အောက်ထပ်တွင် ရထားလမ်းနှင့်အပေါ်တွင် ကားလမ်းပါဝင်သော ဧရာဝတီ မြစ်ကူးတံတား
တည်ဆောက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လေ့လာဆန်းစစ်မှုများ
ပြုလုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ပထမဦးဆုံး တည်ဆောက်သွားမည့်
အဆိုပါ ဧရာဝတီ မြစ်ကူးတံတား (ဟင်္သာတ) နှစ်ထပ်တံတားမှာ ဂျပန်နိုင်ငံ အစိုးရ၏
ချေးငွေဖြင့် တည်ဆောက်မည့် တံတားဖြစ်သည်ဟု ဧရာဝတီတိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ သိရသည်။ "ဂျပန်နိုင်ငံ JFE Engineering Corporation က
စီမံကိန်း မန်နေဂျာ Mr.Jin Hiroo အဖွဲ့ လာပြီး တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံးမှာ ဆောင်ရွက်နေတဲ့ တံတားကိစ္စအကြောင်း
လာပြောပြထားပြီးပါပြီ" ဟု တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ
တာဝန်ရှိသူ တစ်ဦးက ဂျပန်နိုင်ငံ ကုမ္ပဏီတစ်ခုနှင့် ၎င်းတို့ ဌာနတို့
ပူးပေါင်းတည်ဆောက်မည့် နှစ်ထပ်တံတား ကိစ္စရပ်မှာ မှန်ကန်ကြောင်း၊
လေ့လာဆန်းစစ်မှု ရလဒ်ကို နိုင်ငံတော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။
"နဝဒေး (ပြည်) နဲ့ လက်ရှိမှာ ပြီးသွားတဲ့ ညောင်တုန်းတံတား (ဧရာဝတီ) ကြား
မိုင် ၁၅၀ ဝေးတဲ့ နေရာမှာ နှစ်ထပ်တံတားကို တည်ဆောက်ဖို့ လျာထားပါတယ်” ဟု ၎င်းက
ပြောသည်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာ အရှေ့ဘက်ခြမ်းထက် ဖွံ့ဖြိုးမှု
အားနည်းနေသေးသည့်အတွက် ထိုနှစ်ထပ်တံတားကို ဆောက်လုပ်ရန်
ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဧရာဝတီတိုင်း ဒေသကြီး
ဝန်ကြီးချုပ်က လူထုနှင့် တွေ့ဆုံစဉ် ဟင်္သာတ – သာရဝေါ လမ်းအူကြောင်းကို
ရွေးချယ်ထားပါကြောင်း ပြောကြားခဲ့သည်ဟု ဧရာဝတီတိုင်း ဒေသကြီး
ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးအောင်တင်မြင့်က ထပ်လောင်းပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ နိုင်ငံတော်က
ပြန်လည်ခွင့်ပြုမှုရှိမှသာ တည်ဆောက်မည့်အချိန်၊ ကုန်ကျစရိတ်နှင့် တံတားပုံစံ
အတိအကျကို သိရှိရမည်ဟု ပြောသည်။ ၁၉၈၈ ခုနှစ်ရှေ့ပိုင်းက ပေ ၁၈၀ နှင့် အထက်
တံတား ၁၉၈ စင်း ရှိခဲ့ရာမှ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ၂၀၈ စင်း
ရှိသွားပြီဖြစ်ကြောင်း ဧရာဝတီမြစ်ပေါ်တွင် ၁၂ စင်း ရှိပြီး ဆောက်လုပ်ဆဲ
တံတား ၂ စင်းရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ညွန့်ဝင်း
ညွန့်ဝင်း
By Popular News
6 October, 2012 - 12:12
No comments:
Post a Comment