားသည့် အလုပ် သည်လည်း အလုပ်သမားရော အလုပ်ရှင်အတွက်ပါ ထိခိုက်ပြီး နှစ်ဖက်စလုံးအတွက် ရေရှည်အကျိုး မရှိနိုင်ပါ။ထို့အတွက် မြန်မာပြည် တွင်းက သင်တန်းဆင်းလက်မှတ် တစ်ထပ်ကြီးနှင့် ဘွဲ့ရလူငယ်များ အတွက် ဘာသာစကား (အထူး သဖြင့် အင်္ဂလိပ်စာ) တစ်ရပ်နှင့် မိမိလုပ်ကိုင်လိုသည့် အလုပ်အကိုင် အတွက် တတ်မြောက်ထားမှု၊ ထိုအထဲတွင်ဝါသနာပါ ပေါင်းထည့် ပါကယင်းလုပ်ငန်းထဲက လိုချင် သောရာထူးကို တစ်နေ့ရမည်မှာ သေချာသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြီး မသတ်သေး၍ သိသာသော နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်မလာသေးသ ဖြင့် ပြောရန် စောနေသေးသည်။
ယခု ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ က စိတ်ဝင်စားနေ သည်မှာ သဘာ ဝသယံဇာတ ထုတ်ယူရေးလုပ်ငန်း များသာဖြစ်သည်။ လူအင်အား (တစ်နည်း အလုပ်သမားအင်အား) အများအပြားသုံးရသည့် ကုန် ထုတ်လုပ်မှု လုပ် ငန်းများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု နည်းနေသည်ဟု ထင်သည်။ဆင်းရဲမွဲတေမှု ပပျောက်ရေး ကို တရစပ် ပြောနေသည့် သမ္မတ ကြီးအပါအဝင် အစိုးရတာဝန်ရှိသူ များအနေဖြင့် အမှန်တကယ် ဆင်း ရဲနွမ်းပါးမှုလျှော့ချရန်မှာ အထက်က ပြောခဲ့သလို လူသားအရင်းအမြစ် များစွာသုံးနိုင်၊အလုပ်အကိုင် အခွင့်အလမ်းပိုမိုရနိုင်သော ကုန်ထုတ် လုပ်မှု လုပ်ငန်းကို နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန် အလှန် ရင်းနှီးမြှုပ်နှံနိုင်ရန် မက်လုံး ပေးခြင်း သို့မဟုတ် တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်း အတွက် ပိုမိုလုပ်သာကိုင်သာရှိသည့် အခွင့်အရေးများကိုဥပဒေပြုရာ၌ ထည့်သွင်းရေးဆွဲဖို့ လိုနေခြင်းပင် ဖြစ်သည်။ယင်းသည်တိုင်းပြည်၌ အလုပ် အကိုင် အခွင့်အလမ်း ရှားပါးမှု ကြောင့် ဝေလေလေဖြစ်နေသော လူငယ်များအတွက်၊ အစိုးရအတွက် အကောင်းဆုံးသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်တစ်ခုဖြစ်လာ နိုင်သည်။ ထို့ပြင် အသက်မွေးသင်တန်းကျောင်းများလည်း ကြို တင်စီစဉ်ထားသင့်သည်။ သို့မှသာ အလုပ်ရှင်၏ လိုအပ်ချက်နှင့် လုပ် သား၏ လုပ်ငန်းခွင် စွမ်းဆော င်နိုင် မှုအတွက် လိုအပ်ချက်များ တစ် ထပ်တည်းကျနိုင်မည်ဖြစ်သည်။အချို့က ပြောသည်။ ပြည် တွင်း ၌ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿ နာကြုံရနိုင်သည်ဟု ထင်ကြေးပေး နေကြသည်။ ယင်းထင်ကြေးသည် အနည်းစုသာဝင်လာနိုင်သော နည်း ပညာဆိုင်ရာ လုပ်ငန်းများအတွက် ဖြစ်လိမ့်မည်။ကုန်ထုတ် လုပ်ငန်း၌လုပ်ငန်း တစ်ခု ကျွမ်းကျင်ရေးသည် အဓိက ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ တကာမှကုန်တိုက်ကြီးများ ဟိုတယ် ကြီးများ လာရောက်ရင်းနှီးလုပ်ကိုင် ပါကများစွာသော လုပ်ငန်းလိုအပ် ချက်များ ပေါ်လာမည်။ အခြားဝန်ဆောင်မှုလုပ်ငန်းများစွာလည်း ရှိ နေသေးသည်။ ဘာသာစကားနှင့် မိမိလုပ်လိုသော လုပ်ငန်းအေ ကြာင်း သိလျှင် ထိုအလုပ်သမားအတွက် အလုပ်မရ နိုင်စရာမရှိ။



မိုးမြင့်မြတ်ရေးဖွဲ့သည်။

ဝဘ်ဆိုဒ် Webby ဆု ရယူချင်တွေအတွက်


ကမ္ဘာကို မြန်မာတွေ ကျော်နိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ကမ္ဘာကျော်နိုင်တဲ့ လမ်းကြောင်းတွေပေါ်ကို လျှောက်နိုင်ရင်ပေါ့လေ။
ကမ္ဘာကျော်ဆုတွေထဲမှာ သီချင်းအတွက်ဆိုရင် Grammy ဆုတွေ ပေးတယ်။ ရုပ်ရှင်အတွက်ဆိုရင် Oscar ဆုတွေ ချီးမြှင့်တယ်။ အင်တာနက်လောကမှာလည်း Webby ဆိုတဲ့ ဆုရှိပါတယ်။ ၁၉၉၆ ခုနှစ်ကတည်းက နှစ်စဉ်ပေးလာတဲ့ ဆုပါ။ ၀ဘ်ဆိုတ် (website) တွေကို အကောင်းဆုံးဖန်တီးနိုင်တဲ့ တီထွင်မှုအရှိဆုံး ဆုအနေနဲ့ ပေးပါတယ်။ ဆုရွေးချယ်ဖို့အတွက် ၀ဘ်ဆိုတ်တစ်ခုဟာ လှုပ်ရှားသွက်လက် စွမ်းဆောင်ချက်တွေ ကောင်းရမယ်။ မီဒီယာတစ်ခု အနေနဲ့ ရုပ်သံတွေ application တွေ ပေါင်းစပ်ပါဝင်တဲ့ ၀ဘ်ဆိုတ်တစ်ခု ဖြစ်ဖို့လည်း လိုပါတယ်။
၂၀၁၂ ခုနှစ်အတွက် Webby ဆုကို ရွေးချယ်ဖို့ ဆန်ကာတင်စာရင်းဝင် ၀ဘ်ဆိုတ် ပေါင်း ၁၀၀ ကျော် ရှိပါတယ်။ တကယ့်ကို စွမ်းအားကောင်းတဲ့ Pinterest (http://pinterest.com/) လိုမျိုးကနေ လူသိနည်းသေးတဲ့ Draw a Stickman (http://www.drawastickman.com/) အထိ ပါဝင်တယ်။ ၀ဘ်ဆိုတ် တစ်ခုဟာ  သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ Webby ဆုကို ရရှိမယ့်သူဟာ စွမ်းဆောင်ချက်နှစ်ခုကို လုပ်ပြနိုင်ရတယ်။ အဲဒါတွေကတော့
- အမြင်ပိုင်းဆိုင်ရာ ထူးခြားတဲ့ အသွင်အပြင်တွေနဲ့ ဆင်ယင်ပြနိုင်စွမ်းရှိရမယ်။ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ စိတ်ကူးတွေ ပေါင်းစပ်ပါဝင်ပြီး တီထွင်ဖန်တီးခွင့် ရှိတယ်။
- ဒုတိယအချက်အနေနဲ့ ကိုယ်ဖန်တီးထားတဲ့ ၀ဘ်ဆိုတ်ကို အွန်လိုင်းပေါ် တင်နိုင်ရမယ်၊ အင်တာနက်ပေါ်မှာ လူကြိုက်များတဲ့ ဆိုတ်တစ်ခု ဖြစ်လာရမယ်။

၂၀၁၂ ခုနှစ်အတွက် Webby ဆုရှင်များ
၂၀၁၂ ခုနှစ် Webby ဆုရှင်တွေထဲမှာ နာမည်ကြီး လူသိများတာတွေပါသလို၊ မျက်နှာသစ်တွေလည်း ပါဝင်တယ်။ ဆုတွေကို ခေါင်းစဉ်အလိုက် အမျိုးမျိုးခွဲခြားသတ်မှတ်ပေးပါတယ်။ ဒီနှစ်အတွက် အွန်လိုင်းပေါ်မှာ လူကြိုက်အများဆုံး  ၀ဘ်ဆိုဒ်တွေထဲက ဆုရရှိသွားတဲ့ အချို့ကို ဖော်ပြရရင်..
-Pinterest (http://pinterest.com/) အကောင်းဆုံး ဆိုရှယ်မီဒီယာ application ဆု
-Manilla (https:www.manilla.com) အကောင်းဆုံးအွန်လိုင်း ဘဏ်နှင့် ငွေပေးစနစ်ဆု
-Mashable (http://mashable.com/) အကောင်းဆုံး ဘလော့ဂ်ဆု (စီးပွားရေးလုပ်ငန်းဆိုင်ရာ)
အခြားဆုရရှိတဲ့ ဆိုတ်တွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲမှာ Clouds 365 Project (http://www.clouds365.com/) ဆိုတဲ့ ဆိုဒ်ကို အကောင်းဆုံး personal blog ဆု ဆိုပြီး ပေးတာလည်း ထူးခြားချက်တစ်ရပ်လို့ ဆိုရမယ်။ အဲဒီ ဘလော့ဂ်ကို ရေးသူက Kelly Delay ဆိုသူ ဖြစ်ပြီး ဆန်းသစ်တဲ့ဒီဇိုင်း အပြင်အဆင်တွေနဲ့ ဖော်ကျူးထားပါတယ်။

Webby ဆုကို ရယူချင်တယ်ဆိုရင်
မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ရုပ်ရှင်ပြကွက်တွေ၊ မိုဘိုင်း application တွေနဲ့ အခြား ၀ဘ်ဆိုတွေထက် ထူးခြားတဲ့ မြင်ကွင်းမျိုးတွေကို ဖော်ဆောင်ပြနိုင်သူတွေ ဖြစ်ရပါလိမ့်မယ်။ အဖွဲ့လိုက် လုပ်နိုင်သလို၊ တစ်ဦးချင်းလည်း အစွမ်းပြလို့ ရပါတယ်။ ပရောဂျက်တစ်ခုအနေနဲ့ လက်စွမ်းပြလို့လည်း ရတယ်။ ဒါပေမဲ့ ပရောဂျက်တိုင်းဟာ လူအများလက်ခံပြီး၊ လက်တွေ့ အသုံးချနိုင်တာမျိုးဆိုရင် ပိုကောင်းပါတယ်။
တကယ်လို့ Webby ဆု ပိုင်ရှင်ဆိုတဲ့ ဂုဏ်ထုးကို ရယူချင်တယ်ဆိုရင် အောက်ဖော်ပြပါ နယ်ပယ်တွေမှာ ကျင်လည်နိုင်သလို ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
၁။  Software Developers
ဒီနေ့ခေတ်မှ အင်တာနက် service ပေးချင်ရင် mobile application တွေဟာ မပါမဖြစ်ဆိုတာ သဘောပေါက်ရမှာပါ။ မိုဘိုင်းနဲ့ ပတ်သက်တာတွေဟာ ပရောဂျက်တိုင်းလိုလိုရဲ့ နောက်ကွယ်မှာ ထည့်သွင်းပေးရတဲ့ အနေအထးကို ရောက်လာပါပြီ။ ဘာပဲလုပ်လုပ် မိုဘိုင်းအထိ လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတဲ့ ရလဒ်ကို အဖြေထုတ်ပြနိုင်ရင် လူကြိုက်များတယ်။
ဆော့ဖ်ဝဲ developer အများစုဟာ ကွန်ပျူတာဘွဲ့တစ်ခုခုတော့ ပိုင်ဆိုင်ထားကြတာ များတယ်။ ဒါမှမဟုတ် ပတ်သက်ရာ ပတ်သက်ကြောင်း  ဘွဲ့တစ်ခုခု ရရှိထားကြတယ်။ ၂၀၁၀ အလုပ်သမားရေးရာဌာနရဲ့ စာရင်းကောက်ခံချက်အရ software developer တစ်ယောက်ရဲ့ ပျမ်းမျှတစ်နှစ်လစာ ၉၀၅၃၀ ဒေါ်လာ ရှိတယ်လို့ ဆိုတယ်။ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ဆော့ဖ်ဝဲ developer လိုအပ်ချက်ဟာ ၃၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိနေလိမ့်မယ်လို့လည်း ခန့်မှန်းထားတယ်။
၂။ Graphic Designer
ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်ရဲ့ ဖန်တီးချက်တစ်ခုဟာ ကြည့်လိုက်၊ မြင်လိုက်တာနဲ့ ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားစေလောက်တာမျိုး ဖြစ်သင့်တယ်။ ဂရပ်ဖစ်ဒီဇိုင်းနာတစ်ယောက်ဟာ အမြင်ရှိရမယ်၊ စိတ်ကူး ကောင်းရမယ်၊ ဖန်တီးနိုင်စွမ်း ရှိရမယ်၊ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းလည်း ရှိရမယ်။ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ဘွဲ့တစ်ခုခု ရရှိထားပြီး ဖြစ်ရမယ်။ BIs.gov ရဲ့ အစီရင်ခံချက်အရ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်ဟာ ၂၀၁၀ ခုနှစ်လောက်ကတည်းက တစ်နှစ်ပျမ်းမျှလစာ ဒေါ်လာ ၄၃၅၀၀ လောက် ရတယ်လို့ ဆိုပါတယ်။
၃။ Writer
စာရေးဆရာတွေလည်း လိုပါတယ်။ စာရေးဆရာရဲ့ စိတ်ကူးကို ဂရပ်ဖစ်ဒီဇိုင်နာက လိုက်ပြီး အကောင်အထည် ဖော်ရတာဖြစ်ပါတယ်။ ၀ဘ်ဆိုတ်တွေထဲမျာ စိတ်ကူးပုံတွေသာမက စိတ်တံခါးကို ဖွင့်ပေးနိုင်တဲ့ စာတွေလည်း လိုပါတယ်။ လူတိုင်း ကိုယ့် site ထဲကို ၀င်လာပြီး တစ်ခုခုရသွားတာမျိုး၊ ကိုယ်လည်းရ သူတစ်ပါးကိုလည်း ညွန်းပြနိုင်တဲ့ site မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။
ဥပမာ၊ Webby ဆုရသွားတဲ့ Onion အဖွဲ့ဟာဆိုရင် အကောင်းဆုံးဟာသဆုကို ရရှိသွားသူတွေ ဖြစ်ပါတယ်။ အဲဒီ ဆိုတ်မှာ  ရေးတဲ့ စာေေးဆရာတွေကဘလည်း အကောင်းဆုံး ဟာသစာရေးဆရာတွေ ဖြစ်တယ်။ စာရေးဆရာ ဆိုတာကတော့ ဘွဲ့မရလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လို ကောင်းကောင်းနားလည်ပြီး ရေးသားနိုင်စွမ်းလည်း ရှိရမယ်။ ၂၀၁၀ ခုနှစ် bls.gov ရဲ့ ခန့်မှန်းချက်အရ စာရေးဆရာတစ်ယောက်ရဲ့ တစ်နှစ် ပျမ်းမျှလစာဟာ ဒေါ်လာ ၅၅၄၂၀ လို့ သိရပါတယ်။
၎။ Computer Systems Administrator
Admin တွေရဲ့ တာဝန်ကတော့ site တစ်ခုလုံးအတွက် အရေးပါတဲ့နေရာလို့ ဆိုနိုင်ပါတယ်။ အကောင်းဆုံးနဲ့ အဆင်ပြေဆုံး run နိုင်အောင် တာဝန်ယူရပါတယ်။ ပြဿနာတွေ မတက်အောင် ကြိုတင် တားဆီး၊ ပြဿနာတွေ ဖြစ်လာရင်လည်း ဖြေရှင်းပေးနဲ့ တာဝန်ကြီးပါတယ်။ Admin အလုပ်အကိုင်အခွင့်အလမ်းလည်း များသလို ၂၀၁၀ ကနေ ၂၀၂၀ အတွင်း ၂၈ ရာခိုင်နှုန်းလောက် လိုအပ်နေလိမ့်ဦးမယ်လို့ bls.gov မှာ တွေ့ရတယ်။ တစ်နှစ်လစာကလည်း ဒေါ်လာ ၆၉၁၆၀ လောက် ရရှိတယ်လို့ ဆိုထားတယ်။
၅။ Public Relations Specialist
Webby ဆုအေတွက် စိတ်ဝင်စားစရာကောင်းတာကတော့ PR (Public Relations) ဆု ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခု သို့မဟုတ် customer တစ်ယောက်ဟာ Webby ဆု ရွေးချယ်ရေးအဖွဲ့လို တွေးမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ PR တစ်ယောက်ဟာ ဈေးကွက်ကို ကောင်းကောင်းနားလည်ရမယ်။ ဈေးကွက်ကို ထိုးဖောက်နိုင်စွမ်း၊ ဈေးကွက်ကြိုက်အောင် ဖော်ဆောင်နိုင်စွမ်းတွေ ရှိရမယ်။
ဈေးကွက်နဲ့ ပတ်သက်ပြီး ဘွဲ့တစ်ခုခု ရှိထားဖို့လိုတယ်။ ကြော်ငြာ သို့မဟုတ် PR နဲ့ ပတ်သက်တဲ့ ဘွဲ့တွေလည်း ပိုင်ဆိုင်ထားရင် ပိုကောင်းတယ်။ ၂၀၁၀ ကနေ ၂၀၂၀ အတွင်း PR တွေ ၂၁ ရာခိုင်နငန်းလောက် လိုအပ်နေလိမ့်မယ်။ တစ်နှစ် ပျမ်းမျှလစာ ဒေါ်လာ ၅၇၅၅၀ လောက် ရတယ်လို့ bls.org မှာ ဖော်ပြထားတယ်။
အွန်လိုင်းလောကမှာတော့ Webby ဆုဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ပညာအခြေခံလည်းကောင်း၊ တီထွင် ဖန်တီးနိုင်စွမ်းလည်း ကောင်းရင် ဆုရရှိဖို့ မဝေးပါဘူး။ ဒါကြောင့် Webby ဆုအတွက် စမ်းသပ်ကြဖို့ အကြံပြုလိုက်ပါရစေ။
တင်ညွန့်
by-http://www.maukkha.org/

ဒီစစ်ပွဲပြီးရင် ကျောင်း..တက်..ချင်..တယ်


(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ် ….။
(၂)
စာအံသံတွေ ပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ …၊
          အမှန်တရားတောင်ကုန်းကို
          လက်နက်ကြီး အင်အားသုံးပြီး
          သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်..။
မျက်ရည်နဲ့
အလောင်းကောင်တွေပေါ်က “အမှန်တရား” …
          ဘယ်ပြည့်တန်ဆာကတောင်မှ
          လေးစားမှာ မဟုတ်ဘူး ..။
စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
          စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
          ကလေးတွေရဲ့ အရေအတွက်နဲ့
          ထပ်တူအချိုးကျပါသလား ..။
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်..။
(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
          ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်..။
အမြောက်ဆံ ပေါက်ကွဲနေတဲ့ နေရာကမြက်ပင်လို
မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ..၊
အမေရေ … ဒီ တစ်သက်တော့
          ထမင်းလက်ဆုံစားခွင့်မရှိတော့ဘူး..။
ဦးခေါင်းထက်မှာ ကျည်ဆန်တွေက
နတ်ဆိုးရဲ့ လေချွန်သံလို
          တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်က မိုင်းဗုံး
“ဝုန်း” ခနဲ ပေါက်ကွဲတယ်..။
ငါ့အနာဂတ် မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ ပြုတ်ထွက်လွင့်စင်သွားပေါ့ ..။
“ငါ့အိမ် ငါ ပြန်လာတာလေ!!
ဒါဟာ ‘အသွားမတော်တစ်လှမ်း’ ဖြစ်ခဲ့ပါသလား”
          မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
          ငါ့ဘဝကတော့
ငါ့ ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့နေလေရဲ့..။
ငြိမ်းချမ်းရေး မိုးခေါင်ရပ်ဝန်းဒေသမှာ
          သားပျောက်တဲ့ အမေတွေနဲ့
          အမေပျောက်တဲ့ သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက်ခံနေရတယ်..။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာ စီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ … လို့။
(၄)
လက်ဝါးကပ်တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က ကွပ်မျက်ကြတာကို
          ‘စစ်ပွဲ’ လို့ခေါ်တယ်..။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင် … ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမှန်တရားကပဲ သိမ်းပိုက်၊
          မိဘမဲ့သွားတဲ့ ကလေးတွေကို
          လောကထဲ မောင်းထုတ်လိုက်ကြတယ်..။
အို … သွေးဆာသူတို့
          ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့ …
အပြစ်မဲ့သူတွေရဲ့ သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး …။
(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
          ပေါင်မုန့်တစ်လုံးလောက် ဝယ်ပေးပါ ..”
စစ်ပွဲတစ်ပွဲမှာ
          ပထမဦးဆုံးပစ်တဲ့ ကျည်ဆန် ..။
          “ကိုယ်ချင်းစာတရား” ကို မှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပန ပဲ ..။
ကဲ … အလံတစ်ဝက် လွှင့်ထူကြ၊
          ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာ မရှိဘူးလေ ..။
(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ။ အာမဘန္တေ”
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ဝတ်ပြုကြရအောင် ..
          “မေမေဝယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
          ဝလုံး ဝိုင်းဝိုင်းတွေ ခြစ်ဆွဲ
          ဒီစစ်ပွဲပြီးရင် ကျောင်း .. တက် .. ချင် .. တယ်”
 BY-http://www.maukkha.org/