Friday, December 21, 2012

နောက်တစ်ကြိမ်



၁၈၉၂ခုနှစ် နွေရာသီတစ်ခုမှာ အမေရိကန်နိုင်ငံ Missouriပြည်နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမ၊ နေအိမ်၊ လယ်ယာစိုက်ခင်းတွေဟာ တောင်ကျရေရဲ့တိုက်စားခြင်းကို ခံခဲ့ရပြီး လူအများအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ 

ဖာတရာထေးနေတဲ့ အင်္ကျီကိုဝတ်ထားတဲ့ ပိန်လှီလှီကောင်လေးငယ်တစ်ယောက်ဟာ တောင်ကုန်းထိပ်တစ်ခုမှာရပ်ပြီး လျှံတက်လာတဲ့မြစ်ရေ၊ အတိုက်စားခံလိုက်ရတဲ့ ကောက်ပဲသီးနှံတွေကို ငေးကြည့်နေခဲ့တယ်။ သူတို့တစ်အိမ်သားလုံးရဲ့မျှော်လင့်ချက်ကို ရေနီလှိုင်းကြီးတွေတိုက်စားသွားခဲ့လို့ ဖခင်ဟာ စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။ ချေးယူထားတဲ့ငွေကိုပြန်ဆပ်ဖို့ ရက်ချိန်းနောက်ဆုတ်ပေးပါလို့ ငွေချေးယူထားတဲ့ဘဏ်ကို အကျိုးအကြောင်းရှင်းပြပြီး ခယတောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ပိုင်ဆိုင်မှုကို သိမ်းယူချင်တဲ့ဘဏ်က ဖခင်ရဲ့တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်။ အငြင်းဆန်ခံခဲ့ရတဲ့ဖခင်ဟာ စိတ်ပျက်လက်ပျက်နဲ့ နေအိမ်ကိုပြန်လာချိန် တံတားတစ်ခုကို ဖြတ်ကျော်တော့ တံတားထိပ်မှာခဏရပ်ပြီး တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေကိုငေးမောကြည့်နေခဲ့တယ်။

 “ဖေဖေ… ဘယ်သူကိုစောင့်နေတာလဲ” ကောင်လေးငယ်က ဖခင်ကိုနားမလည်သလိုနဲ့ မေးတယ်။

ဖခင်က ဘာမှပြန်မပြောဘဲ မျက်ရည်သာစီးကျနေခဲ့တယ်။ ကောင်ကလေးက ဖခင်ရဲ့ပေါင်ကို ခပ်တင်းတင်းပွေ့ဖက်လိုက်တယ်။ အားပေးမှုတစ်ခု၊ အင်အားတစ်ခုကို သူပေးချင်နေခဲ့လို့ဖြစ်တယ်။ 

ဒီလိုအဖြစ်အပျက်ဖြစ်ပျက်ပြီး သိပ်မကြာတဲ့နေ့တစ်နေ့မှာ Warrensburgမြို့ထဲ ဟောပြောသူတစ်ဦး လာရောက်ဟောပြောခဲ့တယ်။ ဟောပြောသူရဲ့ အပြောအဆိုကောင်းမှု၊ စိတ်လှုပ်ရှား စိတ်အားတက်ဖွယ်ရာစကားတွေက ကောင်ကလေးကို စိတ်ဝင်တစားဆွဲဆောင်နိုင်ခဲ့တယ်။ 

“တောရွာမှာကြီးပြင်းတဲ့ ကလေးငယ်တစ်ယောက်ဟာ ဘယ်လောက်ပဲဆင်းရဲနေပါစေ သူဖြစ်ချင်တဲ့ဆန္ဒကို မဆုတ်မနစ်ကြိုးစားခဲ့ရင် တစ်နေ့မှာ အောင်မြင်မှုကိုသူဆွတ်ခူးနိုင်မှာ ဧကန်အမှန်ပဲ။ ဒီရွာထဲမှာ ဘယ်သူက အဲဒီကလေးငယ်ဖြစ်နိုင်မလဲ။ မိဘပြည်သူများ သူ့ကိုကြည့်လိုက်ကြပါ….” 

ဟောပြောသူဟာ ပြောပြောဆိုဆို လက်ညိုးကိုနေရာတစ်နေရာဆီ အမှတ်မထင်ထိုးလိုက်တယ်။ သူ့ဘက်တည့်တည့်တိုးတာမဟုတ်ပေမယ့် ကောင်လေးက သူ့ကိုပြောနေတယ်လို့ပဲထင်လိုက်တယ်။ အဲဒီတခဏ တစ်နေ့နေ့မှာ အောင်မြင်တဲ့ဟောပြောသူတစ်ဦးဖြစ်အောင် သူကြိုးစားမယ်လို့ ကောင်လေးအဓိဌာန်ချလိုက်တယ်။

အဲဒီနောက် တုံးတုံးအအ သူ့အပြင်ပန်းသဏ္ဌာန်၊ စုတ်ပြတ်နေတဲ့အဝတ်အစားနဲ့အတူ တုံးတိတိဖြစ်နေတဲ့ ဘယ်လက်ညိုးတစ်ချောင်းကြောင့် သူဟာ ကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်တွေ မကြာခဏဝင်ခဲ့မိတယ်။ တစ်ခါက ဆရာအတတ်သင်ကျောင်းမှာ ကျောင်းသားတစ်ဦးဖြစ်နေတဲ့သူဟာ စုတ်ပြတ်နေတဲ့ ကုတ်အင်္ကျီကိုဝတ်ပြီး ဟောပြောဖို့စင်ပေါ်တက်ခဲ့တယ်။ အဲဒီမှာ ကျောင်းသားတွေရဲ့လှောင်ပြောင်ရယ်မောတာကို သူခံခဲ့ရတယ်။ တစ်ခါတုန်းကလည်း ဟောပြောနေရင်း ဟောပြောဖို့စကားလုံးတွေကို သူမေ့သွားခဲ့တယ်။ လူတွေရဲ့တီးတိုးဝေဖန်မှုအောက်မှာ သူချွေးဇောပြန်ခဲ့ရတယ်။ စင်ပေါ်မှာအကြိမ်ကြိမ် ကျရှုံးရတဲ့ဒဏ်က သူ့ရည်မှန်းချက်ကို ပျက်ပြားစေခဲ့တယ်။ သူ့ရဲ့လုပ်ဆောင်နိုင်အားကို သူသံသယဖြစ်လာခဲ့မိတယ်။ 

တစ်ခါက ဟောပြောပြိုင်ပွဲတစ်ခုအပြီးမှာ သူဟာ နွမ်းလျလေးလံတဲ့ခန္ဓာကိုယ်နဲ့ နေအိမ်ကိုပြန်လာခဲ့တယ်။ နေအိမ်ရောက်ခါနီး တံတားကိုဖြတ်တော့ တံတားထိပ်မှာ သူခေတ္တရပ်နားပြီး တသွင်သွင်စီးနေတဲ့မြစ်ရေကို အကြာကြီးစိုက်ကြည့်နေခဲ့မိတယ်။ 

“လူလေး… ဘာဖြစ်လို့ နောက်ထပ်တစ်ကြိမ် မကြိုးစားကြည့်တာလဲ”

ဘယ်အချိန်ကတည်းက သူ့နောက်ရောက်နေမှန်းမသိတဲ့ ဖခင်က သူ့ကိုပြုံးကြည့်ပြီးပြောတယ်။ ဖခင်ရဲ့မျက်လုံးထဲမှာ ယုံကြည်မှု၊ အားပေးမှုတွေပြည့်နှက်နေတယ်။ လွန်ခဲ့တဲ့အနှစ် ၂ဝကျော်က ညနေခင်းလိုမျိုး တံတားထိပ်မှာရပ်ပြီး ဖခင်နဲ့သူ တစ်ယောက်ကိုတစ်ယောက် တင်းတင်းလေးပွေ့ဖက်လိုက်ကြတယ်။

အဲဒီအဖြစ်အပျက်ပြီးတဲ့နောက် အချိန်၂ နှစ်အတွင်းမှာ မြစ်ဘေးမှာ လမ်းလျှောက်ရင်း နာမည်ကြီးအောင်မြင်ကျော်ကြားသူတို့ရဲ့ စကားလုံးတွေကို တတွတ်တွတ်ရွတ်ဆိုနေတဲ့၊ အဝတ်အစား အစုတ်အပြတ်ကိုဝတ်ဆင်ထားတဲ့ ပိန်ရှည်ရှည်လူငယ်တစ်ယောက်ကို Warrensburgက မြို့သူမြို့သားတွေ နေ့တိုင်းလိုလို တွေ့မြင်ခဲ့ကြရတယ်။ အဲဒီလူငယ်ဟာ ပတ်ဝန်းကျင်ကိုမေ့ပြီး ကိုယ့်ကိုယ်ကိုပဲ အာရုံစူးစိုက်ထားခဲ့တယ်။ တစ်ခါက မြစ်ဘေးမှာ ပြောဟောပွဲတစ်ခုအတွက် အာရုံစူးစိုက်ပြီး သူလေ့ကျင့်နေခဲ့တယ်။ လက်ဟန်ခြေဟန်နဲ့ တတွတ်တွတ်ရွတ်ဆိုဟောပြောနေခဲ့လို့ သူ့ကို အရူးတစ်ယောက်လို့ လူတွေအထင်အမြင်လွဲခဲ့သေးတယ်။

အဲဒီနောက် ၁၉ဝ၆ခုနှစ်မှာ “ငယ်စဉ်ဘဝ အမှတ်တရ”ဆိုတဲ့ခေါင်းစင်နဲ့ ဟောပြောပြိုင်ပွဲတစ်ခုမှာ သူဟောပြောခဲ့တယ်။ အဲဒီပွဲမှာ လူတွေရဲ့လက်ခုပ်သံကို သူရခဲ့တဲ့အပြင် ဆုတွေပါချီးမြင့်ခံလိုက်ရတယ်။ ဒါဟာ သူ့ဘဝမှာ အောင်မြင်ခြင်းရဲ့ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာဖြစ်တယ်။

အဲဒီနောက် အနှစ်သုံးဆယ်နောက်ပိုင်းမှာ သူဟာ အမေရိကန်သမိုင်းမှာ နာမည်အကြီးဆုံး၊ အောင်မြင်မှုအရဆုံး စိတ်ပညာရှင်၊ လူမှုဆက်ဆံရေးပညာရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့တယ်။ သူရေးသားခဲ့တဲ့ “အောင်မြင်ခြင်းသို့သွားရာလမ်း”ဆိုတဲ့စာအုပ်တွဲတွေဟာ ကမ္ဘာပေါ်မှာ အရောင်းရဆုံးစံချိန်တင်ခဲ့တယ်။ သူသေဆုံးသွားသည့်တိုင် ကမ္ဘာ့ထောင့်အရပ်ရပ်ကလူတွေဟာ သူ့နာမည်၊ သူ့ကြိုးစားမှုကို ပုံစံအမျိုးမျိုးနဲ့ တမ်းတအောက်မေ့နေကြဆဲဖြစ်တယ်။ သူဟာ ၂ဝရာစုမှာ လူသားကောင်းကျိုးအတွက် လမ်းညွှန်ပြသူ၊ လူလားမြောက်ဖို့ သင်ကြားပြသသူအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ “Dale Carnegie” ပဲဖြစ်ပါတယ်။

ယနေ့ထိတိုင် အမေရိကန်ပြည်သူတွေဟာ “ဘာကြောင့် နောက်ထပ်တစ်ကြိမ် မကြိုးစားကြည့်တာလဲ”ဆိုတဲ့ စကားကိုနှစ်နှစ်ခြိုက်ခြိုက်သုံးစွဲပြီး ကိုယ့်သားသမီးတွေကို အားပေးတတ်ခဲ့တယ်။

တွေးခေါ်ပညာရှင် Alice Adams ရဲ့စကားဖြစ်တဲ့ “နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်ဖို့၊ စမ်းသပ်ကြည့်ဖို့ သူ မတွန့်ဆုတ်သရွေ့ လောကမှာ ရှုံးနိမ့်သူဆိုတာမရှိပါဘူး” ဆိုတဲ့အဆိုကို Dale Carnegie က သူ့ရဲ့လုပ်ဆောင်ချက်နဲ့ သက်သေပြခဲ့ပါတယ်။ သူ့ရဲ့အကွေ့အကောက်ဘဝလမ်းက လူတိုင်းကို ခံစားမှုတွေပေးခဲ့သလို တွေးတောမှုတွေပါပေးခဲ့ပါတယ်။ အချိန်တော်တော်များများမှာ အခက်အခဲ၊ ကျရှုံးခြင်းတွေနဲ့ ကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ “ဘာဖြစ်လို့ နောက်ထပ်တစ်ကြိမ် မကြိုးစားကြည့်တာလဲ”ဆိုတဲ့စကားနဲ့ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုအားပေးသင့်နေခဲ့ပါပြီ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပြည်သူသဘောမတူရင် လေတစ်ရှိုက်မှ ရှူခွင့်မရှိ

AddThis Social Bookmark Button

thn-19--12-3
ဧရာဝတီမြစ်ကြောင်းတစ်နေရာကို တွေ့ရစဉ်
ရေကြည်ရာ မြက်နုရာ
လူသားတို့ရဲ့ လူနေမှုဘ၀အစဟာ အခြေတကျမရှိခဲ့ပါဘူး။ ရေကြည်ရာမြက်နုရာ သွားလာရင်း နယ်မြေသစ်တွေ ရှာဖွေခဲ့ကြတာ ကြာခဲ့ပါပြီ။ မယဉ်ကျေးသေးတဲ့ ကမ္ဘာရဲ့ လူနေမှုဘ၀အစဖြစ်စဉ် ဖြစ်ပါတယ်။
ထို့အတူ လူတစ်စုချင်းစီဟာလည်း မိမိနယ်မြေဒေသထွက် စားစရာ၊ သောက်စရာတွေကို စားရုံသာ စားတတ်ကြတဲ့ ကာလဖြစ်လေတော့ စားစရာ၊ သောက်စရာကုန်ရင် နောက်ထပ်အသင့် စားလို့သောက်လို့ရတဲ့ နယ်မြေသစ်ကို ရှာဖွေကြပါတယ်။
ဒီလိုနဲ့ ရေကြည်ရာမြက်နုရာ ရှာဖွေသွားလာရင်း လူ့ဘ၀ကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပါတယ်။
ဒီနေရာမှာ ပြည်မြန်မာ
ခက်ခဲကြမ်းတမ်းစွာ လူ့သမိုင်းတွေ ဖြတ်သန်းလာရတဲ့ လူသားတွေအနက် မြန်မာဆိုတဲ့ နယ်မြေပေါ်မှာ လူသားအချို့ အခြေချ နေထိုင်လာကြပါတယ်။ ဒီလိုနဲ့ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ နေရာတစ်ခု သတ်သတ်မှတ်မှတ် ရရှိရပ်တည်လာတာဟာ နှစ်ပေါင်း တာရှည်ခဲ့ပါပြီ။ လူတွေ (လူမျိုးရယ်လို့ ပေါ်ခင်ကတည်းက) ဟာ တူရာစုနေထိုင်ကြရင်း မိသားစု အသိုက်အမြုံလေး ဖြစ်လာပါတယ်။
စတင်အခြေချခါစ လူတွေဟာ တစ်ဦးကိုတစ်ဦး မေတ္တာရှိလို့၊ သံယောဇဉ်တွယ်လို့ အတူတကွ ယှဉ်တွဲ နေထိုင်ဖြစ်သွားကြတာပါ။
ဒီလိုမေတ္တာတရားနဲ့ တစ်ဦးကို တစ်ဦး အပြန်အလှန်မှီခိုရင်း၊ အပြန်အလှန် အကျိုးပြုရင်း၊ အပြန်အလှန် ရိုင်းပင်းကူညီရင်း ချစ်ချစ်ခင်ခင် နေထိုင်လာရာမှ အိမ်တွေ၊ ရာတွေ တည်ဆောက်ကြရင်း နယ်မြေပိုင်ဆိုင်မှု ပြုလုပ်လာကြပါတယ်။ အိမ်တွေကို ခြံစည်းရိုးကာရာမှ ချဲ့ထွင်ပြီး ရွာတွေကို ရွာစည်းရိုး ကာလာကြပါတယ်။ တိုင်းပြည်ကို စုပေါင်း တည်ထောင်လာကြပါတယ်။
ဒီလိုနဲ့ မြန်မာပြည်ရယ်လို့ ဖြစ်မလာမီ အစောဆုံး အတိတ်ကာလ ၂ ရာစုလောက်က ပျူလူမျိုးတွေဟာ ဧရာဝတီမြစ်ဝှမ်းကို စတင်ဝင်ရောက်လာပါတယ်။ ဒီနောက် ယခု ပြည်မြို့နယ် မလှမ်းမကမ်းမှာ မြို့ငယ်၊ ရွာငယ်များ တည်ထောင်ကာ နေထိုင်ကြပါတယ်။
ထို့အတူ အရှေ့ဖျားဒေသမှာလည်း မွန်မျိုးနွယ်တွေဟာ ကမ်းရိုးတန်းတစ်လျောက်မှာ အခြေချလာပါတယ်။ တကယ်တော့ ပျူ၊ ကမ်းယံ၊ သက်တို့ဟာ မြန်မာလူမျိုးတို့ရဲ့ ဘိုးဘေးတွေ ဖြစ်ပါတယ်။ သူတို့ဆီက ရရှိလာတဲ့ အမွေတွေဟာ တစ်သက်စားမကုန် မဟုတ်ပါဘူး။ ကမ္ဘာတည်သရွေ့ စားမကုန်တဲ့ ရေ၊ မြေ၊ လေ တွေဖြစ်ပါတယ်။
လက်ရှိ ၂၁ ရာစုမှာ တစ်ခန်း တစ်ကဏ္ဍ ပါဝင်နေထိုင်ခွင့်ရထားတဲ့ မြန်မာနိုင်ငံသား ကျွန်တော်တို့ မျိုးဆက်တွေဟာ နောင်နှစ်ပေါင်းများစွာမှာ (၃၁ ရာစု) က လူတွေရဲ့ ဘိုးဘေးတွေအဖြစ် သတ်မှတ်ခံရမှာပါ။
သူတို့က ကျွန်တော်တို့ကို မှတ်ချက်ပေးကြပါလိမ့်မယ်။ ဝေဖန်ကြပါ လိမ့်မယ်။ ချီးကျူးကြပါလိမ့်မယ်။ ရှုတ်ချကြပါလိမ့်မယ်။ အဲ့ဒီ ဝေဖန်သံအမျိုးမျိုးရဲ့ မှတ်ကျောက်က ယနေ့လက်ရှိ ကျွန်တော်တို့ရဲ့ လုပ်ရပ်ပါ။
မိမိတစ်သက်သာ (နှစ် ၆၀/ ၈၀) အတွက်သာ ကောင်းစားရုံ၊ ခံစားရရုံ၊ ရှိသမျှ သယံဇာတတွေကို အ ကုန်ထုတ်သုံးပစ်လိုက်လို့ မရပါဘူး။ အမွေတွေ ချန်ထားခဲ့ရပါမယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ မျက်နှာမငယ်ဖို့၊ အသိပညာကြွယ်ဖို့၊ ကျန်သင့်တာတွေ ကျန်အောင် ချန်သင့်တာတွေ ချန်ထားရစ်ခဲ့ရပါမယ်။
ဒါမှ စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ ကျယ်ဝန်းတဲ့ မြန်မာပြည် နယ်နိမိတ်ကြီးဟာ တစ်လက်မ မလျော့ဘဲ ကမ္ဘာမြေပေါ်မှာ ထည်ထည်ဝါ၀ါ ရပ်တည်နေနိုင်မှာပါ။
ယဉ်ကျေးလာသောကမ္ဘာ
သည်လိုနဲ့ ကမ္ဘာပေါ်မှာ လူသားတွေဟာ မိမိသဘောကျတဲ့ နယ်မြေသစ်မှာ အခြေချ နေထိုင်လာကြပါတယ်။ ကိုယ်နေတဲ့နေရာလေးကို ပိုတိုးတက်အောင်၊ ပိုစည်ပင်အောင် ကြိုးစားရာက အနီးအနားက လူတွေကို မိတ်ဆွေဖွဲ့၊ ပူးပေါင်းနေထိုင်လာကြပါတယ်။ တူရာစုတွေ ပေါင်းဖက်ကြရင်း မြို့ပြကျေးရွာတွေ ပေါ်ပေါက် လာပါတယ်။
ယဉ်ကျေးတယ်ဆိုတာဟာ အသိဉာဏ်မြင့်မားလာခြင်း၊ ပညာတတ်မြောက်လာခြင်း၊ အမှန်နဲ့ အမှားကွဲကွဲပြားသိမြင်မှု လွယ်ကူခြင်း၊ မတရားမှုကို ရှောင်ရှားခြင်း၊ တရားမှုကို ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်လိုခြင်း၊ ကိုယ့်နိုင်ငံကို စောင့်ရှောက်ခြင်း၊ ကိုယ့်ပြည်သူကို အလေးအမြတ်ပြုခြင်း စတာတွေ ပြည့်ဝတာကို ဆိုလိုပါတယ်။
ရှေးဘိုးဘွားဘီဘင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မိမိအခြေချနေထိုင်လာတဲ့ နယ်မြေကို ဆင့်ကဲဆင့်ကဲ လူသားတွေက ပြုပြင်ကြပါတယ်။ ခိုင်မြဲအောင် စီမံကြပါတယ်။ လှပအောင် ကြိုးပမ်းကြပါတယ်။ တိုးတက်အောင် ကြံဆောင်ကြပါတယ်။
မြန်မာနိုင်ငံဆိုတဲ့ နယ်မြေကို ယဉ်ကျေးတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေက ကမ္ဘာမျက်နှာပြင်ပေါ်မှာ နေရာတစ်ခု တရားဝင် သတ်မှတ်လိုက်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုက သူ့နယ်နိမိတ်နဲ့သူ၊ ရုရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကလည်း အလားတူ သူ့နယ်နိမိတ်နဲ့သူ သတ်သတ်မှတ်မှတ် နေထိုင်ကြပါတယ်။ တစ်ဦးကိုတစ်ဦး ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။ လေးလေးစားစား အသိအမှတ်ပြုကြပါတယ်။
အကြောင်းအားလျော်စွာ ကိုယ်ပိုင်ဆိုင်ထားတဲ့ နယ်မြေထဲမှာ ရေနံတွင်းရှိတဲ့ နိုင်ငံကရှိပါတယ်။ ရေပိုင် နက် ကျယ်ကျယ်ရပြီး ငါးပေါတဲ့နိုင်ငံက ပေါပါတယ်။ မြေဆီသြဇာကောင်းလို့ ဆန်စပါးစိုက်ပျိုးလို့ ကောင်းတဲ့နိုင်ငံက ကောင်းပါတယ်။
ဒါတွေဟာ သဘာဝရဲ့ အကန့်အသတ်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေက တရုတ်ပြည်က မြစ် ၀ါမြစ်ရေကိုမှ သောက်သုံးချင်လို့ မရပါဘူး။ ထို့အတူ တရုတ်ကလည်း မြန်မာပြည် လက်ပံတောင်းတောင်က မြေတွေကိုမှ လက်သိပ်ထိုး အချောင်လိုချင်လို့ မရပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက မြန်မာပြည်ကထွက်တဲ့ ပုန်းရည်ကြီးကိုမှ စားချင်လို့ မရပါဘူး။ ကိုယ့်နိုင်ငံထွက်ကိုပဲ အဓိကထား စားကြရမှာပါ။ သုံးစွဲကြရမှာပါ။ ခိုးချောင်ခိုးဝှက် ၀င်လာပြီး ဟိုဟာနှိုက်စား ဒီဟာနှိုက်စား လွန်ကျူးလာရင်တော့ ယဉ်ကျေးတဲ့ ကမ္ဘာရဲ့ ဥပဒေအတိုင်း ဒဏ်ခတ်ခံရမှာပါ။
မိမိမရှိတာကို ယဉ်ကျေးတဲ့ ကမ္ဘာမှာ အဓမ္မ မတရားယူလို့မရပါဘူး။ လာဘ်ထိုးပြီး မိမိကိုယ်ကျိုး ရှာလို့မရပါဘူး။ ကျေးဇူးရှင်ဆိုပြီး တစ်သက်လုံး ကျွန်ခံခိုင်းလို့မရပါဘူး။ လက်နက်အားကိုး အာဏာအားကိုးနဲ့ အနိုင်ကျင့်လုယူလို့ မရပါဘူး။
ငွေကြေးနဲ့ ရောင်းဝယ်တဲ့စနစ်ကို ပြည်သူကိုချပြ၊ ပြည်သူ့ယုံကြည်မှုကိုရယူ၊ ပွင့်လင်းတဲ့ သဘောတူညီမှုတွေနဲ့ ယဉ်ကျေးတဲ့ကမ္ဘာမှာ သုံးစွဲလာတာ အခြေကျအကျွမ်းတ၀င် ဖြစ်နေကြပါပြီ။ အစိုးရတစ်ဖွဲ့တည်း သဘောဆန္ဒနဲ့ တိတ်တိတ်ကလေး နှစ်ဦး သဘောတူလို့ မရပါဘူး။
မိမိမှာမရှိတဲ့ ကုန်ပစ္စည်းကို ငွေကြေးနဲ့ ၀ယ်ယူသုံးစွဲလာကြပါတယ်။ ဒါပေမဲ့ ငွေရှိတိုင်း ၀ယ်လို့ရနိုင်ပါသလား။ ရောင်းတဲ့တိုင်းပြည်ကလည်း သူ့ပြည်သူမျက်နှာကို ကြည့်ပြီးမှ ရောင်းသင့်တာကိုပဲ ရောင်းရမှာပါ။ ၀ယ်တဲ့တိုင်းပြည်ကလည်း နောက်ကျောဓားထောက်ပြီး အနိုင်ကျင့်ဝယ်လို့ မရပါဘူး။
ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ စိတ်ခံစားချက်တွေ၊ မြတ်နိုးမှုတွေ၊ မေတ္တာတရားတွေ၊ သစ္စာတရားတွေ၊ မျှတမှုတွေ၊ တရားဥပဒေတွေ၊ ပြည်သူ့ဆန္ဒတွေ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ၀ယ်လို့ ရနိုင်ပါတယ်၊ ရောင်းလို့ရနိုင်ပါတယ်။
သူတို့က ၀ယ်တိုင်းရော မြန်မာနိုင်ငံက ပြန်ရောင်းသင့်သလား။ မြန်မာနိုင်ငံမှာ ရောင်းလို့ ၀ယ်လို့ မရနိုင်တဲ့ ပစ္စည်းတွေကို ရောင်းမပစ်လိုက်မိဖို့ အရေးကြီးပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲ
ရောင်းမှဖြစ်မယ်။ ရောင်းရင် ပြည်သူတွေ အကျိုးရှိမယ်။ နိုင်ငံအတွက် အကျိုးရှိမယ်လို့ သေချာပေါက် ယုံကြည်ရင် ပြည်သူတွေ လက်ခံလာအောင် စိတ်ရှည်ရှည် ရှင်းပြပြီးမှ သဘောတူညီမှု တစ်ခုရလာ ပြီးမှ ရောင်းရပါမယ်။ ရောင်းသင့်တာကို ရောင်းပြီးရင်လည်း အဲဒီ ရောင်းလိုက်တဲ့ ပစ္စည်းမျိုး ပြန်လည်ထုတ်လုပ်ကြရပါမယ်။ စိုက်ပျိုးရပါမယ်။ ဖြစ်နိုင်တဲ့ နည်းလမ်းစုံနဲ့ ပြန်လည် အစားထိုးထားရပါမယ်။ထာဝရ မြေပဒေသာပင်ကြီး ဖြစ်နေစေရပါမယ်။
မူလရှိရင်းစွဲ အခြေအနေကနေ လျော့မသွားအောင် ရောင်းသူနဲ့ ထုတ်လုပ်သူတို့ အချိုးကျကျ ပူးပေါင်း ဆောင်ရွက်ကြရပါမယ်။ ရောင်းသူက ဗုံးပေါလအော ထင်သလို ရောင်းချလိုက်လို့ မရပါဘူး။ ကုန်ထုတ်လုပ် တဲ့ သဘောသဘာဝကို နားလည်ရပါမယ်။ ကုန်ထုတ်ပေးနိုင်သူတွေရဲ့ စွမ်းဆောင်ရည်ကို ထည့်သွင်း စဉ်းစားရပါမယ်။ သူတို့တွေ ခေတ်မီနေရပါမယ်။ဒါမှ မြန်မာ့ရေ၊ မြေသယံဇာတဟာ ပြန်လည် ပြည့်ဖြိုးမြဲအတိုင်း ထာဝရ စည်ပင်သာယာဝပြောနေမှာပါ။

ငွေကြေးနဲ့ ရောင်းဝယ်တဲ့စနစ်ကို ပြည်သူကိုချပြ၊ ပြည်သူ့ယုံကြည်မှုကိုရယူ၊ ပွင့်လင်းတဲ့ သဘောတူညီမှုတွေနဲ့ ယဉ်ကျေးတဲ့ကမ္ဘာမှာ သုံးစွဲလာတာ အခြေကျအကျွမ်းတ၀င် ဖြစ်နေကြပါပြီ။ အစိုးရတစ်ဖွဲ့တည်း သဘောဆန္ဒနဲ့ တိတ်တိတ်ကလေး နှစ်ဦး သဘောတူလို့ မရပါဘူး.....
အချုပ်အခြာအာဏာ
ရှေးခေတ်ဘုရင်များ လက်ထက်က သက်ဦးဆံပိုင် အာဏာရှင် ဖြစ်လေတော့ သူနိုင်ငံတော်ဟာ သူတစ်ဦးတည်းအမိန့်နဲ့ အခြားနိုင်ငံကို ပေးချင်တာပေးမယ်။ လှူချင်တာ လှူမယ်။ ဘယ်သူကမှ ကန့်ကွက်လို့ မရပါဘူး။ တစ်ခါတရံ စစ်ပြေငြိမ်းဖို့၊ နှစ်နိုင်ငံ ချစ်ကြည်ရေးရဖို့ဆိုပြီး မိမိရဲ့သမီးတော်၊ ဒါမှမဟုတ် မိမိနိုင်ငံတွင်း မိန်းမလှလှလေး တစ်ယောက်ယောက်ကို လက်ဆောင်ပဏ္ဍာအဖြစ် ပေးဆက်ကြတဲ့ အစဉ် အလာတွေရှိခဲ့ပါတယ်။
ဒါမှမဟုတ် မိမိပြည်တွင်းကထွက်တဲ့ စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြား စတာတွေကိုလည်း ဘုရင်တစ်ပါးတည်းရဲ့ဆန္ဒနဲ့ အခြားနိုင်ငံကို ပေးချင် ပေးတတ်ပါတယ်။ အချုပ်အခြာအာဏာဟာ ဘုရင်ရဲ့နှုတ်ဖျားမှာ ရှိပါတယ်။
ဒါမျိုး ဒီခေတ်မှာ လုံးဝမရှိစေရပါ။ ယဉ်ကျေးလာတဲ့ ကမ္ဘာမှာ နိုင်ငံတစ်နိုင်ငံဆီအတွက် အချုပ်အခြာအာဏာ အလွန်အရေးကြီးပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လေးစားမှုကို ပြသတဲ့ အထွတ်အထိပ်ယဉ်ကျေးမှု ပြယုဂ်ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မစော်ကားရပါဘူး။ မလေးမစား မပြုရပါဘူး။ နိုင်ငံတွင်းရှိ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာရေး အဆောက်အဦ၊ လူမှုရေး အသိုက်အ၀န်း၊ ရေ၊ မြေ၊ တောတောင်၊ မြစ်ချောင်း အင်းအိုင်၊မြေပေါ် မြေအောက် သယံဇာတ အလုံးစုံဟာ အချုပ်အခြာ အာဏာအောက်မှာ စုစည်းတည်ရှိနေတာပါ။
အချုပ်အခြာရဲ့ မူလပိုင်ရှင်ဟာ မြန်မာပြည်သူပြည်သားတွေ ဖြစ်နေလေတော့ မြန်မာပြည်သူတစ်ဦး တစ်ယောက်ကမှ ခွင့်မပြုရင် သဘောမတူရင် ဘယ်မြေတစ်လက်မ၊ ဘယ်ရေတစ်စက်၊ဘယ်လေတစ်ရှိုက်ကိုမှ ပြည်ပကို မိမိတစ်ဦးတည်းသဘောနဲ့ ထုတ်ရောင်းလို့ မရပါဘူး။ မိမိတစ်ဖွဲ့တည်း ဆုံးဖြတ်ချက်နဲ့မှ လုပ်ချင်တာ လုပ်လို့မရပါဘူး။ ထင်သာမြင်သာဖြစ်အောင် ပြည်သူအများစုသိအောင် လုပ်ပြီးမှ ပြည်သူသဘောထား တုံ့ပြန်မှုနဲ့အညီ ဆောင်ရွက်ကြရမှာပါ။
လက်ပံတောင်းတောင်လို အဖြစ်မျိုး နောက်ထပ်ထပ်မကြုံချင်ရင် ပြည်သူကိုတိုင်ပင်ပါ။ ပြည်သူကို အသိပေးပါ။ ပြည်သူ့သဘောထားရယူပါ။ အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်အ စစ်အမှန်ဟာ ပြည်သူပါ။
အချုပ်အခြာအာဏာ ပိုင်ရှင်ရင်း ပြည်သူကို ၀န်းရံရင်း တပ်မတော်၊  အစိုးရအားလုံး ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရပါမယ်။ဒီလိုတပ်မတော်၊ အစိုးရ၊ ပြည်သူကျစ်လျစ် ညီညွတ်နေမယ်ဆိုရင် မြန်မာပြည်ရဲ့ လေတစ်ရှိုက်ကို ဘယ်တိုင်းတစ်ပါးကမှ ကျူးကျော် ရှူရှိုက်ခွင့် ရကြမှာ မဟုတ်ပါဘူး။
Written by မောင်တင်ဦး (မြောင်းမြ)    
by-http://www.news-eleven.com

ဆုကြေးငွေ ကျပ်သိန်း ၄၀၀ ခန့် ချီးမြှင့်မည့် မန်းမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပမည်


ဆုကြေးငွေပေါင်း ကျပ်သိန်း ၄၀၀ နီးပါး ချီးမြှင့်မည့် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်တွင် မန္တလေးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း  မန္တလေး စည်ပင်ပြိုင်ပွဲ ဦးစီးကော်မတီမှ သတင်းရရှိသည်။ ဆုပေါင်း ၉၀ ခန့် ချီးမြှင့်မည့် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် အလွတ်တန်း (ကျား/မ)၊ လူသစ်တန်း (ကျား/မ) ဟူ၍ ပြိုင်ပွဲလေးမျိုးခွဲကာ ကျင်းပမည်ဖြစ်ပြီး လူသစ်တန်း ပြိုင်ပွဲအတွက် ပထမဆု ကျပ် ၁၅ သိန်းနှင့် နှစ်သိမ့်ဆု အပါအဝင် ဆုပေါင်း ၃၀ ချီးမြှင့်မည် ဖြစ်ပြီး အလွတ်တန်း ပြိုင်ပွဲအတွက် ပထမဆု ကျပ် ၁၀ သိန်းနှင့် ဆုပေါင်း ၁၅ ဆု ချီးမြှင့်မည် ဖြစ်သည်။

ပြိုင်ပွဲဝင်သူများ အနေဖြင့် ပြေးလမ်းကြောင်း ၁၃ မိုင်ခန့် အပြေးပြိုင်ရမည်ဖြစ်ကာ ကျန်းမာသန်စွမ်းသူ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲဝင် လျှောက်လွှာများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ၊ မန္တလေး စည်ပင်ရုံးများ၊ အား/ကာရုံး (ဗထူးကွင်း) တို့တွင် လျှောက်လွှာတစ်စောင် ကျပ် ၃၀၀ ဖြင့် ရရှိနိုင်ပြီး ဒီဇင်ဘာ ၃၀ ရက်အထိ ပြိုင်ပွဲဝင် လျှောက်လွှာများ ပေးပို့နိုင်သည်။ အများပြည်သူ ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ပြိုင်ပွဲ ကျင်းပခြင်း ဖြစ်ကြောင်း အဓိက ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း မန္တလေး စည်ပင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုကျင်းပမည့် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲသည် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခင်က မန္တလေးမြို့တော်ဝန် မာရသွန်ပြိုင်ပွဲများအဖြစ် ၂၀၀၆ ခုနှစ်အထိ လေးကြိမ် ကျင်းပခဲ့ဖူးသည်။

မောင်တာ


By 7Day News 21 December, 2012 - 16:14

Thursday, December 13, 2012

လက်ပံတောင်း မီးလောင်ဗုံး ဘယ် ကလာသလဲ ?

 ကာတွန်း - အော်ပီကျယ်

လင်းသန့် ~ 

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းတွေကို မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုးခွင်းမှုကြောင့် သံဃာတော်တွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တချို့ပါ မီးလောင်ဒဏ်ရာတွေနဲ့ မြင်မ ကောင်းအောင် ဖြစ်ခဲ့လို့ မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ ဆန္ဒပြမှုတွေ ဆက်တိုက်လို ဖြစ်လာခဲ့ပါတယ်။ 

လက်ပံတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာရ သံဃာတပါးဖြစ်တဲ့ ဦးတိက္ခဉာဏဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆေးကုသမှု ခံယူဖို့ ရောက်လာခဲ့ပါပြီ။ 

ဒဏ်ရာရသံဃာတော်တွေကို ဆေးကုသရေးအတွက် ရွှေည၀ါဆရာတော်မှလည်း လှူဒါန်းငွေများ ကူညီပေးထားပြီး ပြည်ပတွင် ဆေးကုသရေးအတွက် အကူညီများ လိုအပ်နေသေးတယ်လို့ ဒဏ်ရာရ သံဃာတွေကို အကူအညီပေးနေတဲ့ အဖွဲ့က ဆရာတော် ဦးဝိမလက မိန့်ကြားပါတယ်။ 

အခြားသံဃာတော် ၄ ပါးမှာ မန္တလေး ဆေးရုံကြီးတွင် ဆေးကုသ ခံယူနေဆဲဖြစ်ပြီး နိုင်ငံကူးလက်မှတ် မရရှိသေးဘူး လို့ အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။ 

မီးလောင်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေလည်း အင်တာနက် လူမှုစာမျက်နှာတွေ မှာ နေ့စဉ်ဆိုသလို မြင်တွေ့ရပြီး အတော် စိတ်မသက်မသာ ဖြစ်ကြရတာပါ။ 

အခုလို မီးလောင်ဒဏ်ရာတွေရခဲ့တာဟာ မြန်မာအစိုးရတာဝန်ရှိသူတချို့ ပြောနေတဲ့ မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲခဲ့တယ် ဆိုတာ လက်မခံနိုင်ကြသူတွေက များပါတယ်။ ဒေါက်တာခင်မောင်ညိုကလည်း ဖော့စ်ပရပ်စ် ဓာတုပစ္စည်းပါတဲ့ မီးလောင်ဗုံးလိုမျိုး နပန်းဗုံးကို သုံးစွဲခဲ့ပုံရတယ်လို့ မှတ်ချက်တွေပေး ကြပါတယ်။  

အလားတူ လူတော်တော်များများနဲ့ မျက်ရည်ယို ဗုံးနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိခဲ့ဖူး သူတွေကလည်း   မျည်ရည်ယိုဗုံးသုံးခဲ့တယ်ဆိုတာ လက်မခံကြပါဘူး။ 

ပြည်တွင်းရှိ ဆေးပညာရှင်တချို့နဲ့ ပြည်ပရောက် မြန်မာဆေးပညာရှင်တချို့ကလည်း သံဃာတော်များရဲ့ ဒဏ်ရာအခြေအနေတွေကို ကြည့်ပြီး ဓာတုဗေဒ ပစ္စည်းတခုခုပါဝင်တဲ့ ဗုံးတမျိုးမျိုးသုံးခဲ့တာဖြစ်မယ်လို့ မှတ်ချက်ပေး ပြောနေကြပါတယ်။

အစိုးရတာဝန်ရှိသူတွေကလည်း မျက်ရည်ယိုဗုံးကိုဘဲ သုံးခဲ့တာသာဖြစ်တယ်လို့ ဆက်လက်ပြောဆိုနေတဲ့ အတွက် ထိုနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်က ၀မ်ပေါင်ကုမ္ပဏီဝန်းထဲကနေ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေနဲ့ထိုးပြီး နောက်ပိုင်း မီးလောင်စေတဲ့ ဗုံးနဲ့ပစ်ခွင်း ဖြိုခွဲလိုက်တာကြောင့် အဆိုပါ ဗုံးဟာ တရုတ် ၀မ်ပေါင် ကုမ္ပဏီကများ ထုတ်ပေးလိုက်သလားဆိုတဲ့ မေးခွန်းတွေက ဆင့်ကဲပေါ်ပေါက်လာခဲ့ပါ တယ်။ 

ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ လီကျင့်ဟွာက လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ် စခန်းတွေကို မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုးခွင်းတဲ့ မီးလောင်ဗုံးဟာ တရုတ်နိုင်ငံရဲ့ ၀မ်ပေါင် ကုမ္ပဏီက ပေးခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့တာကို မှတ်မိကြမယ် ထင်ပါတယ်။ 

ဒါဆို သံဃာနဲ့ ဒေသခံ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ မီးလောင်ဒဏ်ရာတွေဖြစ်စေခဲ့တဲ့ သပိတ်စခန်း ဖြိုခွင်းမှုမှာ သုံးစွဲခဲ့တယ်လို့စွပ်စွဲခံနေရတဲ့ မီးလောင်ဗုံးကို ဘယ်သူက ပေးလိုက်သလဲဆိုတာတော့ ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်တာဝန်ပေးယူထားတဲ့ လက်ပံတောင် စုံစမ်းရေး ကော်မရှင်လည်း ခေါင်း စားရတော့မယ့်ကိန်း ဆိုက်ရောက်နေပါတယ်။ 

လက်ပံတောင်း ကော်မရှင်ကိုတော့ သမ္မတ ဦးသိန်းစိန်က ဖွဲ့ပေးခဲ့တာပါ။

Wednesday, December 12, 2012

သည်မီးတာ ဘယ်တကိန်းမှာမှ ငြိမ်းပါ့မယ်လို့

ha-9-12-3
ညတကာည လတကာလတွေထဲမှာ တန်ဆောင်မုန်းလပြည့်ညဟာ အလှပဆုံးည ဖြစ်ပါတယ်။ ထက်ဝန်းကျင် ကောင်းကင်တစ်ခွင်တစ်ပြင်မှာ ဆီးနှင်းမြူတိမ် သူရိန်မီးခိုးဆိုတဲ့ ညစ်မျိုးငါးမည် ကင်းရှင်းနေပြီး ဖိုးရွှေလမင်းကြီး လင်းလင်းချင်းချင်း လှလှပပ သာနိုင်တဲ့ညဖြစ်တယ်။ ညပေါင်း ၃၆၅ ည၊ လပေါင်း ၁၂ လအတွင်း ဒီညမှာသာတဲ့ လဟာရောင် ၀ါအထွန်းလင်းဆုံး၊ တစ်လောကလုံး ရွှေရောင်ဖုံးလွှမ်းသွားအောင် လမင်းအလင်းရောင်တွေ သွန်ချနေတဲ့ ရွှေရောင်အလင်းည၊ ကမ္ဘာ့အလှဆုံးည ဖြစ်ပါတယ်။ အခြားသော ညတွေမှာ နက္ခတ်ကြယ်တာရာတွေ မစုံညီ၊ ဒီညမှာတော့ ပုန်းနေတဲ့ ကြယ်ကလေးတစ်ပွင့်တောင် မကျန်အောင် လမင်းကြီးနောက် ခြံရံလိုက်ပါပြီး အလင်းခရီး အလှခရီးနှင်တဲ့ည။
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါကပင် ကြတ္တိကာ နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ည၊ ကောင်းကင်မှာ လမင်းကြီးရယ်၊ နက္ခတ်ကြယ်တာရာတွေရယ် စုံစုံညီညီ တင့်ရွှန်းနေသလို မြေပြင်မှာ ဆီမီးတန်ဆောင် အလင်းရောင်တွေနဲ့ ခြယ်မှုန်းထွန်းပနေတဲ့ ည. .။ အဲဒီညမှာ ဗုဒ္ဓဘုရားရှင်ရဲ့ လက်ဝဲတော်ရံ၊ လက်ျာတော်ရံ အရှင်မြတ်ကြီးနှစ်ပါး ဖြစ်လာမယ့် အရှင်သာရိပုတ္တရာ အလောင်းအလျာနဲ့ အရှင်မောဂ္ဂလာန် အလောင်းအလျာ တို့ တွေ့ဆုံပေါင်းစည်း ဓမ္မခရီး နှင်ခဲ့ကြပါတယ်။ အရှင်အဿဇိနဲ့တွေ့တော့ အရှင်သာရိပုတ္တရာ လောင်းလျာက 'အကျိုးရှိရာ ညွှန်ပြပါလော့' လို့လျောက်ထားခဲ့အခါ အရှင်အဿဇိမထေရ်က ဗုဒ္ဓမြတ်စွာဘုရားထံ ပို့ဆောင်ပေးခဲ့တယ်။
ကောင်းကင်နဲ့ မြေပြင်မှာ လရောင်နဲ့ ဆီမီးရောင်တို့ အပြိုင်ထွန်းလင်းနေတဲ့ ညမှာဓမ္မရဲ့ အလင်းရောင်က ပိုပြီးတော့ သာလွန်ထွန်းပခဲ့တဲ့ ညပါတကား။
ဗုဒ္ဓသာသနာဝင်မှာ တန်ဆောင်မုန်းလပြည့်ညဟာ ဓမ္မအဓိပ္ပာယ် ကြွယ်ဝလွန်းတဲ့ည. .။
အဇာတသတ်ကို မြတ်စွာဘုရား 'သာမညဖလ သုတ်တော်' ဟောတဲ့ ည. .။ ရဟန်းသံဃာတို့အပေါ်ယုံမှားသံသယ၀င်နေတဲ့ အဖသတ်မင်း၊ ကိုယ့်အဖေကိုယ်ပြန်သတ်တဲ့ အဇာတသတ်မင်းကို မြတ်စွာဘုရားက သံဃာတော်များရဲ့ ဂုဏ်ကျေးဇူး၊ ရဟန်းဘ၀ရဲ့ အကျိုးဖလနဲ့ ဓမ္မရဲ့အတိုင်းမသိအောင် ကျေးဇူးပြုပုံတွေကို အကျယ်တ၀င့် ဟောကြားခဲ့တဲ့ည . .။
အဖေကိုသတ်ပြီး အာဏာလုခဲ့တဲ့ မင်းဆိုးမင်းညစ် အဇာတသတ် ကျွတ်တန်းဝင်ခဲ့တဲ့ည . .။ အဲဒီညမှာပဲ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ဓမ္မအောင်မြေကို အဓမ္မသိမ်းပိုက်ပြီး ကြေးနီစီမံကိန်းကြီး လုပ်ထားတဲ့ လက်ပံတောင်းတောင်ဆီက အော်သံ၊ ဟစ်သံ၊ ပစ်သံ၊ ခတ်သံ၊ ပေါက်ကွဲသံတွေ ဆူညံသွားပြီး မီးတောက်မီးလျံတွေ မီခိုးလုံးကြီးတွေ ထွက်ပေါ်လာပါတော့တယ်။
သာသနာ့အောင်မြေ ဓမ္မမြေကို မေတ္တာသုတ်ရွတ်ဖတ် သရဇ္ဈာယ်၍ ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက်လျက်ရှိသော သံဃာတော်များ လက်နက်ဘေးရန် ဗုံးဒဏ်သင့်ခဲ့လေပြီ။ အရဟတ္တမင်္ဂ၏အောင်လံ (အကြွင်းမဲ့ ငြိမ်းချမ်းရေး) ၏ အောင်လံတော်ဟု မြတ်စွာဘုရား ကိုယ်တော်တိုင် အမွှမ်းတင် ရည်ညွှန်းတော်မူခဲ့သော သင်္ကန်းတော်များ မီးစွဲလောင်ခဲ့လေပြီ။ သြကာသလောကရဲ့ အလှဆုံးညကို အကျည်းတန်ဆုံးညဖြစ်အောင် အဓမ္မ လွန်ကျူးခဲ့လေပြီ။ သိမ်မွေ့နူးညံ့ နက်ရှိုင်းသော ဓမ္မ၏အဓိပ္ပာယ်များ တစ်စစီပဲ့ကြွေအောင် အကြမ်းဖက် ဖျက်ခဲ့လေပြီ။ လောကီအလိုအားဖြင့် 'ဆေးပေါင်းခတဲ့ ည' သည် 'သွေးပေါင်းခတဲ့ည' ဖြစ်ခဲ့လေပြီ။
ဒီသွေးဟာ သံဃာတော်အရှင်မြတ်တို့ရဲ့သွေး၊ ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီး၏ ဓမ္မအောင်မြေ သာသနာ့အောင်မြေသည် သွေးစွန်းပေ သွေးအိုင်ထွန်းခဲ့လေပြီ။ အဆိပ်မီးဗုံးတွေ တ၀ုန်းဝုန်းပေါက်ကွဲ ဓမ္မမဏ္ဍိုင်ကြီးကို ဖြိုလှဲခဲ့လေပြီ။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် ဤနေရာဤဒေသ လက်ပံတောင်းတောင်သို့ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် (၁၀၉ နှစ်) က မြန်မာသက္ကရာဇ် ၁၂၆၅ ခုနှစ် (ခရစ်နှစ် အေဒီ ၁၉၀၃) က ကြွရောက်သီတင်းသုံးတော် မူခဲ့ပါတယ်။ လယ်တီဆရာတော်ဘုရားကြီးဟာ ၃၈ ၀ါမြောက် ၀ါဆိုရာဌာနအဖြစ် လက်ပံတောင်းတော်သို့ ကြွချီတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ လက်ပံတောင်းတောင်ဟာ အဲဒီတုန်းကပင် တောင်ထွတ်ပေါင်း ၃၃ လုံးရှိခဲ့ပြီး သာယာအေးချမ်းလှတဲ့ သဘာဝပတ်ဝန်းကျင် ဖြစ်တာမို့ လယ်တီဆရာတော်ဘုရားကြီးကဲ့သို့သော သူတော်ကောင်းတို့ မွေ့လျော်ရာ ဓမ္မအောင်မြေ ဖြစ်ခဲ့ပါတယ်။ လယ်တီဆရာတော်ဟာ ဒီနေ့ ဆန္ဒပြရွာတွေဖြစ်တဲ့ ကျော်ရွာ၊ တောင်ပလူရွာ၊ မိုးကြိုးပြင် ရွာစတဲ့ ရွာများသို့ ဆွမ်းခံကြွ သွားလေ့ရှိပါတယ်။
လက်ပံတောင်းတောင်မှာ တရားသဘောကို ကိုယ်လိုရာဆွဲပြီးပြောကြ ဟောကြ ငြင်းခုန်ကြတဲ့ လူတွေကိုကြည့်ပြီး လယ်တီဆရာတော်ဘုရားကြီးက . . 'တစ်ပိုင်းကြောင် ကျက်စာရရုံနဲ့ . . အစချီသော ဂန္တ၀င် ဓမ္မကဗျာကို စီကုံးရေးဖွဲ့ခဲ့ပါတယ်။ ကဗျာရဲ့အဆုံးမှာ . . 'ပိဋကတ်အစွယ်ထောင်လျှင် အပါယ်တောင် ဆင်းရလိမ့်လေး' လို့ ဖော်ပြဆုံးမထားပါတယ်။
သြော် . . ကျေးဇူးရှင်ကြီးဘုရား  . . ဒီနေ့တော့ဖြင့် 'အဆိပ်ဗုံးမီး လောင်၊ အစွယ်ထောင်လျင်၊ အပယ်တောင်ဆင်းရလိမ့်လေး' လို့ ကဗျာအသစ် ရေးရတော့မည် ထင်ပါတယ်ဘုရား။
လယ်တီဆရာတော်ကြီး လက်ပံတောင်းတောင်မှာ သီတင်းသုံးနေစဉ် ကင်းဝန်မင်းကြီးရဲ့သား ပုသိမ်ကြီးမြို့အုပ် ဦးခင်မောင်ကြီး လာရောက်ဖူးမြော်ပါတယ်။ ဆရာတော်ဘုရားကြီးထံတော်မှာ နည်းခံပြီး လေးငါးရက် တရားအားထုတ်ပါတယ်။ အဲဒီအချိန်မှာ ကင်းဝန်မင်းကြီးမှာ 'ဦးကောင်းလိမ်ထုတ် သီပေါပြုတ်' ဆိုတဲ့ စကားနဲ့ ပြည်သူလူထုရဲ့ ဆန့် ကျင်တာခံနေရတဲ့ အချိန်၊ အသက်အားဖြင့်လည်း ၈၀ ကျော်မို့ အိုမင်းမစွမ်း ဆောက်တည်ရာမဲ့နေတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းအတွက် လယ်တီဆရာတော်ကြီးက သံဝေဂကဗျာရေးပြီး ဦးခင်မောင်ကြီးအပြန်မှာ လက်ဆောင်ပါးလိုက်ပါတယ်။ (ဒီကဗျာကလည်း မြန်မာကဗျာလောကမှာ အင်မတန်နာမည်ကျော်တဲ့ ဂန္ထ၀င်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။)
'မိုက်မလင်းနိုင်ဘု' . . အစချီတဲ့ ဒီကဗျာမှာလည်း ဒီနေ့လက်ပံတောင်းတောင်မှာ သံဃာတော်များကို အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ဟပ်မိနေတဲ့ ကဗျာစာသားတွေကို အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။
'အသေသတ် လက်မရွံ့ကို အသက်ခွန် ပဏ္ဍာသွင်းရန်ဖို့' . .
'သုံးသွယ်မြုံသိုက် ဘုံတလှိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ မြူမချန်ပူလျံတောက်ညီး၊ အမြဲစတေ မစဲချွေ အသေမီးတဲ့' . . .
'ဘုံတခွင်အတွင် လောင်မြိုက်အပြောင်တိုက်လို့' . . .
'သည်မီးတာ ဘယ်တကိန်းမှာမှ ငြိမ်းပါ့မယ်လို့ '
(၁၉၅၆ ခုနှစ်ထုတ် ဂမ္ဘီရကဗျာ ကျမ်းစာ-၁၃၃)
ဦးအောင်မွန်ရေး။ ၂၀၀၇ ထုတ် လယ်တီဘ၀ ဖြစ်တော်စဉ်၊
စာ-၅၁၇
မှန်ပါဘုရား။ သူတို့ဟာ 'လက်မရွံ့' တွေပါဘုရား၊ သံဃာကို သွေးမြေကျအောင် အကြမ်းဖက် ဖြိုခွင်းခဲ့ပါပြီဘုရား။ သူတို့ရဲ့ အဆိပ်ဓာတု မီးလောင်ဗုံးတွေဟာ 'ဘုံတစ်ခွင်ကို အတွင်လောင်မြိုက် အပြောင်တိုက်ခဲ့ပါပြီဘုရား။ ဒီမီးဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး မရပ်သမျှ ဘယ်တော့မှ ငြိမ်းလိမ့်မည် မဟုတ်ပါဘုရား။ ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲအသည်းထဲမှာ စွဲလောင်နေတဲ့ အဓမ္မမီးတောက်မီးလျံများပါ ကျေးဇူးရှင်ကြီးဘုရား။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးဟာ လက်ပံတောင်းတောင်မှာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အောက်ပါတရားကျမ်းစာများကို ရေးသား၍ သာသနာ့အမွေ ပေးဝေရစ်ခဲ့ပါတယ်။
စတုသစ္စဒီပနီ - ၁၉၀၃ ခုနှစ် သြဂုတ်လ ၉ ရက် ပြီးစီးအောင်မြင်
ရွှေချိန်ခွင်အဖြေ- ၁၉၀၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက် ပြီးစီး၏အောင်မြင်
သမ္ဗာဒိဋ္ဌိဒီပနီ- (ရက်စွဲမတွေ့)
ကမ္မဌာနဒီပနီ - ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ပြီးစီးအောင်မြင်
(လယ်တီဘ၀ဖြစ်တော်စဉ်၊ စာ-၅၁၅)
လယ်တီဆရာတော်ဘုရားကြီးဟာ ကျမ်းပေါင်းတစ်ရာကျော် ပြုစုခဲ့တဲ့အနက် လက်ပံတောင်းတောင်မှာချည်း အရေးကြီးတဲ့ ဒီပနီကျမ်းစာတွေ ရေးခဲ့ပါတယ်။ ဒါကြောင့် လက်ပံတောင်းတောင်ဟာ သာသနာ့အောင်မြေ၊ ဓမ္မအောင်မြေ၊ စာပေအောင်မြေဖြစ်ကြောင်း သိသာထင်ရှားလှပါတယ်။ ပြီးတော့ လယ်တီဆရာတော်ဘုရားကြီးဟာ လက်ပံတောင်းတောင်မှာပဲ တရားထူးတရားမြတ်ကို မျက်မှောက်ပြုနိုင်တဲ့အထိ အားထုတ်ခဲ့တာမို့ လက်ပံတောင်းတောင်ဟာ 'အရိယာသူတော်ကောင်းတို့ အောင်မြေ' လည်း ဖြစ်ပါတယ်။
ရဟန်းရှင်လူ ပြည်သူအပေါင်းက ကန့်ကွက်ဆန္ဒပြကြတဲ့အခါ 'တစ်လကို ဒေါ်လာနှစ်သန်း နစ်နာနေပါတယ်' လို့ သူတို့ဘက်က လွှတ်တော်မှာ အရေးဆိုခဲ့ပါတယ်။ ကြည့်စမ်း . . တစ်လဒေါ်လာနှစ်သန်းလောက်များ စကားထဲထည့်ပြောနေတယ်။ ဒီမှာ ပြည်သူလူထုကြီး နစ်နာတာက ဒေါ်လာသန်း ကုဋေချီပြီး တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒီမြေဒီရေဒီတော တောင်တွေဆိုတာ ဗုဒ္ဓဓမ္မသံဃာ့အောင်မြေ၊ မြေတစ်မှုန်ကို တစ်ဒေါ်လာနဲ့ မလဲနိုင်ဘူး။ ဗုဒ္ဓမြတ်ဘုရားရဲ့ သာသနာ့ အမွေအနှစ် အောင်မြေအစစ်ကို ဒေါ်လာနဲ့ တန်ဖိုးဖြတ်လို့မရပါဘူး။ ဒါကြောင့်လည်း ဒေသခံပြည် သူတွေကစပြီး ဆန္ဒပြကတည်းကပင် ဒီမြေကို အသက်နဲ့လဲပြီး ကာကွယ်မယ်လို့ ကြွေးကြော်ခဲ့တယ် မဟုတ်ပါလား။
သွားလေသူ ဦးနေ၀င်းကြီးလို နောင်မှနောင်တမရစေချင်ဘူး။
'ဗိုလ်ချုပ်ကြီး နေ၀င်းက . . သူသည် ဗုဒ္ဓဟောကြားတော်မူသော သင်္ခါရတရား၊ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား၊ ကံတရား စသည်များကို ကောင်းစွာမသိခဲ့၍သာ ၁၉၆၂ ခုနှစ်က အာဏာကို သိမ်းယူသည့်အလုပ်ကို လုပ်မိခဲ့သည်။ ထိုတရားဓမ္မများကို ကောင်းစွာသိခဲ့မည်၊ နားလည်ခဲ့မည်ဆိုလျှင် ၁၉၆၂ ခုနှစ်ကလုပ်ခဲ့သည့် အလုပ်မျိုးကို လုပ်ခဲ့မည်မဟုတ်ပါ' ဟု ပြောပြလိုက်သောအခါ . . .
၂၀၁၁ ထုတ် ကိုကိုမောင်ကြီး၏ ကျွန်တော်သိသော တရံရောအခါများ စာ-၇၇၉
' ဦးနေ၀င်းက သူသည် လယ်တီဆရာတော်ဘုရား စီရင်သော ကမ္မဌာန်းကျမ်းကို လက်ကိုင်ထားပြီး ရှုမှတ်ဖွယ်ရာ တရားများကို ရှုမှတ် လေ့ကျင့်နေသည်ဟု ပြောပြပါသည်။ (၄င်းစာ-၇၆၁)
စစ်အာဏာရှင် အဘတို့ရဲ့ အဘကြီး ဦးနေ၀င်းက လယ်တီဆရာတော်ဘုရားကြီးရဲ့ ကျမ်းစာအုပ်တွေ စောစောစီးစီး ဖတ်မိခဲ့ရင် 'အာဏာမသိမ်းပါဘူး' လို့ ပြောခဲ့ကြောင်း၊ ဆရာကိုကိုမောင်ကြီးက သူ့စာအုပ်ကြီး မထွက်ခင်ကတည်းက ကျွန်တော့်ကို ပြောပြခဲ့ဖူးပါတယ်။ ဦးနေ၀င်းရဲ့ စိတ်ကြမ်းစရိုက်ကြမ်းတွေကို ပြောင်းလဲစေခဲ့တဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ 'ကမ္မဌာန်း ကျမ်းကြီး' ဆိုတာ လက်ပံတောင်း တောင်မှာ ရေးခဲ့တဲ့ 'ကမ္မဌာနဒီပနီ' မှာ မြစ်ဖျားခံပါတယ်။ (နှစ်အုပ်တိုက်ဆိုင်ပြီး ဖတ်ကြည့်ပါ)
အခုတော့ ကျွန်တော်တို့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေ၊ မြွေအရေခံလဲသလို လူဝတ်လဲထားတဲ့ ခေါင်းဆောင်တွေဟာ 'လက် ပံတောင်းတောင်ရဲ့ ဓမ္မတန်ဖိုး' မသိနိုင်ဘဲ ဒေါ်လာတန်ဖိုးနဲ့ တွက်ချက်ကြည့်ကာ သာသနာ့ဝန်ဆောင်၊ ဓမ္မ၀န်ဆောင် သံဃာတော်များကိုပင်လျှင် အကြမ်းဖက်ဖြိုခွင်း မီးလောင်တိုက်သွင်းခဲ့လေပြီ။ ကြေးနီစီမံကိန်းကြီးကို အဖတ်မဆယ်ခင် မိမိတို့ရဲ့ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးတို့ကို ဘယ်လိုအဖတ်ဆယ် တည်ဆောက်ကြမှာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စေလိုပါတယ်။ ဦးပုညရဲ့ တေးထပ်ထဲကလို 'ရွှေဉာဏ်ရှင် မဝေခွဲနိုင်ဘု၊ ပွဲတွေ့အမှား' ကိုတော့ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြလေပြီ။
မင်းတုန်းမင်းကြီးခေတ်က . . မန္တလေးနေပြည်တော်မှာ လူဦးရေ ခြောက်သိန်းရှိတဲ့အနက် ရဟန်းသံဃာ အရေအတွက်က 'ခြောက်သောင်း' ခန့် ရှိပါတယ်။ ကျောင်းတိုက်ကြီးပေါင်း ၂၀၀ ခန့်ရှိတဲ့အနက် မဟာဒက္ခိဏာရာမ တစ်တိုက်တည်းမှာ သံဃာအပါး ၃၀၀၀ (သုံးထောင်) ကျော် သီတင်းသုံးလျက် ရှိပါတယ်။ မင်းတုန်းမင်းဟာ သာသနာကို အလွန်ကြည်ညိုတဲ့ မင်းဖြစ်လေတော့ သံဃာတွေ ဆွမ်းခံကြွလာပြီဆိုရင် ကိုယ်တိုင် ဆွမ်းလောင်းလေ့ရှိသတဲ့။ သံဃာတွေက များလွန်းတော့ ဆွမ်း၊ ဆွမ်းဟင်းတွေကို သစ်သားကန်ကြီးတွေနဲ့ စီမံထားရတယ်။
ဆွမ်းတန်းကြီးက ရှည်လှတော့ ကိုရင်လေးတွေ၊ ရဟန်းပျိုတွေမှာ စိတ်မရှည်နိုင်တော့ဘဲ သပိတ်ဖုံးနဲ့ ဆွမ်းနဲ့ဆွမ်းဟင်းတွေ ခပ်ယူကြရောတဲ့။ မင်းတုန်းမင်းကြီးက ဗွေမယူပါဘူး။ သဘောကျပြီး ရယ်လို့တောင်နေသတဲ့။ ဒါပေမဲ့ မြင်ကွင်းဟာ မတင့်တယ်ဘူးလို့ နှလုံးသွင်းပြီး နောက်တစ်နေ့မှာ ဆင်လိမ္မာတွေ ၀ဲယာကညှပ်ပြီး ဆွမ်းခံလမ်းမှာ စောင့်နေစေတယ်။ စည်းကမ်းပျက်တဲ့ ကိုရင်နဲ့ သံဃာငယ်တွေကို ဆင်တပ်ကြီးနဲ့ ခြိမ်းခြောက်တာ ဒါပေမဲ့ ဘုရင်ထင်သလို ဖြစ်မလာပါဘူး။ သံဃာတွေက ဆင်တပ်ကြီးကို မကြောက်တဲ့အပြင် ကြေးသပိတ်ဖုံးတွေကို တဖတ်ဖတ်နဲ့ ပြိုင်တူတီးလိုက်ကြတာ ဆင်တပ်ကြီးလန့်ပြီး ထွက်ပြေးပါလေရော့။
အဲဒီမှာ မူးမတ်အကြံပေးတွေက . . 'ဆင်တပ်နဲ့မရ မြင်းတပ်နဲ့ ချပါမယ်ဘုရား၊ ဆွမ်းခံကြွလာရတဲ့ ဘုန်းကြီးများဘေးမှ မြင်းစီးသူရဲများကို တန်းစီ၍ ရှေ့နောက်မကွာ စိုင်းနှင်စေပြီး မိမိလမ်းကြောင်းအ၏တိုင်း မကြွဘဲ စည်းကမ်းဖျက်တဲ့ ဘုန်းကြီးကို မြင်းနဲ့တိုက်ချပါမည် ဘုရား' လို့ လျှောက်ထားသတဲ့။
မင်းတုန်းမင်းကြီးက သူရဲ့အကြံပေး မှူးမတ်ဝန်ကြီးတွေရဲ့ အခြေအနေကို ချက်ချင်းသိလိုက်တယ်။ ဒီလိုမိန့်ပါတယ်။
'ဟဲ့ . . သံဃာကို ပြစ်မှားတဲ့ကံ၊ သင်တို့သာမက ငါဘုရားပါ အ၀ီစိငရဲ ရောက်ကုန်တော့မယ်' တဲ့။ မင်းတုန်းမင်းကြီးက သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းမယ့် အစီအစဉ်ကို ပယ်ဖျက်တားမြစ်လိုက်ပါတယ်။ အ၀ီစိငရဲအထိ မင်းတုန်းမင်းကြီး လှမ်းမျှော်ကြည့်နိုင်ခဲ့ပါတယ်။ ဒီနေ့ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းလိုက်တာဟာ ငရဲကိုမကြောက်၊ တရုတ်ကို ကြောက်လို့လား။
ကောင်းပါပြီ။ သပိတ်စခန်းတွေကို ဖြိုခွင်းမီးလောင်တိုက်သွင်းလိုက်ရုံနဲ့ ကြေးနီစီမံကိန်းကြီး အောင်မြင်အောင် ဆက်လုပ်နိုင်မှာတဲ့လား။ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်ကြီး၊ မိုးကုတ်၊ ချောက်၊ ကျောက်တံခါးစတဲ့ မြို့ကြီးတွေမှာ သံဃာတော်များ ဆက်၍ဆက်ကာ ဆန္ဒပြ တောင်းဆိုနေကြလေပြီ။ မြတ်စွာဘုရားရှင် ကိုယ်တိုင်က ဆန္ဒပြသင့်တဲ့သူကို ဆန္ဒပြဖို့ ဟောထားပါတယ်လို့ နိုင်ငံကျော် အရှင်ဆန္ဒာဓိကက ထောက်ခံချက်ပေးထားပါတယ်။ ဒီနေ့ပြောင်းလဲမှုတွေဆိုတာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနဲ့ အများကြီး ဆက်စပ်မှုရှိပါတယ် . . . ဒါဟာ ဆရာတော် သံဃာတော်တွေရဲ့ မေတ္တာတရားနဲ့ ဆန္ဒပြမှုပေါ့ 'လို့မိန့်ကြားပါတယ်။
၁၉-၁၁-၁၂ ထုတ် Messenger ဂျာနယ်
ဒယ်အိုးဆရာတော် ဦးသုမနကလည်း '၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်း ဖြစ်လာတဲ့အခါမှာ သံဃာတော်တွေ အစော်ကားခံလာတာ မြင်လာတော့ ဒီလိုစော်ကားတာ ဘာဖြစ်လို့လဲဆိုရင် ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်မှာ သိတဲ့အသိ မြင်တဲ့အမြင် မမှန်ကန်ကြတော့လို့ ဒါအယူမှား မိစ္ဆာဒိဋ္ဌိတို့ရဲ့အလုပ် '
၁၃-၁၁-၁၂ ထုတ် မဇ္ဈိမဂျာနယ်
မိစ္ဆာဒိဋ္ဌိတို့ရဲ့ အလုပ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရော မျောပါနေပြီလား။ ဒေါ်စုအနေနဲ့ စကားဖြောင့်ဖြောင့် ပြောခဲ့ပါရဲ့လား။ အနောက်တိုင်း ခရီးစဉ်တွေမှာတော့ ဦးသိန်စိန်အစိုးရကို ကောင်းပြီကောင်းရဲ့နဲ့ ကောင်းသလိုပြောခဲ့ပြီးမှ နိုဝင်ဘာလ အိန္ဒိယခရီးစဉ်မှာတော့ . . 'မြန်မာနိုင်ငံနဲ့ ပတ်သက်၍ The Hindu သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားရာတွင် စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်' လို့ မှတ်ချက်ချခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အလွန်အကျွံ အကောင်းမမြင်ရန်လည်း အိန္ဒိယအစိုးရကို သတိပေးခဲ့ပါတယ်။ ' (၁၆-၁၁-၁၂ ထုတ် မြန်မာပို့စ်ဂလိုဘယ်)
အခု ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုရာမှာတော့ စိတ်ပျက်တယ်ဆိုတဲ့ စကားထက်တောင် ပိုဆိုးတယ်ဆိုတဲ့ အခြေအနေတွေကို ဖာထေးဖုံးဖိ ပြောဆိုသွားပါတယ်။
ဥပမာ ပတ်ဝန်းကျင် ပျက်စီးတာဟာ အခုမှ မဟုတ်ဘူး။ နည်းနည်းနှစ်နဲ့ကြာပြီ။ (ဆိုလိုတာက ၀မ်ပေါင်ကုမ္ပဏီကြောင့် မဟုတ်ဘဲ အရင်ကတည်းက ပျက်စီးနေတာ) 'ဦးပိုင်လီမီတက်ဆိုတာလည်း ဦးပိုင်နဲ့ ဆက်စပ်နေတယ်ဆိုတော့ ကျွန်မ တို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ် '
သဘောထားကြီးပါ။ သည်းခံပါ၊ စိတ်ရှည်ပါ၊ နိုင်ငံကြီးသား ပီသပါဆိုတာတွေကို ပြည်သူတွေကိုပဲ ပြောနေတာဖြစ်ပြီး '၀မ်ပေါင်နဲ့ဦးပိုင်' ဘက်ကိုတော့ မြှားဦးတောင် မလှည့်ရဲခဲ့ရှာဘူး။ 'စီမံကိန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး' လို့လည်း ဆိုတယ်။
'နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နှစ်နိုင်ငံကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရမယ်၊ လိုက်နာရတယ် ' (၃-၁၂-၁၂ ထုတ် ဒီလှိုင်း)
' ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း  ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်' (၅-၁၂-၁၂ ထုတ် Weekly ELEVEN)
ဒေါ်စုပြောခဲ့တာတွေကို စိစစ်ကြည့်လိုက်ရင် ဦးပိုင်နဲ့ ၀မ်ပေါင်တရုတ်ကုမ္ပဏီဘက်က မသိမသာ ရပ်တည်ပြောဆိုနေကြောင်း တွေ့ရပါတယ်။ ပြည်သူလူထုကြီးနဲ့ ရဟန်းသံဃာတွေ တောင်းဆိုနေတဲ့ 'ကြေးနီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းပစ်' ဆိုတဲ့ ပဲ့တင်သံကို ဒေါ်စုဆီမှာ မတွေ့ခဲ့ရပါဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ၆-၁၂-၂၀၁၂ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ - 'လက်ရှိအချိန်မှာ ကျွန်မအနေနဲ့ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူး။ စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်လိုအပြစ်ရှိတယ်ဆိုတာကို ထုတ်ဖော်ပြမှာ ဖြစ်ပါတယ်' တဲ့။
ဆေးရုံပေါ်မှာသံဃာတွေ အတုံးအရုံး၊ မီးလောင်ဗုံးသင့်၊ ဒုက္ခတွေ တစ်နင့်တစ်ပိုးနဲ့ ဒီလောက်အကြမ်းဖက် ဖြိုခွင်းခဲ့တာကိုတောင် အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူးဆိုတော့ ဒေါ်စုရဲ့သဘောထားက ရှင်းနေပါပြီ။ 'ပြည်သူအားလုံး ကျေနပ်မယ့် အဖြေမျိုးထွက်နိုင်မှာ မဟုတ်ပါဘူး' လို့လည်း ဒေါ်စုက ကြိုတင်ဝန်ခံ အဖြေပေးလိုက်ပါပြီ။
ဒီတော့ ပြည်သူလူထုကြီးအနေနဲ့ ကိုယ့်အားကိုယ်ကိုးဖို့သာ အဓိက ကိုယ့်ဘ၀ ကိုယ့်ကြမ္မာကို ကိုယ်တိုင်သာလျှင် ဖန်တီးရမယ်ဆိုတာ ပိုပြီးတော့ သဘောပေါက်သင့်ပါပြီ။ လက်ပံတောင်းတောင် အရေးဟာ သူ့ဒေသကွက်ကွက်ကလေးရဲ့ အရေးမဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထု၊ အမျိုးဘာသာသာ သနာအရေး အရာအားလုံးရဲ့ ဆုံချက်ပြဿနာကြီး ဖြစ်လာခဲ့ပါပြီ။ လက်ပံတောင်းတောင်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပါတယ်။ လက်ပံတောင်းတောင်ရဲ့ ခါးသည်းပြီး အကျည်းတန်တဲ့ နေ့ညများအတွက် ချိုမြိန်လှပသော ဘ၀သစ်ကို ပြန်ရပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

by- eleven media
Written by မောင်သွေးချွန်   
Sunday, 09 December 2012 11:52

မန္တလေးမြို့ ၂၆ လမ်းနှင့် ၃၅ လမ်းကြား ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် ရွေ့လျားဟိုတယ် တည်ဆောက်နေပြီဟု ဆို


Wednesday, 12 Dec 2012 13:58
Photo
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိ သံဘိုကျွန်းတွင် ရွေ့လျားဟိုတယ် တည်ဆောက်လျက်ရှိကြောင်းလည်း သိရသည်။  ထိုသို့ တည်ဆောက်ရာတွင် ရေပေ ၅၀၀ တောင်းရာ သက်ဆိုင်ရာမှ ရေပေ ၁၅၀ သာ ပေးသောကြောင့် ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း သိရသည်။ "CB တွဲတွေပေါ်မှာ တည်ဆောက်နေကြတာပါ။ ဘာမှတော့ အတိအလင်း ပြောလို့မရသေးပါဘူး။ အခုဟာကတော့ မြင်တဲ့အတိုင်း အတော်လေး ပြီးနေပြီ။ ရေပေါ်ဥယျာဉ်နဲ့ ရွေ့လျားဟိုတယ်လို့ ပြောတာပဲ” ဟု သံဘိုကျွန်းနှင့် ဘောဂကြီးဆိပ်ကမ်း ပြေးဆွဲနေသော သမ္ဗာန်မောင်းသူတစ်ဦးထံမှ သိရသည်။
“အဓိကကတော့ ပုဂံတို့ မင်းကွန်းတို့ သွားမယ့် နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာပါ။ မြို့ထဲက ဟိုတယ်တွေမှာ တည်းစရာ မလိုတော့ဘူး။ ဒီဟိုတယ်မှာပဲ တည်းပြီး အလွယ်တကူ အဆင်ပြေစွာ သွားနိုင်အောင်လို့ပါ။ အရင်ကတော့ ပုဂံသွားမယ်ဆိုရင် မြို့ထဲကနေ မနက်အစောကြီး ထလာရတယ်။ ဒီဟိုတယ်ပြီးရင်တော့ မနက်အစောကြီး ထလာစရာ မလိုတော့ဘူး။ ဟိုတယ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ ပုဂံသင်္ဘောပေါ်ကို တန်းတက်လိုက်ရုံပဲ” ဟု တည်ဆောက်ရေးနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။ “ရေပေါ် ရွေ့လျားဟိုတယ်ဆောက်တာ ကောင်းပါတယ်။ ကျွန်တော်တို့အတွက်လည်း အလုပ်အကိုင် အခွင့်အလန်းတွေ ပွင့်လာမယ် ထင်တယ်။ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဘဏ္ဍာငွေ တိုးလာမယ်လို့ မျှော်လင့်ပါတယ်။ အခုမန္တလေးကို နိုင်ငံခြားခရီးသွားတွေ ဒီနှစ်ထဲပိုပြီး ဝင်လာတယ်။ အခုဆို မန္တလေးမှာ ဟိုတယ်တွေ အပြိုင်ဆောက်နေကြတယ်” ဆိပ်ကမ်းကုန်တင်မှု ခေါင်းဆောင်တစ်ဦးမှ ပြောသည်။ အဆိုပါ တည်ဆောက်မှုအတွက် သက်ဆိုင်ရာဌာနမှ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။      
အောင်ကိုဦး

လမ်းတူရင် လူချင်းတွေ့မယ်



Wednesday, 12 Dec 2012 13:50
Photo
လောကတွင် လမ်းပေါင်းများစွာ ရှိပေ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း လမ်းပေါင်းများစွာကို လျှောက်လှမ်းရပေ၏ ဦးစွာပထမ ကျွန်ုပ်တို့ လျှောက်လှမ်းရမည့် လမ်းများမှာ ပတ်ဝန်းကျင်မှ ပြဋ္ဌာန်းထားသော လမ်းမများဖြစ်ပြီး  နောက်ဆုံးအဆုံးသတ် ကျွန်ုပ်တို့ လျှောက်လှမ်းရမည့် လမ်းမများမှာ ကျွန်ုပ်တို့ ယုံကြည်ချက်ဖြင့် ကျွန်ုပ်တို့ ကိုယ်တိုင်ရွေးချယ်ထားသော လွတ်လပ် ကျယ်ပြန့်လမ်းမများပင် ဖြစ်၏။ ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားသော လမ်းမများ (သို့မဟုတ်) မိမိယုံကြည်ရာ မိမိဗီဇစိတ်က နှိုးဆော်လှုံ့ဆွပေးသာ လမ်းမများကို လျှောက်လှမ်းရပေ၏။

ဤသို့ဖြင့် ကျွန်ုပ်တို့နေထိုင်ရာ လောကလူ့ရွာတွင်လည်း လမ်းပေါင်းများစွာနှင့် လူပေါင်းများစွာရှိပေ၏။ ထို့ကြောင့်သာပင် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ကြသော လောကလူ့ရွာတွင် လူချင်းတူသော်လည်း လမ်းချင်းမတူ လူချင်း တူသော်လည်း ဝိဥာဉ်များ၏ လမ်းမများမှာ မတူညီနိုင်ပေ။ ထို့ကြောင့်ပင် ကျွန်ုပ်သည်လည်း ကဗျာဆရာ မောင်ချောနွယ်၏ လမ်းတူရင် လူချင်းတွေ့မယ်ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို ဖွင့်ဆိုဖို့ ကြိုးစားကြည့်မိခြင်း ဖြစ်၏။ လမ်းတူရင် လူချင်းတွေ့မယ့် လမ်းဆိုတာဘာလဲ၊ လမ်းဆိုတာ ဘယ်လိုလမ်းလဲ၊ လောကရဲ့လမ်းလား (သို့) ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ တိုင်းပြည်၏ လမ်းလားလူဆိုတာဘာလဲ၊ လူဆိုတာဘယ်လိုလူလဲ၊ လောကရဲ့လူလား (သို့) တိုင်းပြည်တစ်ပြည်၏ နိုင်ငံသားလူလား။ လမ်းနဲ့လူ မည်သို့ပင်ဆိုစေကာမူ လမ်းနဲ့လူဆိုသည်မှာ အချိန်ကာလမသိ အကန့်အသတ်မရှိ အတူယှဉ်တွဲ ဖြစ်ပေါ်လာကြသော ဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို နီးရက်နဲ့ဝေး အသိခက်လွန်းလှသော လူ့ဘဝ၏ ကစားပွဲတစ်ပွဲပင် ဖြစ်သောကြောင့် ကျွန်ုပ်သည်လည်း လမ်းနဲ့လူရဲ့အကြောင်း သိပ်မသိခဲ့ပါ။

သို့သော်လည်း လမ်းတူရင် လူချင်းတွေ့မယ်ဆိုသော စကားကို စမိသဖြင့် လမ်းနဲ့လူအကြောင်းကိုတော့ ကျွန်ုပ်သိသလောက် ပြောရပေလိမ့်မည်။ ကျွန်ုပ် နည်းနည်း သိသလောက်သာ ကျွန်ုပ်ပြောပြမည့် လမ်းနှင့် လူဆိုသည်မှာ ကျွန်ုပ်တို့နိုင်ငံတော်အတွင်းတွင် မှီတင်းနေထိုင်ကြကုန်သော လမ်းနှင့်လူများပင် ဖြစ်၏။ ကျွန်ုပ်တို့ နိုင်ငံတော်အတွင်းတွင်ရှိသော လမ်းမများမှာလည်း အဆိုးနဲ့ အကောင်းဟူသော် လမ်းမများနှင့် မဆိုးမကောင်းဆိုသော အမည်နာမများဖြင့်သာ အမျိုးမျိုးကွဲပြားခြားနားနေကြသော လမ်းပေါင်းများစွာဖြင့် ဖြန့်ကျက်ဖွဲ့စည်းလိမ်ယှက် တည်ရှိနေပေ၏။ ထိုလမ်းဆိုး လမ်းကောင်း လမ်းလတ်များထဲမှ လမ်းကောင်းများဟု ကျွန်ုပ်ယူဆသော လမ်းမများနှင့် ၎င်းလမ်းမများပေါ်မှ လူများအကြောင်းကိုသာပဲ ကျွန်ုပ်နှင့် ၎င်းတို့၏ လမ်းချင်းတူမတူ လူချင်းတွေ့မတွေ့ အကြောင်းသာ ကျွန်ုပ်စဉ်းစားမိခြင်း ဖြစ်၏။

အဘယ့်ကြောင့်ဆို အထက်ဆိုခဲ့ပါ စကားအတိုင်းပင် ကျွန်ုပ်တို့သည်လည်း လမ်းတူရင် လူချင်းတွေ့ကြမည် မဟုတ်ပါလား။ သို့သော် ကျွန်ုပ်တို့သည်လည်း လိုက်လျောညီထွေစွာ နေထိုင်တတ်သော လူသတ္တဝါများ ဖြစ်သောကြောင့် လမ်းချင်းမတူသော်လည်း လူချင်းတွေ့နေရသော အဖြစ်များနှင့် လမ်းချင်းတူသော်လည်း လူချင်းမတွေ့ရသော အဖြစ်များစွာ ရှိလေ၏ သို့သော် လမ်းချင်းမတူသော်လည်း လူချင်းတွေ့လမ်းချင်းတူသော်လည်း လူချင်းမတွေ့ဆိုသော ကျွန်ုပ်တို့ ခေတ်ကာလများ၏ ကျွန်ုပ်တို့ ဖြစ်ရပ်များသည်လည်း သိပ်မထူးဆန်းပါ။ တူရာတူရာများနှင့် မတူရာမတူရာများကို သဘာဝတရားက ပြဌာန်းခဲ့ပြီးဖြစ်၍ လမ်းချင်းတူရင်ဖြင့် လူချင်းတွေ့နိုင်သည် မဟုတ်ပါလား။ လူတစ်ယောက်၏ လမ်းဆိုသည်မှာလည်း လူတစ်ယောက်၏ စိတ်ထားပင်ဖြစ်၏။ ကျွန်ုပ်တို့ နိုင်ငံသားတစ်ယောက်၏ လမ်းဆိုသည်မှာလည်း ကျွန်ုပ်တို့ နိုင်ငံသားတစ်ယောက်၏ နိုင်ငံအပေါ်ထားသော် ကောင်းမွန်ဖြောင့်တန်းသော ယုံကြည်ချက်ပင် ဖြစ်၏။

ထို့ကြောင့်ပင် ကျွန်ုပ်တို့ နိုင်ငံတော်တွင်လည်း ဖြူစင်သော စေတနာကောင်းမွန်သော ယုံကြည်ချက်များကဖြင့် လျှောက်လှမ်းနေကြသော လမ်းမများစွာရှိလေ၏ စားဝတ်နေရေး အခြေခံပရဟိတ အရပ်ဖက် လူ့အဖွဲ့အစည်း လမ်းမပေါင်းများစွာကိုလည်း ကျွန်ုပ်တွေ့ခဲ့ဖူး၏။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ကျွန်ုပ်တွေ့ခဲ့ဖူး၏ အများပြည်သူများအတွက် သူတို့ခင်း၍ သူတို့လျှောက်သောလမ်းများသည် ဝမ်းမြောက်ကြည်နူးစရာ လမ်းမများပင် ဖြစ်၏။ကျွန်ုပ်သည်လည်း ထိုကဲ့သို့ လမ်းမများပေါ်တွင် သူတို့နှင့် လက်တွဲလျှောက်လှမ်းရန် စိတ်ပါဝင်စားမိ၏။ သို့သော် ဆင်ခြေပေးတယ်ပဲပြောပြော ဘေးထိုင်ဘုပြောသမားလည်း အများအကြိုက်ကို ပါးရိုက်ချင်သော ကဗျာဆရာ ဖြစ်နေခြင်းကိုကပဲ သူတို့၏ ကောင်းသော လမ်းမများပေါ်တွင် ပူးပေါင်းလျှောက်လှမ်းရန် နှောင့်နှေးခဲ့ပေ၏။ သူတို့လျှောက်လှမ်းသော လမ်းကို ကျွန်ုပ်၏ စိတ်မျက်စိဖြင့် မေးခွန်းထုတ်နေမိခဲ့၏။

သို့သော်လည်း ကျွန်ုပ်သည် ထိုလမ်းမများပေါ်တွင် လျှောက်လှမ်းနေသူများလောက်တော့ စိတ်ထားမကောင်းပါ၊ ဥာဏ်ပညာ မရှိပါ။ သူတို့လောက် ကျွန်ုပ်၏ အချိန်ပေါင်းများစွာကို မပေးဆပ်နိုင်ပါ။ ကျွန်ုပ်သည်ဗုဒ္ဓ၏ စကားအတိုင်း ဘယ်သူပြောတာမှ မယုံသော စိတ်နှလုံးကို တည်ဆောက်နေသော ကဗျာဆရာဖြစ်ခြင်းကြောင့် လမ်းမများကိုလည်း ကျွန်ုပ်မယုံပါ။ လူတွေကိုလည်း ကျွန်ုပ်မယုံပါ။ ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း မယုံပါ။ ထို့ကြောင့်ပင် ကျွန်ုပ်သည် လောကီလူသားအပေါင်းတို့၏ အနိမ့်ဆုံးစကားဖြစ်သော လမ်းတူရင် လူချင်းတွေ့မယ်ဆိုတဲ့ စကားလုံး၏ ဝိဥာဉ်ကို ခွဲစိတ်တူးဆွကြည့်ဖို့ ကြိုးစားနေသော ခပ်ညံ့ညံ့ လူတစ်ယောက်သာ ဖြစ်ပါ၏။ တစ်ခါတစ်ရံတွင်လည်း အရာရာကို သိသလိုရှိနေသော ကိုဖိုးသိပင် ဖြစ်လေ၏။ ဤသို့ဖြင့်ပင် လမ်းတူရင်လူချင်းတွေ့မယ်ဆိုသော စကားလုံးကိုပင် ပြန်လည်ဆန်းစစ်ကြည့်လေလျှင် ကျွန်ုပ်တို့သည် လမ်းချင်းတူလျှင်သော်လည်းပဲ ဘယ်အချိန်တွင်မှ လူချင်းတွေ့ကြပါမည်လဲ။ လမ်းချင်းတူသော်လည်း လူချင်းတွေ့မည့် အချိန်ကာလသည် ဘယ်လောက်ကြာပါမည်လဲ။ လမ်းချင်းတူ လူချင်းတွေ့ကြမည့် အချိန်ကာလသည် နည်းနည်းပင် လိုအပ်ပါသလား..။

အခုတူ အခုတွေ့လူများ၏ လမ်းမများသည် ဖြောင့်တန်းနိုင်ပါသလား။ လမ်းချင်းတူဖို့ ကိစ္စဆိုသည်မှာ ပထမပိုင်းရုပ်ကိစ္စဖြစ်၍ လူချင်းတွေ့ဖို့ဆိုသည်မှာ အချိန်ကာလ အကန့်အသတ်မရှိ ယုံကြည်ချက် ဒုတိပိုင်းကိစ္စဖြစ်၏။ ထို့ကြောင့်ပင် ကျွန်ုပ်တို့သည်လမ်းများကို ဖောက်၍လမ်းများကို လျှောက်ခဲ့ကြပေပြီ။ ကျွန်ုပ်တို့ ဖောက်သောလမ်းမများသည်ကား အမှားမခံသော လမ်းမများပင် ဖြစ်ပေသည်။ ၎င်းလမ်းမများသည်လည်း ပြည်သူပြည်သားများအတွက် ပြည်သူပြည်သူပြည်သားများက တူရာတူစု လျှောက်လှမ်းကြသော လမ်းမများဖြစ်၍ နောက်ဆုံးတစ်နေလမ်းတူရင် လူချင်းတွေ့ကြမည် မဟုတ်ပါလား။ အစုအဖွဲ့ပေါင်းမြောက်များစွာ အားလုံးသည်လည်း နောက်ဆုံးတစ်နေ့ လမ်းတူရင် လူချင်းတွေ့ကြမည် မဟုတ်ပါလား။ သို့သော် ကျွန်ုပ်တို့၏ ယနေ့ယခု အချိန်ကာလကြီးနဲ့ ကမ္ဘာကြီးသည် လမ်းတူဖို့သာ လွယ်ကူပြီး လူချင်းတွေ့ဖို့ ခက်ခဲနေသာ အခါသမယကြီးသာ ဖြစ်ပေ၏။ ငြိမ်းချမ်းရေးဆိုသော လမ်းကို အားလုံးဟာ လျှောက်လှမ်းနေကြသော်လည်း လူချင်းတွေ့ကြဖို့ ခက်ခဲနေကြဆဲ မဟုတ်ပါလား။

ကျွန်ုပ်တို့နိုင်ငံတော်တွင်ရှိသော အဖွဲ့အစည်း လမ်းမပေါင်းများစွာသည်လည်း လမ်းချင်းတူပြီး လူချင်းတွေ့ခဲ့ကြပါပြီလား။ အားလုံး၏ ပန်းတိုင်လမ်းမများသည် တူညီကြပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းတည်းဟူသော ဝိဥာဉ်ချင်း တွေ့ကြပါပြီလား..။ လမ်းတူရင် လူချင်းတွေ့မယ်ဆိုသော စကားသည် အားလုံးအတွက် လွယ်ကူပင် လွယ်ကူနိုင်သော်ငြားလည်း ကျွန်ုပ်အတွက်တော့ မလွယ်ကူလှပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည်လည်း လမ်းတူရင် လူချင်းတွေ့မယ်ဆိုသော ဝိဥာဉ်ကို ကျွန်ုပ်ရှာခဲ့သည်။ သို့သော်မတွေ့။ သို့သော် ကျွန်ုပ်ရှာခဲ့သည်။ ကျွန်ုပ်ရှာဖွေနေလိမ့်ဦးမည်။ လမ်းချင်းတူပြီး လူချင်းမတွေ့နိုင်ခဲ့သော လူများကိုလည်း ကျွန်ုပ်တွေ့ခဲ့ဖူးပြီ။ လမ်းချင်းမတူသော်လည်း လူချင်းတွေ့နိုင်ခဲ့သော လူများကိုလည်း ကျွန်ုပ်ကိုတွေ့ခဲ့ဖူးပြီ။ သို့သော်လည်း ကျွန်ုပ်၏ လမ်းချင်းတူရင်လူချင်း တွေ့မယ်ဆိုသော ယုံကြည်ချက်ကတော့ မပြောင်းလဲ။

ဘယ်လို တံတိုင်းတွေ ကာရံထားကာရံထား ဘယ်လိုငွေကြေးတွေ ဝန်းရံထားဝန်းရံထား ကျွန်ုပ်တို့တစ်နေ့ လမ်းတူရင် လူချင်းတွေ့ကြမယ် မဟုတ်ပါလား။ ခေတ်ကာလတွေ မည်သို့ပင် ပြောင်းလဲပြောင်းလဲ လမ်းတူရင် လူချင်းတွေ့မယ်ဆိုသော ကျွန်ုပ်၏ ခံယူချက်ကတော့ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။ အယူအဆတွေ မည်သို့ပင် ကွဲလွဲကွဲလွဲ အဖွဲ့အစည်းတွေ မည်သို့ပင် ကွဲလွဲကွဲလွဲ လမ်းတူရင် လူချင်းတွေ့မယ်ဆိုသော ကျွန်ုပ်၏ သဘောထားကတော့ မကွဲလွဲပါ။ ဒီလမ်းကို လျှောက်လှမ်းကြသူအချင်းချင်း တစ်နေ့မှာ လူချင်းတွေ့ကြမယ်လေ။ လမ်းတူရင် လူချင်းတွေ့နိုင်ကြဖို့ ကျွန်ုပ်တို့တတွေ သိနားလည်ထားရမယ့် သိနားလည်မှုတစ်ခုက လောကမှာ မည်သည့်အရာကိုမျှ လိမ်ညာလှည့်စား မရနိုင်ဘူးဆိုတဲ့ အသိဥာဏ်လေး တစ်ခုရှိနေဖို့ပါပဲ။

ကမ္ဘာကိုလည်း ညာလို့မရဘူး။ မြန်မာကိုလည်း ညာလို့မရဘူး။ တိုင်းနဲ့ပြည်နယ်ကိုလည်း ညာလို့မရဘူး။ ရပ်ကွက်ကိုလည်း ညာလို့မရဘူးး။ လမ်းတူရင် လူချင်းတွေ့ဖို့ မိသားစုကိုလည်း ညာလို့မရဘူး။ မိတ်ဆွေအပေါင်းအသင်းကိုလည်း ညာလို့မရဘူး။ ကိုယ့်ကိုကိုယ်လည်း ညာလို့မရဘူး။ လမ်းတူရင် လူချင်းတွေ့တဲ့ကိစ္စမှာ အနုပညာကိုလည်း ညာလို့မရဘူး။ အသိပညာကိုလည်း ညာလို့မရဘူး။ လမ်းတူရင် လူချင်းတွေ့မယ်ဆိုတဲ့ ကိစ္စအမှုမှာ မည်သူ့ကိုမှ ညာလို့မရပါဘူး။ ဒီတော့လည်း လမ်းတူရင် လူချင်းတွေ့မယ်ဆိုတဲ့ စကားလုံးဟာလည်း ထင်သလောက် မလွယ်ကူလှတဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်ုပ်လို စည်းအပြင်က ကဗျာဆရာတစ်ယောက်အဖို့ လမ်းတူရင် လူချင်းတွေ့မယ်ဆိုတဲ့ စကားဟာပိုလို့ မလွယ်ကူခဲ့တာပေါ့။

သို့သော်လည်း လမ်းတူရင် လူချင်းတွေ့မယ်ဆိုတဲ့စကားရဲ့ ဝိဥာဉ်ကတော့ ဘယ်တော့မှ မမှားခဲ့ပါဘူး။ လမ်းတူရင် လူချင်းတွေ့ဖို့ ကြိုးစားခဲ့ကြတဲ့ ကျွန်ုပ်တို့သာ မှားယွင်းခဲ့ကြတာ မဟုတ်ပါလား။ အမှန်တရားဆိုတာဟာ ဘယ်တော့မှမမှား။ ကျွန်ုပ်တို့မှာသာ မှားယွင်းခဲ့ကြတာ မဟုတ်ပါလား။ အများအကျိုးဆိုတဲ့ လမ်းတွေကိုလျှောက်ရင်း ကျွန်ုပ်တို့သာ ကိုယ်ကျိုးနည်းခဲ့တာ မဟုတ်ပါလား။ တကယ်တော့ ကိုယ်ကျိုးဟာ အရေးမကြီး ကျွန်ုပ်တို့မှားတာလည်း အရေးမကြီး။ အရေးကြီးတာ လမ်းတူရင် လူချင်းတွေ့မယ်ဆိုသော ယုံကြည်ချက်ကို မစွန့်လွှတ်ပစ်လိုက်ဖို့ပဲ မဟုတ်ပါလား။

ဒီတော့ ကျွန်ုပ်တို့အတူတကွ လမ်းတူရင် လူချင်းတွေ့မယ် ဆိုသော ဒီလမ်းကို လျှောက်လှမ်းကြပါစို့လား။ ဒီလမ်းဟာ အားလုံးအတွက် တရားမျှတမှုနဲ့ ကျွန်ုပ်တို့ရဲ့လမ်း။ ဒီလမ်းဟာ အားလုံးအတွက်နဲ့ အမှန်တရားနဲ့ ကျွန်ုပ်တို့ရဲ့လမ်း။ ဒီလမ်းဟာ ခရီးရှည်လမ်း။ ဒီလမ်းဟာ ပယောဂတွေ ထူပြောတဲ့လမ်း။ ဘယ်လောက်ဝေးဝေး ဘယ်လောက်ကြာကြာ မမောတမ်း လျှောက်ရမယ့်လမ်း။ လမ်းတူရင် လူချင်းတွေ့မယ့် အစိုးရနဲ့ပြည်သူ လမ်းတူရင် လူချင်းတွေ့ကြလိမ့်မယ်လေ။            

ရိုးဒီ

မျောလွင့်နေဆဲ တိမ်တိုက်များ



Monday, 26 Nov 2012 13:20
Photo
လူသည် မှားတတ်လွန်း၍ ခဲတံတွင် ခဲဖျက် တပ်ဆင်ပေးထားသည်  ဆိုသည့်စကားအား ငယ်စဉ်က သဘောကျခဲ့မိပါသည်။ ယနေ့ခေတ်တွင် (Correction) ဆူးကလေးများက ဘောလ်ပင် မင်စာလုံးဖျက်ရန် အတွက် ပေါ်လာကြသည်။ စာမျက်နှာပေါ်ရှိ အမှားများအား ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများကို ချက်ချင်း ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ကြသော်လည်း အများ လက်ခံပြဋ္ဌာန်းခံကြသည့် လူမှုပတ်ဝန်းကျင် အကြောင်းတရားများအတွက် လူတို့၏ ဆန္ဒမှဖြစ်ပေါ်လာသော အချိန်ကာလတို့ဖြင့်သာ တိုက်စားချေဖျက်ပေးလျက် ရှိပါသည်။

“ဗင်းဆင့်ဗင်ဂိုး” အချစ်ကံဆိုးမှု များစွာဖြင့် ကြေကွဲစွာ လွဲချော်ခဲ့ရသူ၊ စုတ်ပြတ်သတ်နေသော ဘဝမျိုးစုံဖြင့် ရုန်းကန်ခဲ့ရသူ၊ လျှပ်တစ်ပြက် အမြင်ဝါဒ (Impressionism) မှ ခွဲထွက်၍ ကိုယ်ပိုင်ဆန်းသစ်သော ပန်းချီကားများ ရေးဆွဲဖန်တီးခဲ့သူ၊ ပန်းချီကား လာဝယ်သူများအား ဈေးစကားမပြောဘဲ သူ့အယူအဆအား ရှင်းလင်းပြောပြနေ၍ အလုပ်မှ ထုတ်ပစ်ခြင်းခံရသူ၊ ခက်ထန် ကြမ်းတမ်းသည့် ဘဝအား စိတ်ပျက်စွာဖြင့် ဘယ်ဘက်နားရွက်ကိုဖြတ်၍ ခေါင်းကို ပတ်တီးစီးကာ မှန်ရှေ့၌ ပုံတူရေးဆွဲခဲ့သူ၊ စွန်းထင်းပေကျံနေသော စိတ်ဒဏ်ရာများဖြင့် နေ့ညမရှိ အိုစာသည်အထိ ပန်းချီရေးဆွဲခဲ့သူ၊ အရူးကြီးဟု လှောင်ပြောင်အော်ဟစ်ကြသော ကလေးငယ်များအား ကြင်နာတတ်သူ၊ ဆိုးရွားစွာ ဖြတ်သန်းနေရသည့် ဘဝအား အဆုံးသတ်ရန် ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားခဲ့သူ။ “လူ့ဘဝဟာ ဒီလောက် ကြမ်းတမ်းဆိုးရွားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲကွာ” ဟု ညီဖြစ်သူအား ပြောကြားရင်း အားလုံးကို နှုတ်ဆက်သွားခဲ့သူ ဗင်းဆင့်ဗင်ဂိုးသည် ပန်းချီ စတင်ရေးဆွဲချိန်မှ သေဆုံးသွားချိနအထိ ပန်းချီကားတစ်ချပ်မျှ မရောင်းခဲ့ရပါ။ အကယ်၍ ပန်းချီကားတစ်ချပ်မျှ ဝယ်ယူခဲ့သူရှိပါက ထိုခေတ်ငွေပမာဏဖြင့် သူ့ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်ပါသည်။ သူမရှိတော့သည့်နောက် သူ့အယူအဆဖြင့် ရေးဆွဲခဲ့သော အဝါရောင် လွှမ်းမိုးထားသည့် ပန်းချီကားများသည် အမေရိကန်ဒေါ်လာ သိန်းသန်းချီ၍ ဝယ်ယူရသည်အထိ ကမ္ဘာကျော်ပန်းချီဆရာကြီး ဖြစ်ခဲ့ရလေသည်။ ဗင်းဆင့်က မရှိတော့ပြီ။

ဤကား လူတို့၏ ဆန္ဒမှ ဖြစ်ပေါ်လာသော အချိန်ကာလ၏ တိုက်စား ချေဖျက်ပေးခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် သိပ္ပံပညာရှင် အတွေးအခေါ် ပညာရှင်များ ပေါ်ပေါက်လာကြသည်နှင့် ဝိဝါဒကွဲပြားလာပုံ (Evlution) အဆိုကို ဘာသာရေး အင်အားစုတို့က ငြင်းပယ်သော ပြဿနာများ၊ ကမ္ဘာကြီးပြားပါသည် ဆိုသော အဆိုကို လုံးပါသည်ဟု ဆန့်ကျင်ခဲ့သော ပြဿနာများ၊ သူ့အမျိုးက မြတ်သည်၊ ငါ့အမျိုးက အမြတ်ဆုံးဟု ခွဲခြားနေကြသည့် ဇာတ်နိမ့်ဇာတ်မြင့် ပြဿနာများတို့သည် ယနေ့ထက်တိုင် တငွေ့ငွေ့ ရှိနေကြပါသည်။ ထိုသို့ ကမ္ဘာနှင့်ချီသော ပြဿနာများဖြင့် အားမရနိုင်ကြသေးဘဲ စကြဝဠာနှင့်ချီကာ ရှာဖွေခဲ့ကြပြန်သည်။ နေစကြဝဠာ (Solar System) တွင် ပလူတို (Planet) ဂြိုဟ်နှင့် ပတ်သက်သည့် အပြောင်းအလဲ တစ်ခုမှာ သိပ္ပံလောကအား ကသောင်းကနင်း ဖြစ်သွားစေခဲ့သည်။ ပလူတိုဂြိုဟ် အပါအ၀င် ဂြိုဟ်ကြီး ၉ လုံးရှိသည်ဟု တစ်ကမ္ဘာလုံးက လက်ခံ အသိအမှတ်ပြုခဲ့ရာမှ ယခုအခါ ပတူတိုဂြိုဟ်သည် အရွယ်အစား မမီသောဂြိုဟ်၊ ဂြိုဟ်အင်္ဂါရပ်နှင့် မကိုက်ညီသော ဂြိုဟ်ဟုဆိုကာ ဂြိုဟ်စာရင်းမှ ပယ်ဖျက်ခြင်း ခံလိုက်ရပြီ ဖြစ်ပါသည်။ ပလူတိုဂြိုဟ်အား ၁၉၃၀ ခုနှစ်တွင် (Clyde tombaugh) က လိုက်တွန်ဘော့ဆိုသူ နက္ခတ္တပညာရှင်က စတင်တွေ့ရှိခဲ့ပါသည်။ ယခုအခါ သူကွယ်လွန်သွားပြီဖြစ်ပြီး ကျန်ရစ်သူ အသက် ၉၀ ကျော် ဇနီးသည်က “ပလူတိုဂြိုဟ်ကို စတင်တွေ့ရှိသူ ပညာရှင်ရဲ့ မယားဆိုပြီး ကျွန်မ အမြဲတမ်း ဂုဏ်ယူနေခဲ့မိတယ်။ အခုတော့ ဘုရားသခင်က ဂြိုဟ်အင်္ဂါရပ်နဲ့ မကိုက်ညီတဲ့ဂြိုဟ်ကို စတင်တွေ့ရှိသူ ပညာရှင်ရဲ့မယားဘဝကို အဆင့်ချလိုက်ပါပြီ” ဟု သတင်းထောက်များအား ကြေကွဲစွာ ဖြေကြားခဲ့ပါသည်။

ဂြိုဟ်ကြီး ၉ လုံးအား ၈ လုံးဟု ပြင်ဆင် သတ်မှတ်ရန်မှာ အခက်အခဲ မရှိသော်လည်း နက္ခတ္တ ပညာရှင်တို့၏ ဟောကိန်းတို့မှာ ပြန်လည် ပြင်ဆင် တွက်ချက်ရပေဦးတော့မည်။ ထို့အတူ ဘိသိက်ဆရာ ဘုရားကိုးဆူပင့် ဆရာတို့အတွက် ပြဿနာ မရှိသော်လည်း ကဗျာဆရာ၊ တေးရေးဆရာများ၏ အောင်မြင်ခဲ့သော ကဗျာ၊ သီချင်းများမှာ ပြန်လည်ရုပ်သိမ်း၍ ရတောမည် မဟုတ်ပါ။ အဆိုပါ အခြင်းအရာများသည် သိပ္ပံပညာရှင် အတွေးအခေါ် ပညာရှင်တို့၏ တီထွင်ဆန်းသစ်မှု ဒဿနာများကို အချိန်ကာမှ အဆုံးအဖြတ် ပေးခဲ့သော ဖြစ်ရပ် တစ်ခုပင် ဖြစ်ပါသည်။ သက်ဦးဆံပိုင် ဘုရင်ခေတ်တွင် သြဇာအာဏာ သက်ရောက်မှုမှာ ကြီးမားလှပါသည်။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဘုရင်၏ ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် မည်သူကမျှ ဘုရင်အား စောဒကတက်ခြင်း၊ အပြစ်ဆိုခြင်း မရှိခဲ့ကြဘဲ ဘုန်းကံရှိ၍ ဖြစ်ရသော ဘုရင်၏ ပြုသမျှတို့သည် အမှန်တရားဟု မှတ်ထင်ထားခဲ့ကြသော ခေတ်ဖြစ်သည်။ ဘုရင်သည် အဆောင်ရှိ မိဖုရားများအပြင် ကိုယ်လုပ်တော် တစ်ရာကျော်မျှနှင့် စိုးစံတော်မူနေသည့်တိုင် “မသင့်မြောက်လှကြောင်းပါဘုရား” ဟု မည်သူမျှ လျှောက်တင်ကြခြင်း မရှိ”၊ “ဘုန်းတော်ကြီးမြတ်လှကြောင်းပါ ဘုရား” ဟူသော အသံမျိုးသာ ရှိခဲ့ပါသည်။ ထို့ကြောင့် ဘုန်းတော်ဘွဲ့များပင် ရေးစပ်သီဆိုဂုဏ်ပြုခဲ့ကြပြီး တချို့ဆိုလျှင် သမီးချောအား  ဘုရင့်ထံ သွားရောက်ဆက်သ၍ အခွင့်ထူးပင် ခံလိုက်ကြသေးသည်။ ယနေ့ခေတ်၌ မည်သို့ဖြစ်သွားသည် မသိ။
 
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် လူဝင်စကီးဆိုသည့် ကောင်မလေးနှင့် ဆက်နွယ်ခဲ့ဖူးသည်ဆိုသော သတင်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှား မယ်စကြဝဠာမကလေးနှင့် မကြာမကြာ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်ဆိုသော သတင်းများကို ကမ္ဘာ့စာမျက်နှာ အသီးသီး၌ ပြစ်တင် ဝေဖန်ကြပုံမှာ သတ္တဝါနှင့် လက်နက်ကမမျှ။ ဘုန်းတော်ကြီးမြတ်လှကြောင်းပါ ဘုရား” ဟု မည်သူ အကြိုအကြားကမျှ မကြားရ။ လူတို့၏ဆန္ဒမှ ခွင့်ပြုသော အချိန်ကာလ တစ်ခုအထိသာ အကောင်းအဆိုး ဖြစ်ခွင့်ရသည့် သာဓက တစ်ရပ်ပင် ဖြစ်ပါသည်။ လူမှုအသိုင်းအဝိုင်းတွင် တစ်လင်တစ်မယား စနစ်ဟူ၍ ဖြစ်တည်လာခဲ့သည်။ ထိုစနစ်အား မည်သည့်ကာလ၌ မည်သူက စတင်ခဲ့သည်ကို မသိရသောစနစ် ဖြစ်ပါသည်။ ဥပဒေဖြင့် ပြဋ္ဌာန်းပေးခဲ့ခြင်းလည်း မရှိခဲ့ပါ။ သို့သော်လည်း မိဘနှစ်ပါး အရင်းအမြစ်မှ အခြေခံကာ သားစဉ်မြေးဆက် ဆက်နွယ်ခိုင်မာသော စနစ်ဖြစ်ပါသည်။ ထိုသို့ နေထိုင်လာခဲ့ရာမှ ကမ္ဘာကြီး၏ တိုးတက်မှုအဟုန်ကြောင့် နိုင်ငံအသီးသီးတို့၏ ကူးလူးဆက်သွယ်မှု လျင်မြန်လာခဲ့သည်နှင့်အမျှ ယဉ်ကျေးမှုတို့ပါ ရောထွေးယှက်တင် ဖြစ်လာကြသည်။ ရှိရင်းစွဲ ယဉ်ကျေးမှုတို့မှ ချဲ့ထွင်တတ်လာကြသည်။ အခြားတစ်ဖက်တွင် နိုင်ငံခြားမှ အကွဲ၊ အတွဲ၊ အလွဲ ဇာတ်လမ်းရုပ်ရှင်များ၏ ထိုးနှက်လွှမ်းမိုးခြင်းကို ခံကြရ၏။ တစ်ဖန် ဖက်ရှင်ရေစီးကြောင်းမှ အတို၊ အကျပ်၊ အပြတ်များနှင့် အဟိုက်၊ အဝိုက်၊ အလှိုက်များ၏ ဆွဲဆောင်မှုသည် ခေတ်နှင့် ရင်ပေါင်တန်းချင်လှသော မိန်းကလေးများအတွက် သာမက ပုရိသတို့၏ ရင်ကို ရိုက်ချက်ပြင်းပြင်း ထိမှန်စေခဲ့သည်။ စတိတ်ပေါ်တွင် ရင်လျားဖြင့် လမ်းလျှောက်ပြနေသည့် မိန်းကလေးများ အမှန်တကယ် ရှိနေပြီဖြစ်ကြောင်း ကွယ်လွန်သွားရှာပြီဖြစ်သော အဘိုး၊ အဘွားများ သိမသွားရှာပေ။
 
ထိုပြောင်းလဲမှုများကြောင့် “ငါအသက်ကြီးသွားလို့ပေါ့ကွာ” ဟု မွေးသက္ကရာဇ်အား ပြဿနာ ရှာနေကြသူများ၊ မိန်းမများများ ပိုင်ဆိုင်ခြင်းသည်မရသေး မရောက်သေးသည့် နတ်ပြည်ဘုံကို ယခုဘဝ၌ပင် ဖန်တီးခံစားသည်မည်ဟု ဒဿနအသစ် ထုတ်ဖော်ကြသူများ၊ ခပ်ညံ့ညံ့ ယောက်ျားများသည်သာ တစ်လင်တစ်မယား နွံဗွက်အိုင်ထဲတွင် စုန်းစုန်းနစ်မြုပ်ရရှာသည် ဆိုသည့် အတွေးအခေါ် ပညာရှင်များ၊ ယောက်ျားကောင်းက မောင်းမတစ်ထောင်ဟူသော ရှေးစကားကို မြေဝယ်မကျ လိုက်နာဆောင်ရွက်ကြမည့် သားကောင်းရတနာများ၊ လုပ်ကျွေးနိုင်လို့ ယူတာပဲ၊ ယူပါစေ” ဟု နားလည်ပေးတတ်သည့် မေတ္တာရှင်များ၊ “သူတို့များ အကျိုးပေးကောင်းလိုက်တာ” ဟု အကောင်းမြင်ဝါဒ ရှိသူများ စသည့် အပေါင်းအစု အင်အားများဖြင့် တစ်လင်တစ်မယားဟူသော လမ်းမကြီးမှ ထင်သာမြင်သာ သွေဖယ်လျှောက်လှမ်းလာကြသည်မှာ ခရီးပင် အတော်ပေါက်ရောက်နေသည်ကို သတိပြုမိကြမည် ထင်ပါသည်။ ရေစီးကြောင်းဟု ဆိုလိုက်သည်နှင့် အကောက်၊ အဖြောင့်၊ အနိမ့် အမြင့်၊ အကျဉ်းအကျယ်တို့ ပါဝင်ပြီးသားဖြစ်၍ ခေတ်ရေစီးကြောင်း၏ ပြောင်းလဲဖြစ်တည်မှုကိုလည်း အချိန်ကာလတစ်ခုက စောင့်ဆိုင်း ဖန်တီးပေးလျက် ရှိနေပါသည်။

ရှေးခေတ် မြန်မာဓလေ့တွင် အကြင်လင်မယားအဖြစ် ပေါင်းသင်းရန် ကိစ္စသည် လွယ်လင့်တကူ မဟုတ်ပါ။ သမီးရှင် မိဘများက သမက်လောင်းဆိုသူအား သုံးနှစ်သုံးမိုး စောင့်ကြည့်ဆိုင်းငံ့ကြလေသည်။ လျော်ကန်သင့်မြတ်သည်ဆိုမှသာ (မြန်းခြင်း) စေ့စပ်ခြင်း အမှုကို ပြုစေပါသည်။ ထို့နောက် သီးခြားစီနေထိုင်ကြစေပြီး သင့်တော်သည့် ရက်ကောင်းရက်မြတ်ရွေးကာ ထိမ်းမြား လက်ထပ် ပေးလိုက်ကြသည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းကြသည့် ထိမ်းမြားခြင်းတို့လည်း ရှိနေပါဦးမည်။ ယနေ့ခေတ်တွင် သုံးနှစ်သုံးမိုး စောင့်ကြည့်ဆိုင်းငံ့ခြင်း မရှိတော့ဘဲ သုံးနှစ်သုံးမိုးပင် လက်မထပ်ဘဲ အတူနေကြသည့် (Living together) စုံတွဲများ အဖြစ် အသွင်ကူးပြောင်းသွားကာ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဟု တေးဆိုနေကြသည်။ လျော်ကန်သင့်မြတ်မှ ပေးစားခြင်းတို့မှာလည်း ယုံတမ်းစကားများ ဖြစ်သွားကာ မိဘ အတင်းပေးစား၍ မမြင်ဖူးသော ယောင်္ကျားအား လင်တော်လိုက်ရသည့် မိန်းကလေးများက “အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ” ဟု ဆိုညည်းနေကြပါသည်။ ရည်းစားသက်တမ်း ကြာမြင့်ချိန် ၅ မိနစ်ခန့်အတွင်း ခိုးပြေးနိုင်သည်အထိ ထူးချွန်ခဲ့ကြသော စံချိန်ရှင် စုံတွဲများက “ဒီခေတ်ကြီးထဲမှာ ဖွဲ့နွဲ့တာမရှိ” ဟု ဟစ်ကြွေးနိုင်ခဲ့ကြလေပြီ။ မည်သူက မြန်မာ့ဓလေ့အား ဖျက်ဆီးပေးခဲ့သည်ကို လက်သည်ရှာမရ၊ ပြောင်းလဲသွားခဲ့သည်က အမှန်တကယ် ဖြစ်ပါသည်။ ထို့ကြောင့် လူတို့ ပုံဖော်တည်ဆောက်ခဲ့ကြသည့် အုတ်မြစ်များကို လူတို့ကသာ ပြန်လည်ဖြိုဖျက်၍ ဝေဝါးလွင့်ပျောက်စေခဲ့ကြပါသည်။ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော တိုးတက် ဆန်းသစ်မှု အရှိန်အဟုန်ကြောင့် အချို့သော အကြောင်းတရားများသည် လျင်မြန်စွာပင် ပြောင်းလဲသွားတတ်ကြပါသည်။ တင်ပြခဲ့သော မတည်မြဲသည့် အမှန်များ၊ မခိုင်မြဲသည့် အမှားများ၏ စံဟူသော သတ်မှတ်ချက်သည် ဖန်တီးရှင် အချိန်ကာလ ဆန္ဒတို့၏ လက်ဖြင့်ခြယ်မှုန်းသည့် အတိုင်းသာ လှပခွင့်၊ အကျည်းတန်ခွင့် ရရှိနေကြရပါသည်။ မိမိ အသက်ရှင် နေထိုင်ရစဉ် အချိန်ကာလအတွင်း ဝိဝါဒများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း၍ ကမ္ဘာကြီးအား ကြည့်မြင် နားလည်တတ်ကြပါစေဟုသာ ဆန္ဒပြုလိုက်ပါသည်။
 
ကိုဦး(ငါန်းဇွန်)
Written by Smart News

လက်ပံတောင်းတောင် နောက်ဆက်တွဲ ဆန္ဒပြမှု၏ အဓိကလိုအင် ဘာလဲဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်


လက်ပံတောင်းတောင် နောက်ဆက်တွဲ ဆန္ဒပြမှု၏ အဓိကလိုအင် ဘာလဲဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်နိုင်ငံတစ်ဝန်း လက်ပံတောင်း အရေး နောက်ဆက်တွဲ ဆန္ဒပြမှု များနှင့် ပတ်သက်၍ အဓိက လိုအပ်ချက်ကို သိလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်း ထုတ်လိုက်သည်။
''ဘာအတွက် ဆန္ဒပြလဲဆိုတာ သိချင်ပါတယ်။ သိလို့ရှိရင် ဆန္ဒပြသူတွေ ရဲ့လိုအပ်ချက်တွေ၊ သဘောထား တွေ သိလို့ရှိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲဒီဟာ ကတော့ အရေးကြီး ပါတယ်။ နောက်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကို ဦးထိပ် ထားရမယ်။ ဒါပေမဲ့လည်း နားလည်မှုနဲ့ အားလုံး အဆင်ပြေရေး ကိုလည်း ကျွန်မတို့ ဦးတည်ပြီးတော့ လုပ်သွားမှာပါ''ဟု ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မီဒီယာများနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ လက်ပံတောင်းတောင်ကိစ္စ နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးတွင် ဆန္ဒပြ မည့်သတင်းများ ထွက်ပေါ်နေသော ကြောင့် နောက်ပြန်လှည့်နိုင်မည့် လက္ခဏာများအဖြစ် နိုင်ငံရေးသမား အချို့က ဝေဖန်မှုများ ရှိနေသည်။
''ကျွန်မ ခဏခဏ ပြောတယ်။ ပြဿနာတွေက အခုလည်း ရှိမှာပဲ၊ နောင် လည်း ရှိမှာပဲ။ ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းမယ်ဆိုတာ သာ အရေးကြီးတာ။ အကောင်းဆုံး ဖြေရှင်းပုံဖြေရှင်းနည်းတွေကို ကျွန်မတို့ သုံးနိုင်ရမယ်။ အခြေခံအားဖြင့်တော့ ဆွေးနွေးပြီးတော့ အပေးအယူ လုပ်နိုင် ရမယ်။ အပေးအယူ မလုပ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လိုမှ မတိုးတက်နိုင် ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။
မြန်မာပြည် အထက်ပိုင်းမှ သံဃာတော်များအဖွဲ့ကလည်း နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာ ရသူများကို အမြန်ဆုံး ဝန်ချတောင်းပန်ရန်၊ အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာအရေးယူရန်၊ ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများအား ချက်ချင်း ပြန်လွှတ်ရန်၊ ကြေးနီစီမံကိန်း ကို ဒေသခံများနှင့်ပြည်သူများက ကျေနပ်လက်ခံအောင် ဆောင်ရွက်ပေး ရန်၊ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ် ပေါက်လာရန်နှင့်နောက်နောင်တွင် ယခုကဲ့သို့အကြမ်းဖက်မှု မပေါ် ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရတွင် ပါဝင်လျက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနုတ် ထွက်ပေးရန်ဟူ၍ အချက်(၅)ချက် ကို ထုတ်ပြန်ခဲ့ပြီး လိုက်လျောခြင်း မရှိပါက ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် နိုင်ငံအဝန်းဆန္ဒဖော်ထုတ်သွားမည် ဟု သိရသည်။
''နောက်ကြောင်းပြန် လှည့်နိုင်မလှည့်နိုင်ဆိုတာ ကျွန်မတို့ရဲ့လက်ထဲမှာ ရှိတယ်။ ဘယ်ပုဂ္ဂိုလ်တစ်ဦးရဲ့ လက်ထဲမှာမှ မရှိဘူး။ ဒီနိုင်ငံက နိုင်ငံသူနိုင်ငံ သားတွေ လက်ထဲမှာပဲ ရှိပါတယ်''ဟုဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အရေး နောက်ပြန်လှည့်နိုင်ခြင်းကိစ္စနှင့် ပတ်သက်၍ ၄င်း၏ယုံကြည်ချက်ကို
ချပြခဲ့သည်။
ထို့ပြင် နိုင်ငံရေးအရ နောက် ပြန်လှည့် မလှည့်ဆိုသည့်ကိစ္စသည် ပြည်သူ များ၏ဆန္ဒအပေါ် မူတည်ပါ ကြောင်း၊ ပြည်သူကို မေးကြည့်လျှင် မည်သို့ မျှ နောက်ပြန်လှည့်လိုသည့် ဆန္ဒရှိမည်မဟုတ်ကြောင်း၊ ပြည် သူက နောက်ပြန်မလှည့်လိုသည့် အတွက် မိမိတို့ကလည်း နောက်ပြန် မလှည့်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ပြည်တွင်းပြည်ပမီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ''သူတို့ စိတ်ကူးနဲ့သူတို့ လုပ်ချင်တာ လုပ်တာပဲလေ။ အရေးကြီးတာက ဒီနေ့ အလုပ်ကို ဘယ်လိုလုပ်ရမလဲ၊ မနက်ဖြန် ထမင်းဘယ်လိုစားရမလဲ၊ လူတွေက ကိုယ့်တာဝန်ကိုယ်ထမ်း တာ။ ကျန်တဲ့အလုပ်တွေ လိုက်ပြီး စဉ်းစားနေဖို့ မလွယ်ဘူး။ ဒီနေ့ ပြီးသွားတဲ့အလုပ်တွေ၊ နက်ဖြန်လာမယ့် အလုပ်တာဝန်တွေကို ဘယ် လိုလုပ်မလဲဆိုတာကို စဉ်းစားရမယ်။ ဒီကိစ္စမှာ မှားတယ်မှန်တယ် ဆိုတာဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ သဘော မှာလူတွေကလည်း ကိုယ်ပြောချင် တာပြောကြတာပဲ။ အားလုံး နားလည်သွားကြပါလိမ့်မယ်'' ဟု ပြော ကြားခဲ့သည်။


လူနေနိုင်တဲ့ ဂြိုဟ်တွေ့ပြီ

  နာဆာသိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် (၅) ခု တွေ့ရှိသောကြောင့် စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေညာလိုက်သည်။  နာဆာရဲ့ Kepler တယ်လီစကုတ်ကနေ စင်္ကြာဝဠာနဂါးငွေ့တန်းကြီးထဲမှ နေ-ကြယ်များကို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံအရွယ်အစားတူ ဂြိုလ် (၅) ခုကို တွေ့ရှိသည်ဟု ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ထိုဂြိုဟ်(၅) ခုမှာ ၎င်းတို့ ပတ်နေတဲ့ နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင် ရှိသောကြောင့် ရေနှင့် အရည်များ ရှိမှာဖြစ်ပြီး သက်ရှိရှင်သန်နိုင်မည့် ဖုံနယ်နိမိတ် ဖြစ်ကြောင်း ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိဖွဲ့စည်းဖို့အတွက် အဓိကလိုအပ်ချက်များ ဖြစ်သည်။ နာဆာ (NASA)အာကာသ လေ့လာရေးအဖွဲ့ အုပ်ချုပ်ရေးမှူး Charles Bolden က “ကျွန်တော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ဇာတ်ကားတွေကနေ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ဒီနေ့ စတွေ့ကြရပြီ။ စိတ်ကူးယဉ် ကြည့်တာကနေ တကယ်ဖြစ်လာတာ” ဟု သတင်းဌာနများကို ပြောခဲ့သည်။ ထိုကမ္ဘ့ာဂြိုဟ် ၅ ခု ပတ်နေတဲ့ ကြယ်သဏ္ဍာန် နေမင်းမှာ အလင်း နှစ် ၂၀၀၀ ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။

Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီးဖြစ်ပြီး ယခုဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Bourcki က “ကျွန်တော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက်နိုင်အောင်ပါပဲ” ဟု ပြောသည်။ Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက် မြင်ရတာတော့ မဟုတ်။ ၎င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်းဖြစ်ပြီး နေကြယ်ရဲ့ ပတ်လမ်းကြောင်းများတွင် မှုန်မှုန်မွှားမွှား ရွေ့လျားနေမှုများကိုသာ မြင်ရခြင်း ဖြစ်သည် ၎င်းဂြိုဟ် ၅ ခု ပတ်နေသော နေကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး အနည်းငယ်သေးသည်ဟု ဆိုသည်။ နာဆာသုတေသန အဖွဲ့က နောက်ထပ်စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။ သူတို့ နောက်ထပ်တွေ့ရှိချက်တွေမှာ ထိုဂြိုဟ် ၅ ခုပေါ်တွင် ဘယ်လိုသက်ရှိတွေ နေထိုင်သလဲ၊ ဒုက္ခသည်တွေ ရှိသလား၊ ကြွေးမြီးတွေ ရှိသလား၊ မူဘာရခ်လို သတ္တဝါတွေ ရှိနိုင်သလား။ အလုပ်လက်မဲ့တွေ ရှိသလား၊ ကိုယ့်ကိုယ်ကို မီးရှို့သူရှိလား၊ ဆန္ဒပြသူတွေ ရှိသလား၊ ဆန္ဒပြရင်း အချင်းချင်း ကျောက်ခဲများနဲ့ ပစ်ပေါက်ကြသလား ဆိုတာတော့ စိတ်ဝင်စားဖွယ် ဖြစ်သည်။

By Shade The Mandalay Hill 12 December, 2012 - 16:20

Thursday, November 8, 2012

ကျူးကျော်များ၏ အိပ်မက်ပြိုလဲမည့်အချိန် တဖြည်းဖြည်းနီးလာ


Photo
ထင်သာမြင်သာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြသော ခေတ်သစ်၊ စနစ်သစ်ကြီးထဲတွင် စိတ်ချမ်းသာခြင်းက တစ်ဝက်၊ စိတ်မချမ်းမြေ့ ကြေကွဲမှုများက ရာခိုင်နှုန်း ပိုမိုများခဲ့သည်။  နိုင်ငံတော်နှင့် ပြည်သူ တစ်သွေးတစ်သားတည်း မကျသေးသည်ကတော့ အမှန်။ အထူးသဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုကြားတွင် နားလည်မှု လွဲနေကြဆဲပင် ဖြစ်သည်။ အရိပ်ဟောင်းသည် နောက်က ကပ်ပါလာသလို အရိပ်အသစ်သည်လည်း မလွှမ်းမိုးနိုင်သေးပေ။ တစ်ချို့ ဝန်ထမ်းများသည်လည်း ဖိချင် ညှစ်ချင်နေကြသေးသည်။ တစ်ချို့ ပြည်သူများသည်လည်း ပေးချင်ကမ်းချင်စိတ်က မကုန်သေး။ ပေးကမ်းလိုက်ရမှ အောင်မြင်မည်ဟု ကိုင်ဆွဲထားပုံရသည်။ မှားသည်မှန်သည်ကိုတော့ ပြန်လည်သုံးသပ် ဆင်ခြင်သင့်သည်။ ပြုပြင်ပြောင်းလဲခြင်းများကို လိုလားသည်ဟုဆိုသည့် ပြည်သူများသည်ပင်လျှင် မပြောင်းလဲသေးတော့ ခက်ချေပြီ။ စက်မှုဇုန်တွေ အပြိုင်းအရိုင်း ပေါ်ထွက်လာသလို မြို့ကွက်သစ်များသည်လည်း ပေါ်ထွက်လာတော့သည်။ မြို့ပြ ဖွံ့ဖြိုးတိုးတက်လာတော့ ဂုဏ်ယူဝမ်းသာရသည်။ ဝမ်းသာလို့မှ မဆုံးသေး၊ ဝမ်းနည်းပူဆွေးမှုက အင်နှင့်အားနှင့် ရင်တွေကို ဗြုန်းဆိုဝင်လာတော့ ကြည်နူးမှုတွေ၊ ဝမ်းသာမှုတွေသည် သဲထဲရေသွန်သလို ဖြစ်ခဲ့ရတော့သည်။

ဒီနေရာကကျူး၊ ဟိုနေရာက ဌာနပိုင်၊ ကုမ္ပဏီပိုင်... ပိုင်ဆိုင်ခွင့် အရပ်ရပ်ဖြင့် နေရာဝင်ယူခဲ့ကြသည်။ ဝယ်မိ၊ ရောင်းမိ အောက်ခြေပြည်သူများမှာ မျက်စိသူငယ်၊ နားသူငယ်များဖြင့် ထောင်သောင်းသိန်းချီပြီး အိုးအိမ်တွေ မဲ့ကြရတော့မည့် အခြေအနေ စိုက်ခဲ့ရတော့သည်။ ဖြစ်ခဲ့ရ၏။ မျက်နှာလွှဲခဲပစ်သလို လုပ်လိုက်ရင်တော့ တိုင်းပြည်ဟာ ဆင်းရဲတွင်း နက်နေလိမ့်ဦးမည်ဟု ထင်စရာ ဖြစ်လာသည်။ အာဏာပိုင် အဖွဲ့အစည်းများသည်လည်း မိမိတို့ တိုင်းပြည်ကို အခြားနိုင်ငံများနှင့် ရင်ဘောင်တန်း ဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန် ဆောင်ရွက်နေကြသည်။ ပြည်သူများသည်လည်း ထိုနည်းတူစွာ တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လိုစိတ် ရှိကြမည်မှာ အမှန်ပင်။ သို့သော်လည်း ပြည်သူလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အံလွဲနေပုံရသည်။ ပြည်သူလူထုများသည်လည်း ထစ်ကနဲရှိ ဆန္ဒဖော်ထုတ်မည်။ သမ္မတကြီးဆီ စာတင်မည်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများသည်လည်း မပြေလည်မှုများနှင့်သာ အမြဲ အဆုံးသတ်ခဲ့ရသည်။ နိုင်ငံတော်မှလည်း ပြည်သူသည်သာ အမိ၊ အဖ၊ ပြည်သူတွေမှလည်း နိုင်ငံတော် အုပ်ချုပ်သူများသည်သာ အမိနှင့်အဖဟု ခံယူခဲ့ကြသည်။

သို့သော်လည်း တလွဲ ဆံပင်ကောင်းနေကြဆဲပင် ဖြစ်သည်။ အရှိ၊ အသိတရားများကို မျက်ကွယ်ပြုပြီး လုပ်ကိုင်သလို ဖြစ်နေကြသည်။ လက်ရှိ ဖြစ်ပေါ်နေသော ကျူးကျော်သူများ၏ ပြဿနာသည်ပင် မည်သို့ အဆုံးသတ်မည်ကို မသိသေးချေ။ နောက်ဆုံးအချိန်သို့ ရောက်လာပြန်ပြီ၊ သတ်မှတ်ရက်တို့သည်လည်း တရွေ့ရွေ့ နီးကပ်လာပြန်ပြီ။ ရင်လေးစရာပင်။ ကျူးပြည်သူတွေ၏ အိပ်မက်သည် နိုဝင်ဘာ ၁၅ ရက်ပြည့်လျှင် လှနိုင်တော့မည် မဟုတ်၊ ပြိုလဲကြရတော့မည်။ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတော့မည်။ သက်ဆိုင်ရာမှလည်း သတ်မှတ်ရက်ရောက်လျှင် မဖြစ်မနေ ဆောင်ရွက်ရတော့မည်။ နှစ်ဖက်ကြား မြေဇာပင် ဖြစ်ရမည့် သူများကတော့ ကလေးသူငယ်များနှင့် မသန်စွမ်း သက်ကြီးရွယ်အိုများပင် ဖြစ်သည်။ သူတို့လေးတွေ၏ အနာဂတ်သည် လမ်းဘေးတွင်သာ အဆုံး သတ်ကြရတော့မည်။ဆင်းရဲနွမ်းပါးသူ လျှော့ချရေးကိုလည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်လျက် ရှိသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ခိုကိုးရာမဲ့ လူတန်းစားများသည်လည်း လျှော့မသွားသည့်အပြင် ပိုမို၍တိုးပွားလာသည်။

ဤသည်ကို ဖွံ့ဖြိုးတိုးတက်နေပြီဟု ဆိုမည်လား။ အထုတ်တွေဆွဲပြီး ခြေဦးတည့်ရာ လွင့်ကြရတော့မှာလား။ မှားသည်ကတော့ မှားခဲ့ကြပြီးပြီ၊ အမှားကို အမှားကနင်းပြီး အမှားတွေကို မျက်နှာလွှဲထားလိုက်လျှင် အမှားတွေမှ ပေါက်ဖွားလာသူများသည် အမှားများပင် ဖြစ်လာတော့မည်။ ကျောတစ်ခင်းစာမျှ ဖန်တီးပေးလိုက်လျှင် ....။ ထိုသို့ စီမံမှုပြုလုပ်မပေးသည့်အပြင် သူ့ထိုက်နှင့်သူ့ကံ ပြစ်ပယ်ထားလိုက်မည်ဆိုလျှင် အိမ်ထောင်စု ထောင်ချီတို့သည် ဒီမိုကရေစီ ဆိုသည်မှာ အိမ်ခြေယာမဲ့ နွမ်းပါးသူတို့ကို နှိပ်ကွက်သော စနစ်ဟု ထင်မြင်ယူဆ အမှတ်မှားသွားလျှင် ခက်မည်။ ကျူးကျော်နေထိုင်သူများဘက်မှ ဘက်လိုက်၍ ရေးသားနေခြင်း မဟုတ်ပေ။ အမြင်တစ်ခုကို ဖလှယ်ခြင်းဖြစ်သည်။ ကျူးကျော်နေထိုင်သူများ၏ အိပ်မက်သည် မကြာခင် တစ်စစီ ပြိုကွဲကြရတော့မည်။ အားကိုးရာသည် နတ္ထိ၊ ကယ်မမည့်သူ နတ္ထိ၊ ခြေလှမ်းများသည်လည်း ဘယ်အရပ် ဘယ်ဒေသကို ဦးတည် ရွက်လွှင့်ရတော့မည် မသိ။ အနာဂတ်မဲ့သော သံသရာကို လျှောက်လှမ်းရတော့မည်။ ဘဝအနာအဆာများသည် ကုသဖို့ဆေးမရှိ။ ကံ ကံ၏အကျိုးဟုပင် ဗုဒ္ဓတရားတော်ကို နှလုံးသွင်းပြီး ဘဝတစ်ခုကို စရတော့ပေမည်။    

အောင်ကိုဦး


By Shade The Mandalay Hill 8 November, 2012 - 12:12

ဒဲ့ဒိုးပြောတတ်၍ ဗိုလ်ချုပ်ကြီးများ အကြိုက်တွေ့ခဲ့သည့် ဦးတေဇ


ဒဲ့ဒိုးပြောတတ်၍ ဗိုလ်ချုပ်ကြီးများ အကြိုက်တွေ့ခဲ့သည့် ဦးတေဇကြည်လင်သော နံနက်ခင်းတွင် ဖြစ်သည်။ ဦးတေဇသည် သူ၏တောင်ပေါ်ဒေသ ဇိမ်ခံ အိမ်ဂေဟာ ကြီး တည်ရှိရာ မြန်မာနိုင်ငံ မြောက်ဖျားဒေသ ရေခဲ နေသော ရေကန်တို့ကို လှည့်လည်ကြည့်ရှုရန် သူ၏ ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ် တက်လိုက်သည်။ လွန်ခဲ့သော ညက သူကမကထပြု အခမဲ့ ကျင်းပပေးခဲ့သော လေဟာပြင်ရော့ခ်တေးဂီတ စတိတ်ရှိုးမှ တေးသံများက သူ့နားထဲပဲ့တင်ထပ် နေဆဲဖြစ်သည်။ ပေ ၁၅၀ဝ၀ အမြင့်သို့ ရဟတ် ယာဉ်ပျံတက်ချိန်တွင် သူသည် ရေကန်၏ ကမ်းပါးစောင်းကို ဓာတ်ပုံရိုက်ကူးလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင်မူ ရဟတ်ယာဉ်သည် အမြင့်မှ ထိုးဆင်းပြီး တောင်စောင်းပေါ်ပျက်ကျ သွားခဲ့သည်။ ဦးတေဇနှင့် ရဟတ်ယာဉ် အဖွဲ့သားများသည် ရဟတ်ယာဉ်ပျက်မှ ရုန်းကန်ထွက်ခဲ့ကြပြီး တရုတ် လုပ် တယ်လီဖုန်းတစ်လုံးကို အသုံးပြု၍ အကူ အညီခေါ်လိုက်သည်။ လက်တစ်ဆုပ်စာ ချောက လက်ပြားများနှင့် သောက်ရေနှစ်ဘူးမျှသာ ယူဆောင်လျှက် သူတို့သည် ခါးအထိနက်သော နှင်းထုကိုဖြတ်၍ တောင်ပေါ်မှ ဆင်းသက်ခဲ့ကြ သည်။ ထိုည လေတဟူးဟူးတိုက်ခတ်နေချိန် တွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးသည် ပေ ၁၂၀ဝ၀ အမြင့်ရှိ လေကွယ်တောင်ကမ်းပါး စောင်းတစ်ခုတွင် အတူတကွ ကပ်ခိုနေရင်းအိပ် မပျော်သွားကြစေရန် တစ်ယောက်ကို တစ်ယောက် ငါးမိနစ်တစ်ကြိမ်ကျ အပြန်အလှန် လှန့်နှိုးခဲ့ကြ သည်။
"ကျွန်တော် အသက်ရှင်လွတ်မြောက်ဖို့ မမျှော်လင့်ခဲ့ဘူး"ဟု အသက် ၄၇ နှစ်အရွယ်ရှိ ဦးတေဇက ပြောသည်။ နောက်သုံးရက်ကြာမှသာလျှင် သူတို့ကို ထို တောင်စောင်းမှ ကယ်တင်ဖြစ်ခဲ့သည်။ ထိုအချိန် ရောက်သောအခါတွင် မြန်မာပြည်၏ အချမ်းသာ ဆုံးသူဌေးတစ်ဦးဖြစ်သော ဦးတေဇ၏ ဖြစ်စဉ်ဘေး ဒုက္ခဆိုက်နေကြောင်းသည် နိုင်ငံတကာသတင်း အဆင့်သို့ ရောက်ရှိနေခဲ့ပြီး မြန်မာ့ကြည်းတပ်နှင့် လေတပ် တပ်ဖွဲ့များသည် ထိုင်းမှ စင်းလုံးငှား အရပ်ဘက် လေယာဉ်တစ်စင်းနှင့်အတူ နယ်မြေ ပေါ် လိုက်ပါခဲ့သူ ခြောက်ဦးစလုံးသည် အထိအခိုက် အနည်းအပါးမျှဖြင့် ထိုဘေးမှ လွတ်မြောက်ခဲ့ သော်လည်း နောက်ပိုင်းတွင် ရဟတ်ယာဉ်မှူးသည် နှင်းကိုက်မှုဒဏ်ကြောင့် ခြေထောက်နှစ် ချောင်းစလုံး ဆုံးရှုံးခဲ့ရသည်။ ဘေးအန္တရာယ်ကြီးတစ်ခုမှ လွတ်မြောက်ခဲ့ သောဦးတေဇ နောက်ထပ်ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါမည်လား၊ သူ၏ နိုင်ငံရေးအဆက်အသွယ်သည် သူ့ကို စစ်အုပ်ချုပ်ရေးအောက် မြန်မာနိုင်ငံတွင် ချမ်းသာ ကြွယ်ဝစေခဲ့သည်။ သို့သော် ထိုသို့ချမ်းသြွာကယ် ဝလာခြင်းကြောင့် အနောက်နိုင်ငံအစိုးရများ၏ အာရုံထဲ ရောက်ရှိခဲ့ပြီး သူ၏ ထူးအုပ်စုအောက်ရှိ ကုမ္ပဏီများကို စီးပွားရေးပိတ်ဆို့မှုပြုခံခဲ့ရသည်။
အမေရိကန်ဘဏ္ဍာရေးဌာနက သူ့ကို မြန်မာနိုင်ငံ ၏ ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရ၏ လက်နက် ပွဲစားနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ပါးစေတစ် ယောက်ဟု သမုတ်ခဲ့သည်။ သူ၏ပိုင်ဆိုင်မှု အ သားတင်တန်ဖိုးမှာ ငြင်းခုံစရာကိစ္စဖြစ်နေပါသော် လည်း သူ၏မြင့်မားသောလူနေမှုပုံစံ၊ အီတလီပြိုင် ကားများ ပိုင်ဆိုင်ခြင်း၊ ကိုယ်ပိုင်လေယာဉ်များ ရှိခြင်း၊ အကောင်းစားဝိုင်အရက်များ ကြိုက်ခြင်း တို့သည် အဓိကအားဖြင့် ရုပ်မျက်နှာကင်းမဲ့နေ သော အာဏာရှင် စနစ်ကို အတိုက်အခိုက်ပြုလို သူတို့အတွက် ထင်သာမြင်သာ ကိုယ်စားပြုလို သော ပြယုဂ်ဖြစ်စေခဲ့သည်။ ယခုထိုအစိုးရမရှိတော့ချေ၊ လွန်ခဲ့သော မတ်လက အရပ်ဖက်အသွင်သဏ္ဍာန်ယူထားသည့် အစိုးရ အစားထိုးခဲ့ပြီး ထိုအစိုးရက မြန်မာပြည်၏ စီးပွားရေးကို တံခါးဟပေးစပြုနေသည်။ ထိုအကျိုးဆက်မှာ ဦးတေဇနှင့် အာဏာရှင် ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေမျက်နှာ ပေးခဲ့သော အခြားသူကြွယ်များ မြေအောက်မှ မြေပြင်ရွှေ့နေပြီး ထိုအချက်ကို စီးပွားရေး ပွင့်လင်းလာမှုတွင် နေရာရရန် လုနေသော ပြိုင်ဖက်လုပ်ငန်းရှင်များ သဘောတွေ့နေကြ သည်။
ခရိုနီဟောင်းတွေက လျစ်လျူ ရူနေရပြီး အဲဒါကို သူတို့သဘောမတွေ့လှဘူးဟု နိုင်ငံခြား စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ ခေါမတို့၏ မာနရှင်နိမိတ်ပုံ အိုင်ကားရပ်စ် ကဲ့သို့ပင် ဦးတေဇသည် နေနှင့်နီးကပ်လွန်းစွာ ပျံသန်းမိခဲ့သည့် အနေရှိနေနိုင်သည်။ သူ၏ စစ်အစိုးရ ဆရာသမားတို့၏ တိုက်တွန်းမှုကြောင့် သူသည် လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းကဲ့သို့ အရှုံးပေါ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ မှုပြု လုပ်ခဲ့ပြီး သူ၏ ဝင်ငွေကို သစ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနှင့် မြိုးမြိုးမြက်ြမက်ရှိလှသော သွင်းကုန်လိုင်စင်များ မှ ခံစားခွင့်များဖြင့် ထေခဲ့သည်။ ယခုမူသူသည် မြန်မာနိုင်ငံ၏ စီးပွားရေး အသွင်ပြောင်းမှုနှင့် နိုင်ငံ ခြားငွေအရင်းအနှီးတို့ဖြင့် ပံ့ပိုးသောပြိုင်ဘက်အသစ် များ ထွက်ပေါ်လာမှုကြား ခရီးနှင်ရင်း နိုင်ငံရေး အုံကြွမှုများကြောင့် အကဲဆက်နေသော ဖောင်းပွနေသည့် စီးပွားရေးအင်ပါယာကို စီမံကွပ်ကဲနေရ သည်။ ဦးတေဇကမူ ထိုစိန်ခေါ်ချက် အတွက် သူအသင့်ဖြစ်နေသည်ဟု ဆိုသည်။
"ကျွန်တော်တို့ ယှဉ်ပြိုင်မှုကို ကြိုက်နှစ်သက်ပါတယ်၊ မျှမျှတတ တိုက်ပွဲပဲ ဖြစ်စေချင်ပါတယ်"ဟု စင်္ကာပူနိုင်ငံ မရီနာဘေးဆန်းစ် ဟိုတယ်ခန်းဆောင်တွင် ပေးသည့် ရှားရှားပါးပါး အင်တာဗျူးတစ်ခုတွင် FORBES ASIA မဂ္ဂဇင်းကို သူပြောကြားခဲ့သည်။ အနက်ရောင် ဂျင်းဘောင်းဘီ အရောင်ဖျော့ဖျော့ ဆွယ်တာနှင့် ခြေထိုးဖိနပ်ပျော့ စီးထားသော သူသည် ရန်ကုန်တွင်ပြုလုပ်ရန် ယခင်စီစဉ် ထားခဲ့သည့် တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့ရသည့် အတွက် တောင်းပန်စကား ဆိုလိုက်သည်။ နေ့လည်စာစားရင်း နှစ်နာရီကြာအင်တာဗျူး ပြုလုပ်ပြီးချိန်တွင် သူသည် သူ့အကြောင်းအရပ် များကို အမှန်အတိုင်း အသိပေးရန် ထက်သန်ခဲ့သလို တစ်ချိန်တည်းမှာပင် သူ၏ဘဏ္ဍာရေး အခြေအနေအကြောင်း ပါးနပ်စွာ အရှောင်အတိမ်း ပြုခဲ့သည်။ ထူးဂရုပ်ဖ်၏ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ငါးရာရှိသည်ဟု ဧပြီလက အီတလီ သတင်းစာ တစ်စောင်ကို သူပြောကြားခဲ့သည်။ ထိုပမာဏ သည် ထူးဂရုပ်ဖ်ကို မြန်မာနိုင်ငံ၏ အကြီးဆုံးစီး ပွားရေးလုပ်ငန်းကြီး ဖြစ်သွားစေသည်၊ ထူးပင်မ ကုမ္ပဏီတွင် သူသည် ရှယ်ယာအများဆုံးပိုင်ဆိုင် သူဖြစ်သည်ဟု ဦးတေဇကိုဆိုသည်။ သို့သော် ကုမ္ပဏီက အမြတ်အစွန်းမည်မျှရရှိပြီး ကုမ္ပဏီ ဥက္ကဋ္ဌက အမြတ်အစွန်း မည်မျှရသည်မှာ မသဲကွဲ ဟုဆိုသည်။
မြန်မာနိုင်ငံမှ ကုမ္ပဏီအများစုသည် ဘဏ္ဍာရေး အချက်အလက်များ ထုတ်ပြန်လေ့ မရှိသလို ရှယ်ယာအခြေအနေကို ဖော်ပြရန် ဥပဒေ ပြဌာန်းချက်မရှိချေ။ ဦးတေဇသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဘူမိဓါတ်ငွေ့ထုတ်လုပ်ရေးကို Total ကုမ္ပဏီနှင့် အတူတကွ လုပ်ကိုင်လာစေသော Chevronကို ချွင်းချက်ပေးခဲ့သော အမေရိကန်စီးပွားရေးပိတ်ဆို့ မှုနှင့် ယေဘုယျအားဖြင့် မြန်မာနိုင်ငံဆန့်ကျင်ရေး စီးပွားရေးပိတ်ဆို့မှုမှန်သမျှကို အတော်မကျေမနပ် ဖြစ်မိပါသည်။ အနောက်နိုင်ငံအစိုးရများက အချက်အလက်များကို ဗလောင်းဗလဲပြုထားသည် ဟု သူကဆိုသည်။ သူသည် တပ်မတော်ကို ရဟတ်ယာဉ်များသာ ရောင်းချခဲ့သည်။ သေနတ် များကျည်ဆန်များ မရောင်းချခဲ့ချေ။ ထို့အပြင် အများပြော ကောလာဟလကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အသုံးအဖြုန်းကဲသော ဆွေမျိုးသားချင်း တစ်ယောက်မဟုတ်ဟုဆိုသည်။
"ကျွန်တော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်တစ်ယောက် မဟုတ်ပါဘူး၊ ကျွန်တော်ဟာ လက်နက်ပွဲစား တစ်ယောက်မဟုတ်ပါဘူး"ဟု ဖြည့်စွက်ပြောကြာ ခဲ့သည်။ သို့ဆိုလျှင် ဦးတေဇသည် မည်သူနည်း၊ ဦးတေဇကို ၁၉၆၄ ခုနှစ်တွင်မွေးဖွားခဲ့ရာ သူ၏ ဖခင်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ တပည့်တစ် ယောက်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး သူရဲ ကောင်း၏ စစ်အတွင်းကာလ အမည်ဝှက် တစ်ခုမှာ ဦးတေဇဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် နိုင်ငံ ရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း ဦးတေဇမိသားစု နှင့် ဗိုလ်ချုပ်အောင်ဆန်းမိသားစုတို့ ရင်းနှီးမြဲ ရင်းနှီးခဲ့သည်။ ဖခင်ဖြစ်သူ၏ ခြေရာကိုလိုက်၍ ဦးတေဇသည် မြန်မာ့တပ်မတော်စစ်ကျောင်းကို တက်ရောက်ခဲ့သည်။ သို့သော် တတိယနှစ်တွင် ကျောင်းမှထွက်၍ နှစ်ဖက်မိဘများ ကန့်ကွက် သည့်ကြားမှပင် သူ့ရည်းစားနှင့် အိမ်ထောင်ပြုခဲ့ သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် လမ်းခွဲလိုက်ကြသည်။ ရန်ကုန်ကို ပြန်ရောက်သော အခါတွင် သူသည် စီးပွားရေး လုပ်ငန်းလေးများ လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားသောအခါတွင် ထို အရေးခင်း စီးကြောင်းထဲ ပါရှိသွားခဲ့သည်။ လမ်း ပေါ်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ဦးတေဇက "ဒါကျွန်တော်တို့ မျိုးဆက်"ဟု ဆိုသည်။ နောက် ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် မြို့ပြင်ရှိ သူ၏မိသားစုဝင်းခြံထဲတွင် နေထိုင်ခဲ့ပြီး သူ့ကားဖြင့်ပင် လျှောက်သွားခဲ့ရာ ၁၉၈၉ ခုနှစ်တွင် သူမ ဖမ်းဆီးထိန်းသိမ်းခံရသည့် ကာလအထိ ဖြစ်သည်ဟု ဦးတေဇက ပြောကြားခဲ့သည်။
နောက်တစ်နှစ်တွင် ဦးတေဇသည် ထူးထရေးဒင်း ကုမ္ပဏီကို တည်ခဲ့သည်။ ထိုအမည်သည် သူ့ဇနီး၏ မိသားစုကုမ္ပဏီ အမည်ဖြစ်ပြီး သူ့ဇနီးသည်၏ မိသားစုသည် လူရိုသေ၊ ရှင်ရိုသေ ကုန်သည်များဖြစ်ခဲ့ပြီး ဆိုရှယ်လစ်စနစ်အောက် တွင် သူတို့စီးပွားရေးလုပ်ငန်းများ လုံးပါးပါးသွားခဲ့ ခြင်းဖြစ်သည်။ သူသည် သူ့ယောက္ခမထံမှ ဆန်စက်တစ်လုံးကို ဌားရမ်းခြင်းဖြင့် လုပ်ငန်း စတင်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံနယ်စပ် အနီးရှိ သစ်တောကြိုးဝိုင်းကြီးများကို လေလံပစ်သောအခါတွင် သစ်လုပ်ငန်းသို့ ကူးပြောင်းခဲ့သည်။ လုပ်ငန်းခွင်သာသော နေရာများအတွက် ထိုင်းလုပ် ငန်းရှင်များနှင့်အပြိုင် ဈေးပေးမည့်အစား ဦးတေဇ သည် နယ်စပ်နှင့်ဝေးလံသောနေရာများတွင် သစ်လုပ်ငန်းလုပ်ရန် လျှောက်ခဲ့သည်။ သူသည် သစ်လုံးများကို တစ်လုံးလျှင် ၁၀ ဒေါ်လာနှုန်း ဖြင့် ထုတ်ယူခဲ့ပြီးနောက် ဒေါ်လာ ၅၀ဝ သို့မဟုတ် ထို့ထက်ပိုမြင့်သောဈေးဖြင့် ရောင်းချခဲ့သည်။ "မြန်မာပြည်မှာ ကျွန်တော်ဟာ အကြီးဆုံးသစ် လုပ်ငန်းရှင်ဖြစ် ခဲ့တယ်"ဟု သူကဆိုသည်။
သို့တိုင်အောင် ဤစီးပွားရေး အကွက်မြင်မှု သည် နိုင်ငံရေးအဆက်အသွယ် ချောဆီသုတ် ခဲ့သည့် အကွက်မြင်မှုဖြစ်ဟန်ရှိသည်။ အငြိမ်းစား စစ်အရာရှိကြီး တစ်ဦးဖြစ်သော သူ၏ဖခင်သည် စက်မှုဝန်ကြီးဌာနတွင် အလုပ်လုပ်နေခဲ့ပြီး သူ့ကို ထိုလုပ်ပိုင်ခွင့်အတွက် လေလံဆွဲရန်တိုက်တွန်းခဲ့ သည်။ "အစိုးရရဲ့ ကြမ်းခင်းဈေးက ပေါလွန်းတယ် လို့ ကျွန်တော့အဖေက ကျွန်တော့်ကိုပြောခဲ့တယ်။ရှိသမျှကို ရင်းနှီးမြှုပ်နှံလိုက်လို့ ပြောခဲ့ တယ်"ဟု သူပြန်ပြောင်း အမှတ်ရပြောကြားခဲ့ သည်။ သစ်လုပ်ငန်းသည် ထူးဂရုဖ်၏ အဖိုးတန် ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေသည်။ ၂၀ဝ၇ ခုနှစ်တွင် အသားတင် အမြတ် ဒေါ်လာ ၇၅ သန်း ရရှိခဲ့သည်ဟု ပေါက်ကြား သွားခဲ့သည့် အမေရိကန် ကြေးနန်းတစ်စောင်က ဖော်ပြခဲ့သည်။ သူသည် ထိပ်တန်းသစ်ထုတ် လုပ်တင်ပို့သည့် သူမဟုတ်တော့သလို မြန်မာနိုင်ငံ၏ လျော့ပါး၍နေသော သစ်တောအတွက် စိုးရိမ်မကင်းဖြစ်မိပါသည်ဟု ဦးတေဇက ဆိုသည်။"ဂေဟစနစ်ကြောင့် ကျွန်တော်ရပ်တန့်ဖို့ကြိုးစား ပါတယ်"ဟု သူကဆိုသည်။ သစ်လုပ်ငန်းမှ ရရှိသော သောက်သောက် လဲ အမြတ်သည် ဦးတေဇအား သူ၏ပထမဦးဆုံး ဟော်တယ်အပါအဝင် မြေယာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလာစေခဲ့သည်။ သူသည် စင်ကာပူ နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမှုပြုခဲ့ပြီး ၁၉၉၇-၉၈ ခုနှစ် အာရှငွေကြေး အကျပ်အတည်းမဖြစ်ပွားခင် က စင်ကာပူသို့ပြောင်းရွှေ့ရန်စဉ်းစားခဲ့သော်လည်း သူ့နိုင်ငံတွင် ငွေရင်းနှီးမြှုပ်နှံရသည်ကိုသာ နှစ် သက်ခဲ့သည်။
"ကျွန်တော် စင်ကာပူမှာ ရင်းနှီး မြှုပ်နှံရင် စင်ကာပူသားတွေပဲ အကျိုးအမြတ် ရှိမယ်"ဟုသူကဆိုသည်။ နောက်ဆယ်စုနှစ် ကာလတွင် ထူးဂရုဖ်သည် လုပ်ငန်းသစ်များကို အာသာငမ်းငမ်းရှိလှသော ကုမ္ပဏီကြီးတစ်ခုအဖြစ်သို့ အကောင်အထည် ကြီးထွားလာခဲ့သည်။ ၂၀ဝ၄ ခုနှစ်မှာမူ မြန်မာနိုင်ငံ ၏ ပထမဦးဆုံး ပုဂ္ဂလိက လေကြောင်းကုမ္ပဏီ ဖြစ်သော Air Bagan ကို စတင်ခဲ့သည်။ ထို့အ ပြင်ကြေးကြီးနာမည်ရှိ ဟော်တယ်များ စတင်လုပ် ကိုင်ခဲ့ပြီး အကြီးစားယန္တရားကြီးများ ငှားရမ်းမှု လုပ်ငန်းလည်း လုပ်လာသည်။ သစ်ကုန်သည် တစ်ဦးက ငွေပင်ငွေရင်းများစွာ လိုအပ်သော လုပ်ငန်းများ လုပ်နိုင်လောက်သော အဆင့်ရှိခဲ့ခြင်းက အများ မျက်ခုံးပင့်စရာဖြစ်ခဲ့သည်။ သူသည် စစ်အစိုးရ၏ ရှေ့ထွက်ငွေသမားဖြစ်ခဲ့ပြီး ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် သူ၏ အသုံးအဖြုန်းကြီးသော မိသားစုထံ တိုက်ရိုက်လမ်းကြောင်း ပေါက်သူ တစ်ဦးဖြစ်သည် ဟု သတင်းကြီးခဲ့သည်။ ထိုသို့မဟုတ်ပါဟု ဦးတေဇက ငြင်းဆန် သည်။ သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တစ်ကြိမ်သာလျှင် နှစ်ကိုယ်ချင်းတွေ့ဆုံခဲ့ပြီး ထိုအချိန်မှာလည်း ရဟတ်ယာဉ်ပျက်ကျမှုမှ သူ့ကို ကယ်တင်ခဲ့ဖြင်းအတွက် ကျေးဇူးတင်စကား ပြောစဉ်ဖြစ်သည်ဟုဆိုသည်။
သူ၏ ရိုးသားမှု၊ ရှင်းရှင်းဘွင်းဘွင်းပြော တတ်မှုအပြင် သူ့ဖခင် ရာထူးအဆင့်က စစ်အစိုးရနှင့် အဆင်ပြေ မှာ ကျွန်တော်ပြောစရာရှိရင် ဒဲ့ဒိုးပဲပြောလိုက် တယ်။ တချို့ ဗိုလ်ချုပ်ကြီးတွေက ဒါကို သိပ်သဘောကျတယ်။ ကလိမ်ကကျစ် မရှိ၊ ဗလောင်းဗလဲမရှိဘူး"ဟုသူက ဆိုသည်။ တချို့ကမူ ဦးတေဇ၏ ငွေဆောင်အပန်း ဖြေစခန်းသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရောက်ရှိ စဉ်က အလွန်သဘောကျသွားခဲ့သည်ဟု ဆိုသည်။ ဦးတေဇသည် စစ်အစိုးရအဖွဲ့တွင် တတိယ ခေါင်းဆောင်ဖြစ်လာသော ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့်လည်း စောစီးစွာကပင် မဟာမိတ်ပြုခဲ့ သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဗိုလ်မှူး ကြီး ဘဝကတည်းကပင် ဦးတေဇနှင့် ပထမ အကြိမ်ဆုံဖူးသည်။ ဦးတေဇသည် ဗိုလ်မှူးကြီး၏ သားအောင်သက်မန်းကို ထူးဂရုဖ်၏ ညွှန်ကြားရေး မှူးတစ်ယောက်အဖြစ် ချက်ချင်းခန့်လိုက်သည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် လျှောက်လှမ်းရန် အတွက် ကုန်သည်ထုံးပင်ဖြစ်ခဲ့သည်။ အဲဒီကာလ မှာ ဗိုလ်မှူးအားလုံးရဲ့သားတွေက ကုမ္ပဏီတွေမှာ အလုပ်လုပ်ချင်ခဲ့ကြတယ်ဟု သူကဆိုသည်။ ပထမတွင် ဦးတေဇသည် သူ့ကုမ္ပဏီများ အား ကုန်သွယ်ရေး ပိတ်ဆို့မှုကို ဒေါသဖြစ်ခဲ့ သည်။ သို့ သော် မြန်မာပြည် အုပ်ချုပ်သူများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငတ်ပြတ်အောင် အနောက် နိုင်ငံများ၏ကြိုးပမ်းမှုသည် သူ့လက်ကို အားပြည့် လာစေခဲ့ပြီး ပြိုင်ဖက်များဈေးကွက်ထဲ ဝင်ရ ခက်စေခဲ့သည်သာဖြစ်သည်ဟု သူကဆိုသည်။
အဲဒါမျိုးစီးပွားရေး ပိတ်ဆို့မှုအောက်မှာ ကျွန် တော်တို့အများကြီး ပိုချမ်းသာနေတယ်ဟု သူက ဆိုသည်။ ဗိုလ်ချုပ်ကြီးများက ခရိုနီများကို မျက် နှာသာပေးသော တံခါးပိတ်စီးပွားရေးတွင် ထိုစကားက မှန်ပေမည်။ သို့သော် ကစားပွဲစည်း မျဉ်းများက အမြဲတစေ ပြောင်းလဲနေသည်။ အနောက်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုများသည် နိုင်ငံခြားငွေပင်ငွေရင်းကို ဦးတေဇ အရခက်စေပြီး မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်း လုပ်ကိုင်လိုသော ကုမ္ပဏီများအတွက်သူသည် အဆိပ်ဖြစ်နေ သည်။ "သူ့နာမည်ကို သူပြန် တည်ဆောက်ဖို့ လိုအပ်တယ်၊သူသုညက ပြန်စမှာမဟုတ်ဘူး၊ အဲဒါမဖြစ်နိုင်ဘူး"နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ အတိုင်ပင်ခံတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည်များ လမ်းကြောင်း၌ အခရာနေရာကောင်းများတွင် တည်ရှိသော ထူးဂရုဖ်၏ ဟော်တယ် ၁၇လုံးကို ကြည့်ပါ။ ဦးတေဇသည် ထိုလုပ်ငန်းကို လုပ်ကိုင် ရန်နှင့် နာမည်အသစ်တပ်ပေးရန် နိုင်ငံတကာ အဆင့်ဝင် စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကို ငှားရမ်း လိုသည်။ သို့သော်သင့်တော်သော လုပ်ငန်းဖက် ကို မတွေ့သေးချေ။ ယင်းမှာလည်း စီးပွားရေး ပိတ်ဆို့ခံထားရသည့် ဒဏ်ကြောင့်ပင်ဖြစ်သည်ဟု သူကဆိုသည်။သူသည် ကမ္ဘာ့အဆင့်ဝင်အမည် ကို လိုချင်သောကြောင့် ထိုင်းဟော်တယ်အုပ်စု တစ်စု၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်ဟု သူက ပြောကြားခဲ့သည်။ "လုပ်ငန်းသေးသေး လေးတွေကို ကျွန်တော်စိတ်မဝင်စားဘူး"ဟု သူက ဆိုသည်။
အတိတ်ကို တဖြည်းဖြည်းခွာချနေသော ကာလကြာ လျစ်လျူရှုခံ ရန်ကုန်တွင် ဦးတေဇ၏ အိမ်တော်သည် ဒေသခံ သမိုင်းဝင်နေရာတစ်ခုဖြစ် သည်။ ယင်းသည် အမေရိကန်သံရုံးနှင့် ဒေါ် အောင်ဆန်းစုကြည်၏ အင်းယားကန်ဘေးအိမ်နှင့် လမ်းနှစ်ပြတ်သုံးပြတ်သာဝေးသည်။ ဦးတေဇ၏ ဇိမ်ခံကားများ (ဖါရာရီ၊ ရိုစ်ရိုက်စ်)ကို လမ်းပေါ်မှ လှမ်းမြင်ရပြီး ဖြတ်သန်းသွားသောတက္ကစီ ယာဉ် မောင်းများက သူ၏ နန်းတော်တမျှ ထည်ဝါ သော အိမ်ကြီးကို လက်ညှိုးထိုးပြလေ့ရှိသည်။ ဦးတေဇသည် ခရိုနီတစ်ယောက်ဖြစ်လေ သလား။ ဦးတေဇက မျက်မှောင်ကုတ်လိုက်သည်။ အဲဒါကြောင့် မြန်မာလူမျိုးတွေ မချမ်းသာကြတာ၊ ဘယ်သူတွေတက်လာတက်လာ သူတို့မနာလို ကြဘူး၊ နည်းလမ်းအဖုံဖုံနဲ့တိုက်ခိုက်မှု ကောလာဟလတွေ ဖန်တီးတယ်ဟု သူကမြည်တွန် တောက် တီးသည်။ ခုတစ်လော ထိုကောလာဟလစက်က အချိန်ပိုခုတ်မောင်းနေသည်။ ဦးတေဇငွေကြေးဆိုး ဆိုးရွားရွားပြတ်လပ်နေပြီဟု မြန်မာ့စီးပွားရေး သမားများက ဆိုသည်။ အထူးသဖြင့်မေလတွင် စားအုန်းဆီ တင်သွင်းမှုကို လွတ်လပ်ခွင့်ပေးပြီး နောက် ဟော်တယ်များကို ရောင်းချခြင်းဖြင့် ငွေ ရှာရန်ကြိုးစားခဲ့ပြီးနောက်တွင် ဖြစ်သည်။
သူက အင်အားရှိတဲ့ အနေအထားမှာ မဟုတ်တော့ဘူးဟု လုပ်ငန်းလည်ပတ်ပုံကို နားလည်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကပြောကြားခဲ့သည်။ ထို့အပြင် ဦးတေဇသည် ဒေါ်လာသန်းဆယ် ဂဏန်းများ ပမာဏရှိ အခွန်ငွေကြေးကျန်စာလည်း ရရှိထားသည်ဟုဆိုသည်။ မကြာခင်ကာလက ထုတ်ပြန်ခဲ့သော ထိပ်တန်းအခွန်ဆောင်ကုမ္ပဏီ ဆယ်ခုတွင် သူ့ကုမ္ပဏီတစ်ခုမှ မပါဝင်ခဲ့ချေ။ ဦးတေဇက အခွန်ငွေ တိမ်းရှောင်မှုမရှိဟု ငြင်းဆို လိုက်သည်။ "ကျွန်တော်တို့အခွန်ဆောင်ပါ တယ်"ဟု သူကဆိုသည်။ မကြာခင်ကာလက ရောက်ရှိရာ အခွန်တောင်းခံစာနှင့် ပတ်သက်၍ မေးမြန်းသော အခါတွင် စက်တင်ဘာလစောစော ပိုင်းက အမေရိကန်ဒေါ်လာ နှစ်သန်းပေးဆပ်ရန် သူအမိန့်ပေးလိုက်သည်ဟု ပြောကြားခဲ့သည်။ ထူးဂရုဖ်၏ ဌာနများတွင် သစ်လုပ်ငန်း၊ အိမ်ရာလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းတို့မှသာ အမြတ်အစွန်းရသည်။ ဦးတေဇကမူ သူသည် လုပ်ငန်းများ ပို၍ ဖန်တီးပေးသော ခရီးသွားလုပ် ငန်းနှင့် မြန်မာနိုင်ငံ၏ စားသုံးမှုအခြေခံစီးပွားရေး ကဏ္ဍကို ခွဲခြမ်းစိတ်ဖြာသော ကုန်ထုတ်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံရသည်ကို ပို၍နှစ်သက်သည် ဟုပြောကြားခဲ့သည်။
သူသည်စေတနာ သဒ္ဒါ တရားထက်သန်သော အလုပ်ရှင်အဖြစ် နာမည်ကြီး အချိန်ပြည့်ဝန်ထမ်း ၄၀ဝ၀ဝ တို့တွင် သစ္စာ စောင့်သိစိတ်ရှိစေနိုင်စွမ်း ရှိသူဖြစ်သည်။ မြန်မာ နိုင်ငံ၏ ပထမဦးဆုံး လေယာဉ်မှူးအပါအဝင် ဝန်ထမ်းရာပေါင်းများစွာ ပင်လယ်ရပ်ခြားတွင် သွားေ၇ာက် ပညာသင်ကြားခွင့်ရရှိကြပြီး အလုပ် ကြိုးစားသောမန်နေဂျာများ ထိပ်တန်းခံစားခွင့် လျင်မြန်စွာရရှိကြသည်။ "သူဘာရရ သူမျှဝေပေးတယ်။ သူကတရား မျှတတဲ့သူတစ်ယောက်ပဲ"ဟု သူနှင့်အပြိုင်မြန်မာ လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။ ဘောလုံးဝါသနာရှင်နှင့် ကလပ်ပိုင်ရှင်တစ် ဦးဖြစ်သူ ဦးတေဇသည် သူ၏ ကလပ်လေ့ကျင့် ရေးကွင်း၌ ဝန်ထမ်းများဘောလုံးပွဲတွင် ဝင်ရောက် ကစားလေ့ရှိသည်။ သူသည် မြန်မာဂီတကို ကမကထပြု အားပေးသူ တစ်ယောက်လည်းဖြစ်သည်။ FORBES ASIA နှင့် နေ့လည်စာအတူစားပြီး နောက်တွင် သူသည် မြန်မာသီချင်း CD တစ်ချပ် ကို စက်ထဲ ထည့်ပြီး သူ၏ဂစ်တာကိုဆွဲထုတ် ကာ သူ၏ အမှုဆောင်အရာရှိများကို လှမ်းခေါ် လိုက်သည်။
"ခင်ဗျားတို့ ဒီသီချင်းနားထောင် စေချင်တယ်"ဟု သူကဆို၍ အလေးအနက်အာ ရုံစိုက်လျက်အသွင်ဖြင့် တေးတစ်ပုဒ်ကို တီးခတ် သည်။ ပေါက်ကြား သွားခဲ့သည့် အမေရိကန်သံတမန် ဆိုင်ရာ ကြေးနန်းများကြားမှ ကောက်ယူရရှိခဲ့ သည့် သတင်းတစ်စကမူ ဦးတေဇသည် ယခင် ပျက်ကိန်းဆိုက်သည် ဟူသော အနေအထားများကို အံတုနိုင်ခဲ့ကြောင်းဖော်ပြခဲ့သည်။ "ကျွန်တော် တို့၏ စီးပွားရေးလုပ်ငန်း အဆက်အသွယ်အများ အပြားက ဦးတေဇ ဒေဝါလီ ခံကိန်းဆိုက်နေသည် ဟု ယုံကြည်ကြောင်း ၂၀ဝ၉ ခုနှစ်၊ မတ်လတွင် အမေရိကန်သံရုံးက ဝါရှင်တန်သို့ သတင်းပို့ ခဲ့သည်။ နောက်တစ်နှစ်တွင်မူ ဦးတေဇကျ ဆုံးနေပြီဟု ကောလာဟလများပျံ့နှံ့နေပြီး နောက် ပေါက်ခရိုနီများဖြင့် အစားထိုးခဲ့ရသည်ဟု စီးပွား ရေးလောကတွင် သတင်းဖြစ်နေသည်"ဟု ဆိုခဲ့ပြန် သည်။ ရဟတ်ယာဉ်မ ပျက်ကျခင်ကပင် ဦးတေဇ ဘဝဆုံးခန်းတိုင်ပြီဟူသော သတင်းများ ပုံကြီးချဲ့ ပေါ်ထွက်ခဲ့ပုံရသည်။ နောက် ဆုံးဟားတိုက် ခွင့်ကြုံသူ ဦးတေဇ ပင်ဖြစ်ကောင်းဖြစ်နိုင်သည်။

မင်းပိုင်


Saturday, November 3, 2012

နားခိုစရာလေး တစ်ခုတော့ လိုချင်တယ်


Photo
ကျွန်မတို့မှာ မိသားစုသုံးယောက် ရှိပါတယ်။ ကျွန်မတို့ လင်မယား နှစ်ယောက်ရယ်၊ ကျွန်မသမီးလေးရယ်ပေါ့။  ကျွန်မအမျိုးသားက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ တစ်လကို နှစ်သိန်းလောက် ရပါတယ်။ ကျွန်မကတော့ ကလေးမွေးပြီးကတည်းက ကျွန်မကလေးကို ကူညီကြည့်ရှုပေးမယ့် လူခွဲမရှိတာနဲ့ အလုပ်လုပ်လို့ မရတော့တာပါ။ ကျွန်မတို့ အိမ်ထောင်သက်တမ်း ငါးနှစ်ကျော်လာပါပြီ။ ကျွန်မတို့မှာ မိဘကလည်း အမွေအနှစ်မထားခဲ့တဲ့ အတွက် ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်ဘဝကိုယ် ကျောင်းခဲ့ရတဲ့ လူတွေပါ။ အသက် ၁၀ နှစ်အရွယ် မိဘလက်ထက်မှာကတည်းက အိမ်ငှားဘဝနဲ့ နေလာခဲ့တာ အိမ်ထောင်ကျတဲ့ သက်တမ်းနဲ့ပါ ထည့်တွက်လိုက်မယ် ဆိုရင် အိမ်ငှားဘဝနဲ့ နေလာခဲ့တာ ၁၇ နှစ် နီးပါး ရှိပါပြီ။ အိမ်ငှားဘဝနဲ့ နေလာခဲ့ရာမှာလည်း အိမ်ရှင်မျိုးစုံ၊ အိမ်မျိုးစုံ၊ အခက်အခဲမျိုးစုံနဲ့ နေလာခဲ့ရတာပါ။ တချို့အိမ်တွေဆို အိမ်က ကောင်းပေမယ့် အိမ်ရှင်က မကောင်း၊ အိမ်ရှင်က ကောင်းပေမယ့် အိမ်က မကောင်းနဲ့ နေလာခဲ့ရတာပါ။ ယခုအချိန်မှာ အိမ်ဈေးနှုန်းတွေ ကောင်းလာတာနဲ့အမျှ အိမ်ငှားခ ဈေးနှုန်းတွေလည်း များစွာကြီးမြင့်နေပါတယ်။ ပတ်ဝန်းကျင် သန့်သန့်၊ အိမ်သန့်သန့်နဲ့ နေချင်ပြီဆိုရင် အနည်းဆုံး အိမ်လစာ ငါးသောင်းမှ တစ်သိန်းဝန်းကျင် အထိ ရှိတတ်ပါတယ်။ ဒါတောင် သွားလာရေးလွယ်ကူတဲ့ မြို့တွင်းမြို့နယ်တွေမှာ ဒီနှုန်းနဲ့ မရနိုင်ပါဘူး။  ကျွန်မတို့ မိသားစုမှာ တစ်လစာရတဲ့ပိုက်ဆံကို အိမ်လစာနုတ်၊ အသုံးစရိတ်နုတ်၊ လူမှုရေးကိစ္စတွေနုတ်နဲ့  ကျန်ရှိတဲ့ငွေကို မနည်းစုမိအောင် လုပ်ရပါတယ်။ ပိုက်ဆံလေးစုမိလို့ အိမ်လေးဝယ်မယ် လုပ်ချိန်မှာ အိမ်ဈေးနှုန်းတွေ အဆမတန် ကြီးမားနေတဲ့အတွက် ကျွန်မတို့အတွက် အိမ်ပိုင်ရမယ့် အခွင့်အရေးတွေ ဝေးသထက်ဝေးလို့ လာနေပါပြီ။ အိမ်ဈေးနှုန်းများ ကြီးမားလာရတဲ့ အကြောင်းအရာတွေကို ဉာဏ်စွမ်းရှိသလောက် စဉ်းစားကြည့်တော့ အချက်အချို့ကို တွေ့ရပါတယ်။

ရန်ကုန်က အချို့ရပ်ကွက်တွေမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကွန်ကရစ်လမ်းတွေ ခင်းကျင်းပေးထားပြီး နောက်ပိုင်းမှာ အိမ်ပိုင်ရှင်တွေ၊ ပွဲစားတွေ၊ အကျိုးဆောင်တွေက လမ်းကောင်းလာမှုကို အခွင့်ကောင်းယူ၍ မြေကွက်နဲ့ အိမ်ဈေးနှုန်းများ မြှင့်ခေါ်လာတာ တွေ့ရပါတယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်များရဲ့ ဈေးကစားမှုတွေ၊ ပွဲစားနဲ့ အကျိုးဆောင်တွေက ဈေးကြီးအောင် တွန်းအားပေးတာမျိုးတွေကြောင့်လည်း အိမ်ဈေးနှုန်းများ ကြီးမားလာရခြင်းလို့ ထင်ပါတယ်။ ဘယ်အလုပ်မှ သိပ်မကောင်းတဲ့အချိန် မြေဝယ်ထားရင် အမြတ်သေချာတယ် ဆိုပြီး ငွေရှိသူတွေ အိမ်၊ မြေတွေဝယ် ရင်းနှီးလုပ်ကိုင်ကြလို့ တကယ်နေမယ့် သူတွေကတော့ အခန်းသေးသေးလေး ပိုင်ဖို့၊ မြေကွက်ကျဉ်းကျဉ်းလေး ပိုင်ဖို့တောင် မမျှော်မှန်းနိုင်အောင် ဈေးတွေ ကြီးလာပါတယ်။ အိမ်ဈေးနှုန်းများကို ကားဈေးနှုန်းများကဲ့သို့ ဈေးကျအောင် လုပ်မယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖတ်ရပါတယ်။ အခွန်စနစ်ဖြင့်လည်း  အိမ်ဈေးနှုန်းများကို ထိန်းချုပ်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေ ဈေးနှုန်းများကတော့  ယခုနေရာ တော်တော်များများမှာ ဈေးကျတာမတွေ့ရဘဲ ဈေးနှုန်းများ တက်မြဲတက်ဆဲ၊ ရောင်းတဲ့သူကလဲ ရောင်း၊ ဝယ်တဲ့သူကလည်းဝယ်၊ ဘာအခွန်မှ ပေးစရာမလိုဘဲ တက်ဈေးများနဲ့သာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခုလို အိမ်ခြံမြေဈေးနှုန်းများ မကျသရွေ့တော့ ကျွန်မတို့လို လူတန်းစားတွေ အဖို့မှာတော့ အိမ်ပိုင်ရဖို့ လမ်းစ တဖြည်းဖြည်းဝေးလို့  လာနေပါပြီ။ အချိန်တန် အိမ်ပြန်ရတတ်စမြဲ ဆိုသလို အိမ်ဆိုတာ ကျွန်မတို့အဖို့ နားခိုစရာလေး တစ်ခုပါ။ ကျွန်မတို့လို လူတန်းစားတွေ နားခိုစရာလေး တစ်ခုရဖို့အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးနည်း မြေကွက်များကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့သာ ဆုတောင်းနေရင်း....။

အိမ်ဝေးသူ
Written by 7Day News
Thursday, 18 Oct 2012 16:02

လမ်းပျောက်နေကြသူများ

Photo
ဖြစ်ရပ် ၁။ ကောင်မလေး တစ်ယောက် ကွန်ပျူတာရှေ့မှာ အင်တာနက် သုံးနေပါတယ်။ သူ့အတန်းက Assignment ရေးခိုင်းလိုက်လို့ Google ကနေ ဘာရေးရမလဲ ရှာဖွေနေတာပါ။  Gtalk ကိုလည်း ဖွင့်ထားသေးတယ်။ ရုတ်တရက် လူငယ်တစ်ယောက်က Gtalk မှာ သူ့ကို နှုတ်ဆက်ပါတယ်။ သူနဲ့ မသိတဲ့သူ ဖြစ်နေလို့ ကောင်မလေးကဘာမှ ပြန်မပြောပါဘူး။ ခဏနေတော့ အဲဒီလူကပဲ “စကားမပြောချင်ဘူးလား” လို့ မေးပါတယ်။ ကောင်မလေး ဘာမှပြန်မပြောပါဘူး။ နောက်တစ်အောင့်လောက်နေတော့  အဲဒီလူက ကောင်မလေးကို ထပ်ပြောပါတယ်။ “ပုံလှလှလေးတော့ တင်ထားပြီး စကားကျ ပြန်မပြောဘူး။ မပြောချင်လည်း  block လုပ်လိုက်ပါ။ မင်းလိုလူတွေရှိတာ အင်တာနက်နာတယ်” တဲ့။ ပါးစပ်အဟောင်းသားနဲ့ ကောင်မလေး အဲဒီလူကို ဘလော့လုပ်လိုက်ပါတယ်။

ဖြစ်ရပ် ၂။ “အမေ ကျွန်တော့်ကိုပိုက်ဆံပေးဦး”။ ပိုက်ဆံကို ဆတ်ခနဲယူပြီး ထွက်သွားသည်။ အမေဖြစ်သူ ဘာလှမ်းပြောမှန်းလည်း မကြားလိုက်။ ဂိမ်းဆိုင်ရောက်ဖို့က အရေးကြီးနေသည်။ ဆိုင်မှာ လူစုံနေပြီ။ အဖွဲ့ခွဲပြီး Dota ခုတ်ကြမယ်။ ခုတ်ရင်း အရှိန်က တက်လာပြီ။ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ဆဲဆိုလာပြီ။ “မင်းက ဘာကောင်လဲ။ မကျေနပ်ဘူးလား။ ဇရှိရင် မင်းနဲ့ငါ တစ်ယောက်ချင်း ချမယ်” ဟုတ်ကဲ့။ ဂိမ်းဆော့ရင်း အရှိန်လွန်ကုန်ပြီး အပြင်မှာလည်း ရိုက်ကုန်၊ နှက်ကုန်၊သတ်ကုန်ကြပါပြီ။

ဖြစ်ရပ် ၃။ ကျွန်မတို့ ကျောင်းသည် စီးပွားရေး တက္ကသိုလ်ပါ။ ဘယ်မေဂျာကိုပဲ ယူယူ၊ အခြေခံ စာရင်းအင်းလောက်၊ စာရင်းကိုင်လောက်၊ စီမံခန့်ခွဲမှု အကြောင်းလောက်၊ ဘောဂဗေဒလောက်တော့ သင်ရပါတယ်။ အဲဒီ အခြေခံတွေက မေဂျာတိုင်းရဲ့ အခြေခံသင်ရိုးမှာ ပါပြီးသားပါ။ အခုစာမေးပွဲတွေ ဖြေပြီးကြလို့ ကျောင်းတွေ နှစ်လပိတ်တော့ ဘာလုပ်မှာလဲ အပြန်အလှန် မေးကြတော့ LCCI တက်မှာတဲ့။ ACCA တက်မှာတဲ့။ အဲဒါတွေက ကျောင်းက ဖတ်စာအုပ်ထဲမှာ သင်ပြီးသား မဟုတ်ဘူးလား။ မသိဘူးတဲ့။

ပထမဆုံး ဖြစ်ရပ် ၁ မှာ လာစကားပြောတဲ့ ကောင်လေးလို လူငယ်တွေဟာ တော်တော် သနားစရာကောင်းသူပါပဲ။ အင်တာနက်ပေါ်ရောက်ရင် မသိတဲ့ ကောင်မလေးတွေကို အီစီကလီတွေ ပြောမယ်။ အဆင်ပြေရင် အပြင်မှာ ချိန်းမယ်။ခဏလောက် တွဲမယ်။ ဒါလောက်လေးပဲ သူသိပါတယ်။ အင်တာနက်ကို ဘယ်လိုနေရာတွေမှာ အသုံးချလို့ရမှန်း သူ့ခမျာ မသိရှာပါဘူး။ အင်တာနက်ကနေ စီးပွားရေး လုပ်လို့ရတယ်။ အင်တာနက်ကနေ စာသင်လို့ ရတယ်။ အင်တာနက်ကနေ စာတွေ ရှာဖတ်လို့ရတယ်။ အင်တာနက်ကနေ မိုင်ပေါင်း ထောင်ချီ ဝေးနေတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရတယ်။ ဒါတွေ သူမသိရှာပါဘူး။

ဖြစ်ရပ် ၂ က လူငယ်တွေကတော့ ဘာလုပ်ရမှန်း မသိဘဲ လေနေတဲ့သူတွေပါပဲ။ ကျွန်မ သူငယ်ချင်းတွေထဲမှာလည်း ဂိမ်းဆော့တဲ့သူတွေ ရှိပါတယ်။ အလွန်အကျွံ နေ့မနား၊ ညမအိပ် ဆော့တဲ့သူတွေ ရှိသလို တစ်ခါတလေ အပျင်းပြေ ဆော့တဲ့သူတွေလည်း ရှိပါတယ်။ အရက်ကိုသောက်ရင်း အရက်က ကိုယ့်ကို ပြန်သောက်တယ်ဆိုသလို ဂိမ်းဆော့ရင်း ကိုယ့်ဘဝကို ဂိမ်းက ပြန်ကစားသွားပါတယ်။ အဲဒီလောက်ကြီး ဂိမ်းဆော့ပြီး ကိုယ့်ဟာကိုယ် ဂိမ်းတွေ တီထွင်နိုင်သွားတယ်ဆိုလည်း တစ်မျိုးပေါ့။ (အဲဒီလိုတော့ တစ်ခါမှ မကြားမိပါဘူး။) ဂိမ်းစွဲတာလည်း ဘိန်းစွဲတာလိုပါပဲ။ ဖြတ်ရခက်သလို ကိုယ့်အသက်၊ ကိုယ့်ဘဝကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့လည်း သွားကြည့်လိုက်ရင် ရောင်းအကောင်းဆုံးက ဂိမ်းဆိုင်တွေပါပဲ။

ဖြစ်ရပ် ၃ ကတော့ တစ်ခုခုတော့ လုပ်ချင်တာပဲ။ ကိုယ့်ဟာကိုယ်တော့ ဘာလုပ်ရမှန်းလည်း မသိဘူး။ သူများလုပ်လို့၊ သူများ ပြောသံကြားလို့ လိုက်လုပ်တဲ့သူတွေပါပဲ။ လိုက်လုပ်နေပေမယ့်လည်း စိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး။ ဒီနေ့သင်၊ နောက်နေ့မေ့၊ စာမေးပွဲနီးတော့ တစ်ပွဲတိုးနှစ်ပုဒ်၊ သုံးပုဒ်လောက်ကြည့်၊ သီအိုရီကိုလည်း နားမလည်၊ စာမေးပွဲအောင်၊ အောင်မြင်ကြောင်း စာရွက်လေး တစ်ရွက်ရရင် ကျေနပ်ကြတဲ့သူတွေပါ။ ကျွန်မတို့ အဘိုးတို့၊ အဖေတို့ခေတ်တွေတုန်းက ကျူရှင် မရှိပါ။ အဲဒီလို အပြင်သင်တန်းတွေလည်း ခေတ်မစားပါ။ ဒီပလိုမာတွေလည်း တစ်လှေကြီး မရှိပါ။ ဒါပေမဲ့ သူတို့တွေ တကယ် စာတတ်ကြပါတယ်။ ကျွန်မတို့မှာတော့ ဒီစာတွေကိုပဲ သင်တန်းတွေလည်း အခါခါ ပြန်တက်ရဲ့သားနဲ့ လက်တွေ့ကျတော့ ပြန်အသုံးမချနိုင်ဘူး။

ညိုသူနွယ်
Written by Smart News
Monday, 29 Oct 2012 11:56

စစ်ဗိုလ်များနှင့်ပညာရေး (၁)


မကြာသေးမီက Facebook ပေါ်တွင် အောက်ပါ post လေးတစ်ခုကို တွေ့လိုက်ရပါသည်။
ပညာရေး ပြောင်းချင်ရင် ဒီလူတွေကို အရင်ပြောင်းဖို့လိုတယ်။
  • ဗိုလ်မှူးအေးကြူ - ဒုတိယဝန်ကြီး
  • ဗိုလ်မှူးဘိုဝင်း - ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  •  ဗိုလ်မှူးကြီးကျော်သူ - ညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးမျိုးညွှန့် - ဒုညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအေးလွင် - ညွှန်ချုပ် (အမှတ်(၂)အခြေံပညာဦးစီးဌာန)
  •  ဗိုလ်မှူးရဲလွင်အောင် - ဒုညွှန်ချုပ် (အမှတ်(၂)အခြေခံပညာဦးစီးဌာန)
  •  ဗိုလ်မှူးကြီးမျိုးမြင့် - ညွှန်ချုပ် (အမှတ်(၃)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအုန်းမြင့် - ညွှန်ချုပ် (ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)

ဝန်ကြီး အဆင့်မှာ စစ်တပ်ကလာလာ နိုင်ငံရေး ပါတီက လာလာပါ ဘယ်ဌာနမှာပဲ ဖြစ်ဖြစ် ညွန်ချုပ်၊ ညွန်မှူးအဆင့်ဆိုတာ operation ကို နောကျေနေတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။
Alex Rain
အထက်ပါစာစုလေးကို တင်လိုက်သူက မည်သည့်ရည်ရွယ်ချက်နှင့် တင်လိုက်သည်တော့မသိ။ ကျွန်တော့် အမြင်ကတော့ ပညာရေးဌာနသို့ စစ်တပ်မှပြောင်းဝင်လာသူတွေ ဤမျှ များလာခြင်းအပေါ် များစွာ စိတ်မကောင်းတော့ဖြစ်မိသည်။
စာသင်ခြင်းနှင့် စစ်တိုက်ခြင်းသည် မတူပါ။ စာသင်ခြင်းတွင် အနုပညာ၊ အတတ်ပညာ၊ အသိပညာ၊ စာနာ ထောက်ထားခြင်း၊ သနားကြင်နာခြင်း၊ ပေးဝေမျှယူ ခံစားမှုရှိခြင်းစသည့် အနုပညာပေါင်းစုံ ပါဝင်နေပါသည်။ စစ်တပ်က စစ်သားတွေ ပညာရေးလောကထဲရောက်လာပြီး အုပ်ချုပ်ရေးကို ကိုင်တွယ်ခြင်းသည် ပညာရေး ဌာနအတွက် ကောင်းရန်လော၊ ဆိုးရန်လောဆိုသည်မှာ ရလဒ်များဖြင့် တိုင်းတာရမည်သာဖြစ်ပါသည်။ ၁၀ စု ပေါင်းများစွာ စစ်သားများ ပညာရေးလောကတွင် စိုးမိုးလာခဲ့ပါသည်။ မြန်မာ့ပညာရေး ဘာတွေ တိုးတက်ပြောင်း လဲသွားပါသနည်း။
မကြာသေးမီက 7 Day News Journal တွင် “အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ” ဆိုသည့် ဆောင်းပါးကို ဖတ်လိုက်ရသည်။ ရေးသူမှာ ထွန်းခိုင်ဟုသိရပြီး မြတ်စုမွန်၊ အိဖြူမွန်၊ ဝတ်ရည်အောင် တို့က အားဖြည့်ထားသည်ဟု ဆိုထားသည်။ သူတို့က အဖွင့်မှာကတည်းက
“အရပ်ဘက်အစိုးရဌာနများအတွင်း မိုးကျရွှေကိုယ် တပ်မတော်အရာရှိများ ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်း က လုပ်သက်ရှိ အရပ်သားဝန်ထမ်းတို့အား မျှော်လင့်ချက်ကင်းမဲ့စေ” ဟုဖွင့်ထားသည်။ ဆက်ပြီး
“သူတို့အခေါ် လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့ လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ ဌာနအတွင်းရှိ ကျွမ်းကျင်သူများ အထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများအတွက် အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင် ကိုင်ချင် စိတ်များ ကုန်ခမ်းစေသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်း အငြိမ်းစားနှင့် လက်ရှိ လုပ်ကိုင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြောကြားသည်” ဆိုသည့် ထောက်ပြချက်လေးသည် စဉ်းစားစရာဖြစ်လာပါသည်။
ကျွန်တော့်ကိုယ်တွေ့လေး ပြောပြချင်ပါသည်။ ဖိုးသူတော်ကတော်တော် မယ်ဘော်ကကဲကဲတွေ ထိုတပ်မတော် သားတွေရောက်လာမှ ဖြစ်ကြသည့် အကြောင်းဖြစ်သည်။
၁၉၈၈ ခုနှစ် အရေးအခင်းပြီးသည့်နောက်တွင် ပညာရေးဌာန တိုင်းအဆင့်ရာထူးကြီးတွေလည်း ပြောင်းလဲမှုများ သည်။ အရေးအခင်းတွင် ခပ်ဆိုးဆိုး တိုင်းမြို့များသို့ ခပ်ဆိုးဆိုး အရာရှိဆိုးတွေရောက်လာသည်။ ထိုအထဲတွင် ကျွန်တော်တို့ ပဲခူးမြို့လည်းပါသည်။ တိုင်းအဆင့်အရာရှိတစ်ယောက်ရောက်လာပြီး အဟိန်း အဟောက်များ ကြားတွင် ပညာရေးဌာနမှဆရာ ဆရာမများ စိတ်တွေပင်ပန်း ညှိုးနွမ်းကြရသည်။ ပိုဆိုးသည်က စစ်တပ်စကား ကို ထို အရပ်သားအရာရှိများ အငှားသုံးလာကြခြင်းဖြစ်သည်။
“ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်” ဟု အစည်းအဝေးတိုင်းတွင် မကြာခဏ ပြောလာခြင်း က ကျွန်တော်တို့ ပညာရေးဌာနနှင့် မည်သို့မျှ မအပ်စပ်သဖြင့် စိတ်ပျက်စရာကောင်းလှသည်။ ဆရာလောက တွင် အကြင်နာမေတ္တာတွေဖြင့် လွှမ်းခြုံကာ ချစ်ကြည်ရင်းနှီးစွာ လုပ်ကိုင်လာခဲ့ကြသော အသိုင်းအဝန်းလေး သည် “လုပ်ရင်လုပ် မလုပ်ရင်ဖြုတ်” ဆိုသည့် အာဏာသံများနောက်တွင် ပင်ပန်းခဲ့ကြရသည်။
ကျွန်တော်တို့ဆရာလောကတွင် တစ်ဦးနှင့် တစ်ဦး ဖေးမကူကာ၊ ဘဝတူချင်း ယိုင်းပင်းကူညီတတ်ကြသည်။ အထူးသဖြင့် ကျေးလက်တွင် ကျွန်တော် ကျောင်းဆရာလုပ်ခဲ့သမျှ ကာလတစ်လျှောက်လုံး ရာထူးကြီးငယ် မဟူ “ဆရာ” “ဆရာမ” ဟုသာ ချစ်စဖွယ်ခေါ်ပြီး တစ်ဦးကိုတစ်ဦး ဆက်ဆံခဲ့ကြသည်။ တစ်ရွာ တစ်ကျောင်း ရောက် သည့်ကျောင်းတွင် စားစရာ၊ အိပ်စရာ၊ နေစရာမရှား အချင်းချင်း ယိုင်းပင်းသည့် စိတ်ဓာတ်တွေရှိကြသည်။ ဆရာအချင်းချင်း အရာရှိက လက်အောက်ငယ်သားကို ဆက်ဆံသလိုမျိုး မရှိခဲ့သဖြင့် ဆရာလောက စိတ်ချမ်း မြေ့စရာ ကောင်းခဲ့ပါသည်။
သို့သော် စစ်အာဏာရှင်များ၏ အလိုတော်ရိ အရာရှိဆိုးများသည် ယခင် မဆလခေတ်မှ အာဏာကို နအဖ ခေတ်သို့ ဆက်ယူလာသည်။ အထူးသဖြင့် မဆလခေတ်တွင် ပညာရေးဌာနနှင့် မျက်ခြေပြတ်ပြီး ပါတီအရိပ် ဝင်ခိုကာ ဥက္ကဌ၊ အတွင်းရေးမှူး လုပ်စားသူများသည် ပညာရေးဌာနသို့ မူလရာထူး၊ အဆင့်မြင့်ရာထူးများ ဖြင့် တစ်ဖန် ရောက်လာပြန်ကာ ဖိနှိပ်မှုနှင့် အာဏာကို ဆက်လက်အသက်သွင်းကြသည်။
အထူးသဖြင့် ထင်ရှားသည်မှာ “မာလ်တီမီဒီယာ” ဆိုသည့် ဗိုလ်ချုပ်ခင်ညွန့်နှင့် ပညာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ လက်စွမ်းပြသည့်ပွဲတွင်  ကျောင်းနှင့် ကျောင်းအုပ်ကြီးများ ကျောကော့နေအောင် ခံစားကြရသည်။
မာလ်တီမီဒီယာ စာသင်ခန်းများမဖွင့်မီ၊ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ခင်ညွန့်နှင့်အဖွဲ့ လာပြီးမဖွင့်မီ၊ ထိုဖွင့် မည့်ကျောင်းများကို တစ်လခန့်ကြိုတင်ပြီး ဇာတ်တိုက်ရပါသည်။ ပထမဦးဆုံး ညွှန်ချုပ်ကြီးကိုယ်တိုင်ဆင်းပြီး ကျောင်းအုပ်ကို ဟိန်းဟောက်ခြိမ်းခြောက်မည်။ မလုပ်ရင်ဖြုတ်မည်။ ပြောင်းမည်။ ပင်စင်ပေးမည်စသည်ဖြင့် စိတ်ဆင်းရဲအောင်ပြောပြီး တာဝန်တွေပေးအပ်ကာ ပြန်သွားမည်။
ထိုအချိန်တွင် ညွှန်ချုပ်ကြီးလူယုံ စစ်သံ၊ စစ်ဟန်ပေါက်နေသော လက်ထောက် ညွှန်ကြားရေးမှူး တစ်ယောက် ကို ထိုကျောင်းတွင် ကျောင်းအိပ်ကျောင်းစားထားခဲ့မည်။ ထိုသူက ကျောင်းအုပ်ကိုလည်းကောင်း၊ ဆရာ ဆရာမများကိုလည်း ကောင်း လူမထင်သည့်မျက်နှာပေးဖြင့် တစ်ကျောင်းလုံးလှည့်ကာ ဟိန်းဟောက်ပြီး ခိုင်းချင်တာတွေ ခိုင်းမည်။ ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာများကို ကွင်းထဲထုတ် နေလှမ်းကာ သတိ၊ သက်သာ၊ အေးစေဆွဲခိုင်းပြီး ကမ္ဘာမကြေသီချင်းကို မညီမချင်းဆိုခိုင်းမည်။ ကျောင်းမိဘဆရာ အသင်းအဖွဲ့ဝင် လူကြီးများကို ဗိုလ်ချုပ်ခင်ညွန့်ကို ကြိုသလို ဇာတ်တိုက်မည်။ သူကိုယ်တိုင် ဗိုလ်ချုပ်ခင်ညွန့်လို ကားပေါ်မှ ဆင်းလာသည့်စတိုင်လုပ်ပြီး မိဘဆရာအသင်းလူကြီးတွေကို လက်အုပ်ချီကာ ကြိုခိုင်းမည်။ “ပဉ္စဂုဏံ အဟံဝန္တာမိ၊ အာစရိယဂုဏံ အဟံဝန္တာမိ၊ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့်စကားလုံးကို တစ်ကျောင်းလုံး မညီမချင်း ပြန်ရွတ်ခိုင်းမည်။ မိဘဆရာအသင်းမှ လူကြီးများကို ကမ္ဘာမကြေသီချင်းမရသဖြင့် ကွင်းထဲတွင် မောင်းရာမှ အသက် ၇၀ ကျော် ကျောင်းသားဘိုးအေကြီးတစ်ယောက် မတ်တပ်လဲကျသွားပြီး ဆေးရုံ တင်ရသည်အထိ ညွှန်ချုပ်၏လက်ပါးစေကလည်း လက်စောင်းထက်လှသည်။
မာလ်တီမီဒီယာဖွင့်ပွဲ ကျင်းပချိန်သည် ၁၅ မိနစ်ခန့်လောက်သာရှိပါလိမ့်မယ်။ လမ်းလျှောက်မြန်လှသော ဗိုလ်ချုပ်ခင်ညွန့်သည် တစ်ခန်းဝင်တစ်ခန်းထွက် “မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့် စကားသံလေးတွေကို ပြုံးပြပြီး နောက်ဆုံး လက်ကလေးဝှေ့ယမ်းကာ ကျောင်းမှထွက်ခွာသွားမှ ထိုကျောင်းလည်း စစ်မိန့်၊ စစ်သံဖြင့် အရပ်သားစစ်စစ်၏ ဟိန်းဟောက်သည့်ဒဏ်မှ ကင်းလွတ်ကာ သက်ပြင်းချနိုင်ကြသည်။
စစ်ဗိုလ်ကြီးများက မာလ်တီမီဒီယာကို အကောင်အထည်ဖော်ခိုင်းသည်။ ပညာရေးဝန်ကြီးနှင့် ညွှန်ချုပ်ကြီးတွေ က မဖြစ်နိုင်မှန်း၊ သဘာဝမကျမှန်း သိလျက်နှင့် လိမ်ညာပြီး ဇာတ်ထွက်ခိုင်းသည်။ ကျောင်းနှင့် ဆရာများက ကလိမ်ခြုံဇာတ်ကို ဝိုင်းကပေးကြသည်။ ဗီလိန်တွေက ဇာတ်နာအောင် ခြေဖြင့်နင်းပြီး မိုးလင်းအထိ နှစ်ပါးသွား ခိုင်းသည်။ ၈၈ အရေးအခင်းကတည်းက ဦးကျိုးနေသော ကျောင်းဆရာများသည် ပြန်လည်းမပြောရဲ၊ မဖြစ်နိုင် တာကို မဝေဖန်ရဲ၊ မဖြစ် ဖြစ်အောင် ဝိုင်းပြီး နားညည်းသက်သာစေရန် အကောင်အထည်ဖော်ပေးလိုက်ကြ သည်။ ဤသို့ဖြင့် မာလ်တီမီဒီယာသည် ကျောင်းများတွင် ဖွင့်ပြီးနောက် မအီမသာ နိဂုံးချုပ်ကြရသည်။
ငှားထားသည့် ကွန်ပျူတာတွေပြန်ပို့ကြ၊ ဆေးသုတ်ထားသည့် အခန်းများတွင် စာသင်ခုံတွေပြန်ထားကြ၊ ဟန်ပြတပ်ထားသော နားကြပ်တွေ ကက်ဆက်တွေကို ပြန်ဖြုတ်ပြီး ဆိုင်ပြန်ပို့ကြ၊ နောက်ပိုင်း မာလ်တီ မီဒီယာပွဲအတွက် အငှားလိုက်တပ်ပေးသော အဖွဲ့တွေတောင် ခေတ်စားလာသည်။ ကားနှင့်လာ၊ တပ်ဆင်၊ ပွဲပြီးလျှင် ပြန်ဖြုတ်သိမ်း၊ ငှားခကို နေ့စားနှင့်ရှင်းပေး၊ ဟန်ကျလိုက်သည့် ခေတ်မီကျောင်းများထူထောင်ရေး စနစ်။
ဤသို့ လိမ်ညာလုပ်ကာ ဟန်ရေးပြရသည်ကို အထက်မှ မသိပါ။ အောက်ခြေမှလုပ်တာဖြစ်သည်ဟု ပြောလျှင် ကျွန်တော်လက်မခံပါ။ အဘယ်ကြောင့်ဆိုသော် ဘယ်ပစ္စည်းကို ဘယ်မှာယူ၊ ဘယ်အဖွဲ့ကို ဘယ်ကသာငှား၊ ကိုယ့်လူ ကိုယ့်အဖွဲ့သားများနှင့် ဇာတ်ကသလို ရောက်လာစေရန် အဆိုပါ အထက်ပိုင်းမှသာ စီစဉ်လာကြခြင်း ဖြစ်သောကြောင့် အောက်ခြေက ညာသည်ဟူသော အပြောမျိုးကို ကျွန်တော်လက်မခံရခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာမရှိသော ကျောင်းများတွင်၊ ကွန်ပျူတာမတတ်သည့် ကလေးများကို တစ်နေ့တစ်ညလောက် ဖွင့်/ပိတ် တတ်စေရန်သင်ပေးပြီး လူကြီးတွေကို ညာခိုင်းရသည့် ဇာတ်တိုက်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။
နောက်တစ်ပတ်ဆက်ပါမည်