Saturday, October 6, 2012

ဥပသကာတစ်ယောက်ရဲ့ စိတ်ဓာတ်


ဥပသကာတစ်ယောက်ရဲ့ စိတ်ဓာတ်အိပ်မက် မကောင်းတာက တော့အမှန်။ ဒီရက်ပိုင်း အတွင်း ထမင်းလုံး တစ္ဆေ ခြောက်ခြင်း လည်း မဟုတ်၊ အိပ်မက်ဆိုးများ နှစ်ကြိမ် သုံးကြိမ်ခန့် မက်နေမိသည်။ မည်သူ တွေမှန်း မသိသောသူများ၏ ဝိုင်းဝန်း ချုပ်ကိုင်မှုကြောင့် ရုန်းထွက်၍မရသော ကျွန်တော်၊ ရှိသမျှ အားအင်တို့ဖြင့် ရုန်း ထွက်လိုက် သောအခါ မောပန်းနွမ်းနယ်မှု တို့ဖြင့် အိပ်မက်ဆိုးမှ နိုးထလာမိတဲ့ ကျွန်တော်၊ ချစ်စရာခွေးငယ် လေးအား ညင်သာစွာ ပွတ်သပ်မိစဉ် ကျွန်တော်၏လက်အား သူ၏ အစွယ်ဖွေးဖွေးတို့ဖြင့် ငုံခဲခြင်းကို ခံရကာ ဆွဲခါလှုပ်ရမ်း၍ ခွေးငယ် လေး၏ အစွယ်ဖွေးဖွေးတို့မှ လွတ်မြောက်သွားသော အခါ အစွယ်၏ ကိုက်ခဲမှုဒဏ်ရာကြောင့် နာကျင်စွာ အိပ်မက်ဆိုးမှ လန့်နိုးမိခြင်းတို့ကို ယခု ပြည်ပနိုင်ငံတွင် နှစ်ကြိမ်၊ သုံး ကြိမ်ခန့် အိပ်မက်ဆိုး များမက်ခြင်း ကိုကြုံတွေ့ခဲ့ရသည်။
အိပ်မက်နှင့်ပတ်သက်၍ အချို့ သောသူများသည် အိပ်မက်ဆိုး မက်ပါက အတိတ် နိမိတ် မကောင်း ခြင်း၊ ထို့ကြောင့် ကုသိုလ်ကောင်းမှု များ ပြုလုပ်ရန်လိုခြင်းတို့ကို ပြော ကြားကြသော်လည်း အချို့သော သူများသည် အိပ်မက်ကို ပြောင်း ပြန် ကောက်ယူ ရကြောင်းတို့ကို လည်း ပြောကြပြန်သည်။ ဤသည် တို့မှာ အယူစွဲများပင်ဖြစ်သည်ဟု ကျွန်တော်ထင်မှတ်သည်။ ကျွန်တော်သည် နာရေး ကူညီမှုအသင်း (ရန်ကုန်)တွင် စတင်လုပ်အားပေး အဖြစ် လုပ်ကိုင် ခဲ့စဉ်ကတည်းက ယခုအချိန်ထိ ကောင်းမှုကုသိုလ်တို့ ကို လက်တွေ့နေ့စဉ် လုပ်ကိုင်ခဲ့ ခြင်း၊ တရားဘာဝနာ ကိုလည်း ပွားများကာ သတိတရား၊ အသိ တရားတို့ဖြင့် မိမိကိုယ်မိမိ အ တတ်နိုင်ဆုံး ထိန်းကျောင်း နေသူတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် အိပ်မက်နှင့် ပတ် သက်၍ မည်သို့ပင် တိုက် ရိုက်မှန်ကန်သည်ဖြစ်စေ၊ သွယ်ဝိုက်၍ ပြောင်းပြန်ယူ ရသည် ဖြစ်စေ၊ ရင်ဆိုင်ရန် အသင့်အနေအထား ရှိခဲ့သည်။ အိပ်မက်ဆိုးတိုင်း လက်တွေ့တွင် ဆိုးမည်လား … အိပ်မက်ကောင်းတိုင်း လက်တွေ့တွင် ရော ကောင်းမည် လား…။ ကောင်း ပြီ…။ ကျွန်တော် ယခု အိပ်မက်ဆိုး များ မက်နေသည်။
သို့သော် ပြင်ပ တွင်ကားယခု အမေရိ ကန် နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ US. Capitol အတွင်းသို့ ရောက် သောအခါ လွှတ်တော်အမတ်များ၊ အမေရိကန်နိုင်ငံ ခေါင်းဆောင်များ၊ မြန်မာဘုန်းတော်ကြီးများ၊ မြန်မာ ပြည်သူလူထုများ၊ အမေရိကန်နိုင် ငံရှိ NGO များ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန်မာ့ဒီမိုကရေစီအရေးကို တစ်ဖက်တစ်လမ်းမှ စွမ်းဆောင် ခဲ့ကြ သော မြန်မာပြည်တွင်းရှိ ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နယ်စပ်ဒေသတွင် တိုင်းရင်းသား ပြည်သူ ဒုက္ခသည်များအား ကူညီဖေးမကာ ကျန်းမာရေး စောင့် ရှောက် ပေးနေသော ဒေါက်တာ ဒေါ်စင်သီယာမောင်၊ အမေရိကန် နိုင်ငံတွင် နေ ထိုင်လျက်မြန်မာပြည် ဒီမိုကရေစီရရှိရေး အတွက်စွမ်းစွမ်းတမံ ကြိုးစား အား ထုတ်ကူညီပေးခဲ့သော ကိုအောင်ဒင်၊ မြန်မာပြည်တွင်း ဒီမိုကရေစီရရှိရေး အတွက် အင်တိုက်အားတိုက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် (ပွဲတက်ရောက်ခြင်းမရှိခဲ့) တို့ နှင့်အတူ NED (National Endowment for Democracy) မှပေးအပ်သောဆုအား တက်ရောက် ရယူခဲ့ရသည်။
ထို့ အပြင် မြန်မာ့ဒီ မိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံ မှ ချီးမြှင့်သော Congressional Gold Medal ဆုပေးပွဲ အခမ်းအနားသို့လည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် အမေရိကန်နိုင်ငံရှိ အစိုးရ အရာရှိ ကြီးများနှင့်တကွ မြန်မာပြည်သူ လူထုတို့နှင့် အတူမြန်မာနိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ သမ္မတ အကြံပေးတို့နှင့် အတူ ထိုပွဲ အား ကျွန်တော်ပါ တက်ရောက်ခွင့် ရရှိခဲ့သေးသည်။ ခရီးစဉ်တစ်လျှောက်တွင်လည်း မြန်မာနိုင်ငံအား စစ်မှန် သော ဒီမိုကရေစီရရှိရေး အတွက် ပံ့ပိုးကူညီကြသော အမေရိကန်နိုင်ငံအစိုးရ အရာရှိများ၊ လွှတ်တော်အရာရှိများ၊ အမေရိ ကန်နိုင်ငံ NGO အဖွဲ့အစည်းများ နှင့်ပါ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့ သည်။ ထိုသို့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဖြစ်သူ ဦးအောင်မင်းသည် ယခင် အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်အား ချီးမြှင့်ဂုဏ်ပြုသည့်ပွဲ အား တက်ရာက်ခြင်းသည် မင်္ဂလာ ရှိသော လုပ်ရပ်တစ်ခုဖြစ်သည့် အပြင် လွန်ခဲ့သော နှစ်ရက်ခန့်က အမေရိကန်နိုင်ငံသို့ရောက်ရှိလာသော မြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်း စိန်သည်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး မှုများကို နယူးယောက် မြို့တွင် ပြု လုပ်ခဲ့ ပြန်သည်။
ဤအကြောင်း အရာနှင့်ပတ်သက်၍ အသံလွှင့်ဌာန တစ်ခုဖြစ်သော VOA မှ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအား မေးမြန်းထားရာ တွင် ဝန်ကြီးဦးစိုးသိန်းက”နယူးယောက်မှာ အတူတူ ရောက်နေကြတဲ့ ကျွန်တော်တို့ဘက် ကလည်း နိုင်ငံတော်သမ္မတကြီး၊ ဟိုဘက်ကလည်း အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် ဥက္ကဌ – မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် အမကြီးနှင့် တူတူ ရှိတော့ အမကြီးကလာပြီးတော့နှုတ် ဆက်တာပေါ့ဗျာ၊ တွေ့တယ်၊စကား လေးဘာလေး ပြောတယ်။ ရန်ကုန် မှာလိုပဲ၊ နေပြည်တော်မှာလိုပဲ တစ် ယောက်နှင့်တစ်ယောက် ရင်းနှီး ကြတယ်လေ။ တွေ့ဆုံကြတယ်၊ ဒီသဘောပါ၊ အရင်တုန်းက တစ် ယောက်နဲ့တစ်ယောက် မျက်နှာချင်း ဆိုင်လို့မရရာက အခုတော့ အတူ တကွ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် တွေ့ဆုံဆွေးနွေးတိုင်ပင်ခဲ့သည်။ ပြည်သူတွေ တိုးတက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန် ပေါ့ဗျာ၊ ဒီအတွက် နှစ်ယောက်ရဲ့ အားက နည်းတဲ့အားလားဗျာ” ဟူ ၍ ပွင့်လင်းစွာဖြင့်ပြောကြားခဲ့သည် ကိုလည်း မင်္ဂလာရှိစွာ ကြားသိခဲ့ရ ပြန်သည်။
စက်တင်ဘာ ၂၆ ရက်နေ့တွင် လည်း ရန်ကုန်ရှိ နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ သမ္မတကြီး ဦးသိန်းစိန်နေအိမ်မှ အလှူငွေ လာ ရောက်လှူဒါန်း လိုကြောင်း အကြောင်း ကြားခဲ့ကာ ပကာသနဟိတ် ဟန်မရှိဘဲ ရိုးသားပွင့်လင်းစွာဖြင့် အလှူငွေ ၁ဝ သိန်းလာရောက် လှူ ဒါန်းခဲ့သည်။ ယင်းအလှူ လှူဒါန်း ခြင်းအား သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုတို့မှလှူဒါန်းခြင်းဖြစ်ကြောင်း ကိုယ်စားလာ ရောက်လှူဒါန်းသူ ဦးနွယ်ဦးက ပြောကြားခဲ့သည်။ အသင်း၏ လုပ်ငန်း ရပ်များအား အသင်း၏ အုပ်ချုပ်ရေး မှူးနှင့် လုပ်အားပေးများက လိုက်လံ ရှင်းလင်းပြသခဲ့ပြီးနောက် အလှူရှင် မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း ကိုပြုလုပ်ပြီး သာမန်မော်တော်ယာဉ် လေးဖြင့်ပြန် လည် ထွက်ခွာသွား ကြောင်းကိုလည်း သိရှိခဲ့ရသည်။ ထို့ကြောင့် အိပ်မက်ဆိုးလျှင် လက်တွေ့တွင်ဆိုးသည်လား၊၊ အိပ် မက်ကောင်းလျှင် လက်တွေ့တွင် ကောင်းသည် လား။ အိပ်မက်ကို ပြောင်းပြန်ယူရသည်လား။ အိပ်မက် ကိုတည့်(ဒဲ့)ယူရသည်လား…ဆိုသည့် အကြောင်းအချက် များသည် လားလားမျှ မသက်ဆိုင်တော့ကြောင်း ကျွန်တော် သိရှိခဲ့ရသည်။ အယူသီးမှု တစ်ခုကို ကျွန်တော်သည် လက်တွေ့တွင် ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်သည်။
ယခင် အချိန်ကာလများတွင် လူထု ခေါင်းဆောင် ဒေါ်အောင် ဆန်းစု ကြည်အား ရန်သူသဖွယ် သဘော ထားခဲ့သူများ၊ ကျွန်တော်တို့နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ပေးဆပ် နေမှုများအား သံသ ယစိတ်ဖြင့် အမြဲ စောင့်ကြည့် သတိ ပေးတားမြစ်ခြင်းကို ခံခဲ့ရမှုများ၊ ထို့ နောက် ကျွန်တော် ကျော်သူအား အနုပညာလုပ်ငန်းများကို ပိတ်ဆို့ တားမြစ်မှုများကို လုပ်ခဲ့သည့်အပြင် လူမှုရေး လုပ်ငန်းများကိုလည်း နိုင်ငံရေး အရိပ်အာဝါသ လွှမ်းခြုံထားသည်ဟု စွပ်စွဲခေါ်ယူ မေးမြန်းခဲ့မှုများ စသည့် အထင်အမြင်လွဲမှားခဲ့မှုများ ကို ခဝါချကာ ယခုကဲ့သို့ ဒီမိုကရေစီ နိုင်ငံ ထူထောင်မှုတွင် တစ်ဦးကို တစ်ဦး လက်တွဲဖေးမကူညီ အသိ အမှတ်ပြုခြင်းတို့နှင့်အတူ အများ ပြည်သူတို့အား ကူညီဖေးမပေး နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကုသိုလ်ရေးလုပ်ငန်း များအား အသိအမှတ် ပြုကာလာ ရောက်လှူဒါန်းခဲ့သော သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ နိုင်ငံတော်သမ္မတ အကြံ ပေးပုဂ္ဂိုလ်ကြီးများနှင့် ဝန်ကြီးများ၊ နိုင်ငံခေါင်းဆောင်များ၏ ယခုလုပ် ဆောင်ချက်များအား မင်္ဂလာတရား နှင့်အညီ မြန်မာပြည်သား ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်ဦးသန့်၏ ဗုဒ္ဓတပည့် ဥပါသကာတစ်ယောက်ရဲ့ စိတ်ဓာတ် ဟူသော ခံယူချက်ဖြင့် မှတ်တမ်း ကမ္ပည်းတင်လိုက် ရပါတော့သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး အနေ ဖြင့် ကျွန်တော်သည် အရာရာကို သည်းခံခွင့် လွှတ်တတ်သည့် စိတ် ဓာတ်အမြင်ကို ခံယူကျင့် သုံးသည်။ သည်းခံခွင့်လွှတ်ခြင်း စိတ်ဓာတ် ကိုယ်ကျင့်သိက္ခာ မြင့် မားရေး စိတ်ဓာတ် အထူးသဖြင့် နူးညံ့သိမ်မွေ့မှု၊ လူသားချင်း စာနာထောက်ထားမှု၊ မေတ္တာ ဘာဝနာပွားများမှုတို့ဖြင့် ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်ပါသည်။
(ဦးသန့် – ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်)
ကျော်သူ

No comments:

Post a Comment