ဖြစ်ရပ် ၁။ ကောင်မလေး တစ်ယောက် ကွန်ပျူတာရှေ့မှာ အင်တာနက် သုံးနေပါတယ်။
သူ့အတန်းက Assignment ရေးခိုင်းလိုက်လို့ Google ကနေ ဘာရေးရမလဲ
ရှာဖွေနေတာပါ။ Gtalk ကိုလည်း ဖွင့်ထားသေးတယ်။ ရုတ်တရက် လူငယ်တစ်ယောက်က
Gtalk မှာ သူ့ကို နှုတ်ဆက်ပါတယ်။ သူနဲ့ မသိတဲ့သူ ဖြစ်နေလို့ ကောင်မလေးကဘာမှ
ပြန်မပြောပါဘူး။ ခဏနေတော့ အဲဒီလူကပဲ “စကားမပြောချင်ဘူးလား” လို့ မေးပါတယ်။
ကောင်မလေး ဘာမှပြန်မပြောပါဘူး။ နောက်တစ်အောင့်လောက်နေတော့ အဲဒီလူက
ကောင်မလေးကို ထပ်ပြောပါတယ်။ “ပုံလှလှလေးတော့ တင်ထားပြီး စကားကျ
ပြန်မပြောဘူး။ မပြောချင်လည်း block လုပ်လိုက်ပါ။ မင်းလိုလူတွေရှိတာ
အင်တာနက်နာတယ်” တဲ့။ ပါးစပ်အဟောင်းသားနဲ့ ကောင်မလေး အဲဒီလူကို
ဘလော့လုပ်လိုက်ပါတယ်။
ဖြစ်ရပ် ၂။ “အမေ ကျွန်တော့်ကိုပိုက်ဆံပေးဦး”။ ပိုက်ဆံကို ဆတ်ခနဲယူပြီး ထွက်သွားသည်။ အမေဖြစ်သူ ဘာလှမ်းပြောမှန်းလည်း မကြားလိုက်။ ဂိမ်းဆိုင်ရောက်ဖို့က အရေးကြီးနေသည်။ ဆိုင်မှာ လူစုံနေပြီ။ အဖွဲ့ခွဲပြီး Dota ခုတ်ကြမယ်။ ခုတ်ရင်း အရှိန်က တက်လာပြီ။ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ဆဲဆိုလာပြီ။ “မင်းက ဘာကောင်လဲ။ မကျေနပ်ဘူးလား။ ဇရှိရင် မင်းနဲ့ငါ တစ်ယောက်ချင်း ချမယ်” ဟုတ်ကဲ့။ ဂိမ်းဆော့ရင်း အရှိန်လွန်ကုန်ပြီး အပြင်မှာလည်း ရိုက်ကုန်၊ နှက်ကုန်၊သတ်ကုန်ကြပါပြီ။
ဖြစ်ရပ် ၃။ ကျွန်မတို့ ကျောင်းသည် စီးပွားရေး တက္ကသိုလ်ပါ။ ဘယ်မေဂျာကိုပဲ ယူယူ၊ အခြေခံ စာရင်းအင်းလောက်၊ စာရင်းကိုင်လောက်၊ စီမံခန့်ခွဲမှု အကြောင်းလောက်၊ ဘောဂဗေဒလောက်တော့ သင်ရပါတယ်။ အဲဒီ အခြေခံတွေက မေဂျာတိုင်းရဲ့ အခြေခံသင်ရိုးမှာ ပါပြီးသားပါ။ အခုစာမေးပွဲတွေ ဖြေပြီးကြလို့ ကျောင်းတွေ နှစ်လပိတ်တော့ ဘာလုပ်မှာလဲ အပြန်အလှန် မေးကြတော့ LCCI တက်မှာတဲ့။ ACCA တက်မှာတဲ့။ အဲဒါတွေက ကျောင်းက ဖတ်စာအုပ်ထဲမှာ သင်ပြီးသား မဟုတ်ဘူးလား။ မသိဘူးတဲ့။
ပထမဆုံး ဖြစ်ရပ် ၁ မှာ လာစကားပြောတဲ့ ကောင်လေးလို လူငယ်တွေဟာ တော်တော် သနားစရာကောင်းသူပါပဲ။ အင်တာနက်ပေါ်ရောက်ရင် မသိတဲ့ ကောင်မလေးတွေကို အီစီကလီတွေ ပြောမယ်။ အဆင်ပြေရင် အပြင်မှာ ချိန်းမယ်။ခဏလောက် တွဲမယ်။ ဒါလောက်လေးပဲ သူသိပါတယ်။ အင်တာနက်ကို ဘယ်လိုနေရာတွေမှာ အသုံးချလို့ရမှန်း သူ့ခမျာ မသိရှာပါဘူး။ အင်တာနက်ကနေ စီးပွားရေး လုပ်လို့ရတယ်။ အင်တာနက်ကနေ စာသင်လို့ ရတယ်။ အင်တာနက်ကနေ စာတွေ ရှာဖတ်လို့ရတယ်။ အင်တာနက်ကနေ မိုင်ပေါင်း ထောင်ချီ ဝေးနေတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရတယ်။ ဒါတွေ သူမသိရှာပါဘူး။
ဖြစ်ရပ် ၂ က လူငယ်တွေကတော့ ဘာလုပ်ရမှန်း မသိဘဲ လေနေတဲ့သူတွေပါပဲ။ ကျွန်မ သူငယ်ချင်းတွေထဲမှာလည်း ဂိမ်းဆော့တဲ့သူတွေ ရှိပါတယ်။ အလွန်အကျွံ နေ့မနား၊ ညမအိပ် ဆော့တဲ့သူတွေ ရှိသလို တစ်ခါတလေ အပျင်းပြေ ဆော့တဲ့သူတွေလည်း ရှိပါတယ်။ အရက်ကိုသောက်ရင်း အရက်က ကိုယ့်ကို ပြန်သောက်တယ်ဆိုသလို ဂိမ်းဆော့ရင်း ကိုယ့်ဘဝကို ဂိမ်းက ပြန်ကစားသွားပါတယ်။ အဲဒီလောက်ကြီး ဂိမ်းဆော့ပြီး ကိုယ့်ဟာကိုယ် ဂိမ်းတွေ တီထွင်နိုင်သွားတယ်ဆိုလည်း တစ်မျိုးပေါ့။ (အဲဒီလိုတော့ တစ်ခါမှ မကြားမိပါဘူး။) ဂိမ်းစွဲတာလည်း ဘိန်းစွဲတာလိုပါပဲ။ ဖြတ်ရခက်သလို ကိုယ့်အသက်၊ ကိုယ့်ဘဝကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့လည်း သွားကြည့်လိုက်ရင် ရောင်းအကောင်းဆုံးက ဂိမ်းဆိုင်တွေပါပဲ။
ဖြစ်ရပ် ၃ ကတော့ တစ်ခုခုတော့ လုပ်ချင်တာပဲ။ ကိုယ့်ဟာကိုယ်တော့ ဘာလုပ်ရမှန်းလည်း မသိဘူး။ သူများလုပ်လို့၊ သူများ ပြောသံကြားလို့ လိုက်လုပ်တဲ့သူတွေပါပဲ။ လိုက်လုပ်နေပေမယ့်လည်း စိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး။ ဒီနေ့သင်၊ နောက်နေ့မေ့၊ စာမေးပွဲနီးတော့ တစ်ပွဲတိုးနှစ်ပုဒ်၊ သုံးပုဒ်လောက်ကြည့်၊ သီအိုရီကိုလည်း နားမလည်၊ စာမေးပွဲအောင်၊ အောင်မြင်ကြောင်း စာရွက်လေး တစ်ရွက်ရရင် ကျေနပ်ကြတဲ့သူတွေပါ။ ကျွန်မတို့ အဘိုးတို့၊ အဖေတို့ခေတ်တွေတုန်းက ကျူရှင် မရှိပါ။ အဲဒီလို အပြင်သင်တန်းတွေလည်း ခေတ်မစားပါ။ ဒီပလိုမာတွေလည်း တစ်လှေကြီး မရှိပါ။ ဒါပေမဲ့ သူတို့တွေ တကယ် စာတတ်ကြပါတယ်။ ကျွန်မတို့မှာတော့ ဒီစာတွေကိုပဲ သင်တန်းတွေလည်း အခါခါ ပြန်တက်ရဲ့သားနဲ့ လက်တွေ့ကျတော့ ပြန်အသုံးမချနိုင်ဘူး။
ညိုသူနွယ်

Written by Smart News
Monday, 29 Oct 2012 11:56
Monday, 29 Oct 2012 11:56
No comments:
Post a Comment