Monday, 26 Nov 2012 13:20
လူသည် မှားတတ်လွန်း၍ ခဲတံတွင် ခဲဖျက် တပ်ဆင်ပေးထားသည် ဆိုသည့်စကားအား
ငယ်စဉ်က သဘောကျခဲ့မိပါသည်။ ယနေ့ခေတ်တွင် (Correction) ဆူးကလေးများက
ဘောလ်ပင် မင်စာလုံးဖျက်ရန် အတွက် ပေါ်လာကြသည်။ စာမျက်နှာပေါ်ရှိ အမှားများအား
ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများကို ချက်ချင်း ပြုလုပ်
ဆောင်ရွက်နိုင်ခဲ့ကြသော်လည်း အများ လက်ခံပြဋ္ဌာန်းခံကြသည့် လူမှုပတ်ဝန်းကျင်
အကြောင်းတရားများအတွက် လူတို့၏ ဆန္ဒမှဖြစ်ပေါ်လာသော အချိန်ကာလတို့ဖြင့်သာ
တိုက်စားချေဖျက်ပေးလျက် ရှိပါသည်။
“ဗင်းဆင့်ဗင်ဂိုး” အချစ်ကံဆိုးမှု များစွာဖြင့် ကြေကွဲစွာ လွဲချော်ခဲ့ရသူ၊ စုတ်ပြတ်သတ်နေသော ဘဝမျိုးစုံဖြင့် ရုန်းကန်ခဲ့ရသူ၊ လျှပ်တစ်ပြက် အမြင်ဝါဒ (Impressionism) မှ ခွဲထွက်၍ ကိုယ်ပိုင်ဆန်းသစ်သော ပန်းချီကားများ ရေးဆွဲဖန်တီးခဲ့သူ၊ ပန်းချီကား လာဝယ်သူများအား ဈေးစကားမပြောဘဲ သူ့အယူအဆအား ရှင်းလင်းပြောပြနေ၍ အလုပ်မှ ထုတ်ပစ်ခြင်းခံရသူ၊ ခက်ထန် ကြမ်းတမ်းသည့် ဘဝအား စိတ်ပျက်စွာဖြင့် ဘယ်ဘက်နားရွက်ကိုဖြတ်၍ ခေါင်းကို ပတ်တီးစီးကာ မှန်ရှေ့၌ ပုံတူရေးဆွဲခဲ့သူ၊ စွန်းထင်းပေကျံနေသော စိတ်ဒဏ်ရာများဖြင့် နေ့ညမရှိ အိုစာသည်အထိ ပန်းချီရေးဆွဲခဲ့သူ၊ အရူးကြီးဟု လှောင်ပြောင်အော်ဟစ်ကြသော ကလေးငယ်များအား ကြင်နာတတ်သူ၊ ဆိုးရွားစွာ ဖြတ်သန်းနေရသည့် ဘဝအား အဆုံးသတ်ရန် ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားခဲ့သူ။ “လူ့ဘဝဟာ ဒီလောက် ကြမ်းတမ်းဆိုးရွားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲကွာ” ဟု ညီဖြစ်သူအား ပြောကြားရင်း အားလုံးကို နှုတ်ဆက်သွားခဲ့သူ ဗင်းဆင့်ဗင်ဂိုးသည် ပန်းချီ စတင်ရေးဆွဲချိန်မှ သေဆုံးသွားချိနအထိ ပန်းချီကားတစ်ချပ်မျှ မရောင်းခဲ့ရပါ။ အကယ်၍ ပန်းချီကားတစ်ချပ်မျှ ဝယ်ယူခဲ့သူရှိပါက ထိုခေတ်ငွေပမာဏဖြင့် သူ့ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်ပါသည်။ သူမရှိတော့သည့်နောက် သူ့အယူအဆဖြင့် ရေးဆွဲခဲ့သော အဝါရောင် လွှမ်းမိုးထားသည့် ပန်းချီကားများသည် အမေရိကန်ဒေါ်လာ သိန်းသန်းချီ၍ ဝယ်ယူရသည်အထိ ကမ္ဘာကျော်ပန်းချီဆရာကြီး ဖြစ်ခဲ့ရလေသည်။ ဗင်းဆင့်က မရှိတော့ပြီ။
ဤကား လူတို့၏ ဆန္ဒမှ ဖြစ်ပေါ်လာသော အချိန်ကာလ၏ တိုက်စား ချေဖျက်ပေးခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် သိပ္ပံပညာရှင် အတွေးအခေါ် ပညာရှင်များ ပေါ်ပေါက်လာကြသည်နှင့် ဝိဝါဒကွဲပြားလာပုံ (Evlution) အဆိုကို ဘာသာရေး အင်အားစုတို့က ငြင်းပယ်သော ပြဿနာများ၊ ကမ္ဘာကြီးပြားပါသည် ဆိုသော အဆိုကို လုံးပါသည်ဟု ဆန့်ကျင်ခဲ့သော ပြဿနာများ၊ သူ့အမျိုးက မြတ်သည်၊ ငါ့အမျိုးက အမြတ်ဆုံးဟု ခွဲခြားနေကြသည့် ဇာတ်နိမ့်ဇာတ်မြင့် ပြဿနာများတို့သည် ယနေ့ထက်တိုင် တငွေ့ငွေ့ ရှိနေကြပါသည်။ ထိုသို့ ကမ္ဘာနှင့်ချီသော ပြဿနာများဖြင့် အားမရနိုင်ကြသေးဘဲ စကြဝဠာနှင့်ချီကာ ရှာဖွေခဲ့ကြပြန်သည်။ နေစကြဝဠာ (Solar System) တွင် ပလူတို (Planet) ဂြိုဟ်နှင့် ပတ်သက်သည့် အပြောင်းအလဲ တစ်ခုမှာ သိပ္ပံလောကအား ကသောင်းကနင်း ဖြစ်သွားစေခဲ့သည်။ ပလူတိုဂြိုဟ် အပါအ၀င် ဂြိုဟ်ကြီး ၉ လုံးရှိသည်ဟု တစ်ကမ္ဘာလုံးက လက်ခံ အသိအမှတ်ပြုခဲ့ရာမှ ယခုအခါ ပတူတိုဂြိုဟ်သည် အရွယ်အစား မမီသောဂြိုဟ်၊ ဂြိုဟ်အင်္ဂါရပ်နှင့် မကိုက်ညီသော ဂြိုဟ်ဟုဆိုကာ ဂြိုဟ်စာရင်းမှ ပယ်ဖျက်ခြင်း ခံလိုက်ရပြီ ဖြစ်ပါသည်။ ပလူတိုဂြိုဟ်အား ၁၉၃၀ ခုနှစ်တွင် (Clyde tombaugh) က လိုက်တွန်ဘော့ဆိုသူ နက္ခတ္တပညာရှင်က စတင်တွေ့ရှိခဲ့ပါသည်။ ယခုအခါ သူကွယ်လွန်သွားပြီဖြစ်ပြီး ကျန်ရစ်သူ အသက် ၉၀ ကျော် ဇနီးသည်က “ပလူတိုဂြိုဟ်ကို စတင်တွေ့ရှိသူ ပညာရှင်ရဲ့ မယားဆိုပြီး ကျွန်မ အမြဲတမ်း ဂုဏ်ယူနေခဲ့မိတယ်။ အခုတော့ ဘုရားသခင်က ဂြိုဟ်အင်္ဂါရပ်နဲ့ မကိုက်ညီတဲ့ဂြိုဟ်ကို စတင်တွေ့ရှိသူ ပညာရှင်ရဲ့မယားဘဝကို အဆင့်ချလိုက်ပါပြီ” ဟု သတင်းထောက်များအား ကြေကွဲစွာ ဖြေကြားခဲ့ပါသည်။
ဂြိုဟ်ကြီး ၉ လုံးအား ၈ လုံးဟု ပြင်ဆင် သတ်မှတ်ရန်မှာ အခက်အခဲ မရှိသော်လည်း နက္ခတ္တ ပညာရှင်တို့၏ ဟောကိန်းတို့မှာ ပြန်လည် ပြင်ဆင် တွက်ချက်ရပေဦးတော့မည်။ ထို့အတူ ဘိသိက်ဆရာ ဘုရားကိုးဆူပင့် ဆရာတို့အတွက် ပြဿနာ မရှိသော်လည်း ကဗျာဆရာ၊ တေးရေးဆရာများ၏ အောင်မြင်ခဲ့သော ကဗျာ၊ သီချင်းများမှာ ပြန်လည်ရုပ်သိမ်း၍ ရတောမည် မဟုတ်ပါ။ အဆိုပါ အခြင်းအရာများသည် သိပ္ပံပညာရှင် အတွေးအခေါ် ပညာရှင်တို့၏ တီထွင်ဆန်းသစ်မှု ဒဿနာများကို အချိန်ကာမှ အဆုံးအဖြတ် ပေးခဲ့သော ဖြစ်ရပ် တစ်ခုပင် ဖြစ်ပါသည်။ သက်ဦးဆံပိုင် ဘုရင်ခေတ်တွင် သြဇာအာဏာ သက်ရောက်မှုမှာ ကြီးမားလှပါသည်။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဘုရင်၏ ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် မည်သူကမျှ ဘုရင်အား စောဒကတက်ခြင်း၊ အပြစ်ဆိုခြင်း မရှိခဲ့ကြဘဲ ဘုန်းကံရှိ၍ ဖြစ်ရသော ဘုရင်၏ ပြုသမျှတို့သည် အမှန်တရားဟု မှတ်ထင်ထားခဲ့ကြသော ခေတ်ဖြစ်သည်။ ဘုရင်သည် အဆောင်ရှိ မိဖုရားများအပြင် ကိုယ်လုပ်တော် တစ်ရာကျော်မျှနှင့် စိုးစံတော်မူနေသည့်တိုင် “မသင့်မြောက်လှကြောင်းပါဘုရား” ဟု မည်သူမျှ လျှောက်တင်ကြခြင်း မရှိ”၊ “ဘုန်းတော်ကြီးမြတ်လှကြောင်းပါ ဘုရား” ဟူသော အသံမျိုးသာ ရှိခဲ့ပါသည်။ ထို့ကြောင့် ဘုန်းတော်ဘွဲ့များပင် ရေးစပ်သီဆိုဂုဏ်ပြုခဲ့ကြပြီး တချို့ဆိုလျှင် သမီးချောအား ဘုရင့်ထံ သွားရောက်ဆက်သ၍ အခွင့်ထူးပင် ခံလိုက်ကြသေးသည်။ ယနေ့ခေတ်၌ မည်သို့ဖြစ်သွားသည် မသိ။

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် လူဝင်စကီးဆိုသည့် ကောင်မလေးနှင့်
ဆက်နွယ်ခဲ့ဖူးသည်ဆိုသော သတင်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှား
မယ်စကြဝဠာမကလေးနှင့် မကြာမကြာ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်ဆိုသော
သတင်းများကို ကမ္ဘာ့စာမျက်နှာ အသီးသီး၌ ပြစ်တင် ဝေဖန်ကြပုံမှာ သတ္တဝါနှင့်
လက်နက်ကမမျှ။ ဘုန်းတော်ကြီးမြတ်လှကြောင်းပါ ဘုရား” ဟု မည်သူ အကြိုအကြားကမျှ
မကြားရ။ လူတို့၏ဆန္ဒမှ ခွင့်ပြုသော အချိန်ကာလ တစ်ခုအထိသာ အကောင်းအဆိုး
ဖြစ်ခွင့်ရသည့် သာဓက တစ်ရပ်ပင် ဖြစ်ပါသည်။ လူမှုအသိုင်းအဝိုင်းတွင်
တစ်လင်တစ်မယား စနစ်ဟူ၍ ဖြစ်တည်လာခဲ့သည်။ ထိုစနစ်အား မည်သည့်ကာလ၌ မည်သူက
စတင်ခဲ့သည်ကို မသိရသောစနစ် ဖြစ်ပါသည်။ ဥပဒေဖြင့် ပြဋ္ဌာန်းပေးခဲ့ခြင်းလည်း
မရှိခဲ့ပါ။ သို့သော်လည်း မိဘနှစ်ပါး အရင်းအမြစ်မှ အခြေခံကာ သားစဉ်မြေးဆက်
ဆက်နွယ်ခိုင်မာသော စနစ်ဖြစ်ပါသည်။ ထိုသို့ နေထိုင်လာခဲ့ရာမှ ကမ္ဘာကြီး၏
တိုးတက်မှုအဟုန်ကြောင့် နိုင်ငံအသီးသီးတို့၏ ကူးလူးဆက်သွယ်မှု
လျင်မြန်လာခဲ့သည်နှင့်အမျှ ယဉ်ကျေးမှုတို့ပါ ရောထွေးယှက်တင် ဖြစ်လာကြသည်။
ရှိရင်းစွဲ ယဉ်ကျေးမှုတို့မှ ချဲ့ထွင်တတ်လာကြသည်။ အခြားတစ်ဖက်တွင်
နိုင်ငံခြားမှ အကွဲ၊ အတွဲ၊ အလွဲ ဇာတ်လမ်းရုပ်ရှင်များ၏
ထိုးနှက်လွှမ်းမိုးခြင်းကို ခံကြရ၏။ တစ်ဖန် ဖက်ရှင်ရေစီးကြောင်းမှ အတို၊
အကျပ်၊ အပြတ်များနှင့် အဟိုက်၊ အဝိုက်၊ အလှိုက်များ၏ ဆွဲဆောင်မှုသည်
ခေတ်နှင့် ရင်ပေါင်တန်းချင်လှသော မိန်းကလေးများအတွက် သာမက ပုရိသတို့၏
ရင်ကို ရိုက်ချက်ပြင်းပြင်း ထိမှန်စေခဲ့သည်။ စတိတ်ပေါ်တွင် ရင်လျားဖြင့်
လမ်းလျှောက်ပြနေသည့် မိန်းကလေးများ အမှန်တကယ် ရှိနေပြီဖြစ်ကြောင်း
ကွယ်လွန်သွားရှာပြီဖြစ်သော အဘိုး၊ အဘွားများ သိမသွားရှာပေ။
ထိုပြောင်းလဲမှုများကြောင့် “ငါအသက်ကြီးသွားလို့ပေါ့ကွာ” ဟု မွေးသက္ကရာဇ်အား
ပြဿနာ ရှာနေကြသူများ၊ မိန်းမများများ ပိုင်ဆိုင်ခြင်းသည်မရသေး
မရောက်သေးသည့် နတ်ပြည်ဘုံကို ယခုဘဝ၌ပင် ဖန်တီးခံစားသည်မည်ဟု ဒဿနအသစ်
ထုတ်ဖော်ကြသူများ၊ ခပ်ညံ့ညံ့ ယောက်ျားများသည်သာ တစ်လင်တစ်မယား
နွံဗွက်အိုင်ထဲတွင် စုန်းစုန်းနစ်မြုပ်ရရှာသည် ဆိုသည့် အတွေးအခေါ်
ပညာရှင်များ၊ ယောက်ျားကောင်းက မောင်းမတစ်ထောင်ဟူသော ရှေးစကားကို မြေဝယ်မကျ
လိုက်နာဆောင်ရွက်ကြမည့် သားကောင်းရတနာများ၊ လုပ်ကျွေးနိုင်လို့ ယူတာပဲ၊
ယူပါစေ” ဟု နားလည်ပေးတတ်သည့် မေတ္တာရှင်များ၊ “သူတို့များ
အကျိုးပေးကောင်းလိုက်တာ” ဟု အကောင်းမြင်ဝါဒ ရှိသူများ စသည့် အပေါင်းအစု
အင်အားများဖြင့် တစ်လင်တစ်မယားဟူသော လမ်းမကြီးမှ ထင်သာမြင်သာ
သွေဖယ်လျှောက်လှမ်းလာကြသည်မှာ ခရီးပင် အတော်ပေါက်ရောက်နေသည်ကို
သတိပြုမိကြမည် ထင်ပါသည်။ ရေစီးကြောင်းဟု ဆိုလိုက်သည်နှင့် အကောက်၊
အဖြောင့်၊ အနိမ့် အမြင့်၊ အကျဉ်းအကျယ်တို့ ပါဝင်ပြီးသားဖြစ်၍
ခေတ်ရေစီးကြောင်း၏ ပြောင်းလဲဖြစ်တည်မှုကိုလည်း အချိန်ကာလတစ်ခုက စောင့်ဆိုင်း
ဖန်တီးပေးလျက် ရှိနေပါသည်။
ရှေးခေတ် မြန်မာဓလေ့တွင် အကြင်လင်မယားအဖြစ် ပေါင်းသင်းရန် ကိစ္စသည် လွယ်လင့်တကူ မဟုတ်ပါ။ သမီးရှင် မိဘများက သမက်လောင်းဆိုသူအား သုံးနှစ်သုံးမိုး စောင့်ကြည့်ဆိုင်းငံ့ကြလေသည်။ လျော်ကန်သင့်မြတ်သည်ဆိုမှသာ (မြန်းခြင်း) စေ့စပ်ခြင်း အမှုကို ပြုစေပါသည်။ ထို့နောက် သီးခြားစီနေထိုင်ကြစေပြီး သင့်တော်သည့် ရက်ကောင်းရက်မြတ်ရွေးကာ ထိမ်းမြား လက်ထပ် ပေးလိုက်ကြသည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းကြသည့် ထိမ်းမြားခြင်းတို့လည်း ရှိနေပါဦးမည်။ ယနေ့ခေတ်တွင် သုံးနှစ်သုံးမိုး စောင့်ကြည့်ဆိုင်းငံ့ခြင်း မရှိတော့ဘဲ သုံးနှစ်သုံးမိုးပင် လက်မထပ်ဘဲ အတူနေကြသည့် (Living together) စုံတွဲများ အဖြစ် အသွင်ကူးပြောင်းသွားကာ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဟု တေးဆိုနေကြသည်။ လျော်ကန်သင့်မြတ်မှ ပေးစားခြင်းတို့မှာလည်း ယုံတမ်းစကားများ ဖြစ်သွားကာ မိဘ အတင်းပေးစား၍ မမြင်ဖူးသော ယောင်္ကျားအား လင်တော်လိုက်ရသည့် မိန်းကလေးများက “အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ” ဟု ဆိုညည်းနေကြပါသည်။ ရည်းစားသက်တမ်း ကြာမြင့်ချိန် ၅ မိနစ်ခန့်အတွင်း ခိုးပြေးနိုင်သည်အထိ ထူးချွန်ခဲ့ကြသော စံချိန်ရှင် စုံတွဲများက “ဒီခေတ်ကြီးထဲမှာ ဖွဲ့နွဲ့တာမရှိ” ဟု ဟစ်ကြွေးနိုင်ခဲ့ကြလေပြီ။ မည်သူက မြန်မာ့ဓလေ့အား ဖျက်ဆီးပေးခဲ့သည်ကို လက်သည်ရှာမရ၊ ပြောင်းလဲသွားခဲ့သည်က အမှန်တကယ် ဖြစ်ပါသည်။ ထို့ကြောင့် လူတို့ ပုံဖော်တည်ဆောက်ခဲ့ကြသည့် အုတ်မြစ်များကို လူတို့ကသာ ပြန်လည်ဖြိုဖျက်၍ ဝေဝါးလွင့်ပျောက်စေခဲ့ကြပါသည်။ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော တိုးတက် ဆန်းသစ်မှု အရှိန်အဟုန်ကြောင့် အချို့သော အကြောင်းတရားများသည် လျင်မြန်စွာပင် ပြောင်းလဲသွားတတ်ကြပါသည်။ တင်ပြခဲ့သော မတည်မြဲသည့် အမှန်များ၊ မခိုင်မြဲသည့် အမှားများ၏ စံဟူသော သတ်မှတ်ချက်သည် ဖန်တီးရှင် အချိန်ကာလ ဆန္ဒတို့၏ လက်ဖြင့်ခြယ်မှုန်းသည့် အတိုင်းသာ လှပခွင့်၊ အကျည်းတန်ခွင့် ရရှိနေကြရပါသည်။ မိမိ အသက်ရှင် နေထိုင်ရစဉ် အချိန်ကာလအတွင်း ဝိဝါဒများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း၍ ကမ္ဘာကြီးအား ကြည့်မြင် နားလည်တတ်ကြပါစေဟုသာ ဆန္ဒပြုလိုက်ပါသည်။

ကိုဦး(ငါန်းဇွန်)
Written by Smart News
No comments:
Post a Comment