ဆုကြေးငွေပေါင်း ကျပ်သိန်း ၄၀၀ နီးပါး ချီးမြှင့်မည့် မန္တလေးမြို့တော်ဝန်
မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်တွင် မန္တလေးမြို့တွင် ကျင်းပမည်
ဖြစ်ကြောင်း မန္တလေး စည်ပင်ပြိုင်ပွဲ ဦးစီးကော်မတီမှ သတင်းရရှိသည်။
ဆုပေါင်း ၉၀ ခန့် ချီးမြှင့်မည့် မန္တလေးမြို့တော်ဝန်
မီနီမာရသွန်ပြိုင်ပွဲတွင် အလွတ်တန်း (ကျား/မ)၊ လူသစ်တန်း (ကျား/မ) ဟူ၍
ပြိုင်ပွဲလေးမျိုးခွဲကာ ကျင်းပမည်ဖြစ်ပြီး လူသစ်တန်း ပြိုင်ပွဲအတွက် ပထမဆု
ကျပ် ၁၅ သိန်းနှင့် နှစ်သိမ့်ဆု အပါအဝင် ဆုပေါင်း ၃၀ ချီးမြှင့်မည်
ဖြစ်ပြီး အလွတ်တန်း ပြိုင်ပွဲအတွက် ပထမဆု ကျပ် ၁၀ သိန်းနှင့် ဆုပေါင်း ၁၅
ဆု ချီးမြှင့်မည် ဖြစ်သည်။
ပြိုင်ပွဲဝင်သူများ အနေဖြင့် ပြေးလမ်းကြောင်း ၁၃ မိုင်ခန့် အပြေးပြိုင်ရမည်ဖြစ်ကာ ကျန်းမာသန်စွမ်းသူ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲဝင် လျှောက်လွှာများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ၊ မန္တလေး စည်ပင်ရုံးများ၊ အား/ကာရုံး (ဗထူးကွင်း) တို့တွင် လျှောက်လွှာတစ်စောင် ကျပ် ၃၀၀ ဖြင့် ရရှိနိုင်ပြီး ဒီဇင်ဘာ ၃၀ ရက်အထိ ပြိုင်ပွဲဝင် လျှောက်လွှာများ ပေးပို့နိုင်သည်။ အများပြည်သူ ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ပြိုင်ပွဲ ကျင်းပခြင်း ဖြစ်ကြောင်း အဓိက ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း မန္တလေး စည်ပင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုကျင်းပမည့် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲသည် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခင်က မန္တလေးမြို့တော်ဝန် မာရသွန်ပြိုင်ပွဲများအဖြစ် ၂၀၀၆ ခုနှစ်အထိ လေးကြိမ် ကျင်းပခဲ့ဖူးသည်။
မောင်တာ

No comments:
Post a Comment