Monday, October 8, 2012

အင်းဝမြို့ဟောင်းရှိ ကုန်းဘောင်ခေတ်လက်ရာနန်းမြင့်မျှော်စင်အား ပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်ရန် ခေတ္တပိတ်ပင်ထား

wlmt6
အင်းဝမြို့ဟောင်းရှိ နန်းမြင့်မျှော်စင်အား ပြုပြင်ထိန်းသိမ်းမှုများမပြုလုပ်မီက တွေ့မြင်ရစဉ်
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းမှ ကုန်းဘောင်ခေတ်လက်ရာဖြစ်သည့် နန်းမြင့်မျှော်စင်အားပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်ရန်အတွက် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တက်ရောက်လေ့လာကြည့်ရှုခွင့် ခေတ္တပိတ်ထားကြောင်း သိရသည်။
နှစ်ပေါင်းနှစ်ရာနီးပါးရှိ ကုန်းဘောင်ခေတ်လက်ရာ အဆိုပါနန်း မြင့်မျော်စင်ကို အင်းဝမြို့အားစတုတ္ထအကြိမ်မြောက်တည်ထောင်ခဲ့သော ဘကြီးတော်မင်းတရားလက်ထက်၊ ၁၁၈၃ ခုနှစ်တွင်အင်းဝသို့ပြောင်းရွှေ့နန်းစိုက်ရာ၌ ထည့်သွင်းဆောက်လုပ်ထားသည်ဟု သိရှိရသည်။
''အင်းဝမြို့ဟောင်းက နန်းမြင့်မျှော်စင်ကိုတက်ရောက်ကြည့်ရှုခွင့် ခေတ္တပိတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နန်းမြင့်မျော်စင်ပေါ်ကို တက်ရောက်ဖို့ရာအတွက်တပ်ဆင်ထားတဲ့လှေကားက ပျက်စီးနေတယ်။ နောက်မျော်စင်ကလည်း ငလျင်ဒဏ်ကြောင့်ယိုင်နဲ့နေပါတယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသည်တွေနဲ့ ပြည်တွင်းခရီးသည်တွေအတွက် အန္တရာယ်ရှိတဲ့အတွက် တက်ရောက်ကြည့်ရှုခွင့်ကို ခေတ္တပိတ်ထားရတာဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေပြီး သွားရင်တော့ အရင်အတိုင်းပြန်ပြီး တက်ရောက်ခွင့်ပြုသွားမှာပါ''ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အင်းဝမြို့ဟောင်းရှိ နန်းမြင့်မျှော်စင်မှာ နှစ်သက်တမ်း ၁၉၁ နှစ် ရှိပြီဖြစ်ပြီး မျော်စင်ရှိပြာသာဒ်ဆောင်နှင့် လှေကားတို့မှာ ၁၉၉၁ ခုနှစ်ဝန်း ကျင်ခန့်က ပြန်လည်ထည့်သွင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ စတုရန်းပုံစံရှိ (လေးထောင့်) အုတ်ရိုးအဆောက်အဦမှာ ရှေးမူလလက်ရာအတိုင်းဖြစ်သည်ဟု သိရှိရပါသည်။
အင်းဝမြို့ဟောင်းရှိကုန်းဘောင်ခေတ်လက်ရာ နန်းမြင့်မျှော်စင်မှာ ၁၈၃၀ ပြည့်နှစ်ဧပြီလ ၂၆ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်းဝငလျင်နှင့် ၁၈၃၉ ခုနှစ်မတ်လ ၂၃ရက်နေ့တွင် လှုပ်ခတ်ခဲ့သောအင်းဝ၊ စစ်ကိုင်းငလျင်တို့ကြောင့် ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ရပြီး အခြားရှေးဟောင်းအဆောက်အဦများလည်း ထိခိုက်မှုများရှိခဲ့သည်။ စစ်ကိုင်းငလျင်ကြောင့် မင်းကွန်းဒေသရှိပုထိုးတော်ကြီးမှာလည်း အက်ကွဲကြောင်းကြီးများဖြစ်ပေါ်ခဲ့သည်။
အင်းဝမြို့တွင်လှုပ်ခတ်ခဲ့သည့်ငလျင်များမှာ ၁၄၂၉ ခုနှစ် မှ ၁၈၃၉ ခုနှစ်အတွင်း ၁၃ ကြိမ် တိတိ ငလျင်ဒဏ်ခံစားခဲ့ရကာ စစ်ကိုင်းမြို့တွင် ၁၄၈၅ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်း ၁၀ ကြိမ်၊ အမရပူရ မြို့တွင် ၁၈၁၂ ခုနှစ်မှ ၁၈၅၈ ခုနှစ် အတွင်း သုံးကြိမ်၊ မန္တလေးမြို့တွင် ၁၈၇၁ ခုနှစ်မှ ၁၉၁၂ ခုနှစ်အတွင်း နှစ်ကြိမ်တိတိငလျင်ဒဏ်ကိုခံစားခဲ့ရပြီး ငလျင်ဒဏ်ကြောင့် ရှေးဟောင်းအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ အင်းဝမြို့ဟောင်းသည် ယခုကြည့်ရှုလေ့လာခွင့်ခေတ္တပိတ်ထားသော အဆိုပါနန်းမြင့်မျှော်စင်အပါအ၀င် မယ်နုအုတ်ကျောင်း၊ဗားကရာကျောင်းနှင့် အခြားရှေးဟောင်းအဆောက်အဦ၊ စေတီပုထိုးများရှိပြီး နိုင်ငံခြားသားခရီးသည်များလာရောက်မှုများသော ဒေသတစ်ခုဖြစ်သည်။ 
by-elevenmedia group

No comments:

Post a Comment