Saturday, October 6, 2012

ပဲပင်ပေါက်




ဘာကြောင့် အိမ်တွင်ကိုယ်တိုင်ပျိုးသော ပဲပင်ပေါက်များသည် ဈေးထဲရောင်းသော ပဲပင်ပေါက် များထက်သေးငယ်ပြီး ရေဓာတ်နည်းနေသလဲ..ဟု တစ်ညနေ၏ မိသားစုစုံညီ ထမင်းဝိုင်းတွင် ညီမငယ်က မေးသည်။ ကျွန်မနှင့်မေမေမှာ ပေါက်ပေါက်ရှာရှာ မေးတတ်သော ညီမလေး၏ မေးခွန်းကို မဖြေတတ်ခဲ့ပါ။ ဖေဖေက ဤသို့ရှင်းပြသည်။

အိမ်၌ ပဲပင်ပေါက်ပျိုးရာတွင် မေမေက ရေစိမ်ထားသော ပဲစေ့များကို ခြင်းတောင်းတစ်ခုတွင်ထည့်ပြီး အပေါ်တွင်အ၀တ်စ (သို့) ကောက်ရိုးတို့ဖြင့် အုပ်လိုက်သည်။ ထိုကြောင့် ပေါက်လာသော ပင်ပေါက်များမှာ သေးငယ်နေသည်။ တတ်ကျွမ်းသောသူများ ပဲပင်ဖောက်ရာတွင် ဤကဲ့သို့မဟုတ်။ ခြင်းအပေါ်တွင် အ၀တ်စ၊ ကောက်ရိုးအစား မှန်ချပ် (သို့) အတန်ငယ်လေးသော ပလပ်စတစ်ပြားများဖြင့် ဖိထားသည်။ ပဲစေ့မှ အညှောင့်စပေါက်လာသည်နှင့် လေးသောအရာဝတ္ထု၏ ဖိခြင်းကိုခံရသည်။ ထိုအခါ ပင်ပေါက်လေးများသည် ထိုလေးသော အရာကို အပေါ်သို့ မြင့်တင် နိုင်ဖို့ ကိုယ်တိုင်က သန်မာတုတ်ခိုင်ရမည်ကြောင်း သိသည်။ ပင်ပေါက်များသည် ဖိထားသောအရာကို တစ်ပြေးညီ အပေါ်သို့ တညီတညွတ်တည်း မြှောက်တင်ကြသည်။ အကယ်၍ တစ်ဘက်တည်းသာ မြှောက်တင်လျှင် အခြားတစ်ဘက်မှ ပင်ပေါက်များသည် လေးသောအရာဖြင့် ဖိထားခြင်းခံရပြီး အပင်ပေါက် ကြီးထွားလာတော့မည် မဟုတ်ပေ။

ဖိအားသည် သန်မာရှင်သန်ဖို့အတွက် အစဖြစ်သည်။ ပဲပင်ပေါက်များကို စားသုံးရတွင် သန်မာသော ပင်ပေါက်များကို တွေ့ခဲ့ပါလျှင် ထိုသို့သန်မာအောင် မည်မျှ အဖိခံခဲ့ရသည်ကို သတိပြုပါလေ။
by-99sanay

No comments:

Post a Comment