တခြားဆယ်ကျော်သက်များ ကဲ့သို့ပင် ကျွန်တော်ဘဝသည်လည်း သူငယ်ချင်းများ
တရုန်းရုန်း ကုန်ဆုံးနေပါသည်။ ပါတီတွေ တက်မည်။ ရုပ်ရှင်သွားကြည့်မည်။
သူငယ်ချင်းများ အိမ်တွင် ညဥ့်နက်အထိ အလည်လွန်ရင်း၊ အရေးသိပ်မကြီးသော
ကိစ္စလေးများကို စိုးရိမ်ပူပန်ရင်းဖြင့် အလုပ်ရှုပ်နေမည်။ ကျွန်တော်သည်
အစပိုင်းတွင် ကျန်းမာရေး မကောင်းသော်လည်း သာမန်ဆယ်ကျော်သက် တစ်ယောက်သာ
ဖြစ်သည်။ ကျွန်တော်က မွေးရောပါ နှလုံးရောဂါသည် တစ်ယောက်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်မွေးစမှပင် တစ်လျှောက်လုံး အမျိုးမျိုးသော
ခွဲစိတ်မှုတွေ လိုအပ်ခဲ့သည်။ အထူးသဖြင့် ကျွန်တော်တစ်နှစ်သားလောက်က
သေမလိုဖြစ်ခဲ့သည်။ သို့သော် အစွမ်းထက်သော ဆေးဝါးအကူအညီများကြောင့်
အသက်ရှင်ခွင့် ရခဲ့သည်။ ကျွန်တော်သည် ဘဝတစ်လျှောက်လုံး ဤရောဂါကြီးနှင့်
နေလာရသောကြောင့် နေသားကျနေပါသည်။ ကျွန်တော်နှင့် သက်တူရွယ်တူ လုပ်နိုင်သမျှ
အရာအားလုံးကိုတော့ ကျွန်တော့်အတိုင်းအတာနှင့် ကျွန်တော်တော့ လုပ်နိုင်ပြီး
သူငယ်ချင်းများနှင့် အတူတူနေနိုင်သည်။ ကျွန်တော့် သူငယ်ချင်းတွေက
ကျွန်တော် ဆေးကုနေရသည်ကို ကောင်းကောင်းသိကြပြီး ထိုအကြောင်းကလည်း
ကျွန်တော်တို့ ခင်မင်ရင်းနှီးမှုကို အနှောင့်အယှက် မဖြစ်စေပါ။ မကြာသေးခင်
အချိန်ထိ ကျွန်တော်သည် အခြားသက်တူရွယ်တူများကဲ့သို့ပင် အတော်အသင့်
နေပျော်ဖွယ်ရှိသော သာမန်ဘဝတွင် နေထိုင်ခဲ့သည်။
မနှစ်က ကျွန်တော်သည် တစ်ချိန်လုံး ပင်ပန်းနေသည်ကို ကျွန်တော့် သတိထားမိပြီး ကြိုတင်ကာကွယ်နိုင်ရန် ဆရာဝန်ဆီသို့ ခေါ်သွားသည်။ ဆရာဝန်က ကျွန်တော်သွေးအားနည်းနေသည်ကို သတိထားမိသည်။ ကျွန်တော်ကိုယ်တိုင်က ထိုသို့ ဖြစ်နေသည်ကို သတိမထားမိသလို ရပ်တန့်အောင်လည်း မကြိုးစားခဲ့ပါ။ အိပ်ရာစောစောဝင်ပြီး နံနက်လင်းလျှင် ပင်ပန်းစွာ နိုးထမြဲဖြစ်သည်။ သွေးစစ်ဆေးသည့် အဖြေကတော့ ကျွန်တော်မှာ သံဓာတ်နည်းနေသည်ဟု ပြောသည်။ ကျွန်တော် အားမရှိခြင်းနှင့် ဖျော့တော့နေခြင်းအတွက် သင့်တော်သော ဖြေရှင်းချက် ဖြစ်နိုင်သည်။ ရက်သတ္တပတ်များစွာ ကျော်လွန်လာခဲ့ပြီးနောက် ကျွန်တော် အစာအိမ်ထဲမှာ အောင့်လာသည်။ တဖြည်းဖြည်းနှင့် ပိုပိုဆိုးလာသည်။ ကျွန်တော့် သွေးနီဥစစ်ဆေးသည့် အဖြေယူလာပြီး ဗိုက်အောင့်ခြင်းသည် သွေးအားနည်းခြင်း၏ ဘေးထွက်ဆိုးကျိုးသာဖြစ်ကြောင်းနှင့် သံဓာတ်အားနည်းခြင်း အတွက်လည်း စိတ်မပူရန် အားပေးကြသည်။ သံဓာတ်နှင့် ဆက်စပ်ပြီး ကျွန်တော်အစာအိမ်အောင့်ခြင်းက ဆက်တိုက်ဖြစ်လာသည်။
ကျွန်တော် ဆရာဝန်ဆီ ပြန်ပြပြီးနောက် ကာလတစ်ခုအကြာတွင် ကျွန်တော့်ခန္ဓာကိုယ်ထဲ၌ သံဓာတ်များလာပြီး ဖြစ်ကြောင်း သိရှိရန် မျှော်လင့်မိသည်။ သို့သော် သွေးနီဥ များလာရမည့်အစား ဘာကြောင့်မှန်းမသိရဘဲနှင့် ဆက်ပြီးကျနေသည်ဟုသာ သိရသည်။ ထို့ကြောင့် အခြား ကျွမ်းကျင်သူများထံသို့ ညွှန်ကြားခံရပြီး ကျွန်တော့် အခြေအနေအတွက် အဖြေရှာကြသည်။ ကျွန်တော်သည် သွေးစစ်ပြီးရင်း စစ်နေရသည်။ ဆရာဝန်များက ကျွန်တော့်အတွက် တိကျသော အဖြေမပေးနိုင်ကြသေးပေ။ သိပ်မကြာခင်ကပင် သူတို့က ရိုးတွင်းခြင်ဆီစစ်ဆေးရန် ပြောသည်။ ဤမျှရှည်ကြာလှသော အချိန်အတွင်း ပထမဆုံး အကြိမ်အဖြစ် ထိတ်လန့်မိသည်။ ယခင်က ကျွန်တော် အမြဲတမ်း သိထားသည်မှာ ကျွန်တော့ကျန်းမာရေး ပိုကောင်းလာမည်ဟူ၍ ဖြစ်ပြီး ယခုတော့ တခြားစီးဖြစ်နေသည်။ ကျွန်တော် ပိုကောင်းလာမည် ဆိုသည်မှာ မသေချာတော့ပါ။ ဆိုးဆိုးရွားရွား နာကျင်လွန်းသောကြောင့် လမ်းကိုပင် ဖြောင့်ဖြောင့် မလျှောက်နိုင်ဖြစ်နေသည်။ သူငယ်ချင်းများနှင့်လည်း အပြင်မထွက် နိုင်တော့ပါ။ နံနက်ခင်း အိပ်ရာထပြီးလျှင် လူနာကုတင်ပေါ်၌ ရေနွေးပုလင်းကလေးနှင့် လဲလျောင်းနေရသည်။ ကျွန်တော်၏ နေ့ရက်များကို ထိုသို့ပင် ကုန်ဆုံးပစ်နေရသည်။
ကျွန်တော့် နာကျင်ခံစားရမှုတွေက ဆိုးပြီးရင်း ဆိုးနေသည်။ ကျောင်းပိတ်သွားပြီးနောက် သူငယ်ချင်းတွေက အပျော်စခန်းချရာနေရာ (ကမ့်) အကြောင်းကို တွေးနေမိသည်။ ဒီနှစ်အတွင်း တွင် ပုံမှန်မဆုံခဲ့ရသော သူငယ်ချင်းများနှင့် ပတ်ဝန်းကျင် အပြောင်းအလဲတို့ကို စိတ်လှုပ်ရှားနေသည်။ ကျွန်တော် ဝေဒနာခံစားနေရသောလည်း သူငယ်ချင်းများနှင့် တွေ့ရန်အိမ်မှ ထွက်ဖို့ရာ ဆုံးဖြတ်လိုက်သည်။ သို့သော် ကျွန်တော့်မိဘများက ကျွန်တော်ယခုနှစ် နွေရာသီ အပျော်စခန်းအတွက် သွားနိုင်မှာ မဟုတ်ဘူးဟု ပြောကြားသည်။ ကျွန်တော့် အခြေအနေနှင့် သွားနိုင်မည် မဟုတ်ဟုကို သိသော်လည်း ထိုသို့ ကြားရသောအခါ အရမ်းဝမ်းနည်းပြီး မည်သည့်စကားကိုမျှ မကြားချင်တော့ပါ။ ကမ့်၏ ပထမညတွင် ကျွန်တော့် အမေကို ကျွန်တော်ဟာ နေကောင်းနေမယ်ဆိုရင် ခုချိန်မှာ ကျောင်းသားတွေနဲ့ နှစ်ထပ်အိပ်စင်လေးမှာ အိပ်နေမှာပဲဟု ပြောသည်ကို အမေက မျက်ရည်ဖြင့် ကာရင်ရေ အမေလည်းပဲ ဒီည မင်းနှစ်ထပ်အိပ်စင်မှာ အိပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ကွယ် ဟု ပြန်ပြောခဲ့သည်။
နွေရာသီတွင် လုပ်နေကျအတိုင်း ကျွန်တော် မပျော်ရွင်နိုင်ခြင်း ဝေဒနာခံစားနေရခြင်းတို့ကို ကြည့်ပြီး ကျွန်တော့်မိဘများလည်း နာကျင်နေမည်ဟု ကျွန်တော်သိသည်။ ဆေးစစ်မှုတွေ တစ်ခုပြီး တစ်ခုလုပ်၊ ဆရာဝန်များနှင့် တစ်ယောက်ပြီး တစ်ယောက်တွေ့၊ နာကျင်မှုတွေ ခံစားရပြီးသည့်နောက် ကျွန်တော်သည် ကလေးဆေးရုံတွင် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန် တစ်ယောက်နှင့် တွေ့ရသည်။ နောက်ဆုံးတွင် ကျွန်တော့်ရောဂါကို Crohn ရောဂါဟု အမည်တပ်ရသည်။ ထိုရောဂါက ကျွန်တော့်နှလုံးကို ကျွန်တော့်အသက်ကို ခြိမ်းခြောက်မနေပါ။ သို့သော် ကျွန်တော့်နေ့စဉ်ဘဝကိုတော့ ထိခိုက်မှုရှိသည်။ ယုံလောက်စရာ ဟုတ်ချင်မှ ဟုတ်မည့်သတင်းမှာ ကျွန်တော်နှင့် ကျွန်တော်မိသားစုအတွက် စိတ်သက်သာရာ ရစေပါသည်။ ကျွန်တော်ပိုပြီး နေကောင်းလာရန်အတွက် ကျွန်တော်ဘဝတွင် ခက်ခဲသော အပြောင်းအလဲများ လုပ်ရမည်။ အနည်းဆုံးတော့ ယခုအချိန်တွင် ဆရာဝန်တွေက ကျွန်တော် ဘာဖြစ်နေသည်ကို သိပြီး နေကောင်းလာအောင် ကြိုးစားလို့ရသည်။ ပဋိဇီဝဆေးများ ပေးခြင်းဖြင့် ကျွန်တော်မြန်မြန် နေကောင်းလာမည်ဟု ထင်ကြသည်။
ကျွန်တော် မကြာခင် နေကောင်းတော့မည်ဟု တွေးတောမျှော်လင့်ကာ အိမ်မှ ဆေးရုံသို့ သွားကြသည်။ ကံမကောင်းပါ။ ဘာမှ တိုးတက်မှုရှိမလာခဲ့ပါ။ ဆေးဝါးများက အကူအညီမရသည့်ပြင် ကျွန်တော်ရောဂါ အခြေအနေက မခံစားနိုင်လောက်အောင် နာကျင်မှု ပိုလာသည်။ ကျွန်တော့်ကို ဆေးရုံက လူနာတင်ကားဖြင့် တင်ခေါ်က အရေးကြီး လူနာဆောင်သို့ ပိုရသည့် အခြေအနေသို့ ရောက်လာသည်။ အစာမကျွေးဘဲ အကြောဆေးသွင်းသည်။ သို့သော် အကြောဆေးကလည်း အသုံးမဝင်ပေ။ ထိုအချိန်တွင် ကျွန်တော် အမှန်တကယ်ပင် စိတ်ဓာတ်ကျနေသည်။ ဆိုးဆိုးရွားရွား ရောဂါခံစားရသဖြင့် ဘာမှကို အလုပ်မလုပ်နိုင်တော့။ ကျွန်တော်အရမ်း စိတ်ဓာတ်ကျနေပြီ။ ကျွန်တော် ပြန်ကောင်းလာဖို့ လမ်းမမြင်တော့ပါ။ ပိုက်မှတစ်ဆင့် အစာကျွေးခြင်းကို စတင်လုပ်ဆောင်ကြသည်။ ကျွန်တော့်နှာခေါင်း၊ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ပိုက်ထည့်ခြင်းက ကျွန်တော်ရော ကျွန်တော့် မိသားစုအတွက်ပါ အလွန်ခက်ခဲစေသည်။ သို့သော် မည်သည့်နည်းနှင့် မဆိုရအောင် ကျွန်တော် ကြိုးစားသည်။ နောက်ဆုံးတွင် ကျွန်တော်ကိုယ်တိုင် အစာပိုက် ထည့်တက်လာသည်။ နောက်ခြောက်လအထိ ညစဉ် အစာပိုက်ထည့်ခြင်းကို ကျွန်တော်ကိုယ်တိုင်ပဲ ပြုလုပ်သည်။
သက်သောင့်သက်သာ သိပ်မရှိသည်ကလွဲလျှင် နောကျင်ခံစားနေရခြင်းများ သက်သာသွားပြီ။ ညမှာပဲ အစာပိုက်ထည့်ပြီး တစ်ချိန်လုံး ပို၍ နေကောင်းလာသည်။ သို့သော် ကျွန်တော့် သူငယ်ချင်းများရှိရာ ကျောင်းကိုတော့ ပြန်မသွားနိုင်သေးပါ။ ကျွန်တော် ပေါင်နှစ်ဆယ်ကျော် ကျသွားသည်။ ဘာမှ မစားနိုင်သေးသောကြောင့် အာရုံစူးစိုက်မှုတွေ လုပ်ဖို့ရာ ခက်ခဲသည်။ ကျွန်တော် တဖြည်းဖြည်းကျန်းမာရေး ကောင်းလာသော်လည်း ကျွန်တော်သောက်သုံရသော ဆေးဝါးများက ဘေးထွက်ဆိုးကျိုးအများကြီး ဖြစ်သည်။ ရေထဲတွင် ကျွန်တော့်မျက်နှာကို ကြည့်လိုက်သောအခါ ကျွန်တော် အရမ်းဝနေသည်ကို မြင်ရသည် ကျောင်းက ကလေးတော်တော်များများက ကျွန်တော့ကို သတိထားမိကြသော်လည်း အများစုမှာ ယဉ်ကျေးကြပြီး ဘာမျှ မပြောကြပေ၊။ ကျွန်တော့် သူငယ်ချင်းများကတော့ ကျွန်တော့်ကို အထောက်အကူ အများကြီး ဖြစ်စေပါသည်။ သူတို့နှင့် အုပ်စုဖွဲ့ရန် မတားကြသော်လည်း ကျွန်တော်ပါလျှင် သူတို့အတွက် အဆင်မပြေဖြစ်မည်ကို ခံစားမိသည်။ ကျွန်တော့် မျက်နှာသည် ကျွန်တော်ကိုယ်တိုင် မမှတ်မိနိုင်လောက်အောင် ဝလာသည်။
ထိုအချက်ကြောင့်ရော အခြား အကြောင်းပြချက်များစွာဖြင့် သူငယ်ချင်းများနှင့် အပြင်မထွက်ဘဲ နေသည်။ ကျွန်တော် အစာ ခပ်ပျော့ပျော့တွေကို စစားသည်။ သူငယ်ချင်းတွေက ချိုချဉ်တို့ အာလူးကြော်တို့ တဝတပြဲ စားသောက်နေကြသည်ကို ကြည့်ပြီး သူတို့နှင့် ဝေးရာသို့ ထွက်လာသည်။ ထိုနှစ်က နွေရာသီ တစ်လျှောက်လုံး ထိုသို့ပင် အများအပြား ကြုံတွေ့ရသည်။ ထိုကြုံတွေ့ ခံစားခဲ့ရသည်များကြောင့် ကျွန်တော့်ကို ကြည့်ရသည်မှာ နှစ်နှစ်ဆယ်လောက်ပို၍ အိုစာသွားသည် ကျွန်တော် တော်တော်လေး ရင့်ကျက်လာပါသည်။
ကျွန်တော့်သူငယ်ချင်းများကတော့ ကျွန်တော် နေမကောင်းမဖြစ်မီက အတိုင်းပင်ရှိသေးသည်။ ယခု ကျွန်တော့်ဘဝကတော့ Crohn ရောဂါ၊ နေကောင်းလာခြင်းနှင့် အကောင်းမြင် စိတ်ထားတက်လာခြင်းတို့ဖြင့်သာ လည်ပတ်နေသည်။ သူငယ်ချင်းများက ကျွန်တော့်အပေါ်တွင် ကောင်းကြသော်လည်း ကျွန်တော် သူတို့နှင့် မပတ်သက်ချင်တော့ပါ။ ကျွန်တော်သူတို့နှင့် ဝေးရာသို့သာ ထွက်သွားနေမိသည်။ ကျွန်တော့် သူငယ်ချင်းများနှင့် ယခင်ဘဝတွေကိုတော့ လွမ်းမိပါသည်။
လပေါင်းများစွာ ကုန်လွန်ပြီးနောက် ကျွန်တော်သောက်ရသော ဆေးများနည်းလာသည်။ ကျွန်တော်က ကျွန်တော်နှင့် ပြန်တူလာသည်။ ကလေးတစ်ယောက်လို ကြိုးစားပမ်းစား အားထုတ်မှုတွေလုပ်ပြီး သူငယ်ချင်းများနှင့် အတူတူ အချိန်ကန်ုဆုံးတတ်လာသည်။ ထိုကဲ့သို့ ဖြစ်လာစေရန် ကျွန်တော့် သူငယ်ချင်းတစ်ယောက်က လမ်းကြောင်းပေးခဲ့ခြင်း ဖြစ်သည်။ တစ်နေ့ကျောင်းလွှတ်ချိန်တွင် လမ်းလျှောက်ကြရင်း ကျွန်တော့်ဘက်ကို လှည့်ကာ ကာရင်ရေ နင်သိလား၊ ဒီနှစ်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို စဉ်းစားကြည့်ရင် နင်ငါတို့နဲ့အတူ ပျော်ရွင်ရယ်မော နေနိုင်သေးတယ်ဆိုတာ အရမ်းကောင်းတာပဲနော်ဟု ပြောသည်။ ထိုစကားလေးတွေက ကျွန်တော်အတွက်တော့ ကမ္ဘာတစ်ခု ဖြစ်စေခဲ့သည်။
ထိုစကားလုံးတွေက အရာအားလုံးကို ပြောင်းလဲစေခဲ့ပါသည်။ ပထမဆုံး အနေဖြင့် သူငယ်ချင်း တစ်ယောက်၏ နားလည်မှုကို ရခြင်းဖြစ်သည်။ ပြီးတော့ ရယ်မောပျော်ရွင်နေနိုင်သည့် သူငယ်ချင်း တစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိရန် ကျွန်တော်အတွက် မည်မျှခက်ခဲခဲ့သည်ကို အသိအမှတ်ပြုပေးသော သူငယ်ချင်း ဖြစ်သည်။ ထိုနောက် ကျွန်တော်သည် သူငယ်ချင်းများနှင့် ဝေးရာသို့ ထွက်သွားခြင်းမျိုး မလုပ်တော့ပါ။ ကျွန်တော်သည် အသုံးဝင်သော လူတစ်ယောက်၊ အချိန်ကောင်းတွေကို ပြန်လည်ရယူနိုင်သူ တစ်ယောက်ဖြစ်ချင်သည်။
တစ်နှစ်ကြာပြီနောက် ကျွန်တော်သည် ယခင်ကလိုပင် သာမန်ဘဝမျိုးကို ပြန်ရောက်ပါပြီ။ ကျွန်တော်သည် အတားအဆီးများကို ကျော်ဖြတ်ပြီး ပျော်ရွင်မှုတွေ ပြန်လည်ရယူနိုင်ပြီ။ အကောင်းမြင်သော ခံယူချက်၊ ဆုံးဖြတ်ချက်နှင့် ထူးခြားသော စကားလုံးတချို့တို့ဖြင့် မတူညီမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီ။ ထိုလွန်ခဲ့သောနှစ်က ကျွန်တော် ဆုံးရှုံးခဲ့သည်။ ပြီးတော့ ထိုသူငယ်ချင်းက ကျွန်တော် ပြန်လည်ရှာဖွေရန် ကူညီပေးပြီး နေရာမှန်သို့ ရောက်စေခဲ့သည်။ သူ့စကားလုံးများ၏ ရည်ရွယ်ချက်ကို သူသိပါ့မလားဟု သံသယဝင်မိသည်။ သို့သော် ကျွန်တော် ထိုစကားလုံးများကိုတော့ ဘယ်တော့မှ မေ့မည် မဟုတ်ဟု သူငယ်ချင်းကို ကျွန်တော် ကျေးဇူးတင်သလို ချစ်လည်းချစ်သည်။
Title: Kind Words
Author:Karen
Ref: Chicken Soup for the Teenage Soul Letter

No comments:
Post a Comment