Wednesday, October 31, 2012

ပြည်ကြီးတံခွန် မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျူးကျော် နေထိုင်သူများအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဖယ်ရှား ရှင်းလင်းသွားမည်ဟု သိရှိရ

848
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သူများအား နိုဝင်ဘာလ ၁၅ ရက်နေ့၌ ထပ်မံဖယ်ရှား ရှင်းလင်းသွားမည်ဟု သိရှိရပြီး ကျူးကျော်နေထိုင်သူများ အနေဖြင့် ဖယ်ရှားမှုမပြုခဲ့ပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ကျူးကျော်နေထိုင်သူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက မြေယာရောင်းချပေးခဲ့သူများအား ဖော်ထုတ်ပြီး တရားဥပဒေအတိုင်း တောင်းဆိုသွားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျူးကျော်တွေအနေနဲ့ ဖယ်ရှားရှင်းလင်းခံရတဲ့အခါမှာ နစ်နာဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်။ မြေယာပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံနဲ့ ဂရန်အမည်ပေါက် ရှိထားသူတွေကတော့ နစ်နာမှုမရှိနိုင်ပါဘူး။ အထောက်အထား အခိုင်အမာမရှိသူတွေ အနေနဲ့ ကိုယ့်ကိုလိမ်လည်ပြီးတော့ ရောင်းချခဲ့သူတွေကို ပြန်လည် ဖော်ထုတ်ပြီးတော့ တရားဥပဒေနဲ့အညီ ရပိုင်ခွင့်တွေကိုတောင်းဆိုနိုင် မှာဖြစ်ပါတယ်။ အမှန်အတိုင်း ဖြစ်ဖို့ တော့လိုပါတယ်။ ဒါမှလည်း နှစ်ဦးနှစ်ဖက်မျှတမှာ ဖြစ်ပါတယ်။  အမှန်တရားအတိုင်းဖြစ်အောင် တာဝန်ရှိသူတွေ ဘက်ကလည်းကူညီပေးဖို့ လို အပ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျူးကျော်နေထိုင်သူတွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စာရင်းကောက်ယူခဲ့တယ် ဆိုတာကလည်း မြေယာပိုင်ဆိုင်မှု အထောက် အထားတွေ ထုတ်ပေးဖို့ရာအတွက် စာရင်းကောက်ယူတာတော့ မဟုတ်ပါဘူး။ ကာယကံရှင်ဝယ်ယူထားသူ တွေအနေနဲ့ လိမ်လည်ရောင်းချခဲ့တဲ့သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ရာအတွက် အခုလိုစာရင်းကောက်ယူ တာဖြစ်ပါတယ်။ ရောင်းချခဲ့တဲ့သူတွေကို တရားဥပဒေအရ ပုဒ်မ(၄၂၀)နဲ့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ အမှုဖွင့်၍သော်လည်းကောင်း တရားရုံးတွေမှာ တရားစွဲဆို၍လည်းကောင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဖယ်ရှားမပေးဘူးဆိုရင် ဥပဒေအရ တရားစွဲရမှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှူး ဦးတင်ထွဋ်ကျော်က ကျူးကျော်နေထိုင်သူများအား အသိပေးပြောကြားခဲ့သည်။
by-  http://www.news-eleven.com

တစ်ရံရောအခါ









          ဒီဇာတ်လမ်းကို ပြန်ပြောရရင်… ဟိုးရှေးရှေးတုန်းကလို့ ပြောလို့မဖြစ်တော့ဘူး။ သိပ်မကြာသေးခင် တစ်ရံရောအခါကလို့ပဲ ပြောမှဖြစ်မယ်။ ယုံချင်လည်းယုံမယ်၊ ဟုတ်ပါ့မလားလို့ သံသယဝင်သူတွေလည်း ရှိချင်ရှိလိမ့်မယ်၊ အံ့သြတဲ့သူတွေလည်း ရှိမှာပါပဲ။ ဒီလိုပါပဲ လူ့လောကကြီးမှာ မယုံနိုင်စရာကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေကြတာ ကျွန်မကိုယ်တိုင် ကြုံတွေ့သူ အစစ်မဟုတ်ဘူးဆိုရင် လွယ်လွယ်ကူကူနဲ့ ဘယ်လက်ခံလို့ရလိမ့်မတုန်း၊ လက်ခံယုံကြည်ဖို့ဆိုတာကလည်းနော်၊ စကားအပြောနဲ့ဆိုရင် ကျွန်မက ပေပြီး နားတစ်ဝက်ပိတ်ထားတုန်း၊ ကြားနေရတာ ကြာပြီပဲ…
          ဒီအကြောင်း ဒီဇာတ်လမ်းကို ယောက်ျားတွေကလည်း ပြောတယ်၊ မိန်းမတွေကလည်း ပြောတယ်။ ယောက်ျားပျိုတွေ ပြောသလို မိန်းမပျိုတွေကလည်း ရပ်ထဲရွာထဲ ပြောနေကြတယ်။ ကျွန်မက သူတို့ပြောတာတွေကို သေချာလိုက်နားထောင်တာမဟုတ်ဘူး။ ကျွန်မဆိုင်မှာ သွားရင်း၊ လာရင်း၊ စားရင်း၊ သောက်ရင်းနဲ့ ပြောပြောနေကြတာ တစ်နေ့မဟုတ်သလို၊ တစ်ယောက်မဟုတ် တစ်ယောက်ဆိုတော့ အလိုလို သိလာတာပေါ့။ အရင်ကလည်း ရပ်ထဲရွာထဲအကြောင်း ဒီလိုပဲသိလာတာပေမယ့် ဒီတစ်ခါ အထူးအဆန်းချည်း။
          ကျွန်မက အရက်ကို ခွက်ချိန်နဲ့ရောင်းတယ်။ အဲဒီလိုရောင်းတော့ ပုလင်းကလည်း အမြတ်ရ၊ အရည်ပေါ်မှာလည်း အမြတ်ရတယ်လေ။ အရက်သမားတွေကို ဖောက်သည်မလုပ်ချင်ပေမယ့် သူတို့နေ့တိုင်းလာသောက်လို့ ကိုယ့်မိသားစု ဝမ်းရေးအဆင်ပြေနေတာဆိုတော့ ဖောက်သည်တွေ ဖြစ်ရတာပဲ။ တစ်ဖက်က ကုန်စုံဆိုင်၊ တွဲလျက်က အသုပ်ဆိုင်ဖွင့်ထားတော့ မိန်းမအများစုကတော့ ညာဘက်အသုပ်ဆိုင်၊ ယောက်ျားအများစုကတော့ ဘယ်ဘက်က အရက်ဆိုင်၊ အလယ် ကုန်စုံဆိုင်ကတော့ လူဗြောက်သောက်။ လူအို၊ လူကြီး၊ ကလေး၊ မျက်မမြင်၊ အကျိုး၊ မုဆိုးဖို၊ တစ်ခုလပ်၊ ဘုန်းကြီး၊ မယ်သီလရှင် အကုန်ပါပေါ့။
          အဲဒီတော့ ကျွန်မဆိုင်လောက် လူစုံတာ ဘယ်မှာရှိတော့မလဲ။ ဆိုင်မှာလာဝယ်သူအချင်းချင်းဆုံရင် ဆန်ဝယ်၊ ဆီဝယ်နဲ့ တော်တော်နဲ့မပြန်ကြတော့ဘူး။ စကားစတည်းချတော့ တစ်ခါတလေများဆို အိမ်ကလူတွေ လိုက်ခေါ်ကြရတယ် အမေဆန်သွားဝယ်တာ ခုမှ စပါးရိတ်တုန်းလား။
          ခရမ်းချဉ်သီးလေးလိုလို့ ချက်ချင်းဝယ်ခိုင်းလိုက်ပါတယ်၊ ပေါ်မလာတော့ဘူးဆိုပြီး တုတ်တစ်ချောင်းနဲ့ ရိုက်ခံထိပြီး ဆူညံသွားတဲ့အခါလည်း ရှိရဲ့။
          ဆိုင်မှာစကားပေါနေလို့ အာလူးအစိတ်သားဝယ်ခိုင်းတာကို ငါးဆယ်သားဝယ်သွားလို့ ဆူခံရသူတွေနဲ့။
          ဟုတ်ပါတယ်။ ကျွန်မဆိုင် ရောက်လာတဲ့ လူတွေအားလုံးလိုလို စကားများတဲ့လူတွေချည်းပဲမို့ ဘယ်သူနဲ့တွေ့တွေ့ စကားလက်ဆုံကျနေတာချည်းပဲ။ တစ်ခါတလေ ဝယ်သွားပြီးလို့ ဆိုင်အပြင်ရောက်နေပြီ တံခါးပေါက်နားမှာ နှစ်ယောက်သား ပြောလို့မဆုံးနိုင်ဘူး။ ရွာထဲက ဒေါ်စူးနဲ့ မပူတူးတို့ဆို အဆိုးဆုံး၊ ပြောနေလိုက်ကြတာများ မြိန်ရေရှက်ရေ။ ရပ်ထဲ၊ ရွာထဲ၊ သာရေးနာရေးရှိရင် ပိုဆိုး။ ဘယ်သာရေးကဘယ်လို၊ ဘယ်နာရေးကဘယ်လိုနဲ့ သူတို့ဆီက ကြားရတာ အဲဒီသာရေး၊ နာရေးမှာ သူတို့ကိုယ်တိုင် ကန်ထရိုက်ယူထားသလိုမျိုး။ အားလုံး သူတို့ကပဲသိ။ ဟုတ်တာတွေရော မဟုတ်တာတွေရော။
          ညနေငါးနာရီလောက်ဆို အရက်ချိုးလေးတွေ စီစီ…စီစီ နဲ့ ရောက်လာကြတယ်။ အလာတုန်းက ခြေလှမ်းကမှန်မှန် အပြန်ကျ ခြေချင်းတွေ လိမ်လို့။ အရည်မဝင်တော့ လေသံကတစ်မျိုး၊ မှန်လာပြီဆို ကြားရပါပြီ ဇာတ်လမ်းတွဲတွေ၊ မကြားချင်ပေမယ့်လည်း ကျွန်မထိုင်တဲ့ ကောင်တာနဲ့နီးနေတော့ ကြားရတာပါပဲ။
          ကျွန်မကောင်မလေးတွေကတော့ သူတို့တွေလာရင် ထုံးစံအတိုင်း ဝက်ခေါက်ကြော်ဟင်းရည် လုပ်ပေးရတယ်။ ရေနွေးပူပူထဲ ချဉ်စော်ကားသီးဟင်းရည်ထုပ် နှစ်ရာတန်လေးကို ဖောက်ထည့်၊ ဝက်ခေါက်ကြော်ကိုထည့်၊ ငရုတ်ကောင်းလေးတစ်ပေါက်နှစ်ပေါက် ပေါက်ပြီးရင် ရာသီဥတုအေးအေးမှာ အရသာတွေ့စေမယ့် ဟင်းရည်ပူပူတစ်ခွက်က အရက်သမားတို့အကြိုက်။
          ဟင်းရည်ပူပူကို ရှလွတ်၊ ရှလွတ်နဲ့ အသံမြည်အောင်သောက် အရက်ခွက်လေးကို အရသာခံမော့၊ နောက်ပြီးရင် သူတို့တစ်နေ့တာ သိခဲ့တဲ့အကြောင်းတွေကို အရည်ရော၊ အဖတ်ရောစားပြီး အရည်မရ၊ အဖတ်မရ သူတို့ပြောတတ်ပါပေတယ်။ တစ်ခါတလေ နေ့လယ်က ကြားတဲ့အကြောင်းအရာနဲ့ ညမှသိရတဲ့ အကြောင်းအရာက တူညီနေတတ်ပြန်တယ်။
          မိသားစု စီးပွားရေးကြောင့်သာ လုပ်နေရပေမယ့် တချို့ကို မျက်စိမှိတ်နေရတယ်။ သူတို့က လူလေးသုံးလေးယောက် စုမိရင် ဆယ်ယောက်လောက်စုပြောနေသလို ပြောနေကြတာ။ နဂိုက အာကျယ်တွေဆိုတော့ ပိုဆိုးတာပေါ့။ အိပ်ချင်နေလည်း ဝင်မအိပ်ရဲဘူး။ ဘယ်လောက်များ ဆိုးသလဲဆိုတော့ တစ်ခါတုန်းက ကျွန်မရဲ့ ငါးနှစ်သားကလေးရဲ့ ပါးစပ်ထဲ သူတို့သောက်နေတဲ့ဟာတွေ တိုက်လိုက်တာ… မူးလို့ အတော်အော်ဟစ်လိုက်ရတယ်။ ကလေးကို ချစ်လို့၊ ခင်လို့ လုပ်ပေမယ့် မဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူးမှုတ်လား။ ဒါပေမဲ့လည်း စိတ်ကအကြာကြီး ဆိုးလို့ မရပြန်ဘူး။ နေ့တိုင်း ပိုက်ဆံလာပေးနေတာ ဆိုတော့လေ…။
          အဲဒီ အရက်ချိုးတွေက ခွင့်လွှတ်ရခက်။ စိတ်ဆိုးရခက်။
          မျက်မမြင်တွေကတော့ ကျွန်မဖောက်သည် အစစ်တွေဖြစ်လို့ လုံးဝစိတ်ဆိုးလို့ မရတဲ့ ဖောက်သည်တွေပါ။ မျက်မမြင်တွေက သူတို့အချင်းချင်း အဖော်လုပ်ပြီးလာကြတယ်။ ကောင်တာထဲမှာရှိတဲ့ ဖိနပ်တွေကို သူတို့လက်တွေနဲ့ ဟိုစမ်းဒီစမ်းနဲ့ ဝယ်သွားပြီး ကျွန်မကောင်တာထဲစီထည့်ထားတဲ့ ဖိနပ်တွေ မှောက်တဲ့ဟာမှောက်၊ လှန်တဲ့ဟာကလှန်နဲ့ ဖိနပ်တွေ ဗွက်ထသွားတော့တယ်။ ပြန်စီလိုက်၊ ပြန်ဖွလိုက်နဲ့ ဖြစ်နေတော့ ဆိုင်က ကောင်မလေးတွေက မစီချင်တော့ဘူး။ မျက်မမြင် အများစုက ကျွန်မဆိုင်ကပဲ ဝယ်ကြတာလေ။
          ကြားနေတာကြာပြီဖြစ်တဲ့ ရှေ့ကပြောခဲ့တဲ့ တစ်ရံရောအခါ အကြောင်းကို ပြန်ဆက်ရရင် အတော့်ကို ထူးဆန်းသား။ ဒီလို… အဲဒီ အရက်သောက်တဲ့သူတွေဆီက စတိုင်အတိုင်းပြောရရင် သူတို့ပြောနေတဲ့ ဇာတ်လမ်းထဲမှာ သူတို့ကိုယ်တိုင် ရောက်နေတဲ့အတိုင်းပဲ။ သူတို့ကိုယ်တိုင် ပါဝင်ခံစားနေရသလို ပြောနေလိုက်တာများ အမြင်တော်တော်ကပ်စရာအကောင်းသား။ ဒါကြောင့် သူတို့ပြောတာတွေကို မဟုတ်နိုင်တာတွေကို တွန်းပြောလို့ စိတ်တောင်တိုမိတယ်။ မိန်းမဈေး ပျက်အောင် တစ်ဆိတ်ကို တစ်အိတ်လုပ်ပြော၊ ဆန်စေ့လောက်ကို မြေပဲစေ့လောက် ဖြစ်အောင် ပြောကြတော့ ကိုယ်ကလည်း မိန်းမဆိုတော့ မိန်းမဘက်က မခံနိုင်ဘူးပေါ့။
          လောကမှာ ခယ်မနဲ့ ငြိကြတဲ့ဇာတ်လမ်း ဘာထူးဆန်းလို့လဲ။ ကလေးတွေပြောတဲ့ ခယ်မဆိုတာလိုက်ပွဲဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ ညီအစ်မနှစ်ယောက်လုံးကို တစ်အိမ်တည်းမှာ ယူထားတာတွေလည်း ပြည့်လို့။ ခုဇာတ်လမ်းကတော့ ယောက္ခမနဲ့ သမက် ဇာတ်လမ်း။ ဒီအထိကို ဖြစ်ချင်ဖြစ်နိုင်တာပဲလို့ နောက်ဆုံးအဆင့်လို့ ပြောလို့ရပေမယ့် အခုလက်ရှိ ယောက္ခမကြီးအသက်က ခုနှစ်ဆယ် ကျော်နေပြီ။ သူ့သမက်က ရှိလှမှ သုံးဆယ့်ငါး၊ သုံးဆယ်ခြောက်ပေါ့။ အဘွားကြီးက ခါးကုန်းနေပြီ၊ ပါးကချိုင့်လို့ ဒီကိစ္စဖြစ်မှ မဖြစ်သင့်တာ။ အဘွားကြီးက သမီးကိုတောင် ဂရုမစိုက်ဘဲ သမက်လေးအပေါ် အကြင်နာတွေပိုပြနေတာတဲ့။ သမက်ကတောင်းလိုက်ရင် ရှိသမျှ ပိုက်ဆံထုတ်ပေးတယ်။ အဲဒီအတွက် အဘွားကြီးစိတ်ကြိုက် ပြုစုပေးရတယ်။ သမီးဖြစ်သူကလည်း အေးလွန်းတော့ မသိချင်ဟန်ဆောင် ပေးနေတဲ့ပုံပဲတဲ့။
          မနက်ခင်းစောစောဆို အဘွားကြီးအရင်ထ၊ မီးဖိုချောင်ထဲမှာ ရေနွေးအိုးတည်နဲ့ လုပ်စရာရှိတာ ရှာဖွေလုပ်နေချိန်ဆို သမက်တော်က ခြင်ထောင်ကို အသာမ မီးဖိုချောင်သွားပြီး အဘွားကြီးနဲ့ တိတ်တိတ် ကြူတော့တာပဲ။ ဒါမျိုးကလည်း တစ်ရက်တည်းမဟုတ်တော့ သူ့သမီးမအေးပိုင်ကလည်း သိပြီပေါ့။ ရေတွင်းမှာ ရေချိုးရင်လည်း မိန်းမကို ရိုးရိုးရေခပ်ပေးပေမယ့် အဘွားကြီးကိုတော့ ကျောပေါ်ကနေ လောင်းပေးတယ်။ အဘွားကြီးကလည်း အမြဲပြင်ပြင်ဆင်ဆင်နဲ့ မွှေးမွှေးကြိုင်ကြိုင် နေတတ်တယ်။ သွားတချို့ မရှိတော့ပေမယ့် အဘွားကြီးတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ဘုရားသွားကျောင်းတက်နဲ့ဆို အတော်ကျက်သရေရှိတဲ့ ရုပ်ရည်ရူပါပါ။ သူ့သမီး အေးပိုင်ကတောင် သူ့အမေကို မမီဘူး။ ခုတော့ အဘွားကြီးက ခုနှစ်ဆယ်ကျော်မှ ကိုယ့်အိမ်က သမက်နဲ့ဆိုတော့ ကြားလို့မှ မယုံနိုင်စရာပါ။ မအေးပိုင်က အရှက်ကြီးလို့လား၊ တစ်ဖက်က အမေ၊ တစ်ဖက်က ယောက်ျားနဲ့ ကြားညှပ်နေတဲ့ပုံပဲတဲ့။ ဒီအကြောင်းအရာတွေကို ပြောနေကြတာ ကြာပါပြီ။ အဲဒီ သမက်နေရာက ကြည့်ရင်လည်း အံ့သြဖို့ကောင်းတယ်။ အဘွားကြီးနဲ့ ဇာတ်လမ်းကို မအေးပိုင်ကလည်း ဘာဖြစ်လို့ ခွင့်ပြုထားတာလဲ။ ကိုယ့်မှာလည်း သမီးလေးတစ်ယောက်နဲ့။
          ဒီလိုနဲ့ ဒီသတင်းကြီး ရပ်ထဲရွာထဲ မွှေးပျံ့လာလိုက်တာ ဟိုးလေးတကြော်ကြော်ဆိုပါတော့။ မအေးပိုင် ဆိုင်ကို တစ်ခါတလေ ဈေးဝယ်လာတတ်တယ်။ သူ့စိတ်ကို လှမ်းကြည့်တာ စိတ်ဓာတ်တွေများ ကျနေမလား။ ဘာမှမသိတာလည်း မဖြစ်နိုင်။ မအေဆီက လက်မဖြန့်နိုင်တော့ ယောက်ျားကတစ်ဆင့်တောင်းပြီး ငွေကြေးကို ဆန်ခါနဲ့ စစ်သုံးစွဲနေရတယ်လို့ ပြောလားပြောရဲ့။ ဒါပေမဲ့ ဒီဇာတ်လမ်းကြီးကို ဒီလိုပဲ ဇာတ်လမ်းရှည်ကြီး ရိုက်ပြီး ပြီးသွားမှာလား၊ ကျွန်မအတွေးတွေနဲ့ ရှုပ်ထွေးလာတယ်။ ခုနက် အရက်သောက်လာတဲ့ ပေစီတို့ အုပ်စုကို မနေနိုင်လို့ မေးမိပါတယ်။ သူတို့ကလည်း ဒီအကြောင်းကို ပြောနေကြတာကိုး။
          "မလေးကြည့်ရတာ မယုံတစ်ဝက်၊ ယုံတစ်ဝက် ဖြစ်နေပုံရတယ်။ ပေစိပြောပြမယ်။ ပေစိမနေ့က ဝါးတောထဲမှာ အဘွားကြီးနဲ့ သူ့သမက် ချိန်းတွေ့တာကို တွေ့ခဲ့တယ်ဗျာ။ ညနေစောင်း မှောင်ရီဖျိုးဖျပေါ့ဗျာ။ ပေစိမျက်လုံးက ဒါမျိုးဆို သိပ်လျင်တာ သိတယ်မဟုတ်လား။ သဲသဲကွဲကွဲ သိချင်မြင်ချင်လာတာနဲ့ တိတ်တိတ်ကလေး ဝါးတောအနားကပ်ရင်း၊ ကပ်ရင်း ချောင်းကြည့်တာ ဟီး"
          "ဟဲ့… ဘာတုန်း"
          "ဟော… မလေး သိချင်နေပြီမဟုတ်လား။ ပေစိလိုပဲ"
          "အေးပေါ့… နင်က အူယားအောင် လာလုပ်နေတယ်"
          "ခြေသံကို ဝါးရွက်ခြောက်တွေပေါ် မနင်းမိအောင် လျှောက်ရင်း သူတို့နဲ့ သိပ်မကွာတဲ့ နေရာအနေအထားမှာ အတိအကျ နေရာယူပြီး အပီအပြင် မြင်ကွင်းကိုယူ"
          "အမယ်လေးဟဲ့… လိုရင်းကို မရောက်တော့ဘူး"
          "လာမယ်လေ၊ ပေစိ ခံစားရတဲ့အတိုင်း ပြောပြတာ အသံတွေပါ ကြားရတာ"
          "ဟဲ့… ဘာသံလဲ"
          "သြော်… စကားသံပေါ့။ အဘွားကြီးက တိုးတိုးတိုးတိုးနဲ့ အပျိုဖြန်းလေးအတိုင်းပြောနေတာ။ ဟိုကောင်ကလည်း အီတီတီ ချွဲတဲတဲ အသံနဲ့။ အဘွားကြီးရဲ့လက်ကို ဆုပ်ကိုင်ထားတယ်။ အဘွားကြီးက သွားမှ အကုန်မရှိတော့တာ၊ ရှက်ရယ်ရယ်လည်း သွားကြားထဲက လေတွေထွက်ပြီး တရှီးရှီးနဲ့"
          "ဟဲ့… နင်ကလည်း ရယ်စရာကြီး"
          "ဟုတ်ပါတယ်ဆိုမှ၊ ပေစိတွေ့သမျှ အတွဲတွေထဲမှာ ဒီအတွဲက စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ နောက်ပြီး အဘွားကြီးရဲ့ ပါးချိုင့်ချိုင့်ကြီးတွေကို ကျော်စွာက မွှေးတော့တာပဲဗျာ"
          "ဟယ်… နင်မြင်တယ်ပေါ့"
          "မြင်တာပေါ့ဗျာ။ အဘွားကြီးပါးကြီး ပိုပိုချိုင့်လာမှာ မြင်ယောင်သေးတယ်။ အဘွားကြီးကလည်း လူအိုစော်နံမှာစိုးလို့ ရှင်မတောင်လိမ်းထားတယ် ထင်ပါ့"
          "ဒါဆိုရင်လည်း ဒီကိစ္စကြီးက တကယ်ပေါ့နော်"
          "သြော်… ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား မေးနေသေးတယ်။ ပေစိတို့ မညာတတ်ဘူး၊ အပိုတွေလည်း ထည့်မပြောတတ်ဘူး။ မအေးပိုင်ကြီး သနားပါတယ်"
          "သူတို့ကြားမှာတော့ ပြဿနာရှိမှာပေါ့"
          "ပေစိသိတာ တစ်ခုတော့ ရှိတယ် ဟုတ်မဟုတ်တော့မသိဘူး။ မအေးပိုင်က အဘွားကြီး နောက်ယောက်ျားနဲ့ ရတာဆို"
          "ဟုတ်လား ငါမသိပါဘူး"
          "သမီးအရင်းတောင် ဟုတ်ချင်မှ ဟုတ်မှာနော်"
          "ငါတော့ အရင်းထင်ပါတယ်"
          "အရင်းဆိုရင် ကိုယ့်သမီးကို စိတ်ဆင်းရဲအောင် လုပ်ပါ့မလား"
          "အေးဟာ… ဒါပေမဲ့ ဟိုကောင်က အကြံသမားဆိုတော့ သူ့မှာလည်း အပြစ်ရှိတာပဲ"
          ပေစိကတော့ သူမြင်ရာကို ဖောက်သည်ချနေတာ သေချာတယ်။ ပေစိမပြန်ခင် ပြောသွားတာလည်း ကြည့်ဦး…
          "အဘွားကြီးနဲ့ဆို ပိုက်ဆံမကုန်ဘဲ ပိုက်ဆံရတယ်လေဗျာ" တဲ့
          ခက်တော့ခက်ပါတယ်။ အစက ဒီသတင်းကို သိပ်စိတ်မဝင်စားပေမယ့် နောက်ပိုင်းတော့ နားစိုက်ထောင်မိတဲ့အဖြစ် အမေကလည်း သိတော့…
          "ဒီလိုတွေ မသင့်တော်တာ၊ မဖြစ်သင့်တာတွေ ဖြစ်တယ်ဆိုတာ ဝဋ်ကြွေးပေါ့အေ။ အဲဒီ အဘွားကြီးက အရင်တုန်းက သူများသားသမီးကို မှိုချိုး၊ မျှစ်ချိုး ပြောတယ်လေ။ မျက်မမြင် အနှိပ်သည် မနိုင်ကိုဆို ရစရာမရှိဘူး ပြောတာ"
          အမေပြောမှ ဟုတ်ပါရဲ့။ မနိုင်က မျက်စိမမြင်တဲ့ သူနဲ့ ရည်းစားဖြစ်တယ်လို့ ကုန်းတိုက်လို့ မနိုင်အမေက မနိုင်ကို လိမ့်နေအောင်ရိုက်တာ၊ မနိုင်က အသက်လေးဆယ်နားနီးမှ မျက်မမြင် ကျောင်းဆရာတစ်ယောက်နဲ့ ရည်းစားဖြစ်ပြီး ယူမယ့်အဆင့်အထိဖြစ်တော့ အဲဒီအဘွားကြီးက
          ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မနိုင်က ကိုယ်ဝန်ယူမယ်ဆိုတော့လည်း မျက်မမြင်ချင်းရပြီး ကလေးမွေးရင် အကန်းလေးပဲ မွေးမှာလို့ အမနာပ ပြောရဲ့…
          မနိုင် မင်္ဂလာဆောင်ကို ရှေ့ဆုံးကသွားပြီး အတင်းပြောတာ။
          သူတို့ မျက်မမြင်ချင်း နှလုံးသားနဲ့ မေတ္တာစစ်လို့ လက်ထပ်ပြီး ယူဖြစ်တဲ့အထိ ဖြစ်သွားတာကို မုဒိတာ မပွားပေးနိုင်ခဲ့ဘူး။
          အားလုံးက မနိုင်ကို စိုးရိမ်ပေမယ့် ဖွင့်တော့ သိပ်မပြောခဲ့ကြဘူး။
          ကလေးဒုက္ခကို မနိုင် ဘယ်လိုခံမလဲ၊ စောင့်ရှောက်မလဲ၊ ပူပင်ခဲ့ကြပေမယ့်၊ မနိုင်ကတော့ ဘုရားမှာ ဆုတောင်းပြီးတော့ ကလေးယူခဲ့တယ်။ မနိုင် အဲဒီတုန်းက ပြောတာကို မှတ်မိသေးတယ်…
          "ကျုပ်ရမယ့် ကလေးကို ခိုင်းစားဖို့ မဟုတ်ပါဘူး။ ပညာရအောင် သင်ပေးမှာပါ။ တစ်နေ့ကျရင်တော့ ကျုပ်လက်လေးကို ကိုင်ဆွဲပေးမယ့် သမီးလေးဖြစ်ရင် တော်ပါပြီ။ ကျုပ်မှာ ယုံကြည်ချက်ရှိတယ်။ ကျုပ် အနှိပ်နှိပ်ပေးတယ်။ အကြောပြင်ပေးတယ်။ ကလေးမရနိုင်တဲ့သူတွေကို ရအောင်လုပ်ပေးတယ်။ သားအိမ်ကို ပြင်ပေးတယ်။ သားအိမ်ကိုတည့်ပေးတယ်။ အကြောပြင်ပေးတယ်။ သိပ်မကြာခင် ကလေးရသွားကြတယ်။ ကျုပ် ကလေးဖျက်တဲ့ အလုပ်ကို လုပ်တာမဟုတ်ဘူးလေ၊ ကလေးရအောင် လုပ်ပေးတာဆိုတော့ ကျုပ် ကလေးရနိုင်ပါတယ်။ ကျုပ်လည်း အဲဒီလိုပဲ ဆုတောင်းပါတယ်"
          မနိုင် ဆုတောင်းပြည့်ခဲ့တယ်။ မနိုင် ယောက်ျားကလည်း မနိုင်ဆီက အနှိပ်ပညာ ပြန်သင်ပြီး ဝင်ငွေပိုရှာတယ်။ စိတ်ကောင်းရှိတဲ့ မနိုင် အိမ်ထောင်ကျပြီး မကြာမီမှာ ကိုယ်ဝန်ရလာတယ်။ အဲဒီ ကိုယ်ဝန်ကို ဖျက်ခိုင်းတဲ့သူက ဖျက်ခိုင်းကြတယ်။ ဒါကလည်း မနိုင် ဒုက္ခရောက်မှာ စိုးလို့လည်းပါတယ်။
          ပေစိက ဒီနေ့ အရက်မသောက်ဘဲ ကျွန်မနားလာပြီး ရစ်သီ ရစ်သီနဲ့ ဈေးဝယ်ကလည်းကျနေတာမို့ ကျွန်မ စကားပြန်မပြောနိုင်ဘူး။ ဈေးဝယ်ရှင်းသွားမှ…
          "ဟဲ့… ပေစိ ဘာယူမလို့လဲ"
          "ဘာမှ မယူပါဘူး ပြောစရာရှိလို့"
          "ဘာကိစ္စလည်း ပိုက်ဆံချေးမလို့တော့ မဟုတ်ပါဘူးနော်"
          "မလေးကလည်း တစ်ခါလေးချေးဖူးတာနဲ့"
          "ကဲ… ဘာလဲ ပြော"
          "မညာကြေးနော်"
          "အေးပါ။ ရစ်နေပြန်ပါပြီ"
          "မလေး မနေ့က ဝါးတောထဲကို ကုပ်ချောင်းကုပ်ချောင်း ဝင်သွားတယ်ဆို"
          "သေနာလေး… နင့်ကို ဘယ်သူပြောလဲ"
          "မဟုတ်ဘူးလား"
          "တိုးတိုးပြော… အမေကြားရင် ဆဲလိမ့်မယ်"
          "ပြောစမ်းပါ"
          "ဟုတ်တယ်။ ဒါပေမဲ့ ငါက ဘုန်းကြီးကျောင်းက ပြန်လာတာ။ နင်တို့လို ချောင်းတာမဟုတ်ပါဘူး။ ကုပ်ချောင်း မလုပ်ပါဘူး"
          "ဘာပဲဖြစ်ဖြစ် ဘာတွေ တွေ့ခဲ့လဲ"
          "ငါ တစ်ညလုံး အိပ်မပျော်ဘူး"
          "ဘာဆိုင်လို့လဲ"
          "မအေးပိုင်နေရာမှာ ဝင်ခံစားမိလို့ပါ"
          "ပေစိ တွေ့သလိုပဲလား"
          "အေးဟယ်… ငါ့မြင်သွားရင် မကောင်းဘူးလေ… ဒါနဲ့ မြန်မြန်ပြန်လာရတာပေါ့"               
          "ယုံပြီလား"
          "အင်း… ငါ့မျက်စိနဲ့ မြင်မှတော့ မယုံချင်လည်း ယုံရတော့တာပေါ့"
          "အဘွားကြီးက သတ္တိကောင်းတယ်လို့ ပြောရမယ်"
          "ပေစိရယ် အဲဒါ သတ္တိကောင်းတာလား။ အရှက်၊ သိက္ခာမရှိ"
          "အသံကြားသေးလား"
          "ဘာသံလဲ"
          "ချွဲသံလေ"
          "အေးဟေ့… ဟိုလိုချွဲသံတော့ မဟုတ်ဘူး။ အဘွားကြီး ချွဲဟပ်သံတော့ ကြားရတယ်။ သွား ပေစိ ထပ်မမေးနဲ့တော့။ ငါ့ကို ဘယ်သူမြင်တာလဲ"
          "မြင်တဲ့သူက ပြောလို့ သိတာပေါ့ဗျ။ ကဲ…ကဲ…သွားပြီ"
          ပေစိထွက်သွားမှ သက်ပြင်းချမိတယ်။
          မနေ့က အဟုတ်ပါပဲ။ ဖြတ်လမ်းဖြတ်တဲ့ ဝါးတောနားက ဖြတ်လိုက်တာ အဘွားကြီးနဲ့ မအေးပိုင် ယောက်ျားကို တွေ့တော့တာပဲ။ သူတို့ကတော့ မမြင်ဘူးပေါ့။
          တရားထိုင်ရမယ့်အရွယ်မှာ ငြိတွယ်နေတဲ့ ဇောအရှိန်တွေကြောင့် အဘွားကြီးရော ကျော်စွာပါ မျက်နှာကြည့်ရတာ ယခင်လို ကြည်လင်မှုမရှိ။
          ကျွန်မရင်တွေ တဒိန်းဒိန်း တုန်လာခဲ့လို့ အိမ်ရောက်တော့ ရေခဲရေအေးအေးကို မြန်မြန်သောက်လိုက်ရတယ်။ တစ်နေ့လုံး သူတို့ဇာတ်လမ်းတွေ ရှေ့ဘယ်လိုဆက်ကြမလဲပေါ့။ ပြဇာတ်ရှည်ကြီး တစ်ပုဒ် ကနေရသလို ပင်ပန်းနေမှာက မအေးပိုင်လား။ ဘဝမှာ ဘာပဲဖြစ်ဖြစ် ယောက်ျားသားအတွက် ခွင့်အလွှတ်နိုင်ဆုံးသူတွေက မိန်းမတွေပါပဲ။ ဒါကို မငဲ့ညှာပဲ စော်ကားရုံတင်မက ရက်စက်လွန်းရာ ကျလွန်းမနေဘူးလား။ ခွင့်လွှတ်သည်းခံတယ်ဆိုတာ တကယ်တော့ ကိုယ့်စိတ်ကို ဒဏ်ရာကြီးကြီး ရမသွားအောင် ဖြေသိမ့်နည်းတစ်မျိုးပါ။ မိန်းမတိုင်းတော့ မလုပ်နိုင်ပါဘူး။ တစ်အိမ်တည်းမှာ မျက်နှာပြဝံ့နေတဲ့ လူသုံးယောက်ရဲ့စိတ်ကို ကျွန်မကတော့ ဘယ်လိုမှ မမှန်းဆနိုင်ခဲ့။
          ဘေးမှာ အိပ်နေတဲ့ ကျွန်မသားလေးကို တစ်ချက်ပြန်ကြည့်တော့ သူ့အဖေအတိုင်းပဲ။ သူ့အဖေက သူ့ကိုယ်ပွားလေး ကျွန်မကို ပေးခဲ့တယ်လေ။ ခင်ပွန်းသည်ကတော့ အမေ့အပေါ်မှာ သူ့အမေလို ဂရုတစိုက်ရှိလှတယ်။ ဒါကြောင့် ပတ်ဝန်းကျင်မှာ သမက်က သားဖြစ်ပြီး၊ သမီးက ချွေးမဖြစ်နေတာလို့ ကြေညာတယ်။ ကျွန်မအနေနဲ့ စိတ်ဆိုးစရာမရှိပါဘူး။ တကယ်ပဲ ပတ်ဝန်းကျင်ချီးကျူးရအောင် မိသားစုအပေါ် ကောင်းခဲ့တယ်။ ဘဝမှာ အိမ်ထောင်ဖက်ကောင်းရတာဟာ ထီထိုးရတာနဲ့ အတူတူပဲ။ ထီပေါက်တဲ့သူ အလွန်ကံကောင်းသလို မိန်းမတွေအတွက် ကံကောင်းဖို့ ခင်ပွန်းကောင်းရဖို့ အရေးကြီးဆုံးပဲ။
          လင်ဆိုးမယား တဖားဖားတွေ ရပ်ထဲရွာထဲအပြည့်။ ခင်ပွန်းသည်ဟာ ဇနီးမယား မိသားစုအပေါ် ကြင်နာတတ်သလို တာဝန်ယူသိတတ်မှုလည်းရှိ၊ အရက်သေစာလည်း ကင်းတယ်။
          ခုလို သစ္စာမရှိတာထက်.. အသိတရားမရှိခြင်းက ပိုပြီး မိုက်မဲလှတယ်။ ကာမဆိုတဲ့ ပိတ်မှောင်နေတဲ့ အမှောင်ကမ္ဘာကြီးထဲမှာ ပင့်ကူအိမ်မှာ အစာမိနေသလို ဘယ်သူက အစာဖြစ်ပြီး ဘယ်သူက ပင့်ကူဖြစ်နေသလဲ။
          ကျွန်မက တကယ့်အဖြစ်အပျက် ဇာတ်လမ်းတစ်ပုဒ်ကို အခြားသူတွေ ပြောတာကြားရတိုင်း ဟုတ်ပါ့မလား၊ တကယ်လားဆိုတဲ့ စိတ်တွေနဲ့ ဒွိဟဖြစ်နေတုန်း။
          မနေ့က ဘုန်းကြီးကျောင်းကအပြန် ဝါးတောနားကအဖြတ် ရိပ်ခနဲဝင်သွားတဲ့ လက်ထဲမှာလည်း တစ်စုံတစ်ခုကို ကိုင်ထားတဲ့အဘွားကြီးကို မြင်လိုက်ရတယ်။ သေချာတာကတော့ ဝါးတောထဲ ကျော်စွာရောက်နေပြီပေါ့။ ဒါကြောင့် သေချာချောင်းကြည့်တာ မဟုတ်ပေမယ့် ခဏတော့ မြင်ချင်စိတ်နဲ့ ကြည့်မိပါတယ်။ မှောင်ရိပ်ထဲမှာ ကျော်စွာ စီးကရက်သောက်နေတာကို တွေ့ရတယ်။ ကြာလိုက်တာဆိုတဲ့ ညည်းညူသံကို တစ်ချက် ကြားလိုက်ရတယ်။ အဘွားကြီးရောက်လာတော့ ကျော်စွာကို ပိုက်ဆံ ဒါမှမဟုတ် ပစ္စည်းတစ်ခုခု ပေးလိုက်တယ်လို့ ထင်တယ်။ နောက်တော့ ခုခေတ်ချစ်သူ ရည်းစားတွေအတိုင်း…။
          ဒီဇာတ်လမ်းက တဖြည်းဖြည်း အကျယ်အကျယ် ဖြစ်နေတော့ ပေစိကလည်း ဘယ်ကနေ ဘယ်လိုသိလာတယ်မသိ။ နောက်ဆို အဲဒီနားက မဖြတ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
          တစ်နေ့တော့ မထင်မှတ်ဘဲ အလှူအိမ်တစ်ခုမှာ အဘွားကြီးနဲ့ တည့်တည့်ကြီးကို သွားဆုံတော့တာပဲ။ ဘေးနားက သူ့သမီး မအေးပိုင်တစ်ယောက်လုံး ပါနေတာကို သမက်ပန်းကန်ထဲ ဟင်းတုံးတွေ ခပ်ခပ်ထည့်ပေးနေလိုက်တာများ မြင်လို့တောင် မကောင်းဘူး။ မအေးပိုင်ကတော့ ထုံစံအတိုင်း ခပ်အေးအေးပါပဲ။ အဘွားကြီးကသာ သွက်လက်နေတာ။ ထူးခြားတာတစ်ခုက သူ့သမက်လေးလက်မှာ ရွှေတဝင်းဝင်းဖြစ်နေသလို ဆိုင်ကယ်တစ်စီး ဝယ်ထားတယ်လို့ စကားဝိုင်းမှာ ထွက်လာတယ်။ မအေးပိုင် ယောက်ျားက ဆိုင်ကယ်လိုချင်တာ။ မအေးပိုင်က အလုပ်လည်းလုပ်ဖြစ်အောင် ထော်လာဂျီဝယ်ချင်တာ။ နောက်ဆုံး သမက်တော်လေး ရွှေစိတ်တော် အငြိုငြင်မခံနိုင်လို့ အဘွားကြီးက ဆိုင်ကယ်ဝယ်ပေးလိုက်တယ်ဆိုပဲ။ မအေးပိုင်ကတော့ ရွာနားနီးစပ်တွေမှာ ပစ္စည်းလေး၊ ဘာလေး ပို့ပေးလုပ်ဖို့ သူ့ယောက်ျားကို စည်းရုံးနေတာ။ နောက်ဆုံး အဘွားကြီးရဲ့ အလိုလိုက်မှုတွေက တစ်ဖတ်သတ်ကြီး ဖြစ်လာတော့ တစ်သက်လုံး အေးလာသမျှ ရေခဲတုံး မအေးပိုင် ပေါက်ကွဲတော့တာပဲ။
          တနင်္ဂနွေသမီး မအေးပိုင်က ဘယ်သူမှ မနိုးခင် နံနက်ဝေလီဝေလင်းမှာ ဆိုင်ကယ်ကြီး တွန်းထုတ်ယူသွားပြီး ချောက်ထဲကို တွန်းချပစ်လိုက်တော့တယ်။ ချောက်ကလည်း ခပ်နက်နက်ဆိုတော့ ဘာမှမမြင်ရဘူး။ ခြေရာ၊ လက်ရာမပျက်အောင် လုပ်ထားခဲ့တယ်။ ဆိုင်ကယ်ရကတည်းက ဖင်မီးခိုးထွက်အောင် စီးနေတဲ့ သူ့ယောက်ျားကိုလည်း တော်တော်အမြင်ကတ်နေပုံရတယ်။
          ထုံးစံအတိုင်း နိုးလာတော့ ဆိုင်ကယ်လည်းမတွေ့ရော ပြဿနာရှာတော့တာပေါ့။ မအေးပိုင်ကလည်း မသိဘူးဆိုပြီး မတုန်မလှုပ် ကျောက်ရုပ်။ အဘွားကြီးကလည်း အပူမီး တိုက်ထားရသလိုပေါ့။ သမက်ကို ကြေးကြီးကြီး ဝယ်ပေးထားတဲ့ ဆိုင်ကယ်ပျောက်ပြီဆိုတော့ ရှာကြဖွေကြပေမယ့် မတွေ့ဘူး။ မစဉ်းစားတတ်အောင် ဖြစ်နေတော့ ဆိုင်ကယ်ဝယ်တာကို မကျေနပ်တဲ့ မအေးပိုင်ကို မီးကုန် ယမ်းကုန် စွပ်စွဲတော့တယ်။
          ဒီတင်မှာ မအေးပိုင်ရဲ့ ဒေါသမီးတွေ တောမီးလောင်သလို တဝုန်းဝုန်းလောင်တော့တယ်။ အရှက်နဲ့ သိက္ခာကို ကျမှာစိုးလို့ အောင့်အည်းနေခဲ့သမျှ ငရဲရလည်း ခံရတော့မယ်ဆိုပြီး မအေးပိုင် ကြွေးကြော်လိုက်တယ်။
          ဆိုင်ကယ်ဝယ်ပေးလို့မှ စိတ်တိုတဲ့အခံက အရှိန်ကောင်းနေတုန်း၊ ဝါးတောဇာတ်လမ်းကို မအေးပိုင် ကိုယ်တိုင် တွေ့သွားတယ်လို့ ပေစိက ကျွန်မကို ဖောက်သည်ချတယ်။ မအေးပိုင်က ဝါးတောထဲ အရင်ရောက်နှင့်နေတဲ့သူ။ ပေစိက မအေးပိုင်ကို ဝါးတောအစပ်မှာ မြင်ရတော့ ကုပ်နေရတာပေါ့။ မအေးပိုင်က နဖူးတွေ့၊ ဒူးတွေ့ဆိုတော့ နတ်ပူးသလို တဆတ်ဆတ်တုန်နေတယ်။ လက်တွေဆိုတာကလည်း ဆုပ်ချည်ဖြန့်ချည်တဲ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ မအေးပိုင်က တုန်တုန်ယင်ယင်နဲ့ အနားမှာရှိတဲ့ ခပ်ရှည်ရှည်ဝါးတုတ်ကို ကောက်ကိုင်ပြီး အသံကုန်အော်ပြီး၊ သူ့ ယောက်ျားကို ပြေးသွားပြီး ရိုက်တော့တာပဲ။ သူ့အမေကိုရိုက်ရင် ငရဲကြီးမှာစိုးလို့ မရိုက်ဘူး။ ဝါးတောထဲမှာ မှောင်ကလည်းမှောင်လာနဲ့ ရုတ်တရက် အငိုက်မိသွားတော့ မအေးပိုင် ယောက်ျား ကျော်စွာ အရိုက်ခံရပြီး ခေါင်းကွဲသွားတယ်။ သူ့အမေကိုလည်း ဝါးတောထဲကျမှ စိတ်ရှိ၊ လက်ရှိ ကြိမ်းမောင်းတော့တယ်။ ပေစိက ကြည့်နေတာ အသက်တောင် မရှူရဲဘူးတဲ့။
          မအေးပိုင်ကလည်း ဆိုင်ကယ်လည်း သူချောက်ထဲ တွန်းချပစ်တဲ့အကြောင်း၊ ဒီလိုသာဆိုရင် မကြာခင်မှာလည်း အိမ်ကို မီးရှို့ပစ်မယ့်အကြောင်းတွေပြောတယ်။ အဘွားကြီးကို မအေးပိုင်က နောက်ဆုံးတစ်ခွန်းပဲ ပြောတယ်။
          "ရှင်က ကျွန်မကို မွေးထားတဲ့ အမေအရင်းမှ မဟုတ်တာကိုး။ ခုလို လုပ်ရက်မှာပေါ့"
          လို့ ပြောပြီး ထွက်သွားတယ်။ အဘွားကြီးရော၊ ကျော်စွာရော ဘာမှပြန်မပြောနိုင်ဘူးတဲ့။ နောက်နေ့ ခေါင်းမှာ ပတ်တီးကြီးနဲ့ ကျော်စွာက အိမ်အပေါ်ထပ်က လိမ့်ကျလို့လို့ပြောပြီး၊ ဆိုင်ကယ်ကိုတော့ ပြန်ရောင်းလိုက်ပြီလို့ သတင်းလွှင့်တယ်။ တကယ်တော့ မအေးပိုင်ဟာ အဘွားကြီး သမီးရင်း မဟုတ်ဘူးကိုး။  ကျွန်မတို့က နောက်မှ ပြောင်းလာတာဆိုတော့ သူတို့အကြောင်းကို ဘယ်သူကမှ တိတိကျကျမသိ။
          အဘွားကြီးကြည့်ရတာ ဒီနောက်ပိုင်း အရင်လို ထောင်ထောင်ကြွားကြွား သိပ်မတွေ့ရသလိုဘဲ၊ အိမ်တွင်းပုန်းနေတာ များနေတယ်။ မအေးပိုင်က အရင်ကလို ရပ်ထဲ၊ ရွာထဲ သွားလာနေမြဲ ဘာမှ ပြောင်းလဲပုံမပေါ်နဲ့။
          ဒီနောက်ပိုင်း ဝါးတောက ဇာတ်လမ်းကလည်း များများလာလို့၊ အရင်ဝယ်ထားတဲ့သူက သူ့မြေကွက်ကို ပြန်ရောင်းလိုက်တယ်။ ခုဆိုရင် ဝါးတောနေရာကြီးက အရင်လို အုံ့အုံ့ဆိုင်းဆိုင်းကြီး မဟုတ်တော့ဘဲ အဆောက်အအုံဆောက်ဖို့ ပြင်ဆင်နေပြီ။ ပန်းရန်တွေတောင် ဝင်နေပြီ။
          ဒီလိုနဲ့ အရက်လာသောက်တဲ့ ပေစိ ခေါင်းဆောင်တဲ့ ကာလသားများက တစ်ရံရောအခါက ဇာတ်လမ်းကြီး ပြီးဆုံးသွားပြီလားလို့ သုံးသပ်ကြတယ်။
          မျက်မြင်ကိုယ်တွေ့ ဇာတ်လိုက်ကျော် ပေစိကတော့ ဘယ်လောက်အချိန်တွေကြာကြာ၊ ဝါးတောထဲက သူတွေ့ခဲ့တဲ့ တစ်ရံရောအခါက ဇာတ်လမ်းကို ဖောက်သည်ချလို့ကို မပြီးဆုံးနိုင်တော့ဘူး။
*          *         *
ချောအိမာန် (မန္တလေး)
အမှတ် ၃၃၄၊ အောက်တိုဘာလ၊ ၂ဝ၁၂ ခုနှစ်
မဟေသီ ရုပ်စုံမဂ္ဂဇင်း

ယောက်ျားသား



 

(၁)
          မိတ်ဆွေတစ်ယောက်ရဲ့ ညစာစားပွဲတစ်ခုကို နောက်ကျပြီး ရောက်လာတာကိုက ကျွန်မ ကံဆိုးသွားခဲ့ပြီ။ ဝိုင်းတိုင်းမှာလည်း လူကအပြည့်ဖြစ်နေတာမို့ လွတ်တဲ့ဝိုင်းကို ဦးဆောင်ခေါ်လာသူကလည်း ကျွန်မ မိတ်ဆွေပါပဲ။ အဲဒီဝိုင်းထဲမှာလည်း မိန်းမတချို့ ရှိနေတာမို့ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီဝိုင်းမှာပဲ ကိုယ် မမြင်ချင်ဆုံး မျက်နှာတစ်ခုကို တွေ့လိုက်ရချိန်မှာ ကိုယ်ခန္ဓာတစ်ခုလုံး စပ်ဖျင်းဖျင်း ဖြစ်နေခဲ့တယ်။ ဘယ်လိုမှ မတတ်နိုင်လို့ ထိုင်လိုက်ရပေမယ့် သက်သောင့်သက်သာ မရှိလှ။ ဘာမှလဲ စားချင်စိတ်ကို မရှိတော့တာ။ အရေးထဲ ဝိုင်းထဲက ကျွန်မ မိတ်ဆွေတစ်ယောက်က တစ်ဝိုင်းလုံးနဲ့ မိတ်ဆက်ပေးနေသေးတယ်။
          ဒါက ဦးမင်းနိုင်ဦး လို့ ကြားလိုက်တာနဲ့ မျက်နှာကို မသိမသာ လွှဲနေလိုက်တယ်။ ဒါကိုလည်း အဲဒီလူ သိမှာပါ။ သူ့မျက်နှာကလည်း သိသိသာသာ ပျက်ယွင်းသွားတယ်။ ကျွန်မက စိတ်ထဲ မြန်မြန် ပြန်ချင်နေပြီ။ ဟန်ကိုယ့်ဖို့အတွက် မျက်နှာပြောင်လှတဲ့ ထိုလူကတော့ တစ်ဝိုင်းလုံးကို သူကပဲ လေဖောင်ဖောင် စကားတွေနဲ့ ဦးဆောင်ထားတယ်။ စကားစကား ပြောပါများ စကားထဲက ဇာတိပြဆိုသလိုပဲ ဒီလူ ဘယ်လောက်ပဲ အရေခြုံစကားတွေ ပြောနေပေမယ့် အထင်ကြီးစိတ်လည်း မရှိတော့။ တစ်ဖက်လူတွေက သူ့ရဲ့စကားတွေထဲက အားနည်းချက်၊ ပျော့ကွက်တွေကို ရှာတွေ့သွားတာ မသိဘူး ထင်ပါရဲ့။
          စကားက ပြောတိုင်းကောင်းတာမှ မဟုတ်တာ။ ရှေးတုန်းက ကထိကဆရာတော် တစ်ပါးက ဆယ်ခွန်းပြောရမယ့် စကား တစ်ခွန်းပဲ ပြောပါကို မှတ်မိရလွယ်အောင် ၁ဝဝ ပုံ ၉၉ ပုံ၊ ၁ဝ ပုံ ၁ ပုံ ဆိုပြီး မှတ်သားစေခဲ့တယ်။ ခု ဒီလူပြောတော့ ၁ဝပုံ ၁ အစား ၁ဝ ပုံ ၃ဝ၊ ၁ဝ ပုံ ၅ဝ လောက် ပြောနေတော့ ပိုလို့ စိတ်ပျက်စရာ၊ ကျွန်မနဲ့ မျက်စောင်းထိုး အနေအထားပေမယ့် မျက်လုံးချင်းဆုံအောင် တစ်ချက် မကြည့်။ ပြောရင်း ပြောရင်း နှုတ်ခမ်းထောင့်မှ တံတွေးတွေ စုလာတာကို မြင်ရတာ အဆိုးဆုံးပဲ။ ဒီလူနဲ့ ဘာကြောင့်များ လာဆုံရတာလဲလို့ တွေးမိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကာလဆိုတာ ဘာရှိသေးလို့တုန်း။ သူ့အသံကို မကြားချင်တာနဲ့ ဝိုင်းကနေ အစောဆုံး ထပြန်လိုက်တယ်။
          အဲဒီလူအကြောင်းကို တူမလေးဆီက ကြားဖူးတာ ကြာခဲ့ပြီ။ တူမလေးတို့နဲ့ ပုဂံဘုရားဖူးမှာ ကားပေါ် ဆုံလာကြတာ။ ပုဂံဟိုတယ်တည်းတော့လည်း အတူတူဖြစ်ခဲ့ပြီး ခင်မင်ကြရင်း ခရီးစဉ်တွေမှာ အတူဖြစ်ခဲ့တယ်။ ပုဂံဘုရားသမိုင်းတွေ မွတ်မွတ်ကြေ ရှင်းပြနိုင်လို့ ဂိုက်ခေါ်စရာ မလိုဘဲ သူကပဲ ဦးဆောင်ပြီး စွယ်တော်လေးဆူကိုလည်း လိုက်ပို့တယ်။ ဈေးချိုထဲမှာ ကုန်စုံဆိုင် အကြီးကြီး ဖွင့်ပြီး အိမ်မှာလည်း စတိုင်းဆိုင် ဖွင့်ထားသူ။ တူမလေးတို့ အဖွဲ့ကလည်း သူ့ကို ဆရာတင်ပြီး အထင်ကြီး လေးစားစိတ်ဝင်ပြီး ဂုဏ်ယူခဲ့တယ်။ ပရဟိတ လုပ်ငန်းတွေမှာလည်း တူမလေးတို့အဖွဲ့နဲ့ အားတက်သရော လုပ်ဆောင်ရတာအမော။
          တူမလေးတို့ မပြောနဲ့ ကျွန်မတောင် အစက ကြားခါစက ယုံကြည်မိပြီး ချီးကျူးမိသေးတာပဲ။ တူမလေးတို့ အုပ်စုနဲ့ ပေါင်းမိပြီး ပရဟိတပွဲပေါင်း များစွာတွေမှာတောင် သူက ပါဝင်ပြီး ကမကထတွေတောင် လုပ်ပေးခဲ့သေးတယ်။ လူတစ်ယောက်ရဲ့ အကြောင်းထက် လူတစ်ယောက်ရဲ့ လက်ရှိလုပ်ရပ်ကိုပဲ ပိုစိတ်ဝင်စားတာမို့ ကျွန်မလည်း သူ့အရင်အကြောင်းတွေကို သိပ်မစပ်စုဖြစ်ပါဘူး။ တူမလေးပြောပုံအရ အလုပ်တစ်ခုအပေါ်မှာ အင်မတန် တက်ကြွမှုနဲ့ စိတ်ပါလက်ပါ လှုပ်ရှားတဲ့သူပေါ့။ ကျွန်မဆီကိုတောင် ခေါ်လာပြီး မိတ်ဆက်ပေးမလို့တဲ့။ ကျွန်မက တော်ပါပြီ ခေါ်မလာခဲ့ပါနဲ့။ မိတ်မဆက်ချင်ပါဘူးလို့ ကာရံထားမိတာ မှန်သွားတယ်။ တော်ရုံနဲ့ ခင်မင်ချင်စိတ်လည်း မရှိ၊ ဒါကြောင့် ကျွန်မမှာ ဘော်ဒါအပေါင်းအသင်း နည်းတယ်။ အိမ်ထဲနေတာ များတော့ ဘယ်မှလဲ မသွားဖြစ်၊ ခင်မင်ရင်းစွဲ မဟုတ်ဘဲနဲ့ အသစ်ခင်မင်ရမှာဆို ပိုလို့တောင် ဝန်လေးသေးတယ်။ အဖေရော၊ အမေရော မရှိတော့တဲ့ တူမလေးအပေါ် စောင့်ရှောက်ပြီး အပျိုကြီးဘဝနဲ့ ဇောက်ချပြီး နှစ်တွေ သက်တမ်းတိုးခဲ့တာ ကြာလှပါပြီ။
          မစွံနိုင်တဲ့ ကျွန်မကို အပေါင်းအသင်းတချို့က ပေါင်းကူးတံတား လုပ်ချင်ကြတယ်။ ဒီလိုကြီး နေမသွားပါနဲ့ဟယ်ကပါသေး၊ ကိုယ့်ဟာကိုယ် နေတာပဲ ဘာဖြစ်သေးလဲ၊ ဘာမှ စိတ်ပူစရာမှ မရှိတာ။ အားကိုရှာတယ်၊ ရှာတယ်နဲ့ ပြောတော့သာ လွယ်တာ၊ မိန်းမသားတွေကို ယောက်ျားတွေက ပြန်အားကိုးနေတာ တစ်ပုံကြီး။ ဘဝလုံခြုံမှုရှာတယ်လို့ တချို့က ပြောကြတယ်။ ကိုယ်ကတော့ လုံခြုံချင်လို့ပဲ၊ ယောက်ျားသားတွေကတော့ လုံခြုံတဲ့ မိသားစုအိမ်ထဲကနေ ခြေတစ်လှမ်းမက ခြေစုံလိုက်ထွက်နေကြသူတွေ အပုံကြီး။ စကားလှလှနဲ့ ဆေးပေးမီးယူတဲ့ ကိုယ်ကသာ ဆေးပေးလိုက်ရတာသာ ရှိပြီး မိန်းမတွေဘဝ မီးလိုပူတဲ့ အထုပ်ကြီး ပိုက်ထားရတာတွေရော မရှိလို့လား။
          တူမလေက ခု အရွယ်လေး ရလာတော့ အမေ့ကိုယ်စား ပြောပြရတယ်။ လူငယ်တွေဆိုတော့ ကိုယ့်အပေါ် ကောင်းရင် နှစ်သက်သဘောကျတတ်ကြတာပဲလေ။ ကျွန်မ တူမလေးက လိမ္မာပါတယ်။ ဥပဒေ ပထမနှစ် ကျောင်းသူလေး။ ဖြူဖြူနုနု ဖွေးဥနေတဲ့သူ့ကို မွေးကတည်းက ကျွန်မက 'ဖွေးနုဖြူ' လို့ နာမည်ပေးခဲ့တာ။ ဒီကလေးလေးကို ကျွန်မ အစ်မက ခဲရာခဲဆစ် ရလာခဲ့တာ။ အိမ်ထောင်ရေးကံ မကောင်းခဲ့တဲ့ ကျွန်မ အစ်မဟာ သောကတွေကြားထဲက ဒီကလေးကို ရခဲ့တယ်။ အကြင်နာခေါင်းပါးတဲ့ ယောက်ျားသားတစ်ယောက် မေတ္တာစိတ်မရှိတဲ့ ဖခင်တစ်ယောက် ရိုင်းစိုင်းတဲ့ ပင်ကိုယ်စိတ်တွေ ဖုံးပြီး လိမ္မာယဉ်ကျေးချင်ယောင်ဆောင် ပျားရည်သကာလောင်းပြီး ကျွန်မ အစ်မကို အပိုင်ကြံခဲ့တယ်။
          အဲဒီအချိန်တုန်းက မိဘလက်ထက်က အမွေရထားတဲ့ အိမ်ကြီးရယ်၊ မိဘလက်ထက် လုပ်ငန်းတွေရယ်က အဲဒီလူရဲ့စိတ်ကို မက်မောစေခဲ့တယ်။ အစ်မက သူ့ကို ယူမယ်လို့ မဆုံးဖြတ်ရသေးပါဘူး။ အမေ့ကို ခေါ်တိုင်ပင်တုန်း ရှိသေးတယ်။ အဖေ့ကို ပတ်ဝန်းကျင် အကြောင်းတွေကြောင် သိသွားတယ်။ အဖေ့နားထဲရောက်အောင် သွေးထိုးပေးသူတွေက အဲဒီလူရဲ့ ဘက်တော်သားတွေ။ ဘွဲ့ရဖြစ်ကြောင်း အလုပ်အကိုင်လေးလည်း မဆိုးကြောင်း၊ နိုင်ငံခြားကလည်း ပြန်လာတာ မကြာသေးကြောင်းနဲ့ လိမ္မာရေးခြား ရှိကြောင်း၊ မောင်နှမနည်းကြောင်းတွေ လာပြောနေတာ ကျွန်မတောင် နားညည်းတယ်။
          အဖေကလည်း ဒါမျိုးဆို သိပ်ကြိုက်။ အိမ်က သမီးတွေကို ဟင်းရွက်၊ ကန်စွန်းရွက်လို ယောက်ျားပေးစားချင်တဲ့ အချိန်လေ။ ဘေးလူပြောတဲ့ စကားတွေကို အဟုတ်ထင်လာတယ်။ သမီးအကြီးကို လင်ပေးစားမယ် ဖြစ်ပါလေရော။ တစ်အိမ်လုံးမှာ အဖေက အဓိကဖြစ်ကြောင်း သိတဲ့ အဲဒီလူက အဖေ့ဆီကို တိုက်ရိုက်ဝင်၊ အဖေက ခေါ်တွေ့ပြီး နောက်ဆုံးတော့ သူနဲ့သဘောတူတယ် ဖြစ်ရော။ ဟိုဘက်ကတောင် ဘာမှမကြိုးစားရဘဲ ဇွတ်သဘောတူနေတဲ့ အဖေ့ကြောင့် စိတ်ပျက်ရတယ်။ နောက်ဆုံး အဖေကြောင့် မြန်မြန်ဆန်ဆန်ပါပဲ ညားဖို့ရာ ဖြစ်လာတော့တယ်။ အမေကတော့ အရင်ကတည်းက သဘောမကျခဲ့ဘူး။
          အဖေက စကားကို ထိန်းထိန်းသိမ်းသိမ်း မပြောရာကနေ အဲဒီလူက ပိုပြီး မက်သထက် မက်မောလာတယ်။ ဒီတိုက်၊ ဒီခြံ၊ ဒီလုပ်ငန်းတွေကို ခွဲပေးမှာလို့ အဖေ့ပါးစပ်က ထွက်လိုက်တာနဲ့ အဲဒီလူက မျှော်လင့်ချက်တွေ ပိုကြီးမားလာတယ်။ အဲဒီမျှော်လင့်ချက်တွေနဲ့ ဘယ်တော့ ပိုင်ဆိုင်ရမလဲလို့ တွက်ဆခဲ့တဲ့ သူ့ရဲ့ စရိုက်ဆိုးတွေက တဖြည်းဖြည်း ပေါ်လာခဲ့တယ်။
          အဲဒီလို မပေါ်ခဲ့ခင် သတို့သမီးတစ်ယောက်ရဲ့ မင်္ဂလာဦးည ဇာတ်လမ်းဟာ ခမ်းနားလှပခဲ့ပါရဲ့လားလို့ ပြန်စဉ်းစားမိတယ်။ မေတ္တာစစ်မရှိဘဲ ကျွန်မ အစ်မနားကို အပိုင်ဝင်ရောက်လာတဲ့ အဲဒီလူဟာ မင်္ဂလာကိစ္စစစီစဉ်ကတည်းက သူနဲ့မဆိုင်သလိုဘဲ။ မနက်ဖြန် မင်္ဂလာဆောင်ဆို ဒီကနေ့ထိ ဘာပြင်ဆင်မှုမှ မရှိခဲ့တဲ့သူ။ အစ်မ မင်္ဂလာဆောင်ဟာ အကျဉ်းရုံးသလိုမျိုး ဘုန်းကြီးကျောင်းသေးသေးလေးမှာ ပွဲပြီးလိုက်ရတယ်။ ကျွေးဖို့ ဒံပေါက်တစ်မျိုးတည်းကိုပဲ သူတို့ကို တာဝန်ယူခိုင်းလိုက်ပြီး ကျန်တာတွေကို ကျွန်မတို့ဘက်က မျက်နှာမငယ်အောင် စီစဉ်ခဲ့ရတယ်။
          မင်္ဂလာဦးညအဖြစ် သူတို့သီးသန့်ခွဲနေတဲ့ အိမ်လေးဆီ မသွားခင် အဲဒီလူ ပျောက်နေလို့ သူ့အိမ်လိုက်မေးတော့ သူ့ကိုတွေ့ချင်ရင် အရက်ဆိုင်လိုက်သွားလို့ အဖြေပေးတဲ့ သူတို့မိသားစုကို အံ့သြလွန်းလို့ ပါးစပ်တောင် ဟသွားတယ်။ မတတ်နိုင်၊ အရက်ဆိုင်ကို ကျွန်မကိုယ်တိုင် ကားနဲ့လိုက်ပို့တော့ အင်္ကျီတောင် မလဲနိုင်ဘဲ ယမကာဝိုင်းမှာ မူးနေတဲ့ အဲဒီလူကို တွေ့တော့ အစ်မ မျက်ရည်ဝဲသွားတယ်။ အစ်မကို စိတ်မချပေမယ့် သူ့ယောက်ျားဖြစ်သွားတဲ့ အဲဒီလူနား ထိုင်ခုံနေရာ ချပေးခဲ့ရတယ်။ ချက်ချင်းမထဘဲ မပြန်သေးဘဲ အစ်မက သူ့ဘေးနားထိုင်ပြီး မျက်နှာငယ်နဲ့ နေခဲ့ရတယ်။ ဘယ်အချိန်ကျမှ ပြန်မလဲ မသိ။ ကျွန်မ လိုက်ပို့တော့ ဆယ်နာရီ။ ဘယ်လိုဆိုင်ကယ်နဲ့ ပြန်မလဲ။ ကြည့်ရတာ အရက်ဂျိုးကြီးများလားလို့တောင် တွေးမိတယ်။ မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြီး ပြန်ခိုင်းနေတဲ့ အစ်မကို အရက်ဆိုင်မှာ ထားခဲ့ပြီး ပြန်ခဲ့ရတာ စိတ်မကောင်း။ အမေများသိရင်တော့ ရင်ကျိုးမှာ။ ဒီအချိန်မှာ ဆိုင်ပဲဆိုင်ပေမယ့် မပိုင်တော့။ အဲဒီအချိန်ကတည်းက စလို့ အစ်မ ကံဆိုးသွားပြီလားလို့ တွေးမိတဲ့ အတွေးကို ချက်ချင်းပျောက်အောင် ဖျောက်လိုက်ရတယ်။
          သူတို့နှစ်ယောက် ကိုယ်ပိုင်အိမ်လေးကို ကျွန်မ သုံးခေါက်လောက်သာ ရောက်ဖူးခဲ့တယ်။ တိုက်မြင့်မြင့်ကနေ ပျဉ်ထောင်အိမ်လေးဆီ ရောက်သွားတာကို စိတ်မကောင်း။ ဒါပေမဲ့ မေတ္တာစစ်နဲ့ ချစ်ခင်ကြတဲ့ ဇနီးမောင်နှံတွေဆိုရင်တော့ ဘယ်လိုနေရာမျိုးဖြစ်ဖြစ် နိဗ္ဗာန်ဘုံဖြစ်မှာပါလို့ တွေးမိသေးတယ်။ ခြင်မြောက်မြားစွာနဲ့ မီးက မရတစ်လှည့်၊ ရတစ်လှည့်၊ သူများသားသမီးကို ယူပြီး တင့်တောင်းတင့်တယ် မထားနိုင်တဲ့ အဲဒီလူကို လုံးဝ အထင်မကြီးမိ။ အလုပ်ကလည်း တောင်လိုလို၊ မြောက်လိုလို။ သူ့လခ မဖြစ်ညစ်ကျယ်ကို အစ်မ သုံးစွဲရဖို့ နေနေသာသာ အရက်ဖိုးတောင် လောက်ခဲ့မှာ မဟုတ်။
          အပျင်းကြီးတဲ့ ယောက်ျားသားတစ်ယောက်ရဲ့ အချိန်ကာလ ကြာမြင့်ပေမယ့် တိုးတက်မှုက အနှုတ်လက္ခဏာ ပြပြီးရင်း ပြရင်း အမေက အစ်မကို ငွေလက်သိပ်ထိုး ပေးရတယ်။ ဇနီးမယားအပေါ် တာဝန်မကျေ၊ မကြင်နာတဲ့အပြင် ကိုယ်ဝန်ရလာတော့လည်း ဂရုစိုက်ရကောင်းမှန်း မသိ။ အစ်မ ကိုယ်ဝန်ရလာတော့ ရောဂါတွေ တစ်ခုပြီးတစ်ခု ဝင်နဲ့ အမေသွားနေပြီး စောင့်ရှောက်ရတယ်။ အတူနေရတော့ အဲဒီလူ ယုတ်မာတာတွေ၊ အမေက ပိုသိလာပြီး မခံနိုင်ဖြစ် ရန်ဖြစ် စကားများကြတယ်။
          ကလေးမွေးမယ်ဆိုတော့ အစ်မက ရေတွေ စောစောသွန်တော့တာပဲ။ ဆေးရုံရောက်တော့ ကလေးကို မွေးဖို့ အားမရှိသလို ကလေး ရုန်းကန်အားကလည်း မရှိနိုင်တာကြောင့် ခွဲမွေးရမယ်တဲ့။ ယောက်ျားလုပ်သူ လက်မှတ်ထိုးရမှာ ဖြစ်ပေမယ့် မိန်းမနား မရှိနဲ့ အေးစက်ပြီး ကြောက်နေတဲ့ အစ်မလက်တွေကို ဆုပ်ကိုင်အားပေးရင်း ခွဲစိတ်ဖို့ ကျွန်မ လက်မှတ်ထိုးပေးလိုက်ရတယ်။ နေ့စေ့၊ လစေ့ မွေးတော့မယ့် မိန်းမနား အဲဒီလူက မရှိ။ ခွဲခန်းထဲမှာ လေးဆယ့်ငါးမိနစ်ကြာပြီး အစ်မ ထွက်လာသည့်တိုင် အဲဒီလူကို မတွေ့ရ။ အစ်မကလည်း တစ်စက်မှ မမေး။ သူများ ခင်ပွန်းတွေနဲ့များ ကွာပါ့။ မွေးတာ သမီးဦးလေး၊ အပြင်မှာ မိုးတွေက ရွာလို့။ ကလေးကို သူနာပြုတွေက သန့်ရှင်းရေး လုပ်ပေးပြီးချိန်မှာ အဲဒီလူ မိုးကာကြီး ခြုံပြီးရောက်လာတယ်။ မိန်းမနဲ့ကလေးကို ကြည့်တဲ့ပုံစံက ရင်ထဲကနေ စိတ်ပါစွာ ဝမ်းသာအယ်လဲမှု မရှိ။ အတိုင်းအတာလေး တစ်ခုပဲ။ အစ်မ မပြောနဲ့ ကျွန်မတောင် လုံးဝ အဲဒီလူမျက်နျာကို ကြည့်ချင်စိတ် မရှိအောင် ဖြစ်မိတယ်။
          ဒီလိုနဲ့ ရပ်ကွက်ထဲ ပုဆိုးကျွတ်၊ ကိုယ့်အိမ်မှန်းမသိ၊ သူများအိမ်မှန်းမသိအောင် မူးရူးပြီး ဝင်အိပ်တတ်တဲ့ သူ့အကြောင်း လူတိုင်း သိလာတယ်။ ရန်ဖြစ်တိုင်း ကျွန်မ အစ်မကို လုံးဝ မချစ်ခဲ့ဘူး၊ နင့်အဖေ ပေးမယ့် ပစ္စည်းတွေကို မက်လို့ ယူခဲ့တာလို့ ပြောတော့တယ်။ ခုတော့ မရလို့ ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေတဲ့ ဘီလူးဇာတ်ထုပ်တွေ တစ်ခုပြီးတစ်ခု ဖွင့်၊ အစ်မကို နေ့တိုင်း နှိပ်စက်ရန်လုပ်၊ ရုံးရောက်နဲ့ နောက်ဆုံး အစ်မနဲ့ ကွဲသွားတော့တယ်။ ဒီမတိုင်ခင် မိန်းမတွေနဲ့ ရှုပ်လို့ ဆေးနဲ့လုပ်ခံထားရတာတွေကို အစ်မက ရှမ်းဆရာကြီးနဲ့ ကုပေးထားသေးတယ်။ အစ်မကြောင့် အသက်ရှင်ခွင့်ရပေမယ့် ကျေးဇူးကန်းတဲ့ အဲဒီလူက ဖောက်ပြန်မြဲပဲ။ ကွဲထားတာတောင် ရန်ဖြစ်ရင်း အစ်မကို ရိုက်ပြီး လမ်းဘက်ထွက်သွားတုန်း အုတ်တင်တဲ့ ကားကြီးနဲ့ တိုက်ခံရပြီး လမ်းမပေါ် ကားခနဲ မရှုမလှ သေခဲ့တယ်။ အစ်မက သူ့အသုဘကို နောက်ဆုံးလုပ်ပေးလိုက်ပေမယ့် မျက်ရည်တစ်စက် မကျခဲ့ဘူး။ အားလုံးကလည်း အစ်မ ဝဋ်ကျွတ်သွားတဲ့အပေါ် ဝမ်းသာကြတယ်။ အစ်မနဲ့ သမီးလေး တစ်ယောက်ရဲ့ ဘဝ နောက်ဆက်တွဲမှာတော့ အိမ်ထောင်သက်အတွင်းမှာ ထိခိုက်ခံစားခဲ့ရတာတွေ များလွန်းလို့ အစ်မ နှလုံးရောဂါ ရခဲ့ပြီ။ အဲဒီရောဂါကပဲ အစ်မက ကျွန်မတို့နဲ့ နှစ်နှစ်လောက်နေပြီး ဆုံးသွားခဲ့တယ်။ ကျွန်မလက်ထဲကို သေသေချာချာ အပ်ခဲ့တဲ့ တူမလေးဟာ ကျွန်မ သမီးပါပဲ။
*          *          *
(၂)
          သမီးလေးကို ချစ်လွန်းလို့ အမှားအယွင်း တစ်စက်တလေ ရှိသွားမှာကို ကျွန်မ အရမ်းကြောက်မိတယ်။ ယောက်ျားသားတွေနဲ့ ပတ်သက်ရင် ပိုဆိုးတာပေါ့။ သူက အရွယ်လေး ရလာတော့ အပေါင်းအသင်းလေးတွေ ထားတတ်လာပြီ။ အဲဒီလက်ရှိ သူပေါင်းသင်းနေတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ် ကျွန်မ တစ်စက်လေးမှ မကြည်ဖြူခဲ့ဘူး။ ကျွန်မ တူမလေးအပေါ် တစ်ချိန်မှာ မရိုးသားစိတ်နဲ့ ချဉ်းကပ်လာမှာပဲ။ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကြိုးစားမှာပဲလို့ အမြဲ သံသယစိတ်ဝင်နေတယ်။ ဒါကို တူမလေးက မကြိုက်ဘူး။
          "တီလေးကလည်း ဖွေးတို့က ရိုးရိုးသားသားပါ။ ဘာစိတ်မှ မရှိဘူး။ ဘော်ဒါကဏ္ဍတွေချည်းပဲ" လို့ ပြန်ပြောတတ်တယ်။
          အဲဒီလိုပြောလည်း ကျွန်မ မယုံမိဘူး။ သူတို့လို အရွယ်လေးတွေက ပိုဆိုးပါဘိ။ စိတ်ကစား စိတ်ပြောင်းတာကအစ မြန်လွန်းလို့။ ခုဆိုရင် ဖွေးက အရင်လို မဟုတ်တော့ဘူး။ အသားလေးက ဖွေးဥနေသလို ကိုယ်လုံးလေးကလည်း သူ့နေရာနဲ့သူ။ ဥပဒေ ပထမနှစ်ကျောင်းသူလေးရဲ့ ဝတ်စားဆင်ယင်မှုကလည်း ဘာလေးဝတ်ဝတ် လှနေတာဆိုတော့ သူ့ကို နေ့တိုင်း ကြည့်ရင်း ကြည့်ရင်း တော်ရုံကောင်လေးတွေနဲ့ တွဲမှာ၊ စိတ်ဝင်စားသွားမှာကို ထိုင်ရင်း စိတ်ပူနေမိတော့တာပဲ။ ညနေ ကျောင်းပြန်ချိန် တသီကြီး ပါလာတတ်တယ်၊ ဆိုင်ကယ် အလှပြနေတာလားလို့တောင် ထင်ရတယ်။ တစ်စီးနဲ့တစ်စီးက အပြိုင်ပဲ။ ဒီအပေါ်မှာ ဖွေးလေး သာယာသွားမှာကိုလည်း စိုးရိမ်မိတယ်။ သူ့အမေ ခံစားသွားရတဲ့ ဝေဒနာဆိုးမျိုး ခံစားမိမှာလည်း စိုးရိမ်မိတယ်။
          ကျွန်မက စိတ်ပူနေသလောက် တူမလေးကတော့ အမြဲတမ်း သွက်လက်လန်းဆန်းနေတာပါပဲ။ ရည်းစားမရှိသေးပါဘူး။ စိတ်ဝင်စားရင် တီလေးကို ပြောမယ်လို့ ပြောထားတယ်ဆိုတော့ နည်းနည်း စိတ်ချထားတယ်။ အဲဒီလို စိတ်ချနေခြင်းကနေ ကျွန်မတို့ နှစ်ယောက်ကြား အားပြင်းပြင်းနဲ့ မုန်တိုင်းတစ်ခု ဝင်ရောက်လာခဲ့တယ်။ ဘဝမှာ အဲဒီနေ့လောက် ရင်ထဲမှာ ဗလောင်ဆူ ဒေါသနဲ့ နာကျင်တာမရှိခဲ့။ ဖွေးရဲ့ ပါးပြင်ဟာ နီရဲပြီး သွေးခြေတောင် ဥသွားခဲ့တယ်။ ဖွေးရင်ထဲ ဘယ်လောက်တောင် တုန်လှုပ်သွားခဲ့သလဲ။ တအစ်အစ်နဲ့ အသံတောင် မထွက်နိုင်ဘဲ မျက်ရည်တွေ စီးကျနေခဲ့တယ်။ ကြောက်လွန်းတဲ့ စိတ်ကြောင့်လား၊ လန့်သွားတာလား မသိ၊ အရုပ်ကြိုးပြတ်လို ဖြစ်ပြီး ကျွန်မလက်ထဲမှာ ပျော့ခွေ မေ့မျောသွားခဲ့တယ်။ ငယ်ငယ်ကတည်းက အသံမာမာတောင် မပြောရက်ခဲ့တဲ့ ဖွေးကို ကျွန်မ အဲဒီနေ့က စိတ်ရှိလက်ရှိနဲ့ ဘယ်ညာပါးကို နှစ်ချက် အားပြင်းပြင်းနဲ့ ရိုက်ခဲ့မိတယ်။ ဖွေး သိပ်လန့်သွားမယ်ဆိုတာ သိပေမယ့် ကိုယ့်အရှိန်ကို မထိန်းနိုင်။ ဒီလို မထင်မှတ်ဘဲ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ ဘယ်သူ့ကြောင့်လဲ။ ဘယ်သူ့ကြောင့်လဲ…. ပေါ့။
*          *          *
          (၃)
          ခါတိုင်းလိုပါပဲ ဖွေးက ကျောင်းကပြန်လာပြီးရင် ရေချိုး၊ ထမင်းစား၊ သီချင်းနားထောင်၊ တီဗွီကြည့်၊ အဲဒီနေ့ကတော့ ဖွေး ဗိုက်မကောင်းလို့ ထမင်းမစားတော့ဘူးလို့ ပြောတယ်။ သူ့ကို အရိပ်ကြည့်သလို ကြည့်နေတော့ စိတ်ပူသွားတယ်။ စားတာတွေ များလာခဲ့လို့ဆိုတော့ အစာကြေဆေးလေး တိုက်ထားလိုက်တယ်။ ညကျတော့ သူ့အတွက် ဗိုက်ကောင်းရင် စားဖို့ မုန့်ယူလာပေးရင်း သူ့အခန်းထဲ ဝင်ခဲ့တယ်။ သူ့အခန်းထဲမှာလည်း တီဗွီရှိနေတာမို့ တီဗွီဖွင့်ပြီး ကြည့်နေတာကို တွေ့ရတယ်။ အသံကတော့ သိပ်မကြားရဘူး။ သူ့ခုတင် ခြေရင်းနားကနေ ခုတင်ပေါ်ထိုင်ရင်း ကြည့်နေတဲ့ ဖွေးရဲ့ မျက်လုံးရှိရာကို ကြည့်လိုက်တော့ ကျွန်မလက်ထဲက မုန့်တွေ ပြုတ်ကျသွားခဲ့တယ်။
          "ဖွေး"
          ကျွန်မ အော်သံကြောင့် ဖွေးကလည်း တုန်လှုပ်ပြီး လက်ထဲက ရီမုတ်လေး လွတ်ကျသွားတယ်။
          "ဖွေး… နင်… နင် ဘာလုပ်နေတာလဲ၊ အတတ်ကောင်းတွေ တတ်နေတာပေါ့ ဟုတ်လား"
          ကျွန်မ သူ့ပခုံးတွေကို ကိုင်လှုပ်ရင်း မေးမိတယ်။
          "ဟင် ဖွေး… နင် ဒီလိုကားမျိုးတွေတောင် ကြည့်တတ်နေပြီပေါ့"
          "မဟုတ်ဘူး တီလေး"
          "ငါ့မှာတော့ နင့်ကို ကလေးလို့ပဲ မြင်ထားတာ… ကဲ…"
          ဒေါသစိတ်ရဲ့ အဟုန်ပြင်းထန်မှုက ကျွန်မလက်တွေ လေထဲ မြောက်တက်ပြီး ဖွေးရဲ့ ပါးပြင်ဆီ ဆက်တိုက် ကျရောက်သွားတယ်။
          ဆံပင်တွေ ဝဲလွင့်သွားအောင် ကျွန်မ ရိုက်လိုက်မိတယ်။
          တီဗွီကိုလည်း ဖန်ခွက်နဲ့ ဆွဲပေါက်လိုက်တာ ကွဲသွားတယ်။
          တစ်ခဏအတွင်း ကျွန်မတို့ကြား ငြိမ်သက်နေတဲ့ ရေအလျဉ်ဟာ မုန်တိုင်းကျသွားသလိုပဲ။
          ဒီ့နောက်ပိုင်း ဖွေး သတိလစ်သွားပြီး ဆေးရုံပို့လိုက်ရတယ်။
          သတိမေ့နေစဉ်မှာ သမီးလေး ဖွေးရဲ့ ပါးလေးနီမြန်းနေတာ တွေ့ရတော့ စိတ်မကောင်းစွာ ငိုမိတယ်။ ကျွန်မ တကယ်ဆို ဒီလောက်ထိ ဗလောင်ဆူသွားဖို့ မကောင်းဘူးလို့ တွေးမိတယ်။ ကျွန်မကပဲ ရုတ်တရက်ဆိုတော့ လန့်သွားတာလား၊ စိတ်ပူသွားတာလား အားလုံး ရောထွေးသွားတာ ထင်ပါရဲ့။ တော်တော်နဲ့ သတိပြန်မရခဲ့တဲ့ ဖွေးကို သနားမိသလို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဖွေး ဆေးရုံတင်ရတယ်ဆိုတော့ သူ့ သူငယ်ချင်းတွေ စိတ်ပူပြီး လိုက်လာကြတယ်။ သူတို့ မျက်နှာလေးတွေမှာ သူတို့ သူငယ်ချင်းကို စိတ်ပူနေတာ အထင်းသား၊ အားလုံးကလည်း ဂရုစိုက်ကြတယ်။ ညလည်း စောင့်ပေးမယ့်သူတွေ ပြည့်နေတယ်။ အစားအသောက်အစ ဘာမှ ကျွန်မ မစီစဉ်ရဘူး။ ဘာပဲလိုလို သူတို့ပဲ ပြေးလိုက်လွှားလိုက် အလုပ်ရှုပ်ခဲ့ကြတယ်။ ဖွေးလေးအပေါ် အဖြူထည်စိတ်နဲ့ စောင့်ရှောက်ခဲ့ကြတဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကျွန်မ မြင်လာခဲ့တယ်။
          ဖွေး သတိရလာတော့ သူ့နားမှာ ဝိုင်းအုံနေကြတယ်။ ကျွန်မ ပြောမပြတတ်အောင် ဝမ်းသာခဲ့ရတယ်။ သူ့သူငယ်ချင်းတွေ အမေးကို အားနည်းလို့ ဖြစ်သွားတာ နေမှာလို့ ဖွေး က အဖြေပြန်ပေးခဲ့တယ်။ ကျွန်မ မျက်ရည်ကျတာမြင်တော့ ဖွေးက ကျွန်မလက်ကို လာဆုပ်ကိုင်ပေးတယ်။ ကျွန်မကြောင့် ခုလိုဖြစ်သွားတဲ့ သမီးအပေါ်မှာ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ဖွေးကို ခွင့်လွှတ်တော့မယ်လို့ ဆုံးဖြတ်မိတယ်။ တကယ်လို့ သမီးမှာ ချစ်သူရှိခဲ့ရင်လည်း ကျွန်မ သဘောတူ ကြည်ဖြူပေးဖို့ပဲ ရှိပါတော့တယ်။ ကျွန်မ အဲဒီနေ့က အဖြစ်အပျက်ကို မေ့လိုက်ပြီး မနက်ဖြန်တွေဟာ အသစ်ဖြစ်စေရမယ်လို့ သတ်မှတ်လိုက်တယ်။ အတိတ်အကြောင်းကိုလည်း ပြန်မသွားတော့၊ ဖွေး စိတ်မကောင်းဖြစ်မှာ စိုးလှတယ်။ ဖွေး သောကဝန်ထမ်းထားရမှာကို ကျွန်မ ပိုပြီးမခံစားနိုင်။ ဒါကြောင့် ဖွေး ဘာပဲပြောလာ ပြောလာ ကျွန်မဘက်က အလျှော့ပေးဖို့ စဉ်းစားထားခဲ့တယ်။
          ဒီကြားထဲ ဖွေးနဲ့ ကျွန်မ ပုံမှန်နေ့ရက်တွေရအောင် အတော်ကြိုးစားခဲ့ရတယ်။ ဆေးရုံကဆင်းပြီး နှစ်ရက်မြောက်နေ့မှာ ဖွေးက စီဒီအလွတ်ခွေလေး တစ်ခုယူပြီး ကျွန်မ အခန်းထဲ ရောက်လာတယ်။ ဖွေး မျက်နှာလေးကို ကြည့်ရတာ တစ်မျိုးပဲ။
          "တီလေး၊ တီလေးနဲ့ သမီးကြား ဂယက်ထသွားအောင် ဖြစ်သွားတာ ဒီအခွေကြောင့်ပဲ။ သမီး တီလေးကို အပြစ်မတင်ပါဘူး။ အဲဒီနေ့က သမီးလည်း လန့်ပြီး အံ့အားသင့်နေတဲ့အချိန်မှာ တီလေး ဝင်လာတာ။ သမီး ဒီအခွေကို ဦးမင်းနိုင်ဦးဆီက ရခဲ့တာပါ။ အဲဒီနေ့က သူနဲ့သမီး လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်တယ်။ သမီးကို ဖုန်းဆက်ပြီး အဲဒီကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ ချိန်းတယ်။ သမီးက အခွေတွေ ကြိုက်တယ်။ မိန်းမဇာတ်လိုက်၊ ဇာတ်လမ်းကား၊ စုံထောက်ကားတွေ ကြိုက်တယ်လို့ ပြောလို့ ယူလာတာဆိုပြီး သမီးကို ဒီအခွေပေးလိုက်တာ။ အိမ်ရောက်တော့ ဖွင့်ကြည့်တော့ မဟုတ်မဟတ် အခွေကြီး ဖြစ်နေတယ်။ သမီးလည်း အံ့သြနေတုန်း တီလေး ရောက်လာတော့ သမီးကို အထင်လွဲသွားတာပေါ့။ ဒီလို အခွေမျိုးကြီး သမီးကို ပေးလိုက်တာ အဲဒီလူ ဘာသဘောလဲ။ သမီး အရမ်း စိတ်ဆိုးတယ် တီလေး"
          "သမီး အဲဒီလူနဲ့ သမီး မိတ်ဆွေ အပေါင်းအသင်း မလုပ်နဲ့တော့၊ သမီးအပေါ် မရိုးသားစိတ်နဲ့ ချဉ်းကပ်တဲ့လူ"
          "ဖွေးကို အဲဒီလူ အထင်သေးတာလား တီလေး"
          "သမီး စိတ်ကို စမ်းတာလည်း ပါမှာပေါ့။ သူ တွေ့ဖူးတဲ့ မိန်းမတွေလိုများ မှတ်နေလား၊ ဒီလူ စိတ်ဓာတ် တော်တော် အဆင့်အတန်းနိမ့်တာပဲ။ ဖွေးက ခုမှ ကျောင်းသူလေး၊ ဘာမှနားမလည်၊ ပါးမလည်လေးဆိုပြီး အကဲစမ်းကြည့်တဲ့သဘောလို့ တီလေး ယူဆတယ်။ သူ စည်းရုံးရေး ဆင်းတဲ့အထဲမှာ တချို့ မိန်းကလေးတွေလည်း ပါကောင်း ပါသွားနိုင်တယ်။ တီလေး အုပ်ထိန်းနေတဲ့ သမီးကို လာစမ်းလို့ ဘယ်ရမလဲ။ သမီး အဲဒီအခွေကို တီလေးပေး၊ တွေ့ကြသေးတာပေါ့ သူ့ဖုန်းနံပါတ် တီလေးပေး"
          "ဟုတ် ဝ၉+++++"
          ဖွေးဆီက ဖုန်းနံပါတ်ရပြီး ချက်ချင်းဆက်လိုက်တယ်။ ဖွေး အဒေါ်လို့ပဲ မိတ်ဆက်ပြီး ကော်ဖီဆိုင်တစ်ဆိုင်မှာ ချိန်းလိုက်တယ်။ ဖွေးကတော့ သွားခါနီး အဲဒီလို အဆင့်နိမ့်တဲ့လူနဲ့ ရန်တော့ မဖြစ်နဲ့နော်တဲ့။ မှာလိုက်သေးတယ်။ ကျွန်မ သိသလောက်တော့ အဲဒီလူဆီမှာ သမီးတစ်ယောက်၊ သားတစ်ယောက် ရှိတယ်။ သမီးကလည်း အရွယ်ရောက်နေပြီ။ ကော်ဖီဆိုင်ရောက်တော့ အဲဒီလူရောက်နေပြီ။ ကျွန်မက တမင် ငါးမိနစ် နောက်ကျပြီးမှ ထွက်လာခဲ့တာ။
          သူ့အသက်အရွယ်နဲ့မှ မလိုက အဖြူစပို့ရှပ် ကြောင်ကြောင်ကျားကျားနဲ့ မြင်ရတာနဲ့ အော်ဂလီဆန်လာတယ်။ သူကများ အစွမ်းကုန် ပြုံးပြလို့။ သူ့ရှေ့မှာ ကော်ဖီတစ်ခွက်၊ ကျွန်မက မမှာတော့မယ့်ဟန်နဲ့ စားပွဲထိုးလေးကို လက်ကာပြလိုက်တယ်။
          "ကျွန်မက ဖွေး အဒေါ်ပါ"
          "ဟုတ်ကဲ့ ခင်ဗျ၊ တွေ့ရတာ ဝမ်းသာပါတယ်။ ဖွေးက အမြဲပြောတဲ့အထဲ သူ့အဒေါ် အကြောင်း အမြဲပါတယ်"
ကျွန်မ စိတ်တိုမိတယ်။ ဖွေးနဲ့ သူနဲ့ကပဲ အမြဲတွေ့နေသလို။
"ဘာကိစ္စများ ရှိလို့လဲ မသိဘူးနော်"
"ပြောမှာပါ ကျွန်မက ရှင်နဲ့ မိတ်ဆွေဖြစ်ဖို့ လာတာမဟုတ်ဘူး"
"ဗျာ"
"ဟုတ်တယ်၊ ရှင့်ကို ဘယ်တုန်းကမှ မိတ်ဆွေဖြစ်ဖို့ မရည်ရွယ်ဘူး။ ခုပိုသေချာသွားပြီ။ ကျွန်မ ပိုးမွေးသလို မွေးထားတဲ့ တူမလေးဟာ ကျွန်မ သမီးပဲ။ သူဟာ ခုအရွယ်မှာ ကျောင်းသူ နုနုထွတ်ထွတ်လေးပဲ ရှိသေးတယ်။ ရှင်တို့လို သက်တမ်းရင့်ရော်နေတဲ့ ကြောင်အိုတွေရဲ့ အစာရှာရမယ့် သူတွေ မဟုတ်ဘူး"
"နေပါဦး ခင်ဗျား ဘာတွေပြောနေတာလဲ"
"ဒီမှာ ရှင် ဖွေးကို ပေးခဲ့တဲ့ ဒီအခွေက ဘာသဘောလဲ။ ရှင် ဖွေးလို မိန်းကလေးကို ဘယ်လိုအမျိုးအစား မှတ်နေလို့လဲ။ ကျွန်မ အုပ်ထိန်းမှုအောက်မှာ သူ နေရတာပါ။ ရှင့် အခွေပေါ်မှာ ရှင့်လက်ရေးနဲ့ ရေးထားသလို 'မိန်းမဇာတ်ကြမ်းအက်ရှင်' ကား ဟုတ်ရဲ့လား။ ဒီအခွေကို ရှင့်သမီး အပျိုပေါက်လည်း ကြိုက်မှာပဲ။ ရှင့်သမီးကိုပဲ အစအဆုံး ပေးကြည့်လိုက်ပါ။ အဲဒါ ရှင့်အတွက် ပိုပြီး သစ္စာရှိလိမ့်မယ်"
ဒီကိစ္စရဲ့ နောက်ပိုင်းမှာ ကျွန်မ ဖွေးဖုန်းတွေကိုလည်း စစ်ရတော့တယ်။ ဖုန်း Message လေးတောင် ဖွင့်ရမှာ ပျင်းတဲ့ ဖွေးကတော့ ဘာမှ မသိရှာဘူး။
ကျွန်မ ရှင့်ရဲ့ Message တချို့ကို တွေ့တယ်။ အဲဒီလို ယုတ်မာ ရိုင်းစိုင်းတဲ့ Sex ဆန်တဲ့ စကားလုံးတွေကို ရှင့်သမီးဖုန်းထဲ ပြန်ပို့ပေးလိုက်ပါ။ ကျွန်မတို့အပေါ် ရိုင်းရင် ကျွန်မတို့ကလည်း ပြန်တုံ့ပြန်ရမှာပဲ။ ရှင်ဟာ အရေခြုံထားတဲ့ မုဆိုးတစ်ယောက်လိုပဲ။ ကောင်းတဲ့ မုဆိုးတွေရှိရင်တောင် နှိုင်းရတာ မုဆိုးသိက္ခာ ကျသေးတယ်။ ရှင်တို့လို ယောက်ျားသားတွေ များများရှိလေ ကျွန်မတို့ မြန်မာနိုင်ငံကြီး ပျက်စီးလေ ဖြစ်မှာပဲ။ ရှင်ကို နောက်ဆုံး ပြောလိုက်မယ်။ ဖွေး အပါအဝင် ကျွန်မတို့ အသိုင်းအဝိုင်းနဲ့ ဘယ်တော့မှ လာမပတ်သက်ပါနဲ့။ ရှင့်ဟာရှင် ပိုက်ဆံတွေ ဘယ်လောက်ချမ်းသာ၊ ချမ်းသာ ဦးနှောက် အတွေးအခေါ် ဘယ်လောက်ရှိရှိ၊ ဥာဏ်ပညာ ဗဟုသုတဘယ်လောက်ရှိရှိ စိတ်ရင်းစိတ်ထား မဖြူစင်တဲ့သူဟာ အလကားပဲ။ လူသိမ်၊ လူမွှားပဲ။ ဖွေးလေးအတွက်တော့ ယောက်ျားသားတွေနဲ့ ပတ်သက်ပြီး သင်ခန်းစာ ကောင်းကောင်းရလိုက်ပါတယ်။ ဖွေးတင်မကပါဘူး။ မြန်မာစာကို ဖတ်နိုင်တဲ့ မြန်မာပြည် တစ်နံတစ်လျားက မိန်းကလေးတွေအတွက် ရှင့်လို ယောက်ျားသားတွေ ရှိတဲ့အကြောင်း ကျွန်မ စာတစ်ပုဒ်တော့ ဖြစ်ဖြစ်မြောက်မြောက် ရေးရဦးမယ်။
"ခင်ဗျား ဘယ်သူလဲ"
"စာရေးဆရာမပဲ"
ကျွန်မ ပြောပြောဆိုဆို ဝုန်းခနဲ အသံမြည်အောင် ထိုင်ခုံက ထလိုက်ရင်း ဒေါက်ဖိနပ်သံမြည်အောင် တမင်ပဲ ကားဆီလျှောက်လာခဲ့တယ်။ ကျွန်မ ဒီကိစ္စတွေကို သိုသိပ်ထားလို့ မဖြစ်ဘူး။ ဟုတ်တယ်လေ။ ဖွေးလို အရွယ်လှလှ ဘာမှမသိသေးတဲ့ အရိုင်းလေးတွေ အများကြီးပဲ။ သူတို့လို လူတွေကြောင့် နွံထန်တဲ့ မြစ်တဲ အမှတ်တမဲ့နဲ့ ကျမသွားစေချင်ဘူး။
ဖွေးရေ… ကံကောင်းသွားပါတယ်။ ဒီလိုကိစ္စသာ မဖြစ်ခဲ့ရင် တီလေးတို့ ဒီလူ့အကြောင်းကို ဘာမှ သိခဲ့ရမှာ မဟုတ်ဘူး။ မမြင်ချင်တဲ့ မျက်နှာတွေဆိုတာ ဒီလိုပါပဲ။ တစ်ခါတစ်ရံ ထိပ်တိုက်ကို ဆုံမိတတ်တယ်။ အဲဒီလို အခါမျိုးမှာ ကိုယ့်ဘက်က အရှုံးမရှိဘဲ လိပ်ပြာလုံဖို့ပဲ အရေးကြီးတာပါ။
မေမေရှိတုန်းက မကြာခဏ ပြောခဲ့ဖူးတဲ့ 'ယောက်ျားသား ဆိုတာ' ဆိုပြီး မေမေ့အသံတွေကို ကားမောင်းရင်း ပြန်ကြားယောင်မိတော့တယ်။
ချောအိမာန် (မန္တလေး)
ရုပ်ရှင်တေးကဗျာ ရသစုံ မဂ္ဂဇင်း
အတွဲ(၂၈)၊ အမှတ်(၉)၊ စက်တင်ဘာ၊ ၂ဝ၁၂

Wednesday, October 24, 2012

လိုင်စင်

အင်္ဂလိပ်ဘာသာဝေါဟာရ Licence ကို ကျွန်တော်တို့ကလည်း 'လိုင်စင်'ဟုပဲ ခေါ်ကြသည်။ 'လိုင်စင်' ဟုဆိုလိုက်သည်နှင့် ဘာကိုဆိုလိုသလဲဆိုတာ လူတိုင်းသိသည်။ Motor Car ကို 'မော်တော်ကား' Telephone ကို 'တယ်လီဖုန်း' Internet ကို 'အင်တာနက်' စသည်ဖြင့် မြန်မာမှုပြုမွေးစားထားသော အင်္ဂလိပ်ဝေါဟာရမြောက်များစွာထဲမှာ 'လိုင်စင်' ဆိုတာလည်းပါသည်။ Licence ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ လိုင်စင် . . .ခွင့်။ ဟုဖော်ပြထားသည်။ တစ်နည်းအားဖြင့် 'လုပ်ပိုင်ခွင့်' 'တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခွင့်'ဟု ဆိုနိုင်သည်။ ဂျိမ်းစ်ဘွန်းဇာတ်ကား Licensed to kill မှာ အလွတ်စုံထောက်တွေ လူသတ်ခွင့်ရှိသည့် သဘောကိုပြောသည်။ Licensed dealen ဆိုသည်မှာ တရားဝင်ရောင်း ၀ယ်ဖောက်ကားခွင့်ရသူဟု အဓိပ္ပာယ်ရသည်။'လိုင်စင်'၏အနက်အဓိပ္ပာယ်က ရှင်းလင်းလွယ်ကူသော်လည်း သူနှင့်ဆက်စပ်သော အသုံးအနှုန်းတွေက မြောက်များလှစွာ၏။ အနုပညာရှင်တွေ၊ ကဗျာဆရာတွေ သူတို့၏ အနုပညာဖန်တီးမှု လွတ်လပ်ခွင့် ရှိခြင်းကို Artistics Licence, Poetic Licence အဖြစ်တင်စားခေါ်ဝေါ်ကြတာတွေလည်းရှိသည်။
လူတိုင်းအလွယ်တကူ သိရှိနေကြသည်ကတော့ ယာဉ်မောင်းလိုင်စင်၊ မော်တော်ကားလိုင်စင်၊ ရှေ့နေလိုင်စင်၊ ဆရာဝန်လိုင်စင်၊ အင်ဂျင်နီယာလိုင်စင်၊ ပို့ကုန်သွင်းကုန်လိုင်စင်၊ ရေဒီယိုလိုင်စင်၊ ရုပ်မြင်သံကြားလိုင်စင်၊အဆောက်အဦးဆောက်လုပ် ခွင့်လိုင်စင်၊ ဈေးရောင်းချခွင့်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်၊ ဟိုတယ်လိုင်စင်၊ မော်တော်ဆိုင်ကယ် လိုင်စင်၊ အနှေးယာဉ်လိုင်စင်၊ အသံချဲ့စက်လိုင်စင်၊ ယစ်မျိုးလိုင်စင်၊ ငွေချေးလိုင်စင် စသည် . . စသည်. . စသည်ဖြင့် လူမှုစီးပွားနယ်ပယ်အသီး သီးမှာ 'လိုင်စင်' တွေရှိကြသည်။ 'လိုင်စင်' မရှိဘဲ မည်သူမျှသက်ဆိုင်ရာ လုပ်ငန်းဆောင်တာကို လုပ်ပိုင်ဆောင်ရွက်ခွင့်မရှိ၊ 'လိုင်စင်' မရှိလျင် အရေးယူခံရမည်။ တစ်နည်းအားဖြင့် 'လိုင်စင်' သည် 'အမိန့်' ဖြစ်သလို 'အခွင့်အာဏာ' လည်းဖြစ် သည်။လိုင်စင်ရှိလျင် 'အခွင့်အာဏာ' ရှိသည်။ သူ၏လုပ်ပိုင်ခွင့်သည် တရားဝင်ဖြစ်သည်။
လိုင်စင်နည်းတူ အခွင့်အာဏာရသည့် ဝေါဟာရတစ်ခုရှိသေးသည်။ 'Permit' ဖြစ်သည်။ သည်အင်္ဂလိပ် ဝေါဟာရ Permit ကိုလည်း ကျွန်တော်တို့က 'ပါမစ်' ဟု လွယ်လွယ်ကူကူ နားလည်ပြီး သုံးစွဲကြသည်။  'ပါမစ်' ကျတော့ 'လိုင်စင်'နှင့် သဘောသဘာဝဆင်သော်လည်း သူကျတော့ အမိန့်အာဏာရသူတစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏ 'ခွင့်ပြုမိန့်' ကိုဆိုလိုခြင်းဖြစ်သည်။ 'ပါမစ်' ရထားပြီဆိုလျင် သင်သည် လုပ်ပိုင်ခွင့်ရထားသူဖြစ်ပြီး 'မော်တော်ကားပါမစ်' 'သစ်ပါမစ်' 'ဆောက်လုပ်ရေးပါမစ်' စသည်ဖြင့် ပါမစ်တွေကလည်း ကျယ်ဝန်းများပြားလှသည်။ ပါမစ် (သို့မဟုတ်) ခွင့်ပြုမိန့်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ခုခု (သို့မဟုတ်) အာဏာရှိသူ တစ်ဦးဦးထံမှ စီးဆင်းလာခြင်းဖြစ်၍ သူ့မှာလည်း ထက်မြက်သော တန်ခိုးစွမ်းရည်တွေ ရှိကြသည်။
'လိုင်စင်ရပြီလား' 'ပါမစ်ကျပြီးလား' ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သုံးနှုန်းနေကျအသုံးအနှုန်းတွေဖြစ်သည်။ တစ်ခေတ်တစ်ခါတုန်းကတော့ ဒါတွေအားလုံး 'ရွှေ' ဖြစ်သည်။ လိုင်စင်တွေ၊ ပါမစ်တွေနှင့် သူဌေးကြီး နေ့ချင်းညချင်းဖြစ် သွားကြသူတွေ ကျွန်တော်တို့ဆီမှာ မနည်းမနော။ ဒီနေ့အထိလည်း 'ရွှေ' ဖြစ်နေတုန်းပါပဲ။ ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နေပြီဖြစ်၍ ယခင်လောက် ပေါ်ပေါ်ထင်ထင် မရှိတော့သော်လည်းလိုင်စင်တွေ၊ ပါမစ်တွေက ခုချိန်ထိ အားကောင်းနေတုန်းပဲဖြစ်သည်။
မော်တော်ကားတင်သွင်းခွင့်၊ မိုဘိုင်းဖုန်း ၀ယ်ယူခွင့်ကို အလွန်တင်းအကြပ် ကန့်သတ်ထားခဲ့သည့် တစ်ချိန်က နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားသူ အတော်များများ ပေါ်ထွက်ခဲ့သည်။ အတော်များများဆိုတာက 'လူတစ်စု' ကိုဆိုလိုခြင်းဖြစ်သည်။ 'လိုင်စင်' သို့မဟုတ် 'ပါမစ်' သည် 'ငွေကြေး' ဖြစ်သည်။ တစ်နည်းအားဖြင့် 'ခွင့်ပြုချက်၊ အမိန့်အာဏာ' သည် 'ငွေကြေး' ဖြစ်ခဲ့သည်။ အမိန့် အာဏာရှိသူတစ်ဦးက ခွင့်ပြုချက်ကို ဆုပ်ကိုင်ထားပြီး မိမိပေးလိုသူကိုသာ ပေးခြင်းဖြင့် 'ပါမစ်' သို့မဟုတ် 'လိုင်စင်' တန်ဖိုးက မတန်တဆ ကြီးမားသွားခဲ့သည်။ အားလုံး သိထားပြီးဖြစ်သည့်အတိုင်း ပြည်ပမှာ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းမျှသာရှိသည့် မော်တော်ယာဉ်တစ်စီးကို ကျွန်တော်တို့ဆီမှာ သိန်းထောင်ဂဏန်းအထိ ပေါက်ဈေးဖြစ်ခဲ့တာ၊ ငွေကျပ် ထောင်ဂဏန်းမျှသာရှိသော တယ်လီဖုန်း Sim Card တစ်ခုကို ကျပ်သိန်း ၃၀၊ သိန်း ၂၀ ဖြစ်ခဲ့တာ။
ခုတော့ အတော်လေးဈေးတွေကျသွားပါပြီ၊ မော်တော်ကား တင်သွင်းခွင့် လိုင်စင်ကို အလွယ်တကူ ထုတ်ပေးလိုက်သဖြင့် ယခင်ကျပ်သိန်းထောင်ဂဏန်းရှိခဲ့သော မော်တော်ယာဉ်တွေ ရာဂဏန်းမျှနှင့် ၀ယ်နိုင်ကြပြီ။ မိုဘိုင်းဖုန်းမှာတော့ ပြောစရာ တွေကျန်နေသေးသည်။ နောက်ဆုံး ကျပ်နှစ်သိန်းမှာ တန့်နေဆဲဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေတွေပြင်ရဦးမှာဖြစ်၍ ဈေးမပေါနိုင်သေးဆိုသော အဖြေစကားကို ကြားရသည်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့သောငါးနှစ်ကနှင့်စာလျှင် အတော်လေးဈေးပေါသွားပြီလို့ဆိုနိုင်သည်။ ခုဆိုလျင် 'မော်တော်ယာဉ်အရောင်းပြခန်း'တွေက ဘက္ထရီဆိုင်ကြီးတွေလိုပဲ ရန်ကုန်မြို့နေရာအနှံ့မှာ အလျိုလျိုပေါ်လာပြီဖြစ်သည်။ ကြိုက်ရာမော်တော်ကားကိုသာ ၀ယ်ယူစီးနင်းကြပေတော့။ မြန်မာ ပြည်စီးပွားရေး ပုံသဏ္ဌာန်ကသည်လိုပဲ ဖြစ်သည်။ မော်တော်ကားဆိုလျင် မော်တော်ကား။ အိမ်ခြံမြေဆိုလျင် အိမ်ခြံမြေ။ ရွေ့နေသည်။
'လိုင်စင်' အကြောင်းပြောရလျင် ပွင့်လင်းမြင်သာမှု (Tranparency) မရှိခဲ့သော တစ်ချိန်ကပေးခဲ့သော 'လိုင်စင်'တွေ'ပါမစ်'တွေကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေ ယခုအချိန်မှာပေါ်လာသည်။ မြစ်ဆုံစီမံကိန်းကို လိုင်စင်ထုတ်ပေးလိုက်ချိန်တုန်းက ကျွန်တော်တို့ ကန့်ကွက်ခွင့်မရခဲ့ကြ။ တစ်နည်းအားဖြင့် 'အသံမထွက်ရဲခဲ့ကြ' အသံထွက်ခွင့်၊ကန့်ကွက်ခွင့်ရလာသောအခါ စီမံကိန်းကအတော်ခရီးပေါက်နေပြီ။ လက်ပံတောင်းတောင် ကိစ္စမှာလည်း သည်လိုပဲဖြစ် သည်။ အာဏာပိုင်အဖွဲ့အစည်းတွေက ပြည်သူ့ဆန္ဒအမှန်ကို အသေအချာမမေးမြန်းဘဲ ကိုယ့်သဘောနှင့်ကိုယ်စာချုပ်ကာ လုပ်ပိုင်ခွင့်ပေးခဲ့ရာ ယခုတော့ဖြေရှင်းရခက်နေပြီ။ လယ်ယာမြေပြဿနာများ နေရာအနှံ့မှ အသံထွက်လာခြင်းမှာ ဟိုတစ်ချိန်တုန်းက မပွင့်လင်းခဲ့၍ ဖြစ်သည်။
သစ်တောကြီးများ ပြုန်းတီးသွားခဲ့ရသည်။ အဖိုးတန် ကျောက်သံပတ္တမြားတွေ တူးယူသွားကြသည်။သဘာဝသယံဇာတတွေကို အောက်ဈေးနှင့် စာချုပ်ယူသွားကြသည်။ သည်လိုထုတ်ယူသွားဖို့ လိုင်စင်တွေ၊ ပါမစ်တွေကို အာဏာရှိသူတွေက ထုတ်ပေးခဲ့ကြသည်။
မြိုးမြိုးမြက်မြက်ရရှိနိုင်သော စီးပွားရေးခွင့်အားလုံးကို အာဏာရှိသူက သူတို့နှစ်သက်သဘောကျသူများအား လုပ်ပိုင်ခွင့်(တစ်နည်းအားဖြင့်) လိုင်စင်ချပေးခြင်းဖြင့် သီးခြားလူတန်းစားတစ်ရပ် ပေါ်ထွက်ခဲ့သည်။ သူတို့သည် ဘီလ်ဂိတ်လို၊ ရူးပတ်မား ဒေါ့လို၊ လီကာရှင်းလို စီးပွားရေး ပြိုင်ဆိုင်မှု ဘီလျံနာဖြစ်လာကြသူတွေမဟုတ်။ နေ့ချင်းညချင်း ပေါ်ထွက်လာသော ခေတ်သစ် မီလျံနာတွေ ဖြစ်သည်။ Market Economy ၏ သဘောသဘာဝမှာ Free and Fair Competition ကိုအခြေခံသော်လည်း သူတို့သည် 'လုပ်ပိုင်ခွင့်တည်း' ဟူသော တစ်ဖက်သတ် Advantage ဖြင့် ဈေးကွက်ကို အသာစီးရယူနိုင်ခဲ့ကြသည်။ ယခုတလော တွင်ကျယ်လာသည့် ဝေါဟာရမှာ (Crony) 'ခရိုနီ' ဆိုတာလည်းပါဝင်သည်။ ပြည်ပရင်း နှီးမြှုပ်နှံမှုတွေ ၀င်လာတော့မည်ဟု ဆိုသောအခါ ထိတ်ထိတ်ပျာပျာဖြစ်ကြသူတို့မှာ 'ခရိုနီ'တွေပဲဖြစ်သည်။ အမြဲတမ်း လုပ်ပိုင်ခွင့်တွေ၊ ပါမစ်တွေ လိုင်စင်တွေနှင့် အသာစီးယူပြီးမှ အလုပ်လုပ်တတ်သူတွေ အသာစီးမရတော့မှာစိုးရိမ်ကြသည်။

'လိုင်စင်ရပြီလား' 'ပါမစ်ကျပြီးလား' ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သုံးနှုန်းနေကျအသုံးအနှုန်းတွေဖြစ်သည်။ တစ်ခေတ်တစ်ခါတုန်းကတော့ ဒါတွေအားလုံး 'ရွှေ' ဖြစ်သည်။ လိုင်စင်တွေ၊ ပါမစ်တွေနှင့် သူဌေးကြီး နေ့ချင်းညချင်းဖြစ် သွားကြသူတွေ ကျွန်တော်တို့ဆီမှာ မနည်းမနော။ ဒီနေ့အထိလည်း 'ရွှေ' ဖြစ်နေတုန်းပါပဲ....



ကာလအတိုင်းအတာတစ်ခုအထိ မြန်မာပြည်စီးပွားရေးက 'လိုင်စင်' စီးပွားရေးဖြစ်ခဲ့သဖြင့် လူတစ်စုချမ်းသာပြီး လူအများစု ဆင်းရဲမွဲတေခဲ့ရသည်။ ယခု ပွင့်လင်းမြင်သာသော ခေတ်ရောက်လာပြီဖြစ်၍ လိုင်စင်စီးပွားရေး ယခင်ကလောက်အလုပ်မဖြစ် တော့။ အပေါ်ပိုင်းအုပ်ချုပ်ရေးအဖွဲ့က 'ပြုပြင်ပြောင်းလဲရေး'တွေလုပ်နေပြီမို့ ဧရာမလိုင်စင်ကြီးများလက်သိပ်ထိုးပေးမှုမရှိတော့သော်လည်း အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေကတော့ 'လိုင်စင်'တွေကို ကိုင်ထားတုန်းဖြစ်သည်။ ဘာလိုင်စင်ပဲလုပ်လုပ် အဖုအထစ်တွေ၊ ကြိုးနီစနစ်တွေ ရှိနေတုန်း။
ကိုယ်ကစာပေသမားတစ်ဦးဖြစ်သဖြင့် ထုတ်ဝေခွင့်လိုင်စင်လေးတစ်ခုတော့လိုချင်သည်။ သတင်းလွတ်လပ်ခွင့်တွေရှိလာပြီး အများတကာ 'သတင်းဂျာနယ်'တွေ အလျိုလျိုထုတ်နေတာမြင်တော့ ကိုယ်လည်းသတင်း ဂျာနယ်ထုတ်ချင်သည်။ ကိုယ်က လုပ်တတ်၊ ကိုင်တတ်၊ တည်းဖြတ် ထုတ်ဝေတတ်ပါလျက် ကိုယ့်လောက်အတွေ့အကြုံမရှိသေးသူတွေက ဟောတစ်စောင်၊ ဟောတစ်စောင် ထုတ်ဝေနေတာမြင်တော့ အားမလို အားမရဖြစ်မိသည်။ ထုတ်ဝေခွင့်ရဖို့ဆိုတာ 'လိုင်စင်'လိုသည်။ လိုင်စင်လိုသဖြင့် လွန်ခဲ့သည့် သုံးလက ထုတ်ဝေခွင့်လိုင်စင်တစ်ခု လျောက်ထားခဲ့သည်။ ခေတ်ကြီးကပွင့်လင်းလာပြီဆိုတော့ အခက်ခဲမရှိရလိမ့်မည်ဟုပဲ ထင်ခဲ့သည်။ သက်ဆိုင်ရာ တာဝန်ရှိသူက ခေါ်ယူမေးမြန်းပြီးဖြစ်၍ လွန်ခဲ့သည့် နှစ်လကတည်းက ပြန်ဆက်သွယ်မလား စောင့်နေခဲ့သည်။ ယခုအချိန်အထိ ဘာအဆက်သွယ်မျှမရ။ မနေနိုင်သဖြင့် မှတ်ပုံတင်ဌာနကို လူကိုယ်တိုင်သွားမေးရာ မကျသေးဘူးဟု ဖြေသည်။ 'ကျရင် သမီးတို့ ဖုန်းဆက်လိုက်ပါ့မယ်'ဆို၍ ပြန်လာခဲ့ရသည်။သည်ကြားထဲ ကိုယ်မသိသော အမည်နာမအသစ်တွေနှင့် ဂျာနယ်အသစ်တွေ ထပ်ထွက်လာတာမြင်တော့ အံ့သြရသည်။ ကိုယ်ကပဲညံ့နေသလား။ ရသူတွေရနေပြီး မရသူတွေ မရဆိုတာမျိုးက ဒီခေတ်ကြီးမှာ မရှိနိုင်တော့ဘူးဟုထင်သည်။ ကိုယ်ပဲ မှားနေသလား။
'ရှင့်လောက်မိတ်ဆွေအပေါင်းသင်းများတာ ရှင်ပဲရှိတယ်။ ခုထိ ဘာတစ်ခုမှ အဆင်ပြေအောင်မလုပ်နိုင်သေးဘူး'ဆိုပြီး အိမ်ကမိန်းမကပြောသလို ကိုယ်ကိုယ်တိုင်ကပဲ ညံ့တာဖြစ်မှာပါ။ စာပေလောကမှာ နေရာကောင်းကောင်းရထားပြီဖြစ်သော မိတ်ဆွေအယ်ဒီတာ တစ်ဦးပြောခဲ့သောစကားကို ယခုချိန်မှာ ပြန်အမှတ်ရသည်။ သူကခေတ်အခြေအနေကိုလိုက်ပြီး အရောင်ပြောင်းကာ ကိုယ့်အခွင့်အရေးကို မရရအောင်ယူတတ်သူဖြစ်သည်။
'ပေးတုန်းယူထားနော် သူငယ်ချင်း ... ဒီအစိုးရကသိတယ်မဟုတ်လား ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ နောက်ဆိုပေးချင်မှပေးတော့မှာ။'
သူပြောတာဟုတ်သည်။ ပြီးခဲ့သည့် နှစ်နှစ်ကျော်လောက်က ထုတ်ဝေခွင့်လိုင်စင်တွေချပေးခဲ့သည်။ အပြောင်းအလဲ ဖြစ်ခါစကာလ။ ထိုစဉ်တုန်းက အေးတိအေးစက်နေခဲ့ပြီး လိုင်စင်တစ်ခု မလျောက်ထားမိခဲ့။ လျောက်ထားသူတွေကတော့ ရကြသည်။ တကယ်ဆန္ဒရှိပြီး လျောက်သောအခါမှာတော့ ယခင်ကလို အလွယ်တကူမရတော့ပါ။ ယခုစနစ် ပြောင်းသွားပြီမို့ ရနိုင်မည် ထင်ခဲ့သော်လည်း မျှော်နေရတုန်း ဖြစ်သည်။
ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရတော့မည်။ အခွင့်အရေးကို အသုံးမချတတ်သူ။ အခွင့်အရေးကို ရအောင်မယူတတ်သူ။ ငယ်စဉ် လူမှန်းသိတတ်စအရွယ်တုန်းက ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ထဲမှာ ဆင်လှည်းစီးခဲ့တာကို သတိရမိသည်။ ဆင်ဆွဲသော လှည်းပေါ်သို့ ကလေးတွေ အလုအယက်တက်ကြရာမှာ ကိုယ်က ကိုယ့်ရှေ့မှာ ထိုင်ခုံလွတ်ရှိနေလျက်နှင့် ငေးကြောင်ကြည့်နေသဖြင့် တခြားကလေးတွေ တိုးဝှေ့နေရာယူ သွားသောကြောင့် နေရာမရဘဲ ဆင် ဆွဲလှည်းပေါ်မှာ တစ်ယောက်တည်း မတ်တပ်ရပ်ပြီး လိုက်ပါခဲ့ရသည်။ လှည်းပေါ်ကဆင်းတော့ အဒေါ်တွေ၊ အစ်မတွေက ''တော်တော်အတဲ့ အကောင်''ဆိုပြီးအပြစ်တင်ကြသည်။ ဘ၀မှာ သည်လိုမျိုးအခွင့်အရေးဆုံးရှုံးခဲ့တာ ဘယ်လောက်များပြီလဲ မပြောတတ်။ ယခုလည်း သည်အတိုင်းပဲ ဖြစ်လိမ့်မည် ထင်ပါသည်။

http://www.news-eleven.com

မင်းပြား၊ မြောက်ဦး၊ကျောက်ဖြူမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ ၀င်အင်အားမြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ညွှန်ကြားထား

ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူမြို့နယ်များတွင် အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့်တိုးမြှင့် ခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတမှ အောက်တိုဘာလ ၂၄ ရက် နေ့ ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေး (မှူးဇော်)၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မင်းပြား၊ ကျောက် ဖြူနှင့် မြောက်ဦးမြို့နယ် များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်သက်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း သို့ရာတွင် လက်ရှိဖြစ်ပွား လျက်ရှိသောအခြေအနေများအရ ထိ ရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများ အဓိကဖြစ်ပွားလျက်ရှိသော မြို့ နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင် အားမြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများဆောင်ရွက်ရန် သမ္မတမှ ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၄ ရက် နေ့နံနက်ပိုင်းက မြောက်ဦးမြို့တွင် မြောက်ဦးနှင့် မင်းပြားမှ သံဃာတော်များ အပါအ၀င် အင်အားလေးသောင်းခန့် စုစည်း၍ ဘင်္ဂါလီများကို တိုက် ခိုက်ရန်စီစဉ်ခဲ့သည်မှာ မှန်ကြောင်း သို့ရာတွင် ပြည်နယ်အစိုးရတာဝန်ရှိ သူများ၊ တပ်မတော်နှင့်လုံခြုံရေးတပ် ဖွဲ့ဝင်များ၊ ဆရာတော်သံဃာတော် များ၊ ရခိုင်တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီဝင်များနှင့် မြို့မိမြို့ဖများ ၏ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိပြီ ဖြစ်ကြောင်းလည်း ဦးဇော်ဌေး(မှူးဇော်)က ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် လည်း ဘင်္ဂါလီအမျိုးသမီးများက ရခိုင် တိုင်းရင်းသားများ၏ နေအိမ်များသို့ မီးကွင်းများဖြင့် စတင်ပစ်ခတ်ရာမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး အပြန်အလှန် မီးရှို့မှုများဖြစ်ပွားခဲ့ကြောင်း ယင်းနေ့ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၀င်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ကိုလည်းဖော်ပြထားပြီး အဆိုပါဖြစ်စဉ်ကြောင့်လူသေဆုံးမှု မရှိ သော်လည်း ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိ ကြောင်း ဘင်္ဂါလီအချို့သည် လှေများ ဖြင့်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြ ထားသည်။
ရခိုင်ပြည်နယ်မင်းပြားမြို့နယ် အတွင်းရှိကျေးရွာအချို့တွင် အောက်တို ဘာလ ၂၁ ရက်နေ့  ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှ စတင်ပြီး လူနေအိမ်များ အား မီးရှို့ဖျက်ဆီးမှုများ စတင်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် များတွင် ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ နယ်တွင် အောက်တိုဘာလ ၂၃ ရက် နေ့မှစတင်၍ ဆူပူအကြမ်းဖက်မီးရှို့မှု များဖြစ်ပွားခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုး ရအဖွဲ့မှ ပဋိပက္ခများထပ်မံမဖြစ်ပွားစေ ရေးတို့အတွက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့ည ၈ နာရီရုပ်မြင်သံကြား သတင်းတွင် ကြေညာချက်အရသိရှိရပါ သည်။
ရခိုင်ပြည်နယ်ကျောက်ဖြူ မြို့နယ် ရပ်ကွက်နှစ်ခုအတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီအချိန်မှစတင်ပြီး လူစုလူဝေးများက လူနေအိမ်များအား မီးရှို့ဖျက်စီးမှုများကြောင့် ပဋိပက္ခဖြစ် ပွားမှုများစတင်ခဲ့ရာ ၀ိုင်းဝန်းထိန်းသိမ်း နိုင်ခဲ့သဖြင့် အောက်တိုဘာလ ၂၄ ရက် နေ့နံနက်တစ်နာရီခန့်တွင် လူစုကွဲသွား ခဲ့ကြောင်း၊ အဆိုပါမီးရှို့မှုဖြစ်စဉ်ကြောင့် အိမ်ခြေ ၆၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကြေညာချက်အရ သိရသည်။
ဆက်လက်၍အောက်တိုဘာလ ၂၄ ရက်နေ့နံနက် ၈ နာရီ အချိန်တွင် အဆို ပါရပ်ကွက်နှစ်ခု၌ပင် ထပ်မံ၍ဆူပူ အကြမ်းဖက်မီးရှို့မှု ဖြစ်စဉ်များဖြစ်ပွားခဲ့ ရာ ညနေ ၃ နာရီအချိန်အထိအိမ်ခြေ ၇၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရကြောင်း၊ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သတင်းကြေညာချက်အရ သိ ရသည်။
ယင်းဖြစ်ပွားရာနေရာများသို့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများမှ သွားရောက်ပြီး ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးလုပ် ငန်းများ တရားဥပဒေစိုးမိုးရေး ပြန်လည် တည်ငြိမ်ရေးနှင့်ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးတို့အတွက် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းကြေညာချက်အရ သိရသည်။
အောက်တိုဘာ၂၁မှ၂၄ရက်နေ့ထိ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် အိမ်ခြေပေါင်း ၁၀၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
http://www.news-eleven.com

တစ်ရွာနှင့် တစ်ယောက် ပြဿနာ တက် နေသော အေးရှားဝေါလ် ကုမ္ပဏီ



Asia Worldလုပ်ငန်းများတွင် လက်ခွဲ ဆပ်ကန်ထရိုက်တာများ အဖြစ် ဆောင် ရွက်နေ ကြသော အသေးစား တိုင်းရင်းသား လုပ်ငန်းရှင် ဆယ်ဦးသည် အဓိက ကန်ထရိုက်ရရှိထားသည့် အေးရှားဝေါလ် ကုမ္ပဏီ နှင့် လုပ်ငန်း လုပ်ကိုင်ရခြင်းကြောင့် အဆင်မပြေ မှုများကို ကြုံတွေ့နေရခြင်းအား လွန်ခဲ့သော အင်္ဂါနေ့က ရန်ကုန်မြို့ စီးတီးဟော်တယ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် ကြွေးကျန်သိန်းပေါင်း ၁၀ဝ၀ဝ ကျော်ရှိကြောင်းနှင့် ငွေကြေးပေးမှုမပြုသည်မှာ ၁၇ လတာမျှကြာပြီဖြစ်ကြောင်း ကြွေးရှင် ၁၀ ဦးက တင်ပြပြောကြားခဲ့ကြသည်။ အေးရှားဝေါလ်နှင့် ထိုလက်ခွဲဆပ်ကန်ထရိုက်၁၀ ဦးလုပ်ကိုင်ခဲ့သည့် လုပ်ငန်းပမာဏ စုစုပေါင်းတန်ဖိုးမှာ သန်း ၃၀ဝ၀ဝ ကျော်အထိပင်ဖြစ်သည်။ြွေကးကျန်ပမာဏမှာ ၃၅ ရာခိုင်နှုန်းမျှဖြစ်ပြီး ထိြုွေကးကျန်ကို လာမည့် တစ် နှစ်တာကာလအတွင်းမှာ အပြီးပေးချေပါမည်ဟု အေးရှားဝေါလ်ကုမ္ပဏီ၏ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။ ထိုသို့ ငွေကြေးအခက်အခဲ ကြုံနေသော အေးရှားဝေါလ် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အကြီး မားဆုံးနှင့် လုပ်ငန်းအမျိုးမျိုး အလုပ်ဆုံးကုမ္ပဏီ ကြီးတစ်ခုပင်ဖြစ်သည်။
အေးရှားဝေါလ်သည် စက်မှုဖွံ့ဖြိုးရေး ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၊ သွင်းကုန် ထုတ်ကုန် ကဏ္ဍနှင့် ဒေသတွင်းကုန် တိုက်များ ဖွင့်လှစ်မှုအထိ ကဏ္ဍပေါင်းစုံတွင်ပါ လုပ်ကိုင်နေသည်။ မြန်မာ နိုင်ငံတွင် စင်ကာပူမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေ ကြေးပမာဏ ( ၂၀ဝ၀ ပြည့်နှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ . ၃ ဘီလီယံရှိခဲ့သည်) ထက်ဝက်မှာ အေးရှားဝေါလ်လုပ်ငန်းများမှ ဖြစ် သည်။ ကုမ္ပဏီတည်ထောင်သူ လော်စစ်ဟန်သည် တိုင်းရင်းသား ကိုးကန့်-တရုတ်လူမျိုးတစ်ယောက် ဖြစ်သည်။ အေးရှားဝေါလ်အုပ်စုမှ နောက်ထပ် ကုမ္ပဏီ ၁၀ ခုကို လောစစ်ဟန်၏သား စတီဗင် လော၏ဇနီး စင်ကာပူနိုင်ငံသူ စီစစ်လာနု (Cecilia Ng )က ပိုင်ဆိုင်သည်။ အေးရှားဝေါလ်၏ လက်ခွဲကုမ္ပဏီခြောက်ခု တွင် အလုံ သင်္ဘောကျင်း၊ အေးရှားလိုက်၊ အေးရှား ဝေါလ်ကုမ္ပဏီ၊ အေးရှားဝေါလ် စက်မှုလုပ်ငန်းများ၊ အေးရှားဝေါလ်ဆိပ်ကမ်းအုပ်ချုပ်ရေးနှင့် လီယိုအ မြန် ခရီးသည်တင်ယာဉ်လုပ်ငန်းများပါဝင်သည်။ နေပြည်တော်အပြင် အမျိုးသားအထိမ်း အမှတ် ဥယျာဉ်တည်ဆောက်ရန် ကန်ထရိုက်ရ ခဲ့သော အဓိကကုမ္ပဏီနှစ်ခုတွင် အေးရှားဝေါလ် ကုမ္ပဏီပါဝင်သည်။ (အခြားကုမ္ပဏီတစ်ခုမှာ ထူး ကုမ္ပဏီများ အုပ်စုဖြစ်သည်) အေးရှားဝေါလ်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖွင့်လှစ် သော နေပြည်တော်လေယာဉ်ကွင်းကို တည် ဆောက်ရန်အတွက် စင်ကာပူကုမ္ပဏီတစ်ခုဖြစ် သော CPG Consultants ကုမ္ပဏီမှ နည်းပညာ အကူအညီရယူခဲ့သည်။ ကုမ္ပဏီသည် တရုတ်ကုန်သွယ်ရေးလမ်း ဟောင်းကြီးဖြစ်သော မြန်မာပြည်လမ်းမကြီးကို ပြုပြင်၇န် အစိုးရနှင့် BOT စနစ်အရ သဘောတူ ညီချက်ရပြီးနောက် ၁၉၉၈ ခုနှစ်ကတည်းကပင် ထိုလမ်းမကြီးတစ်လျှောက် အကောက်ခွန်ဂိတ် များကို ကိုင်တွယ်ခဲ့သည်။ ထိုအမေရိကန်ဒေါ်လာ ၃၃ သန်းတန် စီမံကိန်းသည် ရှမ်းပြည်နယ်နှင့် တရုတ်ပြည်ကို ဆက်သွယ်ပေးသည်။ ၂၀ဝ၀ ပြည့်နှစ်တွင် အေးရှားဝေါလ်သည် ပုသိမ်မြို့ဆိပ်ကမ်းနှင့် ငွေဆောင်အပန်းဖြေကမ်းခြေ ကို ဆက်သွယ်ပေးသော လမ်းမကြီးတစ်ခု ဖောက် လုပ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်၊ ဇွန်လတွင်မူ အေးရှားဝေါလ် သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူရှိ မဒေးကျွန်း တွင် ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်မည် ဟု ကြေညာခဲ့သည်။
အေးရှားဝေါလ်သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တိုးချဲ့ရေးစီမံကိန်းတွင် ပါဝင်ခဲ့ ပြီး အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးသည်နား နေဆောင် ( ၂၀ဝ၇ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ သည်)နှင့် လက်ရှိပြေးလမ်းများ တိုးချဲ့ရေးလုပ်ငန်း (၂၀ဝ၈ ခုနှစ်၊ ဇူလိုင်လတွင် အပြီးသတ်ခဲ့သည်)တို့ ကိုလည်း ဆောင်ရွက်ခဲ့သည်။ အေးရှားဝေါလ်သည် ရန်ကုန်မြို့အနီး သီလဝါ အထူးစီးပွားရေးဇုန်အတွက် မြေဧက ငါးသောင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော မြန်မာကုမ္ပဏီ၁၈ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ကုမ္ပဏီသည် စွမ်းအင်ဖွံ့ဖြိုးရေးကဏ္ဍတွင် လည်းပါဝင်သည်။ ယင်းသည် သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်ရေး လုပ်ငန်းများ တွင် မကြာမတင်ကာလက ပါဝင်လာခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရိုး တစ်လျှောက် (မြစ်ဆုံဆည်အပါအဝင်)ဆည်ပေါင်းများစွာ တည် ဆောက်ရန် ရည်ရွယ်ထားသည့် China Power Investment Corporation နှင့်လည်း ဖက်စပ်မှုပြု ထားသည်။ ရန်ကုန်တွင်မူ ကုမ္ပဏီသည် ကုန်တိုက်ကြီး အိမ်ရာတိုက်ခန်းများနှင့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများတွင် ရှယ်ယာများပါဝင်သည်။ ကမ်း နားလမ်းကို အဆင့်မြင့်ပြုပြင်ရန် ၂၀၁၁ ခုနှစ် တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီနှင့် ဖက်စပ်ပေါင်းစည်းခဲ့သည်။ ကုမ္ပဏီသည် အထည်ချုပ်လုပ်ငန်းများ၊ ဘီယာထုတ်လုပ်ရေး လုပ်ငန်း(တိုက်ဂါးဘီယာ)၊ စက္ကူစက်လုပ်ငန်းများ၊ စားအုန်းဆီလုပ်ငန်းများနှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်ခဲ့ သည်။ အေရှားဝေါလ်သည် ၂၀ဝ၀ ပြည့်နှစ် ကတည်းကပင် အလုံမြို့နယ်တွင် ဆိပ်ကမ်း တစ်ခုကို ကိုင်တွယ်လာခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် အေရှားဝေါလ်၏ လော်စစ် ဟန်သည် ရန်ကုန်မြို့တွင် ကုန်သည်ကြီးများ ဟိုတယ် (Trader Hotel)) တည်ဆောက်ရန် ရှန်ဂရီလာဟိုတယ်များနှင့် ရီဆော့စ်ရောဘတ်ကိုစ့် နှင့် ပူးပေါင်းခဲ့သည်။
အေရှားဝေါလ်သည် Trader Hotel ၏ ရှယ်ယာဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင် သည်။ ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် အစိုးရသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ခရီးသည် ဝန်ဆောင်မှုလုပ်ငန်းများ အုပ်ချုပ်ရေးအပြင် ထွက်ခွာခွင့် ကောက်ခံမှုအပါအဝင် လုပ်ငန်းအဝ၀ ကို အေးရှားဝေါလ်အား လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် အေးရှာဝေါလ် သည် သီလဝါနှင့် ရန်ကုန်ဆိပ်ကမ်းတို့တွင် ဆိပ်ခံတံတား ၁၃ ခု တည်ဆောက်ရန် ကန် ထရိုက်ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် အေး ရှားဝေါလ်သည် Italthai Industrial Group စီးပွားရေးအုပ် စုကဆောင်ရွက်နေသော ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင်သော ရင်းနှီး မြှုပ်နှံသူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ မြန်မာနိုင်ငံအတွင်းသို့ လောင်စာဆီ တင် သွင်းရောင်းချရန်လိုင်စင်ကို ၂၀၁၁ ခုနှစ်၊ ဩဂုတ် လတွင် အစိုးရကချပေးခဲ့ရာ လိုင်စင်ရ ကုမ္ပဏီ လေးခုတွင် အေးရှားဝေါလ်ကုမ္ပဏီလည်း ပါဝင် ခဲ့သည်။ စက်တင်ဘာလတွင် အေးရှားဝေါလ်၏ လက်စွဲ ကုမ္ပဏီတစ်ခုဖြစ်သော Asia Mega Link သည် ဆဲလ်လူလာဖုန်း SIMကဒ်များ ရောင်းချရန် မြန်မာနိုင်ငံစာတိုက်နှင့်ဆက်သွယ်ရေးဌာနနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
13-10-12 Wikipedia

အလှလိပ်ပြာ ဘ၀လိပ်ပြာ


အလှလိပ်ပြာ ဘ၀လိပ်ပြာမမေ့နိုင်သောဒေသ၊ မမေ့နိုင်သောဖြစ်ရပ်၊ နေရာက ရှမ်းအရှေ့တောင်ပေါ်ဒေသ မိုင်းယု အ.လ.က ကျောင်းလေး၊ တစ်နေ့သော စာသင်ချိန်၏နံနက်ခင်း။ ဟေ့ .......ကလေးတစ်သိုက် ညာသံပေးကာ၊ ကျောင်းဥယျာဉ် သို့ထွက်လာသည်။ ပန်းခြံတွင် ပျံဝဲနေသည့် လိပ်ပြာကလေးများကို လိုက်ဖမ်းကြ သည်။ ဆရာစိုး ရုံးခန်းမှထွက်ကာ- "ဟယ် တင့်တင်ပြုံးတို့၊ ရီရီ မြတ်တို့ ကလေးတွေကို မထိန်း ကြတော့ဘူးလား" ဆရာစိုးအော်သံကြောင့် ဆရာမကလေးနှစ်ဦးက ကလေးများ ကို ကျောင်းခန်းထဲပြန်ထည့်သည်။
သည်ပန်းပေါင်းစုံ ဥယျာဉ်ကလေးကို သည်ကျောင်းလေး နှင့်အတူ ဆရာစိုး တည်ထောင်ခဲ့ရသည်။ ကလေးတွေက လိပ်ပြာဖမ်းရင်း ပန်းပင်တွေနင်းချွေ သွားမှာစိုးရိမ်သည်။ ကလေးတွေက လိရှမ်း၊ အာခါ၊ လားဟူ၊ လွယ်လ၊ ဗမာစသည့် တိုင်းရင်းသားလေးတွေ။ သည်ကျောင်း မှာ ပညာရည်နို့သောက်စို့ သလို လိပ်ပြာလေးတွေလည်း ပန်းပွင့် တွေမှာနားပါစေ၊ ဒါက သဘာဝ အလှတရား၊ ဒါအဖြင့် အကျိုး တရားက ကျောင်းဘေးမှာရှိတဲ့ သူတို့မိဘတွေရဲ့ နှမ်းခင်းတွေကို လိပ်ပြာလေးတွေက ဝတ်မှုန်ကူး ပေးဦးမယ်လေ။ ဆရာစိုးက ကလေးတွေကိုချစ်သလို ဥယျာဉ် ရဲ့အလှကို ဖြည့်ဆည်းပေးသည့် လိပ်ပြာလေးတွေကိုလည်း ချစ် ပါသည်။
----------------
"အိပေါ့ကျန်"
"ဗျာ ဆရာလုံ"
"ဟိုပန်းခြံထဲမှာ လိပ်ပြာ လိုက်ဖမ်းနေတဲ့ကလေးထွားထွား ကြီးကိုခေါ်ပေးပါ"
အိပေါ့ကျန်သည် သောက်ရေအိုးစင်များကို ရေဖြည့်နေရာ မှ ပန်းခြံထဲတွင် လိပ်ပြာဖမ်းနေသော ကလေးထွားထွားကြီးကို လက်ဆွဲ၍ ရုံးခန်းသို့ခေါ်လာ သည်။ သည်ကလေးတွေ 'လိပ် ပြာမဖမ်းရ'ဟုတားမြစ်ထားပါ လျက်.........
ဆရာစိုးသည် ရုံးခန်းထောင့်က ကြိမ်လုံးကိုလှမ်းယူပြီး လက်တွင်ချိန်ဆနေမိသည်။ သည်အချိန်တွင် ကလေးကြီးက ဆရာစိုးရှေ့တွင် ငူငူကြီး ရပ်နေ သည်။ မျက်နှာက ငိုမဲမဲ့။
"လုကျိုင်း မင်းနာမည် ဘယ်လိုခေါ်လဲ''
"အိုက်စိုင်း''
"ဘယ်သူ့အတန်းကလဲ"
"ဆရာမ အီရွန်ရွက်"ဟု ဆိုကာ၊ အသံကဆက်မထွက်၊ မကြာမီ ဆရာမလေးအီရှန်ရွက် ရောက်လာသည်။
"သမီး သည်အိုက်စိုင်းက ညည်းအတန်းကဆိုပဲ။ သည် ကလေးက ဘာပြုလို့လိပ်ပြာ တွေလိုက်ဖမ်းနေရတာလဲ၊ ဒါ ကျောင်းချိန်လေ၊ ညည်းမဆုံးမ ဘူးလား"
"ဆုံးမပါတယ်ဆရာလုံ၊ ဒါ ပေမယ့် သည်ဒေသမှာက လိပ်ပြာတွေ့ အဖိုးတန်တယ်လေ"
"ရှင်းအောင်ပြောစမ်းပါဦး"
"သည်လို ဆရာလုံရဲ့ လိပ်ပြာတွေဖမ်းလို့ရရင် ရွာအရှေ့ကမ်းနားက အီမယ့်ဘိုးလာထံကို သွားရောင်းလို့ရတယ်။ အကောင်သေးရင် တရုတ်ငွေနှစ်ယွမ်၊ အကောင်ကြီးရင် သုံးယွမ်ရတယ်။ သုံးယွမ်ဆိုရင် ဆန်ပြီဝက်ရပြီ ဆရာလုံရဲ့"
"ဒါနဲ့ နေပါဦး၊ အိမယ်ဘိုးလာက သည်လိပ်ပြာတွေကို ဝယ်ပြီးဘာလုပ်သလဲ"
"သည်လိပ်ပြာတွေရဲ့ဝမ်းဗိုက်ကို ဆေးထိုးပြီးမပုတ်အောင် လုပ်တယ်။ ပြီးတော့ စုပြီးတရုတ်ပြည်ဘက်ကို သွားရောင်းတယ်။ သည်ဆေးရည်ထိုးထားတဲ့ လိပ်ပြာတွေကို တရုတ်တွေက ပရိဘောဂအလှဆင်ရာမှာ သုံးတယ်လို့ သမီးသိရတယ်"
ဆရာစိုးသဘောပေါက်လေပြီ။ "သည်ကလေးရဲ့ အခြေအနေကရောကွယ့်"
"သည်အိုက်စိုင်းကလေး အဖေက မနှစ်ကလယ်လုပ်ရင်း ပိုးထိတယ်။ ယခုလိုဆေးရုံတွေ ဘာတွေမရှိတော့ ဆုံးသွားတာပေါ့။ သူ့အမေ မုဆိုးမနဲ့အတူ၊ ညီမလေးနှစ်ယောက်နဲ့ ရွာအနောက်ပိုင်းမှာနေတယ်လေ"
ဆရာစိုး အိုက်စိုင်းမျက်နှာကို ကြည့်လိုက်သည်။ အိုက်စိုင်း မျက်လုံးအိမ်မှ မျက်ရည်ပေါက်ကြီးများ သူ့ပါးပြင်ပေါ်သို့ ကျဆင်းလာသည်။ ဆရာစိုးလက် ထဲမှ ကြိမ်လုံးက မည်သို့လွတ်ကျသွားသည်မသိ။ သည်နောက် ဆရာစိုးက အိုက်စိုင်းကိုသိမ်မွေ့ ညင်သာစွာ ပွေ့ဖက်ထားလိုက်မိသည်။
"ဆရာလုံ သားကိုမရိုက် တော့ပါဘူးကွယ်"
ဆရာလုံ=ဆရာကြီး
အိပေါ့=အဖေ
အိမယ်=အမေ
လုကျိုင်း=သား

သန်းစိုးအောင်

ဆန်ကြမ်းတစ်ဘူး ငါးရာနှင့် မြောက်ဖျားသားများ ဘဝ


ဆန်ကြမ်းတစ်ဘူး ငါးရာနှင့် မြောက်ဖျားသားများ ဘ၀"နောင်မွန်းက ပူတာအိုကို ခြေကျင် လျှောက်လာတာ သုံးရက် ကြာ တယ်။" ကချင်ပြည်နယ် နောင်မွန်းမှ ပူတာအိုသို့ ၇၄ မိုင် ခရီးကို ၃ ရက်ကြာ ခြေလျင်ခရီးနှင်လာခဲ့ သည့် အသက်(၇၂)နှစ်အရွယ် လီဆူး တိုင်းရင်းသားကြီး ဦးထုံဖူးရင်က တုန်ယင်နေသော အသံဖြင့် ဖွင့်ဟ ပြောဆိုခြင်းဖြစ်သည်။ သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့ နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေ ဒနာရှင်များကို အခမဲ့ ဆေးကုသ ပေးမည့် သတင်းကို ကြားသဖြင့် အခမဲ့ မျက်စိစမ်း သပ်ခွင့် ရရေး အရွယ်နှင့်မမျှ ခရီးရှည်နှင်လာရ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ မြောက်ဘက် အစွန်ဆုံး ခရိုင်ရုံးစိုက်ရာဖြစ် သော ပူတာအိုဒေသမှာ လမ်း ပန်းဆက်သွယ်ရေး ခက်ခဲလှပြီး မြစ်ကြီးနားလမ်းကိုသာ အားထား နေရသည်။ သူတို့ဒေသ၏ တစ်ခု တည်းသော ကုန်းလမ်းထွက် ပေါက်ဖြစ်သည့် မြစ်ကြီးနားလမ်း မှာ အစိုးရနှင့် ကေအိုင်အေကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လွန်ခဲ့သော ခြောက်လခန့်မှစ၍ ပိတ်ထားခဲ့ရသည့်အတွက် လေ ကြောင်းဆက်သွယ်ရေးသည်သာ အသက်ဆက်ရာ ဖြစ်လာတော့ သည်။ နောက်ဆက်တွဲအကျိုးဆက် အဖြစ်ပူတာအိုဒေသတွင် မကြုံ စဖူး ကုန်ဈေးနှုန်းများ မြင့်တက်လာ ရသည်ဟု ဒေသခံများက ပြော သည်။
"ထမင်းက အမြဲမစားနိုင် ဘူး။ တောထဲဝင်ပြီး ပိန်းဥတို့၊ သစ် မြစ်တို့ ရှာပြီးပြုတ်စားတယ်" ဟု မချမ်းဘောမြို့နယ်မှ ရဝမ် တိုင်းရင်းသားကိုနောမင် ကပြောသည်။ ပူတာအို မြစ်ကြီးနားလမ်း ကို ပိတ်ထားခဲ့ရသည့်နောက်ပိုင်း ကုန်စည်များကို လေယာဉ်ဖြင့် သာ သယ်ယူရခြင်း၊ ဒေသတွင်း စိုက်ပျိုးနိုင်သည့် မြေလွတ်မြေရိုင်း နည်းပါးခြင်းတို့အပြင် ရာသီဥတု ကြောင့်လည်း ယခုကဲ့သို့ အဆိုး ဝါးဆုံး အခြေအနေကို ကြုံတွေ့ရ ခြင်း ဖြစ်ကြောင်း သိရသည်။ "မနှစ်က နေအရမ်းပူတယ်။ ဒီနှစ်ကျ မိုးအရမ်းများတယ်။ ထွက် နှုန်းမကောင်းဘူး" ဟု မူလာ ရှီးဒီ၊ ရွာသားတစ်ဦးကပြော သည်။ ခန္တီးလွင်ပြင်ဟု ထင်ရှား သော ပူတာအိုဒေသတွင် လက်ရှိ ကုန်ဈေးနှုန်းများမှာ ပြည်မထက် ငါးဆခန့်မြင့်တက်နေသည်ဟု အစိုးရဝန်ထမ်းများက ပြောသည်။
"ဒေသဆန်တစ်ဘူးကို ငါးရာ၊ မုန့် ညင်းဆီ တစ်ပိဿာငါးထောင်၊ ရေသန့်တစ်ဘူး တစ်ထောင်" ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။ နောက် ဆက်တွဲအကျိုးဆက် အဖြစ် ပူတာအိုဒေသတွင် မကြုံစဖူး ကုန်ဈေးနှုန်းများ မြင့်တက်လာ ရသည်ဟု ဒေသခံများက ပြော သည်။ ပူတာအို ခရိုင် သည် မြို့နယ် ပေါင်းငါးမြို့နယ်ရှိပြီး လူဦးရေ ကိုး သောင်းနှင့် တစ်သိန်းကြား ရှိသည်။ စားဝတ်နေရေး အခက်အ ခဲများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ဒေသခံ များ၏ စီးပွားရေး၊ ပညာရေး အ စစ အရာရာ နိမ့်ကျနေသော ပူ တာအိုဒေသမှာ တကယ်တမ်းဆို ရလျှင် ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံး အခြေအနေများကို ပိုင်ဆိုင်ထားရာ ဒေသဖြစ်သည်။ ကမ္ဘာကျော် ရေခဲတောင်များ တည်ရှိခြင်း၊ ရဝမ်၊ လီဆူး၊ ခန္တီး ရှမ်း၊ ကချင်စသော တိုင်းရင်းသား တို့၏ ရိုးရာဓလေ့များကို လေ့လာ နိုင်ခြင်းတို့ကြောင့် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားမှုများ ရာ ဒေသဖြစ်သည်ဟု ဧည့်လမ်း ညွှန်များက ပြောသည်။
"မြန်မာနိုင်ငံမှာ Nature အရ အကောင်းဆုံးက ပူတာအို ဒေသပဲ"ဟု မလိခ Lodge မှ ဧည့် လမ်းညွှန်ကိုသော မတ်စ်က ပြောသည်။ သယ်ယူ ပို့ဆောင်ရေး အကန့် အသတ်ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထား သလို ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွား များမှာ ပူတာအိုဒေသကို စိတ်ဝင် စားမှု တစ်နေ့တခြားမြင့်တက်လာ ရခြင်းဖြစ်သည်။ "ပူတာအိုကို လာရင် ကက (ကြည်း)ရဲ့ ခွင့်ပြုချက်လိုတယ်။ နောက်ပြီး လေကြောင်းက ပဲ လာတာများတယ်"ဟု အထက်ပါ ဧည့် လမ်းညွှန်ကဆိုသည်။ ပူတာအိုဒေသ၏ ခရီးသွား ရာသီမှာ အောက်တိုဘာလမှ မေလအထိဖြစ်ပြီး တစ်ရာသီလျှင် ကမ္ဘာလှည့်ခရီးသည် ခြောက်ရာခန့် ဝင်ရောက်ကြောင်း သိရသည်။ အဆိုပါ ကာလများတွင် ဒေသခံများမှာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါများလာ ခြင်းကြောင့် စီးပွားရေးချောင် လည်မှုကို အထိုက်အလျောက် ရကြောင်း ဧည့်လမ်းညွှန်များနှင့် ဒေသခံများက 7Day News သို့ ပြောကြသည်။
အနိမ့်ဆုံး ၁၁ ရက် တက်ရ သော ရေခဲတောင် ခရီးကြမ်းများ၊ ကမ္ဘာပေါ်တွင် ဒုတိယရေစီးအကြမ်းဆုံး မေခမြစ်တွင် Rafting စီးနိုင်ခြင်းတို့ကြောင့် ယခုခရီးသွား ရာသီတွင် ကမ္ဘာလှည့်ခရီးသည် များ ပိုမိုဝင်ရောက်လာမည်ဟု ခန့် မှန်းထားကြသည်။ ဒေသခံများမှာ သူတို့ကို မုန့်ဖိုးများ ရက်ရောစွာ ပေးတတ်ကြသော ကမ္ဘာလှည့် များကို စောင့်မျှော်နေကြသည်။ အောက်တိုဘာ ပထမပတ် တွင် သူတို့၏ မျှော်လင့်ချက်များ မှာ ဝေ၀ါးသွားခဲ့သည်။ "ကက (ကြည်း) က လုံခြုံရေး အရခွင့်ပြုချက် ပိတ်လိုက်တယ်လို့ ရန်ကုန်အေဂျင်စီတွေ ကအကြောင်း ကြားတယ်။ ဒီက အာဏာပိုင်တွေ ကို မေးတော့ သူတို့လည်း မသိကြ ဘူး" ဟု ကိုသောမတ်စ်က ပြော သည်။ မူလကပင် စားဝတ်နေရေး ကျပ်တည်းနေကြသော ဒေသခံ တိုင်းရင်းသား များမှာ ယခုခရီး သွားရာသီတွင် ဧည့်သည် မဝင်ရောက်ပါက ယခုထက် ပိုမိုဆိုးဝါး လာမည်ဖြစ်သည်။ "ဧည့်သည်များရင် အိမ်ငှား ထားလို့ရတယ်။ အထမ်းလိုက်နိုင် တယ်။ ဒါကြောင့် သူတို့ကို မျှော် တာ" ဟု မူလာရှီးဒီရွာသားတစ်ဦး က ဆိုသည်။
ကျေးလက်နေ အခြေခံလူ တန်းစားတစ်ဦး၏ တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ တစ်သိန်းဝန်းကျင်သာ ရှိသော ပူတာအိုဒေသဖွံ့ဖြိုးရန် လိုအပ်ချက်များစွာ ရှိနေသည်။ မြစ်ကြီးနားလမ်း ပြန်ဖွင့်ပါက ကုန် ဈေးနှုန်းများ ကျဆင်းနိုင်ပြီး ခရီးသွားများ ဝင်ရောက်လာပါက အလုပ်အကိုင်များ ပေါများလာမည် ဟု ဒေသခံများက ပြောကြသည်။ လက်ရှိ အခြေအနေတွင်မူ အလုပ်အကိုင် ရှားပါးခြင်းနှင့် မြင့်မားသော ကုန်ဈေးနှုန်းများကြောင့် ဒေသခံ တိုင်းရင်းသား များမှာ ၄င်းတို့ နေရပ်များကို စွန့်ခွာမှုများ ပြားလာကြပြီး မျိုးနွယ်စုကွယ် ပျောက်လာနိုင်သည်အရေး ရင်ဆိုင်နေရသည်။ "လုပ်စရာ၊ စားစရာမရှိတော့ ရေကြည်ရာ မြက်နုရာ ထွက်သွား ကြတယ်။ ကြာရင် လူမျိုးပျောက် သွားနိုင်တယ"ဟု လူမှုရေးလုပ် ငန်းဆောင်ရွက်သူ ပူတာအိုမြို့ မမေ့နိုင် စားသောက်ဆိုင်မှ ကို အောင်ဇော်မိုးကဆိုသည်။ သဘာဝသယံဇာတများ ပေါ များရာ ကချင်ပြည်နယ်၏ မြောက် ဖက်အစွန်ဆုံး ပူတာအိုဒေသတွင် လူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အခြေခံလူတန်းစားများ ဖြစ်ကြ သည်။ အလုပ်အကိုင်ရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးမှု တို့ကြောင့် ဒေသခံအများစု၏ တစ်နေ့ဝင်ငွေမှာ သုံးရာကျပ်ခန့် သာရှိသည်။
"ဒီမှာက အရမ်းဆင်းရဲကြပါတယ်။ လူတစ်ယောက်ဝင်ငွေ က တစ်နှစ်လုံးမှ တစ်သိန်းလောက် ပဲဝင်တယ်ဆိုတာမှန်တယ်"ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပူ တာအိုခရိုင် တာဝန်ခံ ဦးယောစီ ကပြောသည်။ ဝင်ငွေနည်းပါးပြီး ကုန်ဈေး နှုန်းများက မြင့်တက်လာသဖြင့် ရောင်းရန် ကုန်စည် ရှိသည့်တိုင် ဝယ်နိုင်သူ ရှားပါးနေသည်။ "ရောင်းစရာ ဆန်ရှိတောင် ဝယ်တဲ့သူကမှ မရှိတာ" ဟု ဒုတ္တန်ရပ်ကွက်မှ ကုန် စုံဆိုင်ရှင်တစ်ဦးကဆိုသည်။ ပူတာအိုဒေသရှိ တိုင်းရင်း သားမျိုးနွယ်စုများမှာ ရိုးသားပြီး ချစ်ခင်ဖွယ်ဓလေ့ကို ပိုင်ဆိုင်ကြသည်။ သို့ရာတွင် ယခုကဲ့သို့ အခြေအနေ၌ စားစရာ ကုန်ပစ္စည်း များ မကြာခဏဆိုသလို ပျောက် ဆုံးလျက်ရှိသည်။"ညဖက်ဆို စား စရာကိုပဲ ရွေးဦးတဲ့ ကလေးတွေ အများကြီးရှိတယ်" ဟု ကိုအောင် ဇော်မိုးကဆိုသည်။ လက်ရှိ အခက်အခဲများ ပြေ လည်ရန် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်မှုမှာ အဓိကဖြစ် ကြောင်း 7Day News က တွေ့ ဆုံမေးမြန်းခဲ့သော ဒေသခံနှင့် ဝန် ထမ်း ၂၅ ဦးတွင် ကိုးဆယ်ရာခိုင် နှုန်းက ဖြေကြားခဲ့သည်။
"ဒေသဖွံ့ဖြိုးဖို့က လမ်းပန်း ဆက်သွယ်ရေး အဓိကကျ တယ်" ဟု ပူတာအို ခရိုင်ဆေးရုံ မှ ဒုတိယ ဆေးရုံအုပ်ကြီးနှင့် အရိုး အကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ လဘမ်ဂွန်ဂျက်က ဆို သည်။ ထို့ပြင် အခြားသော နည်းလမ်းများဖြင့် စားဝတ်နေရေးအ ခက်အခဲကို ဖြေရှင်းသင့်ကြောင်း နိုင်ငံရေး ပါတီများက သုံးသပ်ကြ သည်။ "စိုက်ပျိုးရေးနည်းပညာတွေ၊ စပါးမျိုးကောင်းတွေနဲ့ အထွက်တိုးအောင် လုပ်နိုင်ရင် အဆင်ပြေ နိုင်တယ်" ဟု ပူတာအိုခရိုင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတာဝန်ခံ ဦးဖုန်ရီမင်က ဒေသတွင်း စပါးအထွက်နည်းခြင်းကို သုံးသပ်ပြောကြား ခဲ့သည်။ ခရီးသွားလုပ်ငန်း ကောင်း မွန်ခဲ့ပြီး အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော မြစ်ကြီး နားလမ်း မပိတ်မီနှစ်များနှင့် နှိုင်း ယှဉ်ပါက ယခုနှစ်သည် အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရ ခြင်း ဖြစ်သည်။
"၂၀ဝ၄ တုန်း က တစ်ထောင်ဖိုး ဆန် ၁၂ခွက်(ဘူး) ရတယ်။ အဲဒီ အခြေအနေတွေ ပြန်ရောက်နိုင် ပါမလား" ဟု ဒုတ္တန်ရပ်ကွက်မှ ဒေသခံတစ်ဦး ကဆိုသည်။ ယင်းဒေသတွင် နေဝင်လာ သည်နှင့် ရာသီဥတုမှာ အေးမြလာ သည်။ မျက်စိစမ်းသပ်မှုခံယူပြီးပြီ ဖြစ်သော လီဆူးတိုင်းရင်းသားကြီး ထုံဖူးရင် တစ်ယောက် ၇၂ နာရီ ကြာမြင့်မည်ဖြစ်သော ခြေကျင် အိမ်အပြန်လမ်းခရီးကို စတင် လိုက်သည်။ ရှည်လျားလှသော သူ့ ခြေလျင်ခရီးကို တအံ့တဩမေးမြန်း နေသော သတင်းထောက်အား ထုံဖူးရင်က ရယ်မောလျက် ယခုကဲ့သို့ပြောလိုက်သည်။ "ငါတို့အတွက်တော့ ရိုးနေပြီ။ မွေး ကတည်းက လျှောက်နေ ရတာ"။

အောင်ခိုင်