Sunday, October 7, 2012

မန္တလေး



   မန္တလေးသို့ ကျွန်တော် ရောက်ရှိသွားပါသည်။ သုံးညအိပ် မန္တလေး ဖြစ်သည်။ သုံးရက်တာ မန္တလေးမှာ မဟာမြတ်မုနိ ဘုရားကြီးကို ကျွန် တော်ဖူးသည်။ ရွှေကျီးမြင်ဘုရားကို ဖူးသည်။ အောင်တော်မူဘုရားကို ဖူးသည်။ တစ်ယောက်တည်း သွား ၍ ဖူးခြင်းဖြစ်ပါသည်။ မန္တလေးမှာ ဆိုက်ကား ရှားသွားပြီ။ ဆိုက်ကားဆရာတစ် ယောက်သည် ၂၇ လမ်းနှင့် ၈၁ လမ်းထောင့်မှာ ဆိုက်ကားရော၊ ဆိုင်ကယ်ရော အဆင်သင့် ပြင် ထား၏။''နီးရင် ဆိုက်ကားနဲ့  လိုက်တယ်။ ဝေးရင် ဆိုင်ကယ်နဲ့ ပို့တယ်။ ကျွန်တော် နေတော့ မြို့ သစ်မှာ။ ဆိုက်ကားကို အပ်နှံထား ခဲ့တယ်။ ဆိုင်ကယ်နဲ့ မြို့သစ်ကို ပြန်တယ်''
   ထိုလူက ပြောသည်။ ကျွန်တော်သည် မနက် စောစောမှာ ကျုံးနံဘေး လမ်း လျှောက်သည်။ တရုတ်လူမျိုးများ သည် ကျုံးနံဘေး မှာ အုပ်စုလိုက် ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ် နေကြ၏။ အချို့က နန်းမြို့ရိုးကို ကြည့်လျက် အသက်ရှူလေ့ကျင့် ခန်း လုပ်နေ၏။ သူတို့သည် မင်း တုန်းမင်း ဆိုတာကို လုံးဝမသိကြ။ စုဖုရားလတ်ကို လုံးဝမသိကြ။ မန္တ လေးမြို့၏ နေရာကောင်းများမှာ တိုက်တာအဆောက်အအုံ အကြီး ကြီးဆောက်လျက် သူတို့ နေထိုင် ကြ၏။
ကျွန်တော်သည် ကျုံးနံဘေးမှာမြန်မာလူမျိုးများ လမ်းလျှောက်နေတာ ကြည့်ချင်သည်။ မတွေ့ရပါ။ တရုတ်များသာ ။အောင်တော် မူ ဘုရားသို့ ကျွန်တော် ဆိုက် ကားနှင့်သွား၏။ တစ်ထောင် ပေး ရသည်။ ဆိုက်ကားနှင့်သွားတော့ မန္တလေးကို ပို၍မြင်ရသည်။ ဆိုင် ကယ်တက္ကစီကိုလည်း အကြိမ်များ စွာ စီးကြည့်သည်။ အလွန်မြန် သည့် ဆိုင်ကယ်ပေါ်မှာ ကျွန်တော် ကြောက်နေသည်။
ချယ်ရီထွန်းအထည်ဆိုင် မှ ကိုထွန်းရောက်လာသည်။
''ကျွန်တော်ကတော့ ရွှေ ငါးမတ်ခ်တူး ဝယ်လိုက်ပြီ''
ကိုထွန်းက ပြောသည်။
သူ့ကားနှင့် ရွှေပြည်မိုး ကို ရောက်သည်။ ဂွဒ်မောနင်းကို ရောက်သည်။ ရွှေမင်းဝံကို ရောက် သည်။ ညမှာ ကရဝိတ်ကို ရောက် သည်။ ကဗျာဆရာ မောင်နီဦးနှင့် ချိန်းဆိုပြီး လက်ဖက်ရည် သောက် ကြသည်။
''မန္တလေးမှာ ကားတွေ၊ ဆိုင်ကယ်တွေ ပြည့်လျှံကုန်ပြီ။ ၇၈ လမ်းဆိုတာ ညနေမှာ ဖြတ်သန်း လို့ မရတော့ဘူး''
ကဗျာဆရာမောင်နီဦး က ပြောသည်။ မောင်နီဦးသည် ကဗျာဆရာဖြစ်သည်။ဈေးချိုတော် မှာ အထည်ဆိုင်များ ပိုင်ရှင် လည်း ဖြစ်သည်။ ကဗျာဆရာ၊စာရေးဆရာ သိုက်ထွန်းသက်ရှိရာ ရွှေမန္တလေး ဂျာနယ်သို့ ကျွန်တော် သွားသည်။ သိုက်ထွန်းသက် ကို မတွေ့ခဲ့ရ။ဖုန်း ဆက်ကြည့်မှ သူ နေမကောင်းလို့ ရွှေမန္တလေးသို့ မလာကြောင်း သိရ ၏။ သိုက်ထွန်းသက်သည် ဝတ္ထုတို များ ရေးစဉ်က မန္တလေးမြောက် ပြင်မှာ နေသေး၏။ သူသည် နန်း ရှေ့ဈေးမှာ ဈေးရောင်းသေး၏။ ထို စဉ်က သူ ယခုလို ဝဝကြီး မဟုတ်။ ယခုတော့ ရွှေမန္တလေး အယ်ဒီတာ ချုပ်အဖြစ် ဝဝဖိုင့်ဖိုင့်ကြီး ဖြစ်နေ တာ ကျွန်တော် သိထား၏။ ထိုအချိန်က မြောက်ပြင် အရိပ်မထွက်ဘုရားအနီးမှာ သိုက် ထွန်းသက် ရှိသည်။ နန်းရှေ့ (နန်း တော်ရှေ့) မှာ ပိုင်စိုးဝေ ရှိသည်။ ပန်းချီ ကိုခင်မောင်စန်း ရှိသည်။ ပန်းချီဘိုစော ရှိသည်။ သူတို့ရှိ သော နန်းတော်အရှေ့ဘက်ကပ် လျက် (လမ်းသာခြားသည်) ပန်းချီ အနုပညာကျောင်း ထဲမှာ ကျွန်တော် သွားသွားအိပ်သည်။ ထိုလမ်းမပေါ် မှ ကြည့်လျှင် မန္တလေးတောင်သည် ရှေ့တည့်တည့်မှာ အလွန်လှပနေသည်။ မန္တလေးသည် တောင်ရှိ သောမြို့ ဖြစ်သည်။ မန္တလေး အနောက်ဘက်မှာ ဧရာဝတီမြစ် ရှိသည်။ မန္တလေးသည် မြစ်ရှိသော မြို့ ဖြစ် သည်။ ထိုသို့ တောင်ရှိ သောမြို့၊ မြစ်ရှိသောမြို့၊ နန်းတော်၊ မြို့ရိုး၊ ကျုံးရှိသော မြို့မှာ ကနေ့ မနက် ကျွန်တော်တွေ့နေရသည်က ယူနန်တရုတ်များ။ ကျုံးနံဘေးမှာ အုပ်စုလိုက် ကျန်းမာရေး လုပ်နေ ကြသည်။ သူတို့သည် ရွှေမန်း တောင်ရိပ်မှာ အသက်ရှည်လိုကြ သည်။ မင်းတုန်းမင်း ဘယ်သူလဲ။ စုဖုရားလတ် ဘယ်သူလဲ။ မသိ။ သူတို့ မသိ။
  မန္တလေးသူ မန္တလေး သားတို့ ကိုးကွယ်သော ရွှေကျီးမြင် ဘုရား၊ မဟာမြတ်မုနိဘုရားကြီး၊ အောင်တော်မူဘုရား၊ စကြသီဟ ဘုရား သူတို့ မသိ။ သူတို့ သိတာ က ကားအနက်ကြီးများကို စီးမည်။ နန်းတော်လို တိုက်ကြီးများကို မန္တ လေးမြို့လယ် နေရာကောင်းများ တွင် တည်ဆောက်မည်။ အုတ်ဝင်း အမြင့်ကြီးကာရံထားမည်။မန္တလေး မြို့မှာ သူတို့အချင်းချင်း ညီညွတ် ကြသည်။
  ဝတ္ထုတိုဆရာ ကိုငြိမ်း သည် မန္တလေးမြို့ အပြင်ဘက် အောင်ပင်လယ်မှ နေ၍ ဝင်းလိုက် ရုပ်ရှင်ရုံကို လွမ်းနေရသည်။ ထွန်း ဦးစာပေကို လွမ်းနေရသည်။ သူက မန္တလေးမြို့အပြင်ဘက်မှာ နေထိုင် ရသည်။ ဝတ္ထုတိုဆရာ ညိုထွန်းလူ သည် လမ်း ၈ဝ ပေါ်က သူ့တိုက် ကို ရောင်းလိုက်ပြီး မြို့သစ်သို့ ရောက်ရှိသွားပြီ။ မန္တလေးမြို့၏ နာမည်ကျော် လမ်း ၈ဝ ပေါ်မှာ ကိုထွန်း (လမ်း ၈ဝ) ဟု မြေ<ွကး ကြော်၊ မအော်ဟစ်နိုင်တော့ပါ။
ကိုရွေးကဗျာကို သတိရ မိသည်။
မြို့ချစ် သကောင့်သားတို့
မြို့ချစ် ညီရင်းအစ်ကိုတို့
ကိုယ့်မြို့ကိုယ် ပြန်သိမ်းကြ
မင်းတို့မြို့ဟာ
ယဉ်ကျေးမှုရဲ့အသည်းနှလုံး
မင်းတို့မြို့ဟာ
စီးပွားရေးအရ ကျုံးပေါ့
လယ်ယာမြေကောင်းထဲ
ရေငန်တွေ ဝင်လာသလို
မင်းတို့ မြို့ထဲ
လူငန်တွေ ဝင်လာနေပြီ။
အောင်မြင်တဲ့ ဂျုံခင်းထဲ
ကျိုင်းအုပ်စုတွေ ကျသလို
မင်းတို့မြို့ထဲ
လူကျိုင်းတွေ ကျလာနေပြီ။
ရန်သူဟာ
ကျည်တစ်တောင့်မဖောက်ဘဲ
မြို့ကို သိမ်းနေပြီ။
ပေါင်မုန့်အနားသားလို
မြို့ချစ်သကောင့်သားတို့
အစွန်အဖျားကို
ဆုတ်ခွာနေပြီ။
အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ကို ကုန်ကူးသူထဲ
မင်း မပါစေနဲ့
အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ကို ရောင်းစားသူစာရင်းထဲ
မင်းမပါစေနဲ့
မင်းတို့မြို့မှာ
လင်းလက်တဲ့သာသနာရှိတယ်
မင်းတို့မြို့မှာ
ကိုယ်ပိုင်မြစ်ရှိတယ်။
မင်းတို့မြို့မှာ
ကိုယ်ပိုင်ကျုံးရှိတယ်
မင်းတို့မြို့မှာ
ကိုယ်ပိုင်တောင်တန်းရှိတယ်။
မင်းတို့မြို့မှာ
ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတယ်။
မင်းတို့မြို့မှာ မင်းတို့ရှိနေတယ်
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ရောင်းရင်းတို့
သူငယ်ချင်းတို့
ညီရင်းအစ်ကိုတို့
မြို့ချစ်သကောင့်သားကြီးတို့
သတိတရား လက်ကိုင်ထားကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို
ကိုယ်မြန်မြန်ပြန်သိမ်းကြ။

မောင်ကိုကို(အမရပူရ)

No comments:

Post a Comment