မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့တော်ဥယျာဉ်ဖြစ်စေရန်
လမ်းများ၊ တံတားများ တိုးချဲ့ပြုပြင် တည်ဆောက်ခြင်းများကို
အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်နေသော်လည်း
လမ်းများပေါ်တွင် ရေများအိုင်ထွန်းလျက် ရှိနေဆဲပင်။ အထူးသဖြင့်
မြို့လယ်ကောင် လမ်းများတွင် ပို၍ ရေလျှံရေဝပ်ကြောင်း သိရသည်။
လမ်းတွေကကျယ်၊ အိမ်ခြေတွေကများ၊ မြောင်းတွေကကျဉ်းတော့ ဘယ်လိုမှ
အဆင်မပြေတော့ပေ။ မိုးမရွာလျှင်တော့ လမ်းသည် ဖြူးဖြောင့်နေသည်။
မိုးလေးစွေလိုက်သည်နှင့် လမ်းပေါ်တက် လက်ပစ်ကူးရတော့သည်။
မြို့တော်စည်ပင်မှ စနစ်တကျမြောင်းတွေဖောက်လုပ်ပေးသည်။ စည်းကမ်းပျက်သူ တစ်ချို့က ကိုယ့်အိမ်ရှေ့ ကိုယ့်မြောင်းကိုပြန်ပြီး တံတားခင်း၊ မြောင်းတွေကပိတ်၊ သံသရာလည်ပြီး ရေလျှံတော့သည်။ ရှေ့ကဖောက်၊ နောက်ကပိတ် ဖြစ်နေတော့သည်။ အိမ်ရှေ့တွင် စည်ပင်က မြောင်းလာရှင်းရင် အလုပ်မလုပ်ဘူးလို့ ဘုပြောကြသည်။ အားလုံး ဝိုင်းဝန်းကူညီရန် လိုအပ်သည်။ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရန်မှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှ အောင်မြင်မည် ဖြစ်သည်။ အခုကျတော့ မိုးရွာလိုက်သည်နှင့် လမ်းပေါ်မှာ အချိန်တွေကုန် ကုန်သည်။ ဆိုင်ကယ်တွေ ပျက်ကြ၊ ကားတွေပျက်ကြနှင့် အလွန်ဒုက္ခ ရောက်ကုန်ကြတော့သည်။
မန္တလေးလမ်းပေါ်မှာ ဘယ်နေရာသွားသွား ရေမလွတ်တော့ပေ။ ရှောင်စရာ ကွင်းစရာလမ်းက ခက်ခဲတော့သည်။ မန္တလေးမိုးကလည်း မရွာလျှင်မျှော်နေရသည်။ ရွာလိုက်လျှင်လည်း အငြှိုးနှင့် မြို့လယ်မှာ သင်္ဘောဆိုက်လို့ရလောက်သည်ဟု ထင်မှတ်ရလောက်စရာပင်။လမ်းတွေကောင်းလာသည်မှာလည်း အမြင်၊ မြောင်းတွေ ပေါက်နေသည်မှာလည်း အမှန်။ ဘာကြောင့် လမ်းပေါ်မှာ ရေလျှံသည်ကိုတော့ မြို့ခံများ မတွေးတတ် ဖြစ်နေကြောင်း ပြောဆိုနေကြသည်။ မန္တလေးမြို့သစ်များတွင် ပရံတော်ချောင်း ရေလျှံမှုကြောင့် အိမ်များစွာ နစ်မြှုပ်နေပြီး လက်လုပ်လက်စားများနှင့် ကျောင်းသူကျောင်းသားများ အခက်တွေ့နေကြကြောင်း သိရသည်။
ယခင်အခုလို ရေလျှံလာလျှင် ပရဟိတအသင်းများနှင့် လူမှုရေး အဖွဲ့အစည်းများမှ လာရောက်ကူညီခဲ့ကြသည်။ ယခုအခါ သဘာဝ ဘေးအန္တရာယ်များ နေရာတိုင်း ကြုံတွေ့ခံစားနေရသောကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော နေရာများကိုသာ အဓိကထား ကူညီနေရသောကြောင့် အတော်အသင့် နေရာများကို လာရောက်ကူညီနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် မြို့သစ်နေ အခြေခံလူတန်းစားများမှာ မိမိအစီအစဉ်ဖြင့်သာ ဒုက္ခကြီးစွာ နေထိုင်နေကြရသည်။ ရပ်ကွက်တွေထဲ လျှံကျနေသော ရေများကိုစက်များဖြင့် စွန့်ထုတ်ပေးကြရန်လည်း မျှော်လင့်နေကြကြောင်း သိရသည်။
မန္တလေးမိုးသည် အငြှိုးနှင့် ရွာနေပြန်သည်။ လမ်းပေါ်မှာလည်း ရေတွေ ပြည့်လျှံနေပြန်သည်။ ဆိုင်ကယ်တွေကလည်း တဖွတ်ဖွတ်နှင့် ထိုးရပ်နေပြန်သည်။ မြို့တော်စည်ပင်မှလည်း မြောင်းတွေဆယ်ပြီး လမ်းတွေခင်းနေကြပြန်သည်။ မိုးရွာလျှင် လမ်းများပေါ်တွင် ရေများလျှံနေဆဲပင်။

အောင်ကိုဦး
Written by Shade The Mandalay Hill
No comments:
Post a Comment